နွေ၊
မိုး၊ ဆောင်းတို့ တစ်လှည့်စီ ကူးပြောင်းပြီး အချိန်တွေ တရွေ့ရွေ့ ကုန်လွန်ခဲ့သည်မှာ နှစ်တစ်နှစ်၏
နောက်ဆုံးလသို့ပင် ရောက်ခဲ့ပြီ။ ချိုမြိန်အေးချမ်းခြင်းနှင့် ဒွန်တွဲတင်စားကြသော လဒီဇင်ဘာမှာ
ဇွန့်အတွက် အမှတ်တရ တစ်ရက်တော့ ရှိနေသည်။ ၂၀၁၂ ဒီဇင်ဘာ ၅ရက်နေ့တွင် သုံးနှစ်ပြည့်မြောက်သွားသော ဇွန်မိုးစက်ဘလော့ဂ်လေး၏ မွေးနေ့ဖြစ်သည်။
သုံးနှစ်တာ
ပြန်သုံးသပ်ကြည့်မိတော့ စာရေးအားသိသိသာသာကျသွားပြီး ပို့စ်အရေအတွက် တစ်နှစ်ထက်တစ်နှစ်
လျော့ပါးသွားသည်။ ၂၀၁၂ အတွင်း ရေးဖြစ်သောပုဒ်ရေ သုံးဆယ်ပင်မပြည့်ခဲ့။ သုံးနှစ်ပြည့်အမှတ်တရ စာတစ်ပုဒ်တော့
တစ်နေကုန် ဘယ်လောက်ပဲအလုပ်များများ အဆုံးမှာ အိပ်ရေးပျက်ခံပြီး ရေးမည်ဟု စိတ်ပိုင်းဖြတ်ထားခဲ့သည်။
သုံးနှစ်အတွင်း ရေးခဲ့သောစာပုဒ်ရေ စုစုပေါင်းမှာ ၁၆၀ ကျော်ကျော်သာရှိသည်။ ဒါပေမယ့် တစ်ချို့စာလေးတွေအတွက်
ဇွန် ကျေနပ်မိတာလေးတွေရှိသည်။ ကိုယ်ရေးခဲ့သောအချိန်က ကိုယ့်ခံစားချက်အတိုင်း တင်ပြဝေမျှလိုက်ခြင်းသာဖြစ်သော်လည်း
နောက်ဆက်တွဲ အကျိုးဆက်လေးတွေက အတိုင်းအတာတစ်ခုအထိ ထိရောက်ကပ်ပါသွားတတ်သည်။
၂၀၁၀
စက်တင်ဘာလအတွင်းက ရေးခဲ့ဖူးသော ပေးသူနဲ့ယူသူ စာတစ်ပုဒ်၏ အကျိုးသက်ရောက်မှုကြောင့် နောက်ပိုင်း
စာပေဟောပြောပွဲ လက်မှတ်တွေမှာ ခုံနံပါတ် တစ်ပါတည်း ရိုက်နှိပ်ခြင်းဖြင့် မလိုလားအပ်သော၊
မဖြစ်သင့်သော ခုံပြဿနာများကို တစ်နည်းတစ်ဖုံ ဖြေရှင်းနိုင်ခဲ့သည်။ အဲဒီနှစ် ဒီဇင်ဘာမှာ
ရေးဖြစ်သော ညီမငယ်သို့ပေးစာ ကိုဖတ်ပြီး သူငယ်ချင်းတစ်ယောက်က သူဝယ်ယူပိုင်ဆိုင်ချင်သည့်
အဖိုးကြီးတံဆိပ်ကောင်း အိတ်တန်ဖိုးနှင့် ညီမျှသော အလှူငွေကို မြန်မာနိုင်ငံရှိ လိုအပ်သောနေရာတွေမှာ
အရင်ပြည့်အောင်လှူပြီးမှ ၀ယ်ကိုင်ခဲ့သည်ကို ပြန်ပြောပြတော့ ဇွန် အတိုင်းမသိ ၀မ်းသာရသည်။
စာဖတ်သူများအကြား
မထင်မှတ်ဘဲ အကျိုးများသွားသည့် နောက်ထပ် စာတစ်ပုဒ်မှာ ဇွန်ကိုယ်တိုင် အကြိမ်ကြိမ် စဉ်းစားပြီးမှ
လေးလေးနက်နက် အားထုတ်ရေးသားခဲ့သော ၂၀၁၁ မေလတွင် တင်ဖြစ်ခဲ့သည့် စိုးရိမ်မိပါသည် ။ လူတစ်ကိုယ်
စိတ်တစ်မျိုးစီဖြစ်သည့်အားလျော်စွာ စာဖတ်သူတို့၏ အတွေးအမြင် အထိုက်အလျောက် ကွဲပြားခြားနားပြီး
မမျှော်လင့်သော တုံပြန်မှုတွေ ရရှိုမည်ကို ဇွန်တွေးထားပြီး ဖြစ်ပါသည်။ မတူညီမှုတွေကြားထဲကပင်
ထိုပို့စ်ကိုဖတ်ပြီး ကလေးများကို အပတ်စဉ် လုပ်အားပေး မြန်မာစာသင် ဘုန်းကြီးကျောင်းမှာ
အပ်နှံပေးဖို့ မိဘအချို့က ဂရုတစိုက် မေးလ်ပို့ပြီး ဆက်သွယ်လာသည့်အခါ ဇွန် ဖော်မပြနိုင်လောက်အောင်
ကြည်နူးရပါသည်။ ဇွန်သည် လူထုအကျိုးပြုစာရေးဆရာ/ဘလော့ဂါ မဟုတ်သည့်တိုင် ဇွန်ရေးလိုက်သည့်
စာတစ်ပုဒ်ကြောင့် သိန်းပေါင်းမြောက်မြားစွာထဲကမှ ပြည်ပရောက် မြန်မာကလေးတစ်ဦး မြန်မာစာကို
သင်ယူတတ်မြောက်သွားသည်ဟုဆိုလျှင်ပင် ဇွန် ရေးရကျိုးနပ်ပါပြီ။
စာရေးဆရာဖြစ်ချင်သော၊
တချိန်ချိန် အလုပ်မှအနားယူလျှင် စာရေးစာဖတ်ခြင်းကိုသာ ဇောက်ချလုပ်ချင်သည်ဟု ဆန္ဒရှိသောဇွန်က
ပတ်ဝန်းကျင်မှာ အမှတ်မထင် ကြုံတွေ့ရတာလေးပဲဖြစ်ဖြစ်၊ မှတ်မှတ်ထင်ထင် သက်သေမြင်ခဲ့ရတာပဲဖြစ်ဖြစ်
ချရေးချင်သည်။ တတိမြောက်နှစ်မှာ စာရေးတာနှင့် ပတ်သက်ပြီး ထူးခြားတာလေးတစ်ခု တွေ့ခဲ့သည်။
အဲဒါက စိတ်ဖိစီးမှုတွေ သိပ်များလာလျှင် စာရေးပြီး ဖြေဖျောက်နိုင်ခြင်းဖြစ်သည်။ စိတ်ပျက်စရာ၊
စိတ်အားငယ်စရာများကြုံလာသည့်တိုင် ကီးဘုတ်ပေါ်မှာ လက်ချောင်းများ လှုပ်ရှားပြီး စာတစ်ပုဒ်ထဲ
စိတ်နှစ်လိုက်သည့်နှင့် အရာအားလုံးမေ့ပျောက်သွားပြီး စာတစ်ပုဒ်လုံးရေးပြီးချိန်မှာ
စိတ်ညစ်စရာတွေ သိသိသာသာ လျော့ပါးသွားခြင်းဖြစ်သည်။ ဘလော့ဂါပီပီ ရေးပြီးတာနှင့်
Publish လုပ်ချင်စိတ်လေးက ရှိနေသည်ကိုတော့ တတ်နိုင်သလောက် လျှော့ချရဦးမည်။
တစ်ချို့စာတွေကျတော့
သူ့ရက်စွဲအလိုက်တင်ချင်၍ လပေါင်းများစွာ စောင့်ရတာမျိုး၊ မအားမလပ်ဖြစ်၍ ရက်လွန်သွားကာ
နောက်တစ်နှစ်ပြန်စောင့်ပြီးမှ တင်ရတာမျိုးတွေလည်း ကြုံခဲ့သည်။ တစ်ချို့စာတွေအတွက် ဓာတ်ပုံနှင့်တွဲတင်ချင်၍
ထိုနေရာသို့ တကူးတကသွားရိုက်ပြီး ဓာတ်ပုံရမှ တင်ဖြစ်တာမျိုးတွေလည်း ရှိသည်။ ဓာတ်ပုံရိုက်ပြီး
စိတ်တိုင်းမကျ၍ ပုံမထည့်လိုက်ရတာမျိုးတွေလည်း ဖြစ်ခဲ့သည်။ ရေးသားခဲ့ဖူးသော၊ အရေအတွက်
သိပ်မများလှသော ၀တ္ထုတိုများထဲက ဇာတ်ကောင်နာမည်တွေကို လိုက်လျောညီထွေမှုရှိအောင် အင်တာနက်မှတစ်ဆင့်
စုံစမ်းရှာဖွေခြင်းတွေ ပြုလုပ်ခဲ့ရသည်။ ကိုယ်မရောက်ဖူးသေးသည့် နေရာဒေသတွေကို ထည့်ရေးရမည်ဆိုသည့်အခါ
ဂူဂဲလ်မြေပုံကို အဖန်တလဲလဲကြည့်ပြီး အွန်လိုင်းစွယ်စုံဝီကီကို မမောတမ်း လိုက်ရှာဖတ်ရပြန်သည်။
ပေါ့ပေါ့ပြက်ပြက် မဟုတ်သော ပေါ့ပေါ့ပါးပါး စာတိုဝတ္ထုတစ်ပုဒ်မျိုး ရေးသားရာမှာပင် နာမည်လေးကအစ
ဇာတ်ကောင်အလယ် ဇာတ်လမ်းအဆုံး ကြိုးစားအားထုတ်မှုတွေ အများကြီး လုပ်ရသည်ကို စာရေးသူတိုင်း
ဖြတ်သန်းကြုံတွေ့ရမည်ဟု ဇွန်သဘောပေါက် နားလည်လာခဲ့သည်။
သုံးနှစ်တာအတွင်း
စာဖတ်သူများကို ၀မ်းနည်းစိတ်မကောင်းဖြစ်စေမည့် ခံစားမှုစာစုများကလွဲပြီး ကျန်သော စာများအတွက်
ဇွန် ကျေနပ်ပါသည်။ ယခုအချိန်ထိ ဘလော့ဂ်မှာရေးခဲ့သမျှ ဇွန်မိုးစက်၏ စာတစ်ပုဒ်တစ်လေမျှ
တကူးတက ပုံနှိပ်ထုတ်ဝေဖို့ ဆက်သွယ်တောင်းဆိုခြင်း မရှိသေးသော်လည်း ဇွန် အားမငယ်ပါ။
ဇွန်ရေးချင်သောစာများကို အချိန်ပေးသ၍ ရေးခွင့်ရသ၍တော့ (တန်းပလိတ် မပြောင်းဖြစ်သေးတဲ့)
ဒီဘလော့ဂ်ရိုးရိုးတုံးတုံးကလေးပေါ်မှာပဲ ဆက်ရေးဖြစ်နေဦးမှာဖြစ်သည်။ အကြောင်းကြောင်းကြောင့်
အင်တာနက်ပေါ် တင်မရတော့ဘူးဟု ဆိုလျှင်တော့ စာရွက်ပေါ်မှာ ချရေးမှာပေါ့။
လောလောဆယ်တော့
သူငယ်ချင်း ညိုလေးနေ နှင့် တစ်လှည့်စီတွဲပြီး အမှတ်တရရေးဖြစ်သွားသော အရှေ့စွန်းခရီးသွားစာစဉ်
နောက်ဆုံးတွဲကို နှစ်မကူးခင် အပြီးသတ်တင်နိုင်ဖို့ ကြိုးစားလိုက်ဦးမည်။ ဇွန်မိုးစက်ဘလော့ဂ်လေးကို
အရင်ကပဲဖြစ်ဖြစ်၊ နောက်ကျမှပဲဖြစ်ဖြစ်၊ ခရီးသွားဟန်လွှဲပဲဖြစ်ဖြစ် ၀င်ရောက်လည်ပတ် ဖတ်ရှုတုံ့ပြန်ကြသူများအားလုံးကို ကျေးဇူးတွေ အများကြီးတင်ကြောင်း လှိုက်လှိုက်လှဲလှဲ ပြောချင်ပါသည်။း)
ချစ်ခင်ကျေးဇူးတင်စွာဖြင့်
ဇွန်မိုးစက်
၂၀၁၂ အတွက် အပုဒ် ၃၀ နီးပါးဆိုတာ တကယ်တော့လည်း မနည်းလှပါဘူး ဇွန်ရေ...၊ ကျနော်ဆိုရင် ၂၀၁၀ တုန်းက တစ်နှစ်လုံးမှ ၁၉ ပုဒ်ထဲ ရေးဖြစ်ခဲ့တယ်...၊း)
သုံးနှစ်တာအတွင်းမှာ စိတ်ကြည်နူးရတဲ့ နောက်ဆက်တွဲ အကျိုးကျေးဇူးတွေ ရခဲ့တာ ဝမ်းမြောက်စရာနော်၊ သြစတြေးလျမှာ boomerang ပစ်ဖူးတဲ့ ဇွန်ရဲ့ စာလေးတွေက ရေးထုတ်လိုက်ပြီး အတန်ကြာတဲ့အခါမှာ ကြည်နူးခြင်းတွေကို သယ်ပြီး တစ်ပတ် ပြန်လည်လာခဲ့တာနဲ့ တူပါရဲ့...၊း)
အခုလောလောဆယ်မှာ ပုံနှိပ်ထုတ်ဝေမယ့်သူ မရှိသေးပေမယ့် စိတ်မပျက်ဘဲ အချိန်ရရင် ရသလို ဆက်ရေးပါ ညီမလေးရေ...၊ စာရေးသားခြင်း အတတ်ပညာ၊ ဆင့်ပွားခံစားနိုင်တဲ့ နှလုံးသား၊ စာရေးဆရာဖြစ်ချင်တဲ့ ခံယူချက်.. စတာတွေ အပြည့်ရှိတဲ့ မြေကောင်းမြေမှန်မှာ ဇွန့်ရဲ့ အက်ဆေးလေးတွေ၊ ဝတ္ထုတိုလေးတွေက တစ်နေ့မှာ သေချာပေါက်ကို အပင်သန်ပါ လိမ့်မယ်၊ လောလောဆယ်မှာကို ဒီဘလော့ဂ် ရိုးရိုးတုံးတုံးကလေးကိုပဲ လာ,လာဖတ်ကြသူတွေ နည်းမှ မနည်းတာပဲ ဥစ္စာ...၊း)
ဆတ်တောက်ဆတ်တောက် လျှောက်နေပြီဖြစ်တဲ့ သုံးနှစ်သား ဘလော့ဂ်ကလေး... ရှေ့လာမယ့် နှစ်များစွာမှာ ကျန်းမာသန်စွမ်း စွာနဲ့ ဆက်လက်ပြီး ပြေးလွှားခုန်ပေါက် နိုင်ပါစေလို့ ဆန္ဒပြုအပ်ပါတယ်ဗျာ ...။
" Happy Birthday Coral Reef "
Carry on, go on, move on dear :)
အားပေးဆုတောင်းများအတွက် အထူးပဲ ကျေးဇူးတင်ပါတယ် ကိုညီလင်းသစ်နဲ့ သူငယ်ချင်း ညိုလေးနေ။း)