Showing posts with label Article. Show all posts
Showing posts with label Article. Show all posts
၂၀၁၃ခုနှစ် နိုဝင်ဘာလ၏
နောက်ဆုံးနေ့ရက် ညနေချိန်သည် နွေးထွေးသော နေရောင်အောက်တွင် လှပနေခဲ့သည်။ ကျွန်မရောက်ရှိနေသောနေရာသည်
သြစတြေးလျနိုင်ငံ၊ သြစတြေးလျတောင်ပိုင်းပြည်နယ်ရှိ အက်ဒီလိတ် တောင်ကုန်းများထက်မှာဖြစ်သည်။
ကမ္ဘာ့တောင်ခြမ်းဒေသများ၏ နွေဦးအခါသမယသည် အာရှနှင့်ဥရောပနိုင်ငံများကဲ့သို့ မတ်-ဧပြီ-မေလများမဟုတ်ဘဲ
စက်တင်ဘာ-အောက်တိုဘာ-နိုဝင်ဘာလများဖြစ်သည်။ အရောင်စုံပန်းများဖူးပွင့်ချိန်၊ နွေလယ်ခေါင်ကဲ့သို့လည်း
မပူပြင်းသောအချိန်ဖြစ်၍ ကြည့်လေရာရာ ၀န်းကျင်တစ်ခွင်မှာ သာယာလှပပြီး
ရာသီဥတုသည်လည်း နေလို့ကောင်းရုံ၊ သင့်တင့်ရုံသာ ပူနွေးလျက်ရှိသည်။ ထို့ကြောင့်ပင်
Down Under ဟု တင်စားခေါ်ဝေါ်ကြသော ကမ္ဘာ့တောင်ခြမ်းက သြစတြေးလျနှင့်နယူးဇီလန်နိုင်ငံများ၏
နွေဦးကာလအခါသမယသည် လက်ထပ်မင်္ဂလာပွဲကို ဆင်နွှဲရန် အကောင်းဆုံးအချိန်ဖြစ်သည်ဟု ကျွန်မယူဆမိပါသည်။
အသက်သုံးဆယ်ကျော်အမျိုးသမီးတစ်ယောက်အနေနှင့်
လွန်ခဲ့သောနှစ်များအတွင်း ဆွေမျိုးသားချင်း၊ သူငယ်ချင်းမိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်အသီးသီးတို့၏
လက်ထပ်မင်္ဂလာဧည့်ခံပွဲအမြောက်အမြားကို ကျွန်မ တက်ရောက်ခွင့်ကြုံခဲ့သည်။ လက်မှတ်ရေးထိုးပြီးသော
မြန်မာဗုဒ္ဓဘာသာဝင် မင်္ဂလာမောင်နှံက ဘုန်းကြီးကျောင်းမှာ မင်္ဂလာဦးနေ့ဆွမ်းကပ်ပြီး၊ ညနေပိုင်းတွင်
ဟိုတယ် သို့မဟုတ် စားသောက်ဆိုင်ကြီးတစ်ခုခုမှာ ဧည့်ခံကျွေးမွေးကြသလို ခရစ်ယာန်ဘာသာဝင်များက
ဘုရားရှိခိုးကျောင်းတွင် လက်ထပ်မင်္ဂလာပွဲကို ဆင်နွှဲကြသည်။ စင်ကာပူနိုင်ငံမှ တရုတ်လူမျိုး
လုပ်ဖော်ကိုင်ဖက် အများစုကတော့ လက်မှတ်ရေးထိုးပြီး အချိန်ကာလတစ်ခုကြာ ပိုက်ဆံစုပြီးမှ
ကိုယ့်အတိုင်းအတာနှင့်လက်လှမ်းမှီရာ ဟိုတယ်မှာ ဆွေမျိုးမိတ်ဆွေများကိုဖိတ်ပြီး နေ့လယ်စာ
သို့မဟုတ် ညနေစာဖြင့် တည်ခင်းဧည့်ခံလေ့ရှိကြသည်။ ကျွန်မတက်ရောက်ခဲ့ဖူးသမျှ မင်္ဂလာဆောင်ဧည့်ခံပွဲ
အားလုံးလိုလို အမိုးအကာအောက်က indoor ခန်းမများအတွင်း၌သာ ပြုလုပ်ကျင်းပကြခြင်းဖြစ်သည်။
ဟောလီးဝုဒ်ရုပ်ရှင်ကားတချို့ထဲက
indoor မဟုတ်သည့် ကမ်းခြေလို၊ ဥယျာဉ်ပန်းခြံထဲမှာလို outdoor နေရာလှလှများမှာ ကျင်းပသည့်
လက်ထပ်ပွဲများကိုကြည့်ရင်း တစ်ခါလောက် အမိုးအကာမဟုတ်သော လေဟာပြင်မှာ မင်္ဂလာဆောင်သည့်
outdoor wedding ကို မျက်မြင်ကိုယ်တွေ့ တက်ရောက်ချင်သည့်ဆန္ဒများ ကျွန်မမှာ ဖြစ်ပေါ်ခဲ့ဖူးသည်။
နှစ်အနည်းငယ်ကြာပြီးသည့်နောက်တွင် ကျွန်မဆန္ဒပြည့်ဝရန် အကြောင်းဖန်လာခဲ့သည်။ သြစတြေးလျနိုင်ငံတွင်
မွေးဖွားကြီးပြင်းသောဝမ်းကွဲညီမ၏ မင်္ဂလာဆောင်ကို ကျွန်မတက်ရောက်ရန် ဖိတ်စာလက်ခံရရှိခဲ့သောကြောင့်ဖြစ်သည်။
ခေတ်မီတိုးတက်ဖွံ့ဖြိုးသော နိုင်ငံသူ၊ နိုင်ငံသားများဖြစ်သော်လည်း အီးမေးလ်မသုံးဘဲ
မင်္ဂလာဆောင်ဖိတ်စာကို ရပ်နီးရပ်ဝေးနိုင်ငံရပ်ခြားရှိ ဆွေမျိုးများအားလုံးထံ စာတိုက်မှ
လှမ်းပို့ပေးခြင်းဖြစ်သည်။ ကျွန်မမြင်ဖူးသမျှ ဖိတ်စာထဲတွင် အရိုးရှင်း၊ အဆန်းပြားဆုံးဖြစ်သည်။
ဖောင်းကြွတွေ၊ ဖဲကြိုးတွေ တစ်ခုမှမပါသော ကနုတ်ဒီဇိုင်းအောက်ခံ သာမန် လေးခေါက်ချိုးကတ်ပြားတစ်ခုသာ
ဖြစ်သောကြောင့် ရိုးရှင်းသည်ဟု ကျွန်မဆိုရခြင်းဖြစ်သည်။ သို့သော် ထိုလေးခေါက်ချိုးကတ်ပြားပေါ်တွင်
ရေးသားပုံနှိပ်ထားသော အကြောင်းရာတချို့သည် အခြားဖိတ်စာများနှင့်မတူ တစ်မူထူးခြား ကွဲပြားနေခဲ့ပါသည်။
ရှစ်မျက်နှာပါ ပထမဆုံးမျက်နှာစာခေါက်ချိုးကတ်ပြားပေါ်တွင်
သတို့သမီးနှင့်သတို့သားတို့ ချစ်သူသက်တမ်း၅နှစ်အတွင်း ဖြတ်သန်းအရေးပါခဲ့သော နေရာဌာနအမျိုးမျိုးမှ
နှစ်ယောက်တွဲ ဓာတ်ပုံ၁၄ပုံကို အသေးချုံ့ပြီး ရိုက်နှိပ်ထားသည်။ နောက်စာမျက်နှာများတွင်
ဘွဲ့ဒီဂရီများ မပါဝင်သော သတို့သား၊ သတို့သမီးအမည်နှင့်အတူ မင်္ဂလာနေ့ရက်အချိန်နေရာ၊ လမ်းညွှန်ဖော်ပြချက်အပြည့်အစုံ၊
နိုင်ငံတကာမှ တကူးတကလာရောက်ပြီး တက်ရောက်ချီးမြှင့်ကြမည့် ဧည့်သည်များအတွက် တည်းခိုနားနေနိုင်မည့်
အဆောင်များ၏ တည်နေရာနှင့် သတင်းအချက်အလက်များ၊ မင်္ဂလာဆောင်တက်ရောက်ဖြစ်မဖြစ် ကြိုတင်အကြောင်းကြားနိုင်ရန်
သတို့သား၊ သတို့သမီးနှစ်ဦးစလုံး၏ အီးမေးလ်လိပ်စာ၊ ဖုန်းနံပါတ်နှင့် အိမ်လိပ်စာတို့ကို
ဖော်ပြထားသည်။ အဲသည်အထိကတော့ သာမန်တွေ့ဖူး၊ မြင်ဖူးနေကျ ဖိတ်စာများနှင့် အတူတူဖြစ်သော်လည်း
အဲသည့်နောက်ပိုင်းတွင် ဖော်ပြပါရှိသည့်ခေါင်းစဉ်နှင့်စာပိုဒ်လေးက အနည်းငယ်ထူးခြား ချစ်စရာကောင်းလှပါသည်။
လက်ဖွဲ့ ‘Gifts’ ဟူသော
ခေါင်းစဉ်အောက်မှာ မင်္ဂလာမောင်နှံအတွက် လက်ဖွဲ့ပေးစရာမလိုအပ်ပါကြောင်း၊ အက်ဒီလိတ်အထိ
တကူးတကလာရောက်ပြီး မင်္ဂလာပွဲကို တက်ရောက်ချီးမြှင့်ပေးသည်ကပင် သူတို့နှစ်ယောက်လုံးအတွက်
တန်ဖိုးမဖြတ်နိုင်သော မင်္ဂလာလက်ဖွဲ့ဖြစ်ပါကြောင်း၊ အကယ်၍ အမှတ်တရ လက်ဖွဲ့တစ်ခု မဖြစ်မနေ
ပေးအပ်ချင်သော ဆန္ဒပြင်းပြနေပါသေးသည်ဆိုက သူတို့နှစ်ဦး၏ပျားရည်ဆမ်းခရီးအတွက် အနည်းငယ်မျှသော
ငွေပမာဏကိုသာ ထည့်ဝင်ပေးစေချင်ကြောင်း… ရိုးသားလေးစားစွာ ရေးသားတောင်းဆိုထားသည်။ မြန်မာဖိတ်စာအနည်းငယ်တွင်
တွေ့ရသော “လက်ဖွဲ့ပေးခြင်း သည်းခံပါ” ဆိုသော တိုပြတ်ပြတ် အမိန့်ဆန်ဆန် စာသားထက် သူတို့ရေးသားတောင်းဆိုပုံလေးကို
ကျွန်မ ပိုနှစ်သက်မိတာ အမှန်ပင်ဖြစ်သည်။
နောက်ဆုံးစာမျက်နှာမှာတော့
အက်ဒီလိတ်မြို့တွင် မင်္ဂလာဆောင်တက်ရောက်ရင်း ပိတ်ရက်ရှည်ယူပြီး လည်ပတ်ရန်ကြံစည်စိတ်ကူးထားသူများအတွက်
သတို့သားနှင့်သတို့သမီးတို့ သွားရောက်လည်ပတ်လေ့ရှိသော အနှစ်သက်ဆုံး နေရာ၁၀ခုကို ရေးသားဖော်ပြထားခြင်းဖြင့်
အဆုံးသတ်ထားပါသည်။ သတို့သားရော သတို့သမီးပါ ဆစ်ဒနီဇာတိများဖြစ်သည့်အတွက် နှစ်ဖက်သောမိဘဆွေမျိုးအသိုင်းအ၀ိုင်းအားလုံးမှာ
ဆစ်ဒနီမြို့ခံများ ဖြစ်ကြသည်။ အလုပ်တာဝန်အရ ကင်ဘာရာနှင့် ဘရစ္စဘိန်းမြို့များမှာ နေထိုင်သော
မောင်နှမတချို့လည်း ရှိသည့်အတွက် အက်ဒီလိတ်သည် အားလုံးအတွက် တကူးတက လေယာဉ်ပျံစီးသွားမှ
ရောက်နိုင်သည့်နေရာမျိုးဖြစ်သောကြောင့် ရောက်သည့်အခိုက်လည်ပတ်ရန် မင်္ဂလာမောင်နှံက အကြံပြုထားခြင်းဖြစ်သည်။
ဖိတ်စာမှာ အဲသည့်စိတ်ကူးလေးကို ထည့်သွင်းဖို့ သတိရသည့် သူတို့နှစ်ယောက်ကို ကျွန်မချီးကျူးမိသည်။
ကံကောင်းထောက်မစွာဖြင့်
ကျွန်မ၏အထက်တန်းကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်မှာ အက်ဒီလိတ်တွင် နေထိုင်သူဖြစ်ရာ သူ့အိမ်မှာပဲ
ကျွန်မရက်အနည်းငယ်တည်းခိုကာ အက်ဒီလိတ်တစ်ဝိုက် လည်ပတ်ရင်း၊ မင်္ဂလာဆောင်ကိုတက်ရောက်ရန်
အစီအစဉ် ဆွဲလိုက်သည်။ မင်္ဂလာပွဲကျင်းပရာနေရာသည် မြေပြန့်များသောအက်ဒီလိတ်မြို့၏ အမြင့်ဆုံးကုန်းမြေဧရိယာဖြစ်သော
အက်ဒီလိတ်တောင်ကုန်းထက်က စပျစ်ခြံထဲမှာဖြစ်သည်။ သြစတြေးလျတောင်ပိုင်းတွင်ရှိသော အက်ဒီလိတ်မြို့သည်
တည်နေရာနှင့်ရာသီဥတုအရ စပျစ်ပင်များ စီးပွားဖြစ်စိုက်ပျိုးဖြစ်ထွန်းသောဒေသဖြစ်သည်။
တစ်နိုင်ငံလုံး၏ စပျစ်ဝိုင်ထုတ်လုပ်နှုန်း ထက်ဝက်ကျော်သည် အက်ဒီလိတ်မှ ထွက်ရှိခြင်းဖြစ်သည်။
နိုင်ငံအတွင်းမှ စပျစ်ဝိုင်ချစ်သူများသည် အက်ဒီလိတ်ရှိ စပျစ်ခြံစိုက်ခင်းများသို့ တကူးတက
လာရောက်ပတ်ကာ ၀ိုင်မြည်းစမ်းသောက်သုံးလေ့ရှိကြသည်။ ကျွန်မ၀ိုင်မသောက်သော်လည်း စပျစ်ခင်းထက်က
outdoor wedding ကို တက်ရောက်ခွင့်ရမည့်အရေး ကြိုတွေးရုံနှင့် ပျော်ရွှင်ခဲ့ရသည်။
ညနေ၆နာရီတွင် ကျင်းပမည့်
လက်ထပ်မင်္ဂလာပွဲမတိုင်ခင် တစ်နာရီအလိုတွင် နှစ်ဖက်သော ဆွေမျိုးမိတ်သင်္ဂဟများအားလုံး စပျစ်ခင်းထက်မှာ
ရောက်ရှိဆုံဆည်းနေခဲ့ပြီဖြစ်သည်။ နွေဦးညနေခင်းဖြစ်သောကြောင့် မင်္ဂလာဆောင်တက်ရောက်လာသူ
ဧည့်ပရိတ်သတ်များအားလုံးလိုလို ပကာသနမဖက်သော သပ်ရပ်ပေါ့ပါးသော ၀တ်စုံများသာ ၀တ်ဆင်လာသည်ကို
တွေ့ရသည်။ စပျစ်ပင်များခြံရံထားသော မင်္ဂလာနေရာကို အရင်ဆုံးကြည့်ကြ၊ ဓာတ်ပုံရိုက်ကြသည်။
စပျစ်ခင်းတစ်ခုလုံးကို လှမ်းမြင်ရသော ကုန်းမြင့်ထက်က မြက်ခင်းစိမ်းပေါ်မှာ နှစ်ချို့ဝိုင်စည်ကြီးသုံးလုံး
အကွာအဝေးတူညီစွာ ရှိနေသည်။ စည်တစ်ခုချင်းစီပေါ်မှာ လက်ထပ်မင်္ဂလာပွဲကို ကိုယ်စားပြုသည့်
လှပကြံ့ခိုင်သော ပန်းစည်းတစ်ခုစီ တင်ထားသည်။ သတို့သမီးလျှောက်လှမ်းမည့် အပျိုစင်လမ်းခေါ်
Virgin Road ၏ ဟိုဘက်ဒီဘက် တစ်ဖက်တစ်ချက်စီတွင် ဧည့်သည် အယောက် ၅၀စီ ထိုင်နိုင်သော
ခုံတန်းများ စီရရီချထားသည်။ နွေရာသီတွင် နေ၀င်နောက်ကျသော ကျနေဒဏ်ကိုကာကွယ်ရန် ကျနေနှင့်
မျက်နှာချင်းဆိုင် ထိုင်ခုံအနီးတွင် ထီးအမိုးအချို့ ချထားပေးသည်။ ထိုင်ခုံပေါ်တွင် ကျေးဇူးတင်လွှာနှင့်
နာရီဝက်ကြာ လက်ထပ်မင်္ဂလာအခမ်းအနား အစီအစဉ် အပြည့်အစုံပါဝင်သော ဖိတ်စာတစ်စောင်စီ ချထားပေးသည်ကို
တွေ့ရသည်။
အခမ်းအနားမစခင် သတို့သားနှင့်
လူပျိုအရံများက ၀ိုင်စည်တစ်ဖက်တစ်ချက်တွင် နေရာယူပြီး အလယ်တွင် ဘုန်းတော်ကြီး ဇေဗီယာက
အသင့်ပြင်အနေထားနှင့် ရပ်နေသည်။ အခမ်းအနားစသည်နှင့် တီးဝိုင်းမှ At Last ဆိုသော ဂီတသံကို
တီးခတ်ပြီး အဆိုတော်အမျိုးသမီးက စတင်သီဆိုဖျော်ဖြေပါသည်။ သတို့သမီးမထွက်လာခင် သတို့သမီး၏တူမလေးဖြစ်သော
လက်စွပ်ဗန်းကိုင် ၂နှစ်သမီးငယ်လေးက မိဘနှစ်ပါးခြံရံလျက် အဦးဆုံးထွက်လာသည်။ ခဏအကြာတွင်
လက်ထပ်မင်္ဂလာသံစဉ်သို့ ပြောင်းလဲတီးခတ်လိုက်သံနှင့်အတူ ပန်းစည်းကိုင်ဆောင်ထားသော သတို့သမီးအား
မိခင်နှင့်ဖခင်နှစ်ဦးက လက်မောင်းတစ်ဖက်တစ်ချက်စီ ကိုင်တွယ်လျက် ထွက်လာသည်ကို တွေ့ရသည်မှာ
အမြင်တစ်မျိုးဆန်းနေပါသည်။ သတို့သမီးနောက် မလှမ်းမကမ်းတွင် အပျိုရံသူငယ်ချင်းနှစ်ဦး
လိုက်ပါလာသည်။
တစ်ဖက်သျှိုဆံထုံးနှင့်မြန်မာသွေးပါသောအော်စီဖွားကပြားမလေး၏
သတို့သမီးဝတ်စုံက ကျွန်မအပါအ၀င် မင်္ဂလာပွဲလာသူ အမျိုးသမီးတိုင်း၏ အာရုံကို ဖမ်းစားထားခဲ့သည်။
သူ့အရပ်အမောင်းနှင့်လိုက်လျောညီစွာ ချပ်ချပ်ရပ်ရပ် အပေါ်ပြတ်အဖြူရောင်ဂါဝန်ရှည်တစ်ထည်သာဖြစ်သော်လည်း
ဂါဝန်ပေါ်က ပန်းပွင့်များက မြန်မာကပြားမိခင်ဇာတိ မြန်မာနိုင်ငံကို ကိုယ်စားပြုသော ပိတောက်ပန်းနှင့်
တရုတ်လူမျိုးဖခင်ဇာတိမလေးရှားကို ကိုယ်စားပြုသော ခေါင်ရမ်းပန်းတို့ဖြစ်နေခဲ့သည်။ သြစတြေးလျနိုင်ငံတွင်
မွေးဖွားကြီးပြင်းသူဖြစ်သော်လည်း မိဘဘိုးဘွားများ၏ ဇာတိနိုင်ငံအား သတိတရ အလေးထားကြောင်း
သတို့သမီးဝတ်စုံဖြင့် သက်သေပြခဲ့သည့် ညီမလေးကို ကျွန်မချစ်ခင်ကျေးဇူးတင်ရပါသည်။ ၀တ်စုံအပါအ၀င်
ပန်းပွင့်များအားလုံးကို ဒီဇိုင်းနာက လက်ဖြင့် တစ်ပွင့်ချင်း စိတ်ရှည်လက်ရှည် ပုံဖော်ချူပ်လုပ်ပေးခဲ့ရသဖြင့်
မင်္ဂလာပွဲမစခင် နာရီဝက်အလိုမှ အားလုံးပြီးစီးသွားသောကြောင့် သတို့သမီးခမျာ စိတ်ဖိစီးမှုရခဲ့သေးကြောင်း
နောင်မှ ပြန်သိခဲ့ရသည်။
မိဘနှစ်ပါးက သတို့သမီးအား
သတို့သားလက်ကို ယုံယုံကြည်ကြည် အပ်နှံပေးပြီးသောအခါ ဘုန်းတော်ကြီးဇေဗီယာက လက်ထပ်မင်္ဂလာပွဲကို
စတင်ဦးဆောင်ကျင်းပပေးပါသည်။ မင်္ဂလာမောင်နှံတို့ အပြန်အလှန် ကတိသစ္စာပြု၊ လက်စွပ်လဲလှယ်ပြီး လက်မှတ်ရေးထိုးချိန်တွင် တီးဝိုင်းမှ You are
the Sunshine of my Life နှင့် What a wonderful World သီချင်းများကို သာယာငြိမ့်ညောင်းစွာ
တီးခတ်ဖျော်ဖြေပေးသည်။ ဘုန်းတော်ကြီးဇေဗီယာမှ ကြင်စဦးဇနီးမောင်နှံအတွက် ဆုတောင်းမေတ္တာပို့သပြီး
နိဂုံးချူပ်အဆုံးသတ်ချိန်တွင် Fly Me to the Moon သီချင်းသံစဉ်လေး ထွက်ပေါ်လာခဲ့သည်။
လက်ထပ်မင်္ဂလာပွဲ ပြီးဆုံးအောင်မြင်သည့် အထိမ်းအမှတ်အနေနှင့် ချိစ်ဖြင့်ပြုလုပ်ထားသော
မင်္ဂလာကိတ်မုန့်ကို ခွဲစားပြီး နှစ်ဖက်ဆွေမျိုးများအားလုံးနှင့် စပျစ်ခင်းထက်မှာ အမှတ်တရ
ဓာတ်ပုံရိုက်ကြသည်။
မင်္ဂလာဧည့်ခံပွဲကို
လက်ထပ်ပွဲဆင်နွှဲကျင်းပခဲ့သော စပျစ်ခင်းထဲက စားသောက်ဆိုင်မှာပင် ညစာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးပါသည်။
အဓိကစားဖွယ်နှစ်မျိုးအနက်မှ မိမိနှစ်သက်ရာတစ်မျိုးကိုမှာနိုင်ရန် စားပွဲပေါ်တွင် ကျွေးမွေးမည့်အစားအသောက်မီနူးကို
ဧည့်သည်တစ်ယောက်လျှင် တစ်စောင်နှုန်းချထားပေးသည်ကို တွေ့ရသည်။ ကျွန်မမြင်တွေ့နေကျ စားပွဲဝိုင်းမျိုးမဟုတ်ဘဲ
တစ်ဘက်လျှင် လူ၁၀ယောက်နှုန်းဖြင့် ဧည့်သည်အယောက် ၂၀ခန့် မျက်နှာချင်းဆိုင် စီတန်းထိုင်နိုင်သော
လေးထောင့်စားပွဲရှည်များဖြစ်သည်။
ည၈နာရီတွင် ညစာစားပွဲစတင်ကျင်းပပါသည်။
သတို့သား၏ အခင်ဆုံးသူငယ်ချင်းနှင့် အစ်မဖြစ်သူတို့က ညစာစားပွဲတလျှောက် အခမ်းအနား အစီအစဉ်မှူးများအဖြစ်
ဆောင်ရွက်ပြီး ဆွေမျိုးတော်စပ်သွားပြီဖြစ်သော နှစ်ဖက်မိဘနှင့် မောင်နှမများကို ရင်းနှီးနွေးထွေးစွာ
အပြန်အလှန်မိတ်ဆက်ပေးကြသည်။ သတို့သား၏အကျင့်စရိုက်လက္ခဏာများနှင့်ပတ်သက်ပြီး သတို့သားဖခင်နှင့်ညီငယ်တို့က
အရွှန်းဖောက်၍ ပြောကြားပေးသလို သတို့သမီး၏ ဖခင်နှင့်အစ်မတို့ကလည်း ငယ်စဉ်ကလေးဘ၀မှစပြီး
ဆရာဝန်ဖြစ်သည့်တိုင်အောင် သမီးဖြစ်သူနှင့်ပတ်သက်သော အမှတ်ရစရာများကို ပြန်ပြောင်းပြောဆိုကြသည်။
မင်္ဂလာမောင်နှံမှ မိမိအားမွေးဖွားကြီးပြင်းမြေတောင်မြှောက်ပေးခဲ့သော အဘိုးအဘွား၊ မိဘနှစ်ပါးနှင့်ညီအစ်ကိုမောင်နှမအယောက်တိုင်းကို
ချစ်ခင်လေးစား ကျေးဇူးတင်ကြောင်းပြောသည့်ကဏ္ဍကို ကျွန်မအနှစ်ခြိုက်ဆုံး ဖြစ်သည်။ စတင်တွေ့ဆုံခါစ
အမှတ်တရများမှသည် တစ်သက်တာအဖော်အမွန်အဖြစ် လက်တွဲဖို့ရာ ဆုံးဖြတ်ချက်ချခဲ့သည့်အကြောင်းရာများကို
သတို့သားနှင့်သတို့သမီးတို့ အပြန်အလှန် ဖွင့်ဟပြောပြသည်ကို နားထောင်ရသည်မှာလည်း ကြည်နူးစိတ်ဝင်စားဖွယ်
ကောင်းလှပါသည်။
ညစာစားပွဲတွင် နောက်ဆုံးအချိုပွဲလာချပြီးသည့်အခါမှ
ခန်းမအတွင်းရှိ ခေတ်ပေါ်တီးဝိုင်းက စတင်တီးခတ်ဖျော်ဖြေပါသည်။ သတို့သားက မင်္ဂလာဦးလက်ဖွဲ့အဖြစ်
သတို့သမီး အံ့အားသင့်စေရန် ပရက်စလေ၏ Can’t Help Falling in Love With You သီချင်းကို
စင်ပေါ်မှာ ကျကျနန တက်ရောက်သီဆိုပြတာမြင်တော့ သတို့သမီးလေး တကယ်ပဲ အံ့သြ၀မ်းသာသွားခဲ့သည်။
အဲသည့်နောက်မှာ သီချင်းသံခပ်မြူးမြူးလေးတွေ တီးခတ်ပြီး ကခုန်ပျော်ရွှင်ကြသည်။ အပြန်အလှန်
မေတ္တာစစ်ဖြင့် စုံညီပေါင်းဖက်ကြသော ထိုလက်ထပ်မင်္ဂလာပွဲကို တက်ရောက်သူတိုင်း မင်္ဂလာဇနီးမောင်နှံနှင့်ထပ်တူ
ကြည်နူးပျော်ရွှင်မှုတွေ ကူးစက်ခံစားလိုက်ရသည်။ ည ၁၁နာရီခွဲမှ ဧည့်ခံပွဲ ပြီးဆုံးပါသည်။
သြစတြေးလျနွေဦးတွင်
ကြုံခဲ့ရသော သြစတြေးလျန်းမင်္ဂလာဆောင်သည် အနောက်နိုင်ငံက မင်္ဂလာဆောင်များနှင့် ဆင်တူသော်လည်း
ကွဲပြားခြားနားမှု အနည်းငယ် ရှိကောင်းရှိနိုင်ပါသည်။ စေ့စပ်ကြောင်းလမ်း၊ လက်ထပ်မင်္ဂလာ၊
မင်္ဂလာဦးဆွမ်းကျွေး၊ ဟိုတယ်ဧည့်ခံပွဲ၊ ညစာစားပွဲ စသည်ဖြင့် အကုန်အကျခံနိုင်လျှင် ခံနိုင်သလောက်
ပွဲအရေအတွက်များသော မြန်မာမင်္ဂလာဆောင်များနှင့်ယှဉ်လျှင်တော့ အလွန်ပင် ကွာခြားသည်ဟု
ဆိုနိုင်ပါသည်။
လက်မှတ်ရေးထိုးခြင်း၊
လက်စွပ်လဲလှယ်ခြင်း၊ ဧည့်ခံပွဲကျင်းပခြင်းအားလုံးကို တစ်နေရာတည်းမှာသာ ပြုလုပ်ကျင်းပသွားသဖြင့်
ကာယကံရှင် သတို့သား၊ သတို့သမီးအတွက်ရော နှစ်ဖက်မိဘ ဆွေမျိုးအသိုင်းအ၀ိုင်းမိတ်ဆွေများအတွက်ပါ
အချိန်ကုန် လူပင်ပန်းသက်သာစေသည်ဟု ကျွန်မမြင်ပါသည်။ လက်ထပ်ပွဲအကြို ဓာတ်ပုံရိုက်ခြင်းအတွက်လည်း
သီးခြားအကုန်မခံတော့ဘဲ မင်္ဂလာဆောင်သည့်နေ့မှာပင် ဓာတ်ပုံဆရာနှင့် စပျစ်ခင်းများအတွင်း
ဓာတ်ပုံတွဲရိုက်ခြင်းအားဖြင့် ရက်ချိန်းသပ်သပ် ယူစရာမလို၊ ၀တ်စုံသီးခြားငှားစရာမလို၊
ပိုက်ဆံလည်း အပိုမကုန်ကျတော့သဖြင့် အတိုင်းအတာတစ်ခုအထိ ချွေတာရာရောက်ပြီးသား ဖြစ်သွားပါသည်။
အနောက်တိုင်းဆန်သော မင်္ဂလာဆောင်များတက်ရောက်ရာတွင် ကျွန်မ အနှစ်သက်ဆုံးအချက်မှာ ဟန်ဆောင်ပကာသနဖက်သော
အဆင်တန်ဆာ လက်ဝတ်ရတနာတွေ မလိုအပ်ခြင်းဖြစ်သည်။ စိတ်လက်ပေါ့ပါးပျော်ရွှင်စွာ၊ ကြောင့်ကြပူပန်ခြင်းကင်းစွာဖြင့်
မင်္ဂလာအခမ်းအနားကို တက်ရောက်ချီးမြှင့်နိုင်ခြင်းသည်ပင် မင်္ဂလာအစစ်ဖြစ်သည်ဟု ကျွန်မ ယုံကြည်ပါသည်။
ကျွန်မတက်ရောက်ဖူးသမျှ
လက်ထပ်မင်္ဂလာပွဲအားလုံးအနက် သြစတြေးလျတောင်ပိုင်းရှိ အက်ဒီလိတ်ကုန်းမြင့်ထက်က စပျစ်စိုက်ခင်းမှာ ကျင်းပဆင်နွှဲခဲ့သော လက်ထပ်မင်္ဂလာပွဲသည်
အရိုးရှင်းဆုံးနှင့် ပျော်စရာအကောင်းဆုံးဖြစ်ခဲ့သည်။ နှစ်အနည်းငယ်လွန်မြောက်သည့်တိုင်
ပကာသနမဖက်သော၊ ချစ်ခြင်းမေတ္တာအတိဖြင့် ထုံလွှမ်းနေသော၊ မင်္ဂလာမောင်နှံနှင့်ထပ်တူ ပျော်ရွှင်ကြည်နူးမှုကို
စီးမြောခံစားရသော စပျစ်ခင်းထက်က ထိုလက်ထပ်ပွဲကို ကျွန်မ သတိတရရှိနေဆဲပင်။
ယခုအခါ တက္ကသိုလ်ဝင်တန်းအောင်စာရင်းများနှင့်အတူ
အမှတ်စာရင်းများပါ တရားဝင်ထုတ်ယူ သိရှိခွင့်ရနေပြီဖြစ်သည်။ ကျောင်းသူကျောင်းသားများအနေဖြင့်
မိမိရရှိထားသည့် အမှတ်များအလိုက်သော်လည်းကောင်း၊ မိမိစိတ်ပါဝင်စားနှစ်သက်ရာ ဘာသာရပ်အလိုက်သော်လည်းကောင်း
ဦးစားပေးတက္ကသိုလ်ဝင်ခွင့်များကို ဖြည့်စွက်လျှောက်ထားကြတော့မည်။
ထိုကဲ့သို့လျှောက်ထားရာတွင်
မိဘမောင်နှမဆွေမျိုးများ၏ဆန္ဒထက် မိမိတစိုက်မတ်မတ် ၀ါသနာပါစိတ်ဝင်စားရာ ရည်မှန်းချက်ဆန္ဒနှင့်
ကိုက်ညီသော အသက်မွေးဝမ်းကျောင်းပညာရပ်ကို ဦးစားပေး၍ လျှောက်ထားပညာယူသင့်သည်။ သို့မှသာ
လုပ်ငန်းခွင်ဝင်ရာ၌လည်း မိမိစိတ်ပါဝင်စားကျွမ်းကျင်သော နယ်ပယ်တွင် တစ်သက်တာလုံး စိတ်ချမ်းမြေ့ပျော်ရွှင်စွာဖြင့်
အောင်အောင်မြင်မြင် လုပ်ကိုင်နိုင်ကြမည်ဖြစ်သည်။
ကျွန်မတို့ မြန်မာနိုင်ငံတွင်ရှိသော
အစဉ်အလာတစ်ခုမှာ ဆယ်တန်းအောင်မြင်ပြီးသည့်အခါ အမှတ်မီသောလိုင်းကို ဦးစားပေးလျှောက်ထားခြင်းဖြစ်သည်။
မိဘဆွေမျိုးများကလည်း အမှတ်အမြင့်ဆုံးမီသော လိုင်းကိုသာ လျှောက်ထားရွေးချယ်စေချင်ကြသည်။
ထို့အတွက် နောင်ကာလမှာ ထိုကျောင်းသား၏ဘ၀တစ်ခုသာမက တိုင်းပြည်အတွက်ပါ ဆုံးရှုံးနစ်နာမှုတွေ
ရှိခဲ့ကြောင်း ကျွန်မတွေ့ဆုံကြုံခဲ့ရသော သူငယ်ချင်းမိတ်ဆွေများ၏ သာဓကများက သက်သေထူခဲ့ကြသည်။
ကျွန်မနှင့် သူငယ်ချင်းအတော်များများ၏
မိဘများသည်လည်း ကျွန်မတို့ကို ဆရာဝန်ဖြစ်စေချင်ခဲ့ကြသည်။ ကျွန်မအား သမီးကြီးဖြစ်သည့်အားလျော်စွာ
အမေက ဆရာဝန်ဖြစ်စေချင်ခဲ့သလို ကျွန်မ၏သူငယ်ချင်းများကျပြန်တော့ အငယ်ဆုံးဖြစ်သော်လည်း
သူ့အရှေ့မှ အကိုအမများ ဆရာဝန်မဖြစ်ခဲ့ကြသောကြောင့် အငယ်ဆုံးဖြစ်သော သူတို့ကို ဖြစ်စေချင်ကြသည်။
အလတ်ကျပြန်တော့ မောင်နှမသုံးယောက်တွင် အထက်မြက်ဆုံးဖြစ်၍ အင်ဂျင်နီယာဝါသနာပါသောသူ့ကို
ဆရာဝန်သာလုပ်စေချင်ကြပြန်သည်။ အဖေနှင့်အမေတစ်ဦး၊ ဒါမှမဟုတ် ဆရာဝန်နှစ်ဦးလုံး၏ သားသမီးများ
အနေဖြင့်လည်း ဆရာဝန်ဖြစ်သင့်သည်ဟူသော သတ်မှတ်ချက်မျိုး ရှိခဲ့ကြပါသေးသည်။ ဆရာဝန်တစ်ယောက်ရှိသော
မိသားစုသည် ဂုဏ်ရှိသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ဤနေရာတွင် အလျဉ်းသင့်၍ ကျွန်မအတန်းဖော်သူငယ်ချင်းတစ်ယောက်၏
အကြောင်းကို ပြောပြလိုပါသည်။ ကျွန်မ အထက်တန်းကျောင်းတွင် ခင်မင်ခဲ့ရသော ထိုသူငယ်ချင်းသည်
ညီအစ်မငါးယောက်တွင် စတုတ္ထမြောက်သမီးဖြစ်ပြီး စာအတော်ဆုံးလည်းဖြစ်သည်။ ဆယ်တန်းအောင်သည့်အခါ
ထူးထူးချွန်ချွန်နှင့် အောင်မြင်သည့်အတွက် ဆေးတက္ကသိုလ်ကို လွတ်လွတ်ကျွတ်ကျွတ် ၀င်ခဲ့သည်။
မိဘညီအစ်မများ၏ ဆန္ဒအရလည်း ဆေးကျောင်းတက်ခဲ့ပါသည်။
ဒုတိယနှစ်ရောက်သည့်အခါ
သူမလုံးဝစိတ်မ၀င်စားသည့်အပြင် ဆရာဝန်လည်း မလုပ်ချင်တော့ကြောင်း သေချာသွားသည့်အတွက်
ကျောင်းပြောင်းတက်ရန် အိမ်ကိုဖွင့်ဟပြောဆို တိုင်ပင်သော်လည်း သဘောတူညီမှုမရခဲ့ပါ။ အိမ်တွင်
ရှားရှားပါးပါး သူမတစ်ယောက်တည်း ဆေးကျောင်းတက်ခွင့်ရသဖြင့် ကျောင်းပြီးသည်အထိ ဆက်တက်ရန်သာ
တိုက်တွန်းခံခဲ့ရပါသည်။ သည်လိုနှင့် ကျွန်မသူငယ်ချင်းခမျာ ဆေးကျောင်းကို ကြိတ်မှိတ်တက်ပြီး
ဆရာဝန်ဖြစ်ခဲ့လေသည်။
သို့သော် သူစိတ်ပါဝင်စားမှု
မရှိသော ပညာရပ်တွင် သင်ကြားဘွဲ့ယူခဲ့ရသည်ဖြစ်ရာ အလုပ်သင်ဆရာဝန်ဘ၀မှာပင် အခက်အခဲများ
ကြုံတွေ့ခဲ့ရပြီး ဆရာဝန်ဆက်လုပ်ရန် ယုံကြည်ချက် ပျောက်ဆုံးသွားတော့သည်။ ပုဂ္ဂလိကဆေးခန်းတစ်ခုတွင်
ခေတ္တမျှတာဝန်ထမ်းဆောင်ခဲ့ပြီးနောက် သူမ ဆေးရုံ၊ ဆေးခန်းများတွင် ဆရာဝန်မလုပ်တော့ဘဲ
ဆေးကုမ္ပဏီတစ်ခုတွင်သာ ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ ထိုအခါကျမှပင် သူ့မှာ စိတ်ပိုလွတ်လပ်ပြီး
ပျော်ရွှင်မှုကို ခံစားရတော့သည်။
နောင်နှစ်အနည်းငယ်ကြာသည့်အခါ
သူမသည် ဘွဲ့လွန်စီးပွားရေးစီမံခန့်ခွဲမှုသင်တန်းကို တက်ရောက်သင်ယူပါသည်။ တကယ်တမ်း သူမစိတ်ပါဝင်စားသည့်
ဘာသာရပ်ဖြစ်ခဲ့သော်လည်း သူမ၀ါသနာမပါသော ဆေးပညာရပ်တွင် နှစ်ပေါင်းများစွာ အချိန်နှင့်ငွေသာမက
စိတ်ပင်ပန်းဆင်းရဲမှုများစွာ ရင်းနှီးလိုက်ရပါသည်။ ကံကောင်းထောက်မ၍သာ အသက်သုံးဆယ်ကျော်တွင်
မိမိဝါသနာဆန္ဒနှင့် ကိုက်ညီသော ပညာကို ထပ်မံသင်ယူခွင့်ရခဲ့ခြင်းဖြစ်သည်။
ကျွန်မ၏သူငယ်ချင်းကဲ့သို့ပင်
ကျွန်မတို့နိုင်ငံတွင် မိဘဆွေမျိုးများတိုက်တွန်းမှုကြောင့် ဆရာဝန်မဖြစ်ချင်ဘဲ ဖြစ်လာရသူတွေ
အများကြီးရှိနိုင်ပါသည်။ စာရေးဆရာမင်းခိုက်စိုးစန်သည်ပင် မြန်မာစာမေဂျာ ယူချင်လျက်နှင့်
မိခင်ကြီး၏ ဆန္ဒကိုငဲ့ကွက်ပြီး ဆေးကျောင်းတက်ခဲ့ရကြောင်း ဆရာနှင့်အင်တာဗျူးတစ်ခုတွင်
ကျွန်မ ဖတ်ဖူးပါသည်။ ဆရာဝန်လုပ်နေရသော်လည်း အင်ဂျင်နီယာ သို့မဟုတ် အခြားသောနည်းပညာရပ်နယ်ပယ်ရပ်များ၌
အလွန်ဝါသနာကြီးရှာသော ဆရာဝန်များအကြောင်းကိုလည်း ကျွန်မကြားဖူးပါသည်။ ကိုယ်တိုင် ဆုံခဲ့ဖူးပါသည်။
ဝါသနာမပါဘဲ သင်ယူလိုက်ရသောပညာရပ်တစ်ခုအတွက်
သင်ယူရသူကိုယ်တိုင် ခက်ခဲပင်ပန်းဆင်းရဲရသလို အမှန်တကယ်ဝါသနာပါသူတို့အတွက် ထိုက်တန်သော
နေရာတစ်ခုလည်း ဆုံးရှုံးရပါသည်။ တိုင်းပြည်အတွက်လည်း ထိခိုက်နစ်နာရပါသည်။
တကယ်တော့ ကျောင်းသားကျောင်းသူတိုင်းတွင်
သူတို့၏၀ါသနာအထုံဗီဇသည် မွေးဖွားစဉ်ငယ်နုချိန်ကတည်းက ပါလာခဲ့ပြီးဖြစ်ရာ ထိုဗီဇအထုံကို
ကျောင်းသားဘ၀ သက်တမ်းတလျှောက်တွင် မှန်မှန်ကန်ကန် သွေးတင်ပေးနိုင်ခဲ့လျှင် မိမိစိတ်ဝင်စားရာ
ဘာသာရပ်အလိုက် ပါရဂူများဖြစ်သည်အထိ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တတ်မြောက်နိုင်ပါသည်။ နိုင်ငံအတွက်လည်း
ထူးချွန်ထက်မြက်ပြီး အရည်အချင်းပြည့်ဝသော ဆရာဝန်၊ အင်ဂျင်နီယာများသာမက သိပ္ပံသုတေသနပညာရှင်များ၊
လူမှုစီးပွားဥပဒေပညာရှင်များအပြင် ထူးချွန်ပြောင်မြောက်သော စာပေ၊ ဂီတ၊ ပန်းချီ အနုပညာရှင်များလည်း
ကဏ္ဍအသီးသီး၌ အမြောက်အမြား ပေါ်ထွက်လာမည် ဖြစ်သည်။
ထို့အတွက် မိဘဆရာများက
မိမိတို့ဖြစ်စေသောဆန္ဒထက် မိမိရင်သွေးတပည့်တို့၏ ကောင်းမြတ်သော ဆန္ဒရည်မှန်းချက်များအလိုက်
ဝိုင်းဝန်းအားပေး ထောက်ပံ့ကြရန် အထူးလိုအပ်ပေသည်။ ကလေးငယ်တို့၏ ရင်တွင်းဝယ်ကိန်းအောင်းနေသော
ဗီဇ၀ါသနာ ပါရမီများကို စဉ်ဆက်မပြတ် စောင့်ကြည့်အကဲခတ် ဖော်ထုတ်ပေးနိုင်သော ပညာရေးစနစ်ကိုလည်း
လိုအပ်သလို ပြုပြင်လမ်းကြောင်း တည်ဆောက်ရမည် ဖြစ်ပါသည်။ သမီးကျောင်းသူ၊ သားကျောင်းသားများလည်း
မိမိဝါသနာပါရာ ရည်မှန်းချက်အတိုင်း မှန်မှန်ကန်ကန် ရွေးချယ်လျှောက်လှမ်းနိုင်ပြီး အောင်မြင်ပျော်ရွှင်သောဘ၀ကိုယ်စီ
ပိုင်ဆိုင်နိုင်ကြပါစေဟု ဆန္ဒပြု ရေးသားလိုက်ရပါသည်။
နယုန်လပြည့်
၂၅-၆-၂၀၁၄
ကြေးမုံသတင်းစာ ဆောင်းပါးကဏ္ဍ
--------------------------------------------------------------------------------------------------------------------
ဇွန်မိုးစက်အနေနဲ့ ဘလော့ဂ်မှာ စာတွေအများကြီးရေးခဲ့ပေမယ့် တကယ်တမ်းပုံနှိပ်စာဆောင်းပါးတွေကို “နယုန်လပြည့်” ကလောင်နဲ့ ၂၀၀၆ခုနှစ် ဇန်န၀ါရီလမှာ စတင်ရေးသားခဲ့ပါတယ်။ အမေပေးခဲ့တဲ့ အဲဒီကလောင်လေးနဲ့ မဂ္ဂဇင်းဆောင်းပါး စုစုပေါင်း ၈ပုဒ် ရေးခဲ့ပြီး၊ ကလောင်အမည်သီးခြားမဖော်ပြဘဲ အယ်ဒီတာတစ်ဦးအနေနဲ့ ၉ပုဒ် ရေးသားခဲ့ပါတယ်။ ဇွန်မိုးစက်ကလောင်အမည်နဲ့ မဂ္ဂဇင်းဆောင်းပါးကတော့ ၂၀၀၆ခုနှစ်မှာ ၄ပုဒ်ပဲ ရေးခဲ့တာပါ။ တကယ်လို့များ သတင်းစာအတွက် ဆောင်းပါးတွေထပ်ရေးဖြစ်မယ်ဆိုရင် နယုန်လပြည့်အနေနဲ့ပဲ ဆက်ရေးဖို့ ဆုံးဖြတ်ထားပါတယ်။ အခုဆောင်းပါးမှာ မူရင်းစာသားတစ်ချို့ပြုပြင်ပြောင်းလဲခြင်းကို ခံရပေမယ့် ဇွန့်အတွက် ကြေးမုံသတင်းစာမှာပါခဲ့တဲ့ ပထမဆုံးဆောင်းပါးမို့ တကယ်ပဲ ၀မ်းသာမိပါတယ်။း)
ကျွန်တော့်ကို အမေက နွေဦး (ကုမ်ရာသီ) မှာ မွေးခဲ့လို့လား မပြောတတ်ပါ။ နွေဦးကိုရောက်တိုင်း ခံစားမှု တစ်မျိုး လွင့်လာတတ်ကာ အလွန်စွဲလန်းသော အာရုံဖြင့် ရှိနေတတ်ပါသည်။ နွေဦးဝင်ပြီဆိုသည်နှင့် တိုက်မြဲ မြောက်လေကလေး ဖယ်ဆုတ်ရာက တောင်လေကလေး သုန်လာတတ်သည်။ အမေက ဘာလိုလိုနဲ့ တောင်လေကလေးတောင် သွေးပြန်ပါပကောလို့ မှတ်မှတ်ရရ ပြောတတ်မြဲလည်း ဖြစ်သည်။ တောင်လေကလေး ပြက်သည်နှင့် နွေနံ့တွေ ကြိုင်ကြိုင်လှောက်လာတော့သည်။ နွေ၏ရနံ့သည် ပန်းရနံ့တွေလည်းမဟုတ်၊ ဖုန်ခိုး မီးနံ့လည်းမဟုတ်။ မြေခိုးမြေငွေ့တွေ အူလာလို့လည်းမဟုတ်။ နွေဦးရာသီကပဲ သယ်ဆောင်လာသည့် သဘာဝရနံ့ဖြစ်သည်။ နွေလေကပဲ သစ်ရွက်ဟောင်းတွေ ခြွေချပေးသည်။ ရွက်ခြွေလေ တစ်ချက်သုတ်လိုက်သည်နှင့် ရွက်ဟောင်းတွေ ဝေ့ဝေ့၀ဲဝဲ ကြွေကြရသည်။ ကျွန်တော်တို့ငယ်ငယ်က သစ်ရွက်ကြွေဖမ်းတမ်း ကစားကြသည်။ မှို့သီးလဲသီးကွဲတွေက လွင့်ပါလာတတ်ကြသော လဲစမှို့စ လူးလူးလိမ့်လိမ့်ကလေးတွေကို လိုက်ဖမ်းရတာကလည်း ပျော်စရာ ဖြစ်ရသည်။ နွေဦးမှာ မွှေ့တတ်ဝှေ့တတ်သော လေပွေခေါ်ကြသည့် “လေပူကတော့” ကို ကျွန်တော် ကြောက်တတ်သည်ဟု အမေပြောဖူးသည်။ “လေပူကတော့” ကြီးတွေက အချိန်အခါမရွေး၊ နေရာမရွေး လေပူချင်း ဆိုင်မိလျှင် ဖုန်နှင့် အမှိုက်တွေကို ဆွဲတင်သွားတတ်တာကို ကလေးပီပီ ကြောက်ခဲ့တာဖြစ်လိမ့်မည်။ ကျွန်တော်တို့ခြံထဲက မာလကာပင်၊ သြဇာပင်၊ ဂွေးသီးပင်၊ သလဲပင် တွေကလည်း အရွက်တွေမကျန်အောင် “ခါ” တတ်သည်။ ညအခါ ကောင်းကင်ရောင်နောက်ခံမှာ အရိုးစုကြီးတွေ ရပ်နေကြသည်နှင့်တူသည်။
စည်းရိုးစပ်မှာရှိကြသော ငုပင်နှင့်ပေါက်ပင်ကတော့ တစ်မျိုးလှကြသည်။ ငုဝါရောင်က ပိတောက်နှင့်မတူ။ ရွှင်သော အ၀ါရောင်ဖြစ်သည်။ ငုတစ်ပင်လုံး ခဲနေအောင် ပွင့်သည့်အတွက် မြင်ရသည်ပင် ခူးချင့်စဖွယ်။ ပေါက်ကတော့ အပင်ကြီးမျိုးဖြစ်သည်။ ပွင့်စမှာ နီနီမြန်းမြန်း၊ တစ်ရက်နှစ်ရက်ကြာတော့ လိမ္မော်ရောင်ဘက်ကူးကာ တစ်သွေး လှနေတော့သည်။ နွေဦးမှာ အမှတ်တရအရှိဆုံးကတော့ ဥသြတွန်သံဖြစ်သည်။ ဥသြတွန်သံကို ခံစားမိရခြင်းမှာလည်း အဓိပ္ပာယ်ရှိသည်။ ဥသြတွေ တွန်ပြီဆိုလျှင် အဖေရောက်လာတော့မည်။ ကျွန်တော် လူမှန်းသိစကတည်းက အဖေက ရန်ကုန်မှာ အလုပ်လုပ်နေသည်။ ကျွန်တော်နှင့်အမေက ရွာမှာ။ တစ်နှစ်တစ်ခါ နွေကျောင်းပိတ်ချိန်မှာ အဖေ ရောက်လာတတ်သည်။ ဟိုတုန်းက သည်ခေတ်လို သွားရေးလာရေး လွယ်လှသည်မဟုတ်။ ရန်ကုန် ပြည် ဘတ်စ်ကား စီးရသည်။ ပြည်ရောက်တော့ တစ်ညအိပ်။ ပြည် ကူးတို့ သဘောင်္ကြီးတွေ စီးကာ သင်္ဘောပေါ်မှာ တစ်ညအိပ်။ သံကိုင်းဆိပ်ကိုရောက်မှ ဆင်းကာ မြင်းလှည်းနှင့် ကုန်းဇောင်းကို လာရသည်။ အဖေရောက်လာတော့ စစ်သုံးတာပေါ်လင် အိပ်ရာလိပ်ကြီးပါသည်။ တစ်လုံးချိုင့်ခေါ်သည့် ထမင်းချိုင့်ပါသည်။ အ၀တ်အစားတွေကတော့ အိပ်ရာလိပ်ထဲမှာ။ အဖေ့အကြောင်း ကျွန်တော်ရေးလျှင် သည်အရုပ်တွေ အရိပ်တွေ မပါလို့မရ။ မက်ဆိုပိုတေးမီးယား စစ်မြေပြင်က ပြန်လာသော ဂျမဒါတစ်ယောက်နှင့်တူသည်ဟု ကျွန်တော်ရေးဖူးသည်။ အဖေရောက်လာသည့်ရက်တွေက နွေဦး။ ဥသြတွန်တဲ့ လရာသီ။ နှစ်စဉ် ဥသြတွန်သံကြားလျှင် အမေက “မင်းအဖေ လာတော့မယ်” လို့ ပြောတတ်သည်။ အမေလည်း ဥသြတွန်သံကို မျှော်နေတာများလား။
ဥသြတွန်သံက ချိုမြိန်သော အလွမ်းဓာတ်ကလေး ပါသည်။ အလွမ်းဓာတ်ကဲသော သံချိုလို့လည်း ပြောနိုင်သည်။
ဥသြသံက နွေဦး၏ ဖွားဖက်တော်ဖြစ်သည်။
ရှင်အုံးညို၏ ဂါထာ ၆၀ ပျို့မှာ “ရဂုံတောဝယ်၊ ဥသြကျေးငှက်၊ ယှဉ်ဖက်မကွာ၊ ဟင်္သာပဲထွေး၊ သံလေးကျူးဆင့်၊ ကြွေးရင့်မညံ” လို့ ဖွဲ့သည်။ “ကြွေးရင့်မညံ” သည် မဆူမညံ နားချမ်းသာသော အသံကို ဆိုလိုပုံရသည်။ ကွမ်းရေတော်ကိုင် ဦးယာကတော့ ဥသြကို အလွမ်းဘက်ကို ကူးကာ ခံစားသည်။ သူ၏တပေါင်းလ ဘွဲ့တစ်ပုဒ်မှာ “မြိုင်ခွင်တစ်ကြော၊ ဥသြရင့်ကြွေး၊ ကျူးသံပေးလျက်၊ လွမ်းရေးဖြာဖြာ၊ ရွှေသည်းညှာလည်း၊ ကြွေရှာလုဖွယ်” လို့ ဖွဲ့သည်။ အသည်းကြွေမတတ် ခံစားရသော မြိုင်ဦးက ဥသြသံကို သူလည်း ခံစားပုံရသည်။
ဥရောပနွေဦးကို ကျွန်တော် ကြုံခဲ့ဖူးသည်။ သူတို့ နွေဦးကို သူတို့ကလည်း မျှော်မောတကြီး ရှိကြတာ သတိထားမိပါသည်။ သူတို့နွေဦးဆိုသော်လည်း သူတို့ပထ၀ီနှင့် အစပ်မတည့်လှသော ကျွန်တော့်အဖို့ နွေဦးလို့မထင်။ ပြင်သစ်နိုင်ငံ အနောက်ပိုင်းမှာ သမုဒ္ဒရာပိုင်းရာသီဥတုရှိသည်။ တောင်ပိုင်းမှာက မြေထဲပင်လယ်ရာသီဥတု။ အရှေ့နှင့် ဗဟိုပိုင်းမှာတော့ ကွန်တီနင်တယ် ရာသီဥတု ခေါ်ကြသည်။ ကုန်းမြေထုနှင့်ဆိုင်သော ရာသီဥတု ဖြစ်လိမ့်မည်။ မည်သို့ပင်ဖြစ်စေ သူတို့တစ်နိုင်ငံလုံး၏ နွေဦးသည် အေးမြ၍ ခြောက်သွေ့သော လေတွေ တိုက်နေတတ်သည်။ ဆီးနှင်းမိုး ရွာတတ်သော နွေဦးဖြစ်သည်။ မိုးနှင့် နှင်းကြွင်း၊ မြူနှင့် ဆောင်းနံ့ထုံသောရာသီကို နွေဦး ခေါ်နေကြသည်။ နွေဦးမှာမှ မြင်ရတတ်သော သစ်ရွက်တွေကတော့ အရောင်ဆန်းပါသည်။ ဒန်ရောင်၊ ဖန်ရောင်၊ သံမဏိရောင်တွေပင် ပါလိုက်သေးသည်။ ပါရီမှာပင် သဘာဝသစ်တော၊ မြို့လယ်ရပ်ကွက်အလိုက်သစ်တော၊ အမျိုးသားသစ်တော စသည်ဖြင့်ရှိသည်။ သဘာဝ သစ်တောများကို ပသာဒဖြစ်အောင် ပြုပြင်ထားသဖြင့် စိုက်ခင်းသစ်တော ထင်စရာရှိသော်လည်း တောကြီးဟေ၀န်မှန်း သိသာပါသည်။ ကျွန်တော် သတိထားမိသလောက်တော့ အောက်ချင်းသောင်းသောင်း၊ ဥဒေါင်းထိတ်ထိတ်၊ ကရ၀ိတ်သံသာ၊ ခါလည်းငေါ်ငေါ်၊ ငှက်တော်သဲသဲ၊ လင်းဆွဲသက်သက်၊ ဆက်ရက်လေးမျိုး၊ ကျေးရှစ်မျိုးနှင့် ချိုးမျိုးလေးတန်၊ သိန်းစွန် ခင်ပုပ်တို့ မြိုင်လုံးချုပ်အောင် ရှိနိုင်သော်လည်း သည်ကန္တာတောခြေတွေမှာ နွေဦးဥသြသံ မကြားခဲ့ရ။ ဥရောပကဗျာတွေမှာ ဥသြ (cuckoo)၊ ဥသြသံထွက်သည့် သံစုံနာရီ (cuckoo clock) ဆိုတာတွေ ကျွန်တော်ဖတ်ဖူးပါလျက် ဥသြသံကို အကြောင်းမဆိုက်၍ဘဲလားမသိ။ ကျွန်တော် မကြားခဲ့ရိုး အမှန်။
မနေ့တစ်နေ့ကမှ ရောက်ခဲ့ရသော မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံတွေမှာတော့ ဥသြသံတွေ အီလောက်အောင် ကြားခဲ့ရသည်။ ဥသြသံမှ ဥသြတွန်သံအစစ်။ အထပ်မြင့်တိုက်ခန်းတွေမှာ နေခွင့်ရခဲ့သဖြင့် ကွာလာလမ်ပူတစ်မြို့လုံးကို ဆီးမြင်နေရသော ကျွန်တော့်မှာ သည်ဥသြသံ ဘယ်ကလာသလဲ မရှာတတ်အောင် ဖြစ်နေရသည်။ ကျွန်တော် မြင်ရသလောက် အထပ်အထပ် လမ်းမကြီးတွေ၊ မြင့်မားသော မိုးမျှော်တိုက်ကြီးတွေ၊ ကွန်ကရိ တံတားကြီးတွေသာ ရှိသည်။ ရှိနေသည့် သစ်ပင်တွေကလည်း ဥသြခိုလောက်စရာ မရှိ။ တောမြိုင်ခြေလမ်း မဟုတ်။
“ဥသြသံက သည်မှာ ဆယ့်နှစ်ရာသီကြားရတယ်။ ကျွန်တော်တို့လည်း ရောက်စက ဥသြသံကြားတော့ ဇာတိ လွမ်းရသေးတယ်။ မဟုတ်ဘူးဗျ၊ ဥသြက တစ်နှစ်လုံး တွန်နေတာ။ အီကွေတာရာသီဥတု ရှိလို့လားတော့ မပြော တတ်ဘူး”
မလေးရှားရောက် မြန်မာမိတ်ဆွေတွေက ပြောပြခြင်းဖြစ်သည်။ မလေးရှားတွင်နေရသည့် ရက်များအတွင်း ကွာလာလမ်ပူမြို့ကြီး၏ တောင်ပိုင်းမှာရော မြောက်ပိုင်းမှာပါ တည်းခိုခွင့် ရခဲ့ပါသည်။ ဥသြသံကိုတော့ နေရာတိုင်းမှာ ကြားခဲ့ရသည်။ ကေဒါ (ကဒါး) ပြည်နယ်၊ ဆလန်ဂေါပြည်နယ်တွေ ရောက်တော့လည်း ကြားခဲ့ရသည်။ တောစိုး သစ်ပင်ကြီးတွေပေါ်က တဖွဲ့တနွဲ့ လွမ်းယဲ့ယဲ့ကြားရတာမျိုးတော့ မဟုတ်။ ဖုတ်ပူမီးတိုက် တွန်းသံမျိုးဖြစ်သည်။ မလေးရှားသည် ပထ၀ီဝင်အရ ပင်လယ်လွှမ်းမိုးမှုရှိသော ရာသီဥတုရှိသည်။ အိန္ဒိယသမုဒ္ဒရာလေထုနှင့် တောင်တရုတ် ပင်လယ်လေထုက ရာသီဥတုနှစ်မျိုးကို ဖြစ်ပေါ်စေသည်။ ပျမ်းမျှ ၂၀ ဒီဂရီစင်တီဂရိတ်မှ ၃၂ ဒီဂရီ စင်တီဂရိတ်ကြားမှာ ရှိနေတတ်သည်။ ညှို့လာသောမိုးက ရွာချင်ရွာသလို လင်းလာသော နေက သာချင်သာသည်။ ပုံမှန်အားဖြင့် နွေးနွေးထွေးထွေး ရာသီဥတုမျိုးဟု ဆိုနိုင်သည်။
“အရှေ့မြောက်မုတ်သုံရာသီနဲ့ အနောက်တောင်မုတ်သုံရာသီရယ်လို့ နှစ်မျိုးရှိတယ်။ စိုထိုင်းစလည်း များတယ်။ ဒါပေမဲ့ အပူပိုင်း အီကွေတာ ရာသီဥတုရယ်လို့လည်း ရှိပြန်တယ်။ အရှေ့ဘက်ကမ်းရိုးတန်းနဲ့ အနောက်ဘက် ကမ်းရိုးတန်းတွေမှာ ခြွင်းချက်ရှိပေမဲ့ ပုံမှန်အားဖြင့် နွေဦးနဲ့ဆင်တယ်”
ဥသြတို့ မျက်စိလည်ကြပုံပေါ်သည်။ သည်တော့လည်း ကြားရဖန်များတော့ ကျွန်တော့်မှာ မချိုစကောင်း ချိုစကောင်း ဖြစ်ရသည်။ မလွမ်းစကောင်း လွမ်းစကောင်း ဖြစ်ရသည်။
စင်ကာပူမှာလည်း ဥသြသံကြားရသည်။ မြို့ပြခေတ်ဆန်မှုတွေကြားက ကြားရသော ဥသြသံကို ကျွန်တော် နားမလည်နိုင်ဘဲ ရှိခဲ့သည်။ ကျွန်တော် တည်းနေသည့်တိုက်ခန်းက ကြည့်လျှင် ကုန်သင်္ဘောကြီးတွေပေါ်ကို ကုန်သေတ္တာ ကြီးတွေ တင်ပေးနေသော စင်ကာပူဆိပ်ကမ်း လုပ်ငန်းခွင်ကြီးကို မြင်နေရသည်။ ခေတ်လွန် ဗိသုကာ အဆောက်အအုံ တွေကို မြင်နေရသည်။ သည်ကြားထဲက ဥသြတွန်သံ ကြားရခြင်းဖြစ်သည်။ လွမ်းစရာမကောင်းလိုက်ပုံများ။
သည်ရက်ထဲမှာပဲ အညာခေါင်ခေါင်နယ်မြို့ကလေးတွေဆီ ရောက်ခဲ့သည်။ ဘယ်ကိုကြည့်ကြည့် ကျောက်စရစ်ကုန်းနှင့် အင်တိုင်းတောခြောက်ကိုသာ မြင်နေရသည်။ တောခြောက်တွေထဲက တောပန်း တောင်ပန်းတွေ မြင်ရသည်။ လက်ပံပွင့် ၀တ်ရည်ချိုကို သောက်ကြရင်း မူးယစ်နေကြသော ဆက်ရက်တွေကို မြင်ရသည်။
“ကြောင်ရှာနှင့် နဘဲ၊ ရှင်ကစ္စဲနှင့် ရှင်ပါကူ၊ လဲလူ မ ဖို၊ ကုတ်ကိုနှင့် ကုတ်ဟီး၊ မန်ကျည်းနှင့် သနပ်၊ ဒဟပ်နှင့် သန်းထိမ်၊ ကျည်းဖြူနှင့် ပျဉ်းတော်သိမ်၊ လွန်လိမ်ဖလန်၊ သီးပေါင်မဲ့ ဆီးခံ၊ လက်ပံနှင့် လပ်ခုပ်၊ ကြက်မအုပ် ကြက်မောက်၊ တောရှောက်ခပေါင်း၊ ထနောင်းနှင့် ထောက်ရှာ၊ ယင်းမာနှင့် ရင်းတိုက်”
အင်တိုင်းတောကလေးတွေဆီက ဥသြသံကိုပါ ကြားရသည်။ သည်တစ်ခါတော့ အလွမ်းဓာတ်ပါသော သံအေးချိုချိုသည် ကျွန်တော့်ရင်ကို ပုတ်နှိုးလိုက်သည်။ မြန်မာ့နွေဦးနှင့် မြန်မာ့ဥသြ အတူနှောပါမှ လွမ်းရသည်ကော။
နေ၀င်းမြင့်

-----------------------------------------------------------------------------------------------------------------------
ဒီမှာကြားရတဲ့ ဥသြတွန်သံနဲ့ ပတ်သက်ပြီး ခံစားချက်ခြင်း သွားတူနေကြတဲ့ သူငယ်ချင်းမိတ်ဆွေများအတွက် ဆရာနေ၀င်းမြင့်ရဲ့ “ချစ်သူနှင့် ခရီးသွားခြင်း” (အနယ်နယ်အရပ်ရပ် စာပေဟောပြောပွဲ အတွေ့အကြုံ ခရီးသွား ဆောင်းပါးများ စုစည်းမှု) စာအုပ်မှ “နွေဦးနှင့် ဥသြ” ကို ပြန်ရိုက်ပြီး ဝေမျှလိုက်ပါတယ်။း)
ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်
ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်
လွန်ခဲ့သည့်တစ်ပတ်က ဟောပြောပွဲတစ်ခုအပြီး မေးခွန်းများကို ကျွန်မဖိတ်ခေါ်သောအခါ စာရွက်ပိုင်းလေးတွေ ကျွန်မဆီသို့ အများအပြားရောက်လာခဲ့သည်။ ထိုစာရွက်များထဲတွင် မေးခွန်းတစ်ခုက ဆရာမအကြိုက်ဆုံး စာအုပ်သုံးအုပ်ကို ပြောပြပါတဲ့။
သူက အကြိုက်ဆုံးဟုသာဆိုပေမယ့် ကျွန်မကိုယ်တိုင်၏ စာအုပ်တွေထဲကလား၊ ကျွန်မဖတ်ခဲ့သော စာအုပ်တွေထဲကလား မကွဲပြားပေ။ ထို့ကြောင့် နှစ်မျိုးလုံးဖြေလိုက်ပါသည်။
ကျွန်မစာအုပ်တွေထဲမှာ အကြိုက်ဆုံးရယ်လို့ တန်းစီလိုက်လျှင် ပါနေကျထုံးစံတွေပေါ့။ သုံးအုပ်ဟု ကန့်သတ် လိုက် သည့်အခါ စက္ကန့်ပိုင်းအတွင်း ရေတွက်ကြည့်ဖို့က တော်တော်ခက်ခဲပါသည်။ အခြားစာရေးဆရာများ၏ စာအုပ် တွေကတော့ ကြိုက်နှစ်သက်သည်မှာ များလွန်းလှသဖြင့် သုံးအုပ်ထဲရွေးဖို့ ပို၍ပင် ခက်သေးတော့သည်။ သို့သော် ကျွန်မအာရုံထဲရောက်သမျှ ရေတွက်ပြလိုက်သည်။ ကျွန်မခဏခဏဖတ်နေကျထဲက သုံးအုပ်ထဲပါမသွားဘဲ ကျန်နေသည့်စာအုပ်ပေါင်း နှစ်ဆယ်လောက်ကိုတော့ စိတ်ထဲက တောင်းပန်လိုက်ရသည်။
ကျွန်မရေရွတ်ပြသည့် စာအုပ်သုံးအုပ်မှာ တစ်ခုက ကျွန်မကို အ၀ါရောင်ရထားဝတ္ထုတို ရေးဖြစ်အောင် အာရုံဝင်စားမှုပေးခဲ့သည့် လူမှုရေးဆိုင်ရာပရဟိတစိတ်ကို လှုံ့ဆော်ပေးသည့် စာတစ်ပုဒ်ပါဝင်သည့် အက်ဆေးပေါင်းချုပ် စာအုပ်တစ်အုပ်၊ နောက်တစ်ခုက ဆင်းရဲမွဲတေခြင်းကို တိုက်ဖျက်ဇာတ်သိမ်းစေမည်ဟူသော ဟားဘတ်တက္ကသိုလ်ထွက် အမေရိကန် စီးပွားရေးပညာရှင်တစ်ဦး၏ စာအုပ်တစ်အုပ်နှင့် အမေရိကန်ပညာရှင်တစ်ယောက်ရေးသော မြန်မာနိုင်ငံမြောက်ဖျားစွန်းက နောက်ဆုံးရွာ၏အလွန်ဟူသော စာအုပ်တစ်အုပ်ဖြစ်ခဲ့သည်။ ထိုစာအုပ်သုံးအုပ်ကို ကျွန်မဘာကြောင့် ခဏခဏ ပြန်ဖတ်ဖြစ်သလဲဆိုသည်ကိုလည်း သူတို့အား ရှင်းပြခဲ့သည်။
ထိုစာအုပ်သုံးအုပ်လုံးသည် ကျွန်မအတွက် မျှော်လင့်ချက်တွေကိုပေးသည်။ ဆုံးဖြတ်ချက်တွေကိုပေးသည်။ စိတ်ဓာတ် ပျက်ပြားနေသော ကျွန်မကိုဆက်ရှင်သန်နိုင်ဖို့ ခွန်အားတွေပေးခဲ့သည်။ ဘာသာရပ်သုံးခုအတွက် မျှော်လင့်ခြင်း ခွန်အားသုံးမျိုး ဆိုပါစို့။
ပြောပြီးနောက် ကျွန်မချက်ခြင်းသတိရသွားသဖြင့် ရယ်မောလျက်ထပ်ပြောလိုက်မိသည်။ “ရသစာပေကို ဖတ်ဖို့ရော ဖန်တီးဖို့ရော အလွန်မြတ်နိုးတဲ့ကျွန်မ အခုရွေးလိုက်တဲ့ စာအုပ်သုံးအုပ်မှာ နှစ်အုပ်က ရသမဟုတ်တဲ့ စာတွေဖြစ်နေတာ အံ့သြစရာလဲကောင်း၊ ရယ်စရာလဲ ကောင်းပါတယ်”
ကျွန်မ ဘာကြောင့်ဝတ္ထုကဗျာတွေကို မရွေးလိုက်မိသလဲ။ တကယ်ဆို ကျွန်မ မနက်မနက်မှာ အိပ်ရာမှမထခင် ဖတ်ဖို့ချထားသည့် စာအုပ်တွေ လေးငါးအုပ်တွင် အခုထိဖတ်မပြီးသေးသည့် တရုတ်အမေရိကန်စာရေးဆရာမ အေမီတန်၏ Saving Fish from Drowning ၀တ္ထုပါသည်။ ပြင်သစ်သို့ ပြောင်းရွှေ့သွားသည့် တရုတ်စာရေးဆရာ၏ ပြင်သစ်လိုရေးသားထုတ်ဝေခဲ့သည့် အင်္ဂလိပ်ဘာသာပြန် ဘောလ်ဇက်နှင့်အပ်ချုပ်သည်မလေးဟူသော ၀တ္ထုစာအုပ် ကျွန်မဖတ်ပြီးသွားသော်လည်း အနီးအနားမှာ ရှိနေသေးသည်။ ထိုစာအုပ်တွေကို ကျွန်မကြိုက်ပါသည်။ ဘာကြောင့် ကျွန်မ ထိုစာအုပ်တွေကို ထည့်မရေတွက်မိပါလိမ့်။
ဟောပြောပွဲအပြီး ညမှာ ကျွန်မကိုယ့်ကိုယ်ကို ဆင်ခြင်မိတော့ ကျွန်မသည် ရသစာပေကို မျှဝေမိသည်ထက် ရသမဟုတ်သော စာပေကို မျှဝေမိနေသည်က များနေပါလား။
တစ်နေ့တစ်နေ့ ကျွန်မဖတ်သောစာတွေကို ခွဲခြားကြည့်လျှင် ရသစာပေထက် ရသမဟုတ်သောစာတွေက ရာခိုင်နှုန်းပိုများနေသည်ကို တွေ့ရသည်။ ဖတ်ရှုနှုန်းနှစ်ခု၏ ကွာခြားချက်က သိပ်တော့မများလှသေးပါ။ ကျွန်မစာအုပ်စင်တွင်ထားပြီး ခဏခဏထုတ်ဖတ်သော စာအုပ်များတွင် ကဗျာစာအုပ်တွေက သုံးလေးအုပ်ပါနေသည်ကို သတိထားမိသည်။ ၀တ္ထုတိုတွေလည်း လေးငါးအုပ်ပါ။ သို့သော် အိပ်ရာဘေးမှာ စီကာစဉ်ကာ ပတ်လည်ဝိုင်း နေသည့်အများစုက ရသမဟုတ်သော စာများနှင့် ဖတ်ရလွယ်ကူသော သတင်းအပြည့်ပေးသော အပတ်စဉ်ထုတ် ဂျာနယ်များဖြစ်နေသည်။
လွန်ခဲ့သည့် သုံးလေးလအတွင်း ဖတ်ပြီးသွားခဲ့သည့် စာအုပ်တွေကို ပြန်စဉ်းစားကြည့်လိုက်သည်။
သဘာဝပတ်ဝန်းကျင်နှင့် အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ် စာအုပ်စာတမ်းတွေ။
တိုင်းမ်စ်မဂ္ဂင်းဇင်းကိုပဲကြည့်။ စိမ်းလန်းသောအိပ်မက်များတဲ့။ အာရှ၏လေထုရေထုညစ်ညမ်းမှုတွေ ယိုယွင်းမှုတွေထဲမှ ဖောက်ထွက်ကာ သန့်စင်အောင် ကြိုးစားဆောင်ရွက်လိုက်သော တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ဝန်၏ အောင်မြင်မှုတွေအကြောင်းဖတ်ရသည်။ ဆိုးလ်မြို့လယ်ခေါင်မှာ ညစ်ညမ်းနေခဲ့သော ချွန်ဂေးချုန်းချောင်းကို ပြန်သန့်စင် လိုက်ခြင်းဖြစ်သည်။
နောက်ပြီး ကမ္ဘာ့ဒုတိယအစိမ်းလန်းဆုံးနိုင်ငံဖြစ်သည့် ဆွီဒင်နိုင်ငံမှာ ဇီဝဓာတ်ငွေ့ဖြင့် မောင်းနှင်မည့် ရထားတွဲများ အကြောင်းပါဝင်သည်။ ၂၀၂၀ခုနှစ်တွင် ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်နိုင်ရမည်ဟု ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ အမျိုးသမီးဝန်ကြီး မိုနာဆာလင်က စီမံကိန်းအကြောင်း ထုတ်ဖော်ပြောခဲ့သည်။
“အဲဒီအချိန်မှာ အိမ်တိုင်းမှာ အပူပေးစနစ်အတွက် လောင်စာဆီမလိုအပ်တော့ဘူး။ မော်တော်ကားတွေမှာလည်း ဓာတ်ဆီမလိုအပ်တော့ဘူး။ တစ်ခြားရွေးချယ်စရာတွေ ရှိလာတော့မယ်” ဟု သူမက ကြေငြာခဲ့သည်။ လုပ်နိုင်ပါ့မလား။ ဆွီဒင်နိုင်ငံက လုပ်နိုင်ပါလိမ့်မည်။ ၁၉၇၀ ခုနှစ်တုန်းက အရှေ့အလယ်ပိုင်း အကြပ်အတည်းမတိုင်မီ ဆွီဒင်သည် သူ့လောင်စာစွမ်းအင်အသုံး၏ ၇၇ ရာခိုင်နှုန်းကို ရေနံမှ ရခဲ့သည်။ ၂၀၀၃ခုနှစ်တွင် စက်မှုလုပ်ငန်းများ အလွန်တိုးတက် ထွန်းကားလာသော်လည်း ရေနံပေါ်မှီခိုမှုက ၃၄ ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့သည်။ ဆွီဒင်နိုင်ငံသည် သူ့သဘာဝ အရင်းအမြစ်များအပေါ် စီမံကွပ်ကဲမှု ကောင်းမွန်ခဲ့၏။
“ကျွန်မတို့မှာ ရေအားလျှပ်စစ်အတွက် နေရာတွေအများကြီးရှိတယ်။ ဇီဝစွမ်းအင် (Biomass) တွေရှိတယ်။ လေစွမ်းအင်အတွက် နေရာတွေအများကြီးရှိတယ်” ဟု ၀န်ကြီးက ပြောခဲ့သည်။

သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သော သိပ္ပံနည်းပညာတွေက အားတက်စရာပါလား။ သူများနိုင်ငံတွေမှာ အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြတာမြင်ရတော့ အားကျမိသည်။ သူတို့ခေါင်းဆောင်တွေကလည်း သူများ နိုင်ငံရေးခေါင်းဆောင်တွေ တွေးတောင်မတွေးမိသည့် ဥပဒေတွေကို ထုတ်ပြန်ဆောင်ရွက်ခဲ့သတဲ့။ လောင်စာနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုများအတွက် အခွန်ကောက်ခြင်းဖြစ်သည်။ အိမ်တွေကားတွေမှာ ရေနံလောင်စာ အသုံးကို တစ်ခြားအသစ်ပြန်ဖြည့်စွမ်းအင်များနှင့် အစားထိုးရန် စဉ်းစားလာကြသည်။ တစ်ချို့တွေက အခွန်အတွက် ညည်းညူကြသည်။ သို့သော် အများစုသော ဆွီဒင်နိုင်ငံသူနိုင်ငံသားများသည် ကမ္ဘာကြီးကို ကယ်ဆယ်ပေးဖို့ တက်ကြွစွာ ကူညီလိုစိတ်ရှိကြသည်ဟုဆိုသည်။
ဘယ်လောက်များအားကျဖို့ကောင်းလိုက်ပါသလဲ။ ဆွီဒင်သည် အပင်စွန့်ပစ်ပစ္စည်းမှရသော ဇီဝဓာတ်ငွေ့နှင့် အီသနောတို့ဖြင့် ရေနံလောင်စာ ကို အစားထိုးနေပြီ။ တစ်နိုင်ငံလုံးတွင် အခြားလောင်စာစွမ်းအင်တို့ကို ဆိုင်တွင်ဖွင့်လျက် ရောင်းချအသုံးပြုနေကြသည်။ မော်တော်ယာဉ်တွေ၏ ၁၃ ရာခိုင်နှုန်းမှာ ဇီဝဓာတ်ငွေ့သုံးတီထွင်မှုအသစ်များဖြင့် ကားများဖြစ်ကြသည်။ နိုင်ငံ၏ဒေသဆိုင်ရာ အုပ်ချုပ်သူတွေကလည်း နိုင်ငံသားတို့ အတူပူးတွဲပါဝင်နိုင်မည့် ရည်မှန်းချက်တွေကို ချမှတ်အကောင်အထည်ဖော်ကြသည်တဲ့။ အိမ်တွေမှ စွန့်ပစ်သည့် အောဂဲနစ်အမှိုက်များ၊ စိုက်ပျိုးခင်းတို့မှ အော်ဂဲနစ်အမှိုက်များဖြင့်ထုတ်ယူသော ဇီဝဓာတ်ငွေ့ကိုသုံးကာ ကားတွေမောင်းနှင်ပြီးဖြစ်သည်။
ထိုသတင်းမျိုးတွေက ကျွန်မအနီးတွင် တ၀ဲလည်လည်ရှိနေကြသည်။ ရသစာပေတွေက ကောက်ကိုင်ပြီးလျှင် ခဏအတွင်းပြန်ချထားလို့မရ။ နောက်ပြီး ကျွန်မက ၀တ္ထုဖတ်လျှင် အချိန်ယူချင်သည်။ အေးအေးဆေးဆေးဖတ်ချင်သည်။ နောက်နေ့၊ နောက်တစ်ပတ်၊ နောက်လ စသည့် တာဝန်တွေ ချိန်းဆိုမှုတွေနှင့် ကျွန်မ၀တ္ထုဖတ်လို့ ရမည်မထင်။ သို့သော် အခုအချိန်မှာတော့ ၀တ္ထုကို လုံးချင်းတွေလည်း တစ်ချီတည်းဖတ်ဖို့ အချိန်မရပေမယ့် နံနက်ခင်းလေးတွေ ညအိပ်ရာဝင်ချိန်လေးတွေမှာ ဖတ်နေဆဲပါ။
အရင်တုန်းကလို ခရီးထွက်ပြီး အေးအေးဆေးဆေးစာဖတ်နိုင်သည့် ကာလတွေကို လွမ်းမိသည်။ သို့သော်တကယ်တော့ ကျွန်မတို့မှာ ကုန်ဈေးနှုန်းနှင့် စီမံထိန်းသိမ်းမှုအတွက် ပူပန်နေရုံသာမက အချိန်ကာလတွေလည်း ရှားပါးလာခဲ့ပြီ။
အရင်က မြို့အပြင်ခရီးသွားမှ လက်ဆွဲအိတ်ထဲ စာအုပ်တွေ ကောက်ထည့်ကာ ခရီးတစ်လျှောက်နှင့် တစ်ခြားမြို့၏ ဧည့်သည်ဘ၀ဖြင့် စာအုပ်တွေ ဖတ်ကောင်းလှသော ကျွန်မသည် ခုအခါ မြို့ထဲတစ်နေရာရာ အသွားမှာပင် စာအုပ်တစ်ခုခုကို အိတ်ထဲမှာ ထည့်ထားသည့် အကျင့်ကို ရခဲ့ပြီ။ တစ်ခုခုကို စောင့်နေသည့် ဆယ်မိနစ် ဆယ့်ငါးမိနစ်အချိန်မှာ စာအုပ်ကိုကောက်ကိုင်ပြီး ဖတ်နေလိုက်လျှင် လေးငါးမျက်နှာ ပြီးသွားလည်း မနည်းပါဘူးဟု စိတ်ကို လျှော့ချတတ်လာသည်။
ကျွန်မ သယ်သယ်လာတတ်သည့် စာအုပ်တွေကို ပြန်ဆန်းစစ်မိတော့ အေမီတန်ကို မသယ်ယူခဲ့။ ဂျပန်စာရေးဆရာ ကင်ဇာဘူရိုအိုအေး၏ တိတ်ဆိတ်သောငိုသံ မသယ်ယူခဲ့။ ခပ်ပါးပါးစာအုပ် ပြီးတော့ တစ်ခုဖတ်ပြီးချထားကာ နောက်တစ်နေရာမှာတွေ့သည့် စာမျက်နှာကောက်လှန်လို့ အဆင်ပြေသည့် စာအုပ်တွေကို သယ်မိသည်။ အဲဒါကတော့ Scientific American တို့၊ Time တို့၊ ပြည်တွင်းမှာထုတ်ဝေသော The Waves မဂ္ဂဇင်းတို့၊ ချင်းတွင်း မဂ္ဂဇင်းတို့ဖြစ်သည်။
လုံးချင်းဝတ္ထုတစ်ပုဒ်လောက် ပင်ပင်ပန်းပန်းရေးပြီးသွားတိုင်း ကျွန်မခဏခဏကြွေးကြော်လေ့ရှိပြီး အကောင်အထည် မဖော်နိုင်သော စကားတစ်ခွန်းရှိပါသည်။
“တော်ပြီ။ ငါ အခုအချိန်ကစပြီး တစ်လတိတိ စာဆိုလို့ ကကြီးတစ်လုံးတောင် မရေးတော့ဘူး။ နားထားမယ်”
စာမရေးဘဲ ဘယ်လိုနေလို့ရပါ့မလဲ။ အလွန်ဆုံး စာမရေးဘဲနေလို့ရလျှင် တစ်ပတ်ပေါ့။
အဲသည်လိုပဲ ရသ၀တ္ထုတွေ ဖတ်ချင်လွန်းလို့ ဟိုစာအုပ်ဝယ်လာ သည်စာအုပ်ဝယ်လာနှင့် ကြွေးကြော်မိတာ ခဏခဏ။
“တစ်ခါလောက်တော့ ဘာတာဝန်မှမပါဘဲ စိတ်အပန်းဖြေခရီးလေး တစ်ပတ်လောက်ထွက်ပြီး ဘာမှမလုပ်ဘဲ အိပ်လိုက်စားလိုက်နဲ့ စာတွေချည်း တစ်အုပ်ပြီးတစ်အုပ် ဖတ်နေလိုက်ဦးမယ်”
အဲသည်လို ရေရွတ်မိတာလည်း အကြိမ်မနည်းလှတော့ပါ။ အခုချိန်ထိတော့ ဝေးနေဆဲသာဖြစ်သည်။
ဂျူး

------------------------------------------------------------------------------------------------------------------------
(၂၀၀၆ခုနှစ်၊ အောက်တိုဘာလ ၂၆နှစ်ပြည့် သိပ္ပံမဂ္ဂဇင်းအထူးထုတ်မှာပါတဲ့ (ကိုယ်ကိုယ်တိုင် ဆရာမဆီက သွားတောင်းခဲ့တဲ့) ဆောင်းပါးလေးပါ။ ကိုယ့်ဆီမှာ မဂ္ဂဇင်းရှိနေလို့ ပြန်ရိုက်ပြီး တင်ပေးလိုက်ပါတယ်။ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်
Subscribe to:
Posts
(
Atom
)