တိုကျိုခရီးစဉ်ပြီးပြီးချင်း
ရေးဖို့ပြင်ခဲ့ပေမယ့် အချိန်သိပ်မရတာရယ်၊ စက်က နဲနဲထွေချင်ပြီး word က ပြဿနာတက်သွားတာရယ်ပေါင်းပြီး
ကြန့်ကြာနေတာနဲ့ ခုမှရေးဖြစ်ပါတယ်။ ခရီးစဉ်နဲ့ပတ်သက်ပြီး မေးလာတဲ့သူငယ်ချင်းတွေအတွက်နဲ့
ကူညီပေးခဲ့ကြတဲ့ တိုကျိုက သူငယ်ချင်းများကို အမှတ်တရကျေးဇူးလည်း တင်ချင်တာမို့ အချပ်ပိုလေး ထပ်ရေးဖြစ်သွားတာပါ။
နှစ်ပတ်အတွင်း
ဖုတ်ပူမီးတိုက် စီစဉ်သွားခဲ့ရတဲ့ ဇွန်တို့ရဲ့ ရက်သတ္တပတ်သာသာ ဂျပန်ခရီးစဉ်လေးက တော်တော်ခရီးရောက်ခဲ့တယ်လို့
ဆိုနိုင်ပါတယ်။ တိုကျိုမြို့ရဲ့ မြောက်ဘက် ကားနဲ့သုံးနာရီကြာမောင်းရတဲ့ နိကို၊ အနောက်တောင်အရပ်မှာရှိတဲ့ဖူဂျီ၊
တောင်ဘက်က ကာမာကုရနဲ့အဲနိုရှိးမားကျွန်းလေးကိုလည်း ရောက်ခဲ့ပါတယ်။ တော၊ တောင်၊ ရေတံခွန်၊
ကျွန်း၊ မြို့သစ်၊ မြို့ဟောင်း၊ ငါးဈေး၊ တိုကျိုတက္ကသိုလ်၊ ဒစ်စနေလန်း နေရာစုံပါတယ်။
တိုကျိုမြို့ထဲမှာတော့ ဂင်ဇာ၊ အဆာကူဆာ၊ ရှင်ဂျူကု၊ ဟာရဂျူကု၊ အစ်ခီဘုကုရို၊ နိပိုရီ၊
ရှိဘူရ၊ ဂျီယူကအိုကာ၊ အိုဒိုင်းဘား၊ စကိဂျိ စတဲ့ အထင်ကရ နေရာတွေကို ရောက်ခဲ့ပါတယ်။
Free
& Easy ခရီးဖြစ်လို့ နေ့ရက်အလိုက် ဘယ်သွားမယ်၊ ဘာလုပ်မယ်ဆိုတာတွေကို ကြိုတင်အစီအစဉ်ဆွဲထားတာကြောင့်လည်း
ပါပါတယ်။ အချို့ရက်တွေမှာ အခြေအနေအရ ပြောင်းလိုက်ရတာတွေ ရှိပေမယ့် အဆင်ပြေပြေနဲ့ ရောက်သင့်တဲ့နေရာမှန်သမျှ
ရောက်သွားခဲ့တာ ပြန်တွေးကြည့်တိုင်း ကျေနပ်စရာကောင်းပါတယ်။ ရထားတွေလည်း အစုံစီးခဲ့ပါတယ်။
မြေအောက်ရထား၊ မြေပေါ်ရထား၊ လူနေရပ်ကွက်ထဲကနေဖြတ်ပြီးသွားတဲ့ မိုနိုရထား၊ မြို့လယ်ကောင်က
တိုက်အမြင့်ကြီးတွေကြားထဲ ဖြတ်သွားတဲ့ ရထား၊ ကျည်ဆန်ရထား စုံလို့ပါပဲ။ လေဆိပ်အ၀င်ကို
နာရီတာမှာ ဆိုက်ပြီး အပြန်ကျတော့ ဟနဲဒါက စီးရတာမို့ တိုကျိုမြို့ရဲ့ နိုင်ငံတကာလေဆိပ်နှစ်ခုလုံး
ရောက်လိုက်ပါတယ်။
ခရီးစဉ်ထဲထည့်ထားပြီး
မသွားဖြစ်ခဲ့တာ ဒါရိုက်တာမီရာဇာကီရဲ့ ပြတိုက်ပါ။ သွားဖို့ကြိုးစားခဲ့ပေမယ့် အချိန်နည်းနေတာရယ်၊
ခရီးလမ်းမသင့်ခဲ့တာကြောင့်ရယ် မရောက်လိုက်ပါဘူး။ ဟခုန်းနဲက ရေကန်ကြီးကို အရမ်းရောက်ချင်ပေမယ့်၊
ဖူဂျီခရီးစဉ်ထဲမှာလည်းပါလို့ ရွေးချယ်ခဲ့ပေမယ့် ကားလမ်းကြပ်ပြီး အချိန်တွေကုန်ခဲ့တာကြောင့်
ညမှရောက်ပြီး ရေကန်ထဲမှာ သင်္ဘောစီး၊ ဓာတ်ပုံရိုက်ခွင့် မရလိုက်ပါဘူး။ ကီမိုနိုဝတ်ပြီး
အမှတ်တရ ဓာတ်ပုံရိုက်ဖို့လည်း ကြံစည်ထားခဲ့ပေမယ့် မှန်းထားတဲ့ဈေးထက်နှစ်ဆလောက်ပိုပြီး
များနေတာကြောင့် လက်လျှော့လိုက်ရပါတယ်။ မေပယ်လ်ရွက်နီနီတွေ မြင်ခဲ့ရတယ်၊ စကိဂျိငါးဈေးက
ဆိုင်မှာ ဆူရှီနဲ့ဆရှိမိ စားခွင့်ရခဲ့တယ်။ ဖူဂျီတောင်ကြီးနဲ့ အမှတ်တရဓာတ်ပုံရိုက်ခွင့်ရခဲ့တယ်၊
တော့တိုးကျန်ရဲ့ ရထားတွဲကျောင်းလေးတည်ရှိရာနေရာကို တကူးတက အရောက်သွားနိုင်ခဲ့တယ်ဆိုရင်ပဲ
ဇွန့်အတွက် ဒီခရီးစဉ်လေး ခြေဆန့်ရကျိုးနပ်ပါပြီ။
ဂျပန်လူမျိုးတွေ
စည်းကမ်းရှိတယ်၊ စနစ်ကျတယ်၊ ယဉ်ကျေးတယ်၊ ၀န်ဆောင်မှုကို အရမ်းအလေးပေးတယ်ဆိုတာ မျက်မြင်ကိုယ်တွေ့ကြုံရပါတယ်။
နေရာတိုင်းလည်း သန့်ရှင်းသပ်ရပ်နေပါတယ်။ ဂျပန်စကားကိုပဲ အသုံးပြုတဲ့အတွက် ဂျပန်စာမတတ်တဲ့
ခရီးသွားများအဖို့ အခက်အခဲတော့ ရှိပါတယ်။ စက်မှုတိုးတက်ထွန်းကားတဲ့နိုင်ငံရယ်လို့ လေဆိပ်ကထွက်ပြီး
မြို့ထဲမရောက်ခင်အထိတွေ့ရတဲ့ စက်မှုဇုန်ကြီးက သက်သေထူပါတယ်။ ဆိုင်အ၀င်ဝမှာကတည်းက စက်နဲ့ရွေးချယ်မှာယူ
ငွေချေပြီးမှ ထွက်လာတဲ့ တိုကင်ပြားလေးနဲ့မှာစားရတာ ဇွန့်တို့အတွက် အတွေ့အကြုံ အသစ်အဆန်းပါ။
ရွေးချယ်စရာ ခလုတ်တွေများပြားလှတဲ့ ရေအိမ်ကမုတ်အိုးကိုလည်း ဂျပန်ရောက်မှ တွေ့ဖူးပါတယ်။
တပိုတပါးမသွားမီ ဘယ်ခလုတ်ကဘာဆိုတာ အရမ်းစူးစမ်းလေ့လာရပါသေးတယ်။
အမျိုးသမီးနဲ့ကလေးငယ်တွေကို
အရမ်းဦးစားပေးတယ်လို့လည်း သိရပါတယ်။ ရထားတွဲမှာတောင် မနက်ရုံးသွားချိန်နဲ့ ရုံးပြန်ချိန်မှာ
အမျိုးသမီးချည်းပဲ ထိုင်စီးခွင့်ရှိတဲ့ တွဲတွေပါပါတယ်။ အမျိုးသားတွေကတော့ မတ်တပ်ရပ်စီးပေါ့။
တိုကျိုက ရထားတွဲတွေပေါ်မှာ အစာစားခွင့်၊ ရေသောက်ခွင့်ရှိပေမယ့် ဖုန်းပြောခွင့်မရှိပါဘူး။
အလုပ်ထဲမှာလည်း ဖုန်းမကိုင်ကြပါဘူး။ အိုဆာကာက ရထားပေါ်မှာတော့ ဖုန်းပြောကြတယ်၊ ပြောလို့ရတယ်လို့
သူငယ်ချင်းက ပြောပြပါတယ်။ လူနေရပ်ကွက်နဲ့နီးတဲ့ အဝေးပြေးလမ်းမတစ်လျှောက်မှာ ဆူညံသံကိုလျှော့ချပေးတဲ့နံရံတွေ
ကာရံထားတာ တွေ့ရပါတယ်။
အမှိုက်ပစ်တဲ့အခါမှာလည်း
ဆိုင်တိုင်း၊ နေရာတိုင်းမှာ စနစ်တကျနဲ့ အမျိုးအစားခွဲပြီး စွန့်ပစ်ကြပါတယ်။ နိကို၊
ဖူဂျီခရီးတွေ သွားတုန်းက ဧည့်လမ်းညွှန်က ကားပေါ်မှာ မုန့်ထုတ်အခွံတွေ၊ ဖော့ဘူး၊ သံဘူး၊
ပလတ်စတစ် အစရှိတဲ့အမှိုက်တွေကို ဆိုင်ရာအိတ်အသီးသီးမှာ ခွဲပစ်ပေးဖို့ မေတ္တာရပ်ခံ တောင်းဆိုပါတယ်။
ခရီးသည်အားလုံးကလည်း ကားပေါ်ကအဆင်းမှာ ကိုယ့်အမှိုက်ကို စည်းကမ်းရှိရှိနဲ့ ခွဲထည့်ပေးကြပါတယ်။
KFC လို fast food ဆိုင်မှာတောင် စားသုံးသူတွေကပဲ အအေးခွက်ထဲက ကျန်နေတဲ့ ရေခဲကိုသီးခြားထည့်၊
ကျန်တာကိုလည်း အမျိုးအစားခွဲပြီးမှ စွန့်ပစ်ပေးသွားကြတာ အတုယူဖွယ် မြင်ရပါတယ်။
သဘာဝဘေးအန္တရာယ်တွေသာမရှိခဲ့ရင်
ဂျပန်ဟာ နေချင်စရာနိုင်ငံတစ်ခုပါပဲ။ ဂျပန်နိုင်ငံကို ချစ်မြတ်နိုးတဲ့ ဂျပန်ဧည့်လမ်းညွှန်ကိုကြီးငါးက
ဂျပန်ဟာ လှပချစ်စရာကောင်းပြီး အလည်အပတ်သွားသင့်တဲ့ နိုင်ငံတစ်ခုဖြစ်ကြောင်း ဂျပန်မရောက်သေးတဲ့အခြားမိတ်ဆွေတွေကို
ပြောပြပေးပါလို့ ခေါင်းလေးညွှတ်ပြီး တောင်းဆိုခဲ့တာကို အမှတ်ရမိပါတယ်။ ဇွန့်အနေနဲ့လည်း
ဂျပန်ဟာ အလည်သွားသင့်တဲ့ နိုင်ငံတစ်ခုလို့ ထောက်ခံပါတယ်။ ခရီးသွားတယ်ဆိုတာ ကံပေါ်မူတည်တာမို့
ဘယ်အချိန် ဘာဖြစ်မယ်ဆိုတာ ကြိုပြီး မသိနိုင်လို့ မှန်းဖို့ခက်ပါတယ်။ ဇွန်တို့ သွားတဲ့အချိန်မှာတော့
ကံကောင်းထောက်မစွာနဲ့ ဘာမှ မဖြစ်ခဲ့ပါဘူး။ တောင်တန်းတွေများပြီး
မြေပြန့် ၂၀ရာခိုင်နှုန်းပဲရှိတဲ့ ဂျပန်နိုင်ငံမှာ မီးတောင်ရှင်ပေါင်း၁၀၀ကျော်ရှိပါတယ်။ မြို့တော်တိုကျိုမှာ
ငလျင်ဒဏ်အကြီးစားတစ်ခုလှုပ်နိုင်ဖွယ်ရှိလို့ တစ်ချို့တွေက မြို့တော်ကို နေရာရွှေ့ချင်တဲ့ဆန္ဒရှိပါတယ်။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အချက်အချာကျတဲ့မြို့မို့ ငလျင်အပြင်းစားသာ တိုကျိုကို
ဗဟိုပြုပြီး လှုပ်ခတ်ခဲ့ရင် ဂျပန်နိုင်ငံတစ်ခုလုံး ဖရိုဖရဲဖြစ်သွားမယ်လို့ ဆိုကြပါတယ်။
တိုကျိုမှာကြုံတွေ့နေကြရတဲ့ အခက်အခဲတစ်ခုကတော့ မူကြိုကျောင်းရှားပါးနေခြင်းပါပဲ။ စရိတ်ကြီးတဲ့မြို့တော်မှာ
မိဘနှစ်ပါးလုံး နေထိုင်အလုပ်လုပ်ကြရတာမို့ ကလေးရလာတဲ့အခါ ကလေးကို မူကြိုကျောင်းမှာအပ်နှံနိုင်မှ
အဆင်ပြေပါတယ်။ မူကြိုကျောင်းကလည်း ကိုယ်အပ်ချင်တဲ့ကျောင်းတိုင်း အပ်ခွင့်မပေးပါဘူး။
သူ့မြို့နယ်အလိုက်မှာရှိတဲ့ကျောင်းမှာပဲ အပ်ခွင့်ရပါတယ်တဲ့။ မူကြိုကျောင်းမှာ အပ်နှံခွင့်မရတဲ့အခါ
မိခင်ဖြစ်သူက ကလေးငယ်ကိုပြုစုစောင့်ရှောက်ဖို့ အလုပ်ထွက်လိုက်ရပါတယ်။ ဒါကြောင့် ဂျပန်အမျိုးသားနဲ့
အမျိုးသမီးတို့ရဲ့ ၀င်ငွေကို နှစ်အလိုက် အချိုးချကြည့်တဲ့အခါ အမျိုးသမီးတွေရဲ့ဝင်ငွေက
အမျိုးသားများဝင်ငွေအောက် ထက်ဝက်သာသာ လျော့ကျသွားတယ်လို့ ဧည့်လမ်းညွှန်ဟိရိုက ပြောပြပါတယ်။
ကလေးမူလတန်းလောက်ရောက်မှ အိမ်ထောင်ရှင်ဇနီးသည်တွေက အလုပ်ထဲပြန်ဝင်ကြပါတယ်။ မြို့တော်ရဲ့ ကလေးမွေးနှုန်းကလည်း သိသိသာသာကျဆင်းနေဆဲပါပဲ။
လူနေမှုအဆင့်အတန်းမြင့်တဲ့နိုင်ငံမို့
ထင်ပါတယ်၊ တွေ့ရတဲ့လူအားလုံးလိုလိုရဲ့ အ၀တ်အစား၊ အသုံးအဆောင်တွေက အကောင်းစားတွေချည်းပါပဲ။
လူအတော်များများရဲ့ ရုပ်ရည်ကလည်း ရည်မွန်သန့်ပြန့်နေပါတယ်။ ညိုလေးနေက တစ်စုံတစ်ခုကို
သတိပြုမိပြီး ဇွန်မိုးစက်ကို ပြောပါတယ်။ နင်သတိထားမိလား၊ သူတို့အားလုံးလိုလို ကြည့်ကောင်းနေတာ
နှာခေါင်းကြောင့်နော်။ အာရှပေမယ့် ဂျပန်တွေ နှာခေါင်းချွန်ကြတယ်။ သူပြောတာနဲ့ ဇွန်လည်း
သတိထားကြည့်မိတော့… ဟုတ်တယ်၊ ရထားပေါ်မှာ၊ လမ်းမှာ၊ လေဆိပ်မှာ တွေ့ခဲ့ရတဲ့ ဂျပန်လူမျိုးအကုန်နီးပါး
နှာခေါင်းပြားမနေဘဲ ချွန်ကြတယ်။ ဒါကြောင့် သူတို့ကြည့်ကောင်းတာကိုး။ သူငယ်ချင်းကိုလည်း
မေးကြည့်ကြသေးတယ်၊ သူတို့တွေ ကိုးရီးယားမှာလို ဆာဂျရီများလုပ်ထားသေးလားလို့၊ တစ်ချို့က
ခွဲစိပ်ပြုပြင်မှု လုပ်ချင်လုပ်ထားမှာပေါ့၊ ဒါပေမယ့် သူသိသလောက် အများစုက အော်ရီဂျင်နယ်ပါပဲတဲ့။
ယောက်ျားလေးတွေ မျက်ခုံးရိပ်တာ ခေတ်စားနေတာလည်း တွေ့ခဲ့တယ်။ ကိုယ်က မိန်းခလေးဖြစ်ပေမယ့်
မျက်ခုံးရိတ်တာမကြိုက်တဲ့သူဆိုတော့ ယောက်ျားလေး မျက်ခုံးရိတ်ထားတာကိုမြင်ရတာ စိတ်ထဲတစ်မျိုးပဲ။ မျက်လုံးတောက်တောက်နဲ့ ဂျပန်မလေးတွေကတော့ ချစ်စရာကောင်းကြတယ်။ အားလုံးကလည်း
ချောချောလှလှလေးတွေချည်းပဲဆိုတော့ မြင်တွေ့သမျှ လိုက်ငေးနေရတာ။
သဘာဝအလှအပ
အမြောက်အမြားနဲ့ လည်ပတ်စရာတွေ သိပ်များတဲ့နိုင်ငံမို့ တစ်ပတ်ခရီးလေးက နည်းလွန်းတယ်လို့
ပြောရပါမယ်။ ခရီးသွားဟန်လွှဲတွေ့သမျှ တိုးရစ်တွေက အနည်းဆုံး နှစ်ပတ်တစ်လနေပြီး လည်ပတ်ကြသူတွေပါ။
ဇွန်တို့ကတော့ ကိုယ့်ဘတ်ဂျက်အတိုင်းအတာရယ်၊ ခွင့်အရေအတွက်ပေါ်ရယ်မူတည်ပြီး သွားရတာကြောင့်
သိပ်ကြာကြာမနေနိုင်ပါဘူး။ ဂျပန်ကို သွားလည်ဖို့ အကောင်းဆုံးအချိန်ကတော့ ချယ်ရီပွင့်ချိန်နွေဦးရာသီ
ဧပြီလ၊ ဒါမှမဟုတ်လည်း မေပယ်လ်ရွက်တွေ အရောင်ပြောင်းချိန် နိုဝင်ဘာလပါ။ အဲဒီအချိန်မှာ
ရာသီဥတုက အပူအအေးသိပ်မပြင်းလို့ လည်လို့ကောင်းပါတယ်။ ဇွန်တို့သွားချိန်က အောက်တိုဘာအကုန်
နိုဝင်ဘာလဆန်းဖြစ်နေတော့ တိုကျိုမြို့ထဲက အရွက်တွေ အရောင်မပြောင်းသေးပေမယ့် မြောက်ပိုင်းကျတဲ့ဒေသတွေမှာတော့
အရောင်ပြောင်းစပြုနေပါပြီ။ လာဗန်ဒါနဲ့နေကြာပန်းခင်းတွေ၊ နှင်းတွေမြင်ရဖို့ဆိုရင်တော့ ဟော့ကိုင်းဒိုးအထိ သွားရမှာပါ။ အစက ဟော့ကိုင်းဒိုးအထိ သွားကြည့်ချင်တဲ့ဆန္ဒရှိပေမယ့် ရက်နည်းတာကြောင့်
မဖြစ်နိုင်ဘူးဆိုတာ သိလိုက်ပြီး တိုကျိုနဲ့အနီးတစ်ဝိုက်ကို ခြေဆန့်နိုင်သမျှ အရောက်သွားဖို့
ဆုံးဖြတ်ခဲ့ကြတာပါ။
တိုကျိုခရီးစဉ်ကို
ချန်ညီအစ်ကိုများခရီးသွားအေးဂျင့်ကနေ ပရိုမိုးရှင်းပေးတုန်း ၀ယ်ခဲ့တာဖြစ်ပါတယ်။ ဗီဇာကလည်း
ထင်မှတ်ထားတာထက်ပိုပြီး လွယ်လွယ်ကူကူနဲ့ လျှောက်လို့ရပါတယ်။ စာရွက်စာတမ်းပြည့်စုံရင်
၃ရက်အတွင်း ချပေးပါတယ်။ မြန်မာပတ်စ်ပို့ကိုင်ဆောင်သူမို့ အနည်းဆုံး ခရီးသွားတစ်ဦးကိုယ်တိုင်
သွားလျှောက်ဖို့တော့ လိုပါတယ်။ ဗုဒ္ဓဟူးနေ့မနက်မှာ ဗီဇာတင်လိုက်တယ်ဆိုရင်ပဲ သောကြာနေ့လည်မှာလာယူဖို့
တစ်ခါတည်း ပြောလိုက်ပါတယ်။ အဓိကက လေယာဉ်ခရီးစဉ်နဲ့ တည်းမယ့်ဟိုတယ်မှာ ဘွတ်ကင်လုပ်ထားတဲ့
အေးဂျင့်ကထုတ်ပေးတဲ့စာရွက်ရယ်၊ အလုပ်အကိုင်ရှိကြောင်းထောက်ခံစာရယ်ပါပဲ။ စင်္ကာပူပီအာဆိုရင်တော့
ဘဏ်စာရင်းပြစရာမလိုပါဘူး။ တခြားပတ်စ်ကိုင်ထားတဲ့သူတွေဆိုရင်တော့ နောက်ဆုံးတစ်လစာဘဏ်စာရင်းပြဖို့
လိုအပ်ပါတယ်။ သံရုံးဝက်ဘ်ဆိုဒ်က ဒီမှာပါ။
ဒီလင့်ခ်လေးကတော့
ဂျပန်နိုင်ငံနဲ့ ပတ်သက်တဲ့သတင်းအချက်အလက်တွေ ပြည့်ပြည့်စုံစုံဖော်ပြပေးထားတဲ့ ဂျပန်ဧည့်လမ်းညွှန်ဝက်ဘ်ဆိုဒ်မို့
ဇွန်တို့လို ပထမဆုံးအကြိမ်အဖြစ် free & easy သွားရောက်လည်ပတ်မယ့် ခရီးသွားတွေအတွက်
အရမ်းကို အကျိုးရှိအသုံးဝင်ပါတယ်။ ကိုယ်နှစ်သက်ရာ တစ်ရက်စာခရီးစဉ်လေးတွေကိုလည်း အဲဒီမှာ
ညွှန်းထားတဲ့ City Discovery ကနေပဲ ကြိုဝယ်သွားလိုက်တာ အစစ အဆင်ပြေပါတယ်။
တိုကျိုခရီးစဉ်
မသွားခင်ကတည်း နွေးထွေးလှိုက်လှဲစွာ ဖိတ်ခေါ်ပြီး သိချင်တာမှန်သမျှ ပြောပြစီစဉ်ပေးတဲ့
သူငယ်ချင်းဘလော့ဂါ ကျော်နှင်းဆီလွင်၊ တနင်္ဂနွေအားလပ်ရက်ကို အနားမယူဘဲ ကာမာကုရကို စိတ်ရှည်သဘောကောင်းစွာ
လိုက်ပို့ပေးတဲ့ မောင်ငယ်ဝင်းထွဋ်၊ ၁၆နှစ်တိုင်ကွဲကွာခဲ့ရပေမယ့် တိုကျိုမှာ ပြန်ဆုံပြီး
အခင်မင်မပျက် သူငယ်ချင်းနှစ်ယောက်လုံး ဆန္ဒရှိတဲ့နေရာမှန်သမျှကို မညည်းမညူ လိုက်လံပို့ဆောင်ပေးခဲ့တဲ့
အတန်းဖော်ငယ်သူချင်းအညွန့်တို့ကို အရမ်းပဲ ကျေးဇူးတင်ရပါတယ်။
အခွင့်သာခဲ့မယ်ဆိုရင်
အရှေ့စွန်းက နေ၀န်းရဲ့ ကျွန်းမြေဆီ ချယ်ရီပွင့်ချိန် နောက်တစ်ခေါက် ထပ်ပြီးသွားချင်ပါသေးတယ်။
း)
ဇွန်မိုးစက်
စိတ်ဝင်စားစရာကောင်းတဲ့ပိုစ့်ပါမိုးစက်ရေ
ဗဟုသုတလဲရတယ် အများကြီးအသိတွေတိုးလာခဲ့တယ်
ပျော်ရွှင်တဲ့နှစ်ကူးလေးရရှိပါစေ
ွှလြောက်လဲမဟုတ်သေးပါဘူးကွယ်...
ဂျပန်မှာအနေကြာပီး အကြောင်းတော်တော်သိသူ
ဇွန်ရဲ့ တိုကျိုခရီးစဉ်လေးဖတ်ရတော့ ချယ်ရီတွေလှိုင်လှိုင်ပွင့်တဲ့ တီတင့်တို့နေခဲ့တဲ့ ချယ်ရီလမ်းလေးကို လွမ်းမိသလို ပြန်လည်ဆုံဆည်းနိုင်ခွင့်မရှိတော့တဲ့ ဖခင်ကြီးကိုလည်း သတိရသွားတယ်။ အလွမ်းပြေ အလည်ပို့ပေးပြီး ဗဟုသုတတွေ ဖြန့်ဝေပေးတာ ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဒီလောက် အချိန်တိုတိုလေး အတွင်းမှာ နေရာတွေ အတော်များများကို ရောက်ခဲ့တာ တန်တယ်လို့ ပြောရမယ် ထင်တယ်နော်၊ အနီးကပ်မှ စီစဉ်ပေမယ့် တစ်ချက်၊ နှစ်ချက်ကလွဲလို့ အစီအစဉ်အတိုင်း ဖြစ်ခဲ့တာလည်း ဇွန်တို့ ကံကောင်းတာပေါ့..၊
ဒီ အချပ်ပိုလေးမှာတော့ သိသင့်သိထိုက်တဲ့ သတင်းအချက်အလက် တွေရယ်၊ ဂျပန်နိုင်ငံနဲ့ လူမျိုးတွေအပေါ် ဇွန့်ရဲ့ အမြင်ရယ်၊ ကူညီခဲ့သူ တွေအပေါ် ကျေးဇူးမှတ်တမ်းရယ်... အားလုံး စုံစုံညီညီနဲ့မို့ ဂျာနယ်သာ ဆိုရင် ဝယ်သိမ်းရမယ့် အချပ်ပိုလို့ပဲ ဆိုချင်မိပါတယ်၊ ဒါတင် မကသေးဘဲ အဲဒီ နိုင်ငံလေးကိုပါ သွားလည်ချင်စိတ်တွေ ဖြစ်လာစေခဲ့တယ် ဇွန်ရေ...။း)
မမဇွန်ရေ...အချပ်ပိုလေးအတွက်ကျေးဇူးပါနော်
မိုးနတ်က ပြီးသွားပြီထင်နေတာ...ပြီးတော့
မမ ဘာတွေဆက်ရေးအုံးမလဲမျှော်နေတာမရဲ့
ခုတော့ အချပ်ပိုလေးကြောင့် တော်တော်ပဲ
စိတ်ထဲ ကျေနပ်မိတယ်လေ...နောက်ထပ်လဲ
ခရီးသွားပို့်စ်ကောင်းလေးတွေ ဆက်ရေးပါနော်
မ..မက မိုးနတ်ထက် စာရင် ခရီးတွေ များများ
သွားဖြစ်တော့ မိုးနတ်က အားကျနေမိတာ..
နှစ်သစ်မှာ ပျော်ပါစေမ...:)
ချစ်တဲ့...မိုးနတ်
မစံပယ်လည်း ပျော်ရွှင်တဲ့နှစ်ကူးလေး ရရှိပါစေနော်။း)
စာလာဖတ်သူ အနောနိမတ်ရေ... အလည်ရောက်တဲ့သူရဲ့အမြင်နဲ့ အခြေချနေထိုင်သူတို့ရဲ့အမြင် ကွာခြားနိုင်တယ်ဆိုတာ ဇွန်နားလည်တယ်။ စင်္ကာပူကို အလည်ရောက်တဲ့သူတွေက ပျော်စရာကောင်းတယ်လို့ ပြောကြရင် ဒီကလူတွေက ဟင်...ဆိုပြီး ဖြစ်သွားကြသလိုပေါ့ :D
တီတင့်ရဲ့ မွေးရပ်ဇာတိ ဘယ်မှာလဲဆိုတာမေးဖို့ ခုမှသတိရသွားပြီ။း)
အခွင့်သင့်ရင် တစ်ခေါက်တစ်ခါလောက် သွားလည်ကြည့်ပါဦး အစ်ကိုညီလင်းရေး)
ပို့စ်တိုင်း လာအားပေးလို့ ကျေးဇူးပါ ညီမ မိုးနတ်။ ညီမလေးလည်း နှစ်သစ်မှာပျော်ရွှင်ပါစေလို့ မဇွန် ဆုတောင်းပေးလိုက်ပါတယ်။း)
မဇွန်ရေ.. တနေ့ချင်းစီ အတွက်သွားလည်ဖို့ အစီစဉ်ဆွဲပုံလေးလည်း သိပါရစေရှင့်။ ဥပမာ- ပထမနေ့ ..ဘယ်နေရာတွေ သွားမယ်.. ဒုတိယနေ့ အစသဖြင့်ပေါ့...
ရွှင်လန်းချမ်းမြေ့ပါစေ။
နှင်းဖူး
ညီမနှင်းဖူး... အစ်မတို့ ဆွဲခဲ့တဲ့ ခရီးစဉ်က အရှေ့စွန်းခရီးစဉ် အပိုင်း(၆)ပိုင်းပို့စ်အတိုင်းပါပဲ။ ပထမနေ့ နန်းတော်ရာ၊ အာဆာကူဆာ၊ တိုကျို skytree၊ ဒုတိယနေ့ နီကိုး၊ ဂင်ဇာ၊ တတိယနေ့ဖူဂျီ၊ စတုတ္တနေ့ ကာမာကုရ၊ ဟာရဂျူကု၊ ရှင်ဂျူကု၊ ပဉ္စမနေ့ ဂျီယူဂါအိုကာ၊ အိုဒိုင်းဘား၊ ဆဌမနေ့ စကိဂျိ၊ ဒစ်စနေလန်း။ ရှိဘူရတို့ နီပိုးရီနဲ့ ကျန်တဲ့နေရာလေးတွေက ခရီးသွားဟန်လွှဲရောက်သွားခဲ့တာ။း)
ကျေးဇူးတင်ပါတယ် မဇွန်မိုးစက်..
ချမ်းမြေ့ပါစေ။
နှင်းဖူး