အရွေးမမှားစေချင်

Category:


ယခုအခါ တက္ကသိုလ်ဝင်တန်းအောင်စာရင်းများနှင့်အတူ အမှတ်စာရင်းများပါ တရားဝင်ထုတ်ယူ သိရှိခွင့်ရနေပြီဖြစ်သည်။ ကျောင်းသူကျောင်းသားများအနေဖြင့် မိမိရရှိထားသည့် အမှတ်များအလိုက်သော်လည်းကောင်း၊ မိမိစိတ်ပါဝင်စားနှစ်သက်ရာ ဘာသာရပ်အလိုက်သော်လည်းကောင်း ဦးစားပေးတက္ကသိုလ်ဝင်ခွင့်များကို ဖြည့်စွက်လျှောက်ထားကြတော့မည်။

ထိုကဲ့သို့လျှောက်ထားရာတွင် မိဘမောင်နှမဆွေမျိုးများ၏ဆန္ဒထက် မိမိတစိုက်မတ်မတ် ၀ါသနာပါစိတ်ဝင်စားရာ ရည်မှန်းချက်ဆန္ဒနှင့် ကိုက်ညီသော အသက်မွေးဝမ်းကျောင်းပညာရပ်ကို ဦးစားပေး၍ လျှောက်ထားပညာယူသင့်သည်။ သို့မှသာ လုပ်ငန်းခွင်ဝင်ရာ၌လည်း မိမိစိတ်ပါဝင်စားကျွမ်းကျင်သော နယ်ပယ်တွင် တစ်သက်တာလုံး စိတ်ချမ်းမြေ့ပျော်ရွှင်စွာဖြင့် အောင်အောင်မြင်မြင် လုပ်ကိုင်နိုင်ကြမည်ဖြစ်သည်။

ကျွန်မတို့ မြန်မာနိုင်ငံတွင်ရှိသော အစဉ်အလာတစ်ခုမှာ ဆယ်တန်းအောင်မြင်ပြီးသည့်အခါ အမှတ်မီသောလိုင်းကို ဦးစားပေးလျှောက်ထားခြင်းဖြစ်သည်။ မိဘဆွေမျိုးများကလည်း အမှတ်အမြင့်ဆုံးမီသော လိုင်းကိုသာ လျှောက်ထားရွေးချယ်စေချင်ကြသည်။ ထို့အတွက် နောင်ကာလမှာ ထိုကျောင်းသား၏ဘ၀တစ်ခုသာမက တိုင်းပြည်အတွက်ပါ ဆုံးရှုံးနစ်နာမှုတွေ ရှိခဲ့ကြောင်း ကျွန်မတွေ့ဆုံကြုံခဲ့ရသော သူငယ်ချင်းမိတ်ဆွေများ၏ သာဓကများက သက်သေထူခဲ့ကြသည်။

ကျွန်မနှင့် သူငယ်ချင်းအတော်များများ၏ မိဘများသည်လည်း ကျွန်မတို့ကို ဆရာဝန်ဖြစ်စေချင်ခဲ့ကြသည်။ ကျွန်မအား သမီးကြီးဖြစ်သည့်အားလျော်စွာ အမေက ဆရာဝန်ဖြစ်စေချင်ခဲ့သလို ကျွန်မ၏သူငယ်ချင်းများကျပြန်တော့ အငယ်ဆုံးဖြစ်သော်လည်း သူ့အရှေ့မှ အကိုအမများ ဆရာဝန်မဖြစ်ခဲ့ကြသောကြောင့် အငယ်ဆုံးဖြစ်သော သူတို့ကို ဖြစ်စေချင်ကြသည်။ အလတ်ကျပြန်တော့ မောင်နှမသုံးယောက်တွင် အထက်မြက်ဆုံးဖြစ်၍ အင်ဂျင်နီယာဝါသနာပါသောသူ့ကို ဆရာဝန်သာလုပ်စေချင်ကြပြန်သည်။ အဖေနှင့်အမေတစ်ဦး၊ ဒါမှမဟုတ် ဆရာဝန်နှစ်ဦးလုံး၏ သားသမီးများ အနေဖြင့်လည်း ဆရာဝန်ဖြစ်သင့်သည်ဟူသော သတ်မှတ်ချက်မျိုး ရှိခဲ့ကြပါသေးသည်။ ဆရာဝန်တစ်ယောက်ရှိသော မိသားစုသည် ဂုဏ်ရှိသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ဤနေရာတွင် အလျဉ်းသင့်၍ ကျွန်မအတန်းဖော်သူငယ်ချင်းတစ်ယောက်၏ အကြောင်းကို ပြောပြလိုပါသည်။ ကျွန်မ အထက်တန်းကျောင်းတွင် ခင်မင်ခဲ့ရသော ထိုသူငယ်ချင်းသည် ညီအစ်မငါးယောက်တွင် စတုတ္ထမြောက်သမီးဖြစ်ပြီး စာအတော်ဆုံးလည်းဖြစ်သည်။ ဆယ်တန်းအောင်သည့်အခါ ထူးထူးချွန်ချွန်နှင့် အောင်မြင်သည့်အတွက် ဆေးတက္ကသိုလ်ကို လွတ်လွတ်ကျွတ်ကျွတ် ၀င်ခဲ့သည်။ မိဘညီအစ်မများ၏ ဆန္ဒအရလည်း ဆေးကျောင်းတက်ခဲ့ပါသည်။

ဒုတိယနှစ်ရောက်သည့်အခါ သူမလုံးဝစိတ်မ၀င်စားသည့်အပြင် ဆရာဝန်လည်း မလုပ်ချင်တော့ကြောင်း သေချာသွားသည့်အတွက် ကျောင်းပြောင်းတက်ရန် အိမ်ကိုဖွင့်ဟပြောဆို တိုင်ပင်သော်လည်း သဘောတူညီမှုမရခဲ့ပါ။ အိမ်တွင် ရှားရှားပါးပါး သူမတစ်ယောက်တည်း ဆေးကျောင်းတက်ခွင့်ရသဖြင့် ကျောင်းပြီးသည်အထိ ဆက်တက်ရန်သာ တိုက်တွန်းခံခဲ့ရပါသည်။ သည်လိုနှင့် ကျွန်မသူငယ်ချင်းခမျာ ဆေးကျောင်းကို ကြိတ်မှိတ်တက်ပြီး ဆရာဝန်ဖြစ်ခဲ့လေသည်။

သို့သော် သူစိတ်ပါဝင်စားမှု မရှိသော ပညာရပ်တွင် သင်ကြားဘွဲ့ယူခဲ့ရသည်ဖြစ်ရာ အလုပ်သင်ဆရာဝန်ဘ၀မှာပင် အခက်အခဲများ ကြုံတွေ့ခဲ့ရပြီး ဆရာဝန်ဆက်လုပ်ရန် ယုံကြည်ချက် ပျောက်ဆုံးသွားတော့သည်။ ပုဂ္ဂလိကဆေးခန်းတစ်ခုတွင် ခေတ္တမျှတာဝန်ထမ်းဆောင်ခဲ့ပြီးနောက် သူမ ဆေးရုံ၊ ဆေးခန်းများတွင် ဆရာဝန်မလုပ်တော့ဘဲ ဆေးကုမ္ပဏီတစ်ခုတွင်သာ ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ ထိုအခါကျမှပင် သူ့မှာ စိတ်ပိုလွတ်လပ်ပြီး ပျော်ရွှင်မှုကို ခံစားရတော့သည်။

နောင်နှစ်အနည်းငယ်ကြာသည့်အခါ သူမသည် ဘွဲ့လွန်စီးပွားရေးစီမံခန့်ခွဲမှုသင်တန်းကို တက်ရောက်သင်ယူပါသည်။ တကယ်တမ်း သူမစိတ်ပါဝင်စားသည့် ဘာသာရပ်ဖြစ်ခဲ့သော်လည်း သူမ၀ါသနာမပါသော ဆေးပညာရပ်တွင် နှစ်ပေါင်းများစွာ အချိန်နှင့်ငွေသာမက စိတ်ပင်ပန်းဆင်းရဲမှုများစွာ ရင်းနှီးလိုက်ရပါသည်။ ကံကောင်းထောက်မ၍သာ အသက်သုံးဆယ်ကျော်တွင် မိမိဝါသနာဆန္ဒနှင့် ကိုက်ညီသော ပညာကို ထပ်မံသင်ယူခွင့်ရခဲ့ခြင်းဖြစ်သည်။

ကျွန်မ၏သူငယ်ချင်းကဲ့သို့ပင် ကျွန်မတို့နိုင်ငံတွင် မိဘဆွေမျိုးများတိုက်တွန်းမှုကြောင့် ဆရာဝန်မဖြစ်ချင်ဘဲ ဖြစ်လာရသူတွေ အများကြီးရှိနိုင်ပါသည်။ စာရေးဆရာမင်းခိုက်စိုးစန်သည်ပင် မြန်မာစာမေဂျာ ယူချင်လျက်နှင့် မိခင်ကြီး၏ ဆန္ဒကိုငဲ့ကွက်ပြီး ဆေးကျောင်းတက်ခဲ့ရကြောင်း ဆရာနှင့်အင်တာဗျူးတစ်ခုတွင် ကျွန်မ ဖတ်ဖူးပါသည်။ ဆရာဝန်လုပ်နေရသော်လည်း အင်ဂျင်နီယာ သို့မဟုတ် အခြားသောနည်းပညာရပ်နယ်ပယ်ရပ်များ၌ အလွန်ဝါသနာကြီးရှာသော ဆရာဝန်များအကြောင်းကိုလည်း ကျွန်မကြားဖူးပါသည်။ ကိုယ်တိုင် ဆုံခဲ့ဖူးပါသည်။

ဝါသနာမပါဘဲ သင်ယူလိုက်ရသောပညာရပ်တစ်ခုအတွက် သင်ယူရသူကိုယ်တိုင် ခက်ခဲပင်ပန်းဆင်းရဲရသလို အမှန်တကယ်ဝါသနာပါသူတို့အတွက် ထိုက်တန်သော နေရာတစ်ခုလည်း ဆုံးရှုံးရပါသည်။ တိုင်းပြည်အတွက်လည်း ထိခိုက်နစ်နာရပါသည်။

တကယ်တော့ ကျောင်းသားကျောင်းသူတိုင်းတွင် သူတို့၏၀ါသနာအထုံဗီဇသည် မွေးဖွားစဉ်ငယ်နုချိန်ကတည်းက ပါလာခဲ့ပြီးဖြစ်ရာ ထိုဗီဇအထုံကို ကျောင်းသားဘ၀ သက်တမ်းတလျှောက်တွင် မှန်မှန်ကန်ကန် သွေးတင်ပေးနိုင်ခဲ့လျှင် မိမိစိတ်ဝင်စားရာ ဘာသာရပ်အလိုက် ပါရဂူများဖြစ်သည်အထိ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တတ်မြောက်နိုင်ပါသည်။ နိုင်ငံအတွက်လည်း ထူးချွန်ထက်မြက်ပြီး အရည်အချင်းပြည့်ဝသော ဆရာဝန်၊ အင်ဂျင်နီယာများသာမက သိပ္ပံသုတေသနပညာရှင်များ၊ လူမှုစီးပွားဥပဒေပညာရှင်များအပြင် ထူးချွန်ပြောင်မြောက်သော စာပေ၊ ဂီတ၊ ပန်းချီ အနုပညာရှင်များလည်း ကဏ္ဍအသီးသီး၌ အမြောက်အမြား ပေါ်ထွက်လာမည် ဖြစ်သည်။

ထို့အတွက် မိဘဆရာများက မိမိတို့ဖြစ်စေသောဆန္ဒထက် မိမိရင်သွေးတပည့်တို့၏ ကောင်းမြတ်သော ဆန္ဒရည်မှန်းချက်များအလိုက် ၀ိုင်းဝန်းအားပေး ထောက်ပံ့ကြရန် အထူးလိုအပ်ပေသည်။ ကလေးငယ်တို့၏ ရင်တွင်းဝယ်ကိန်းအောင်းနေသော ဗီဇ၀ါသနာ ပါရမီများကို စဉ်ဆက်မပြတ် စောင့်ကြည့်အကဲခတ် ဖော်ထုတ်ပေးနိုင်သော ပညာရေးစနစ်ကိုလည်း လိုအပ်သလို ပြုပြင်လမ်းကြောင်း တည်ဆောက်ရမည် ဖြစ်ပါသည်။ သမီးကျောင်းသူ၊ သားကျောင်းသားများလည်း မိမိဝါသနာပါရာ ရည်မှန်းချက်အတိုင်း မှန်မှန်ကန်ကန် ရွေးချယ်လျှောက်လှမ်းနိုင်ပြီး အောင်မြင်ပျော်ရွှင်သောဘ၀ကိုယ်စီ ပိုင်ဆိုင်နိုင်ကြပါစေဟု ဆန္ဒပြု ရေးသားလိုက်ရပါသည်။

နယုန်လပြည့်
၂၅-၆-၂၀၁၄ 
ကြေးမုံသတင်းစာ ဆောင်းပါးကဏ္ဍ
--------------------------------------------------------------------------------------------------------------------

ဇွန်မိုးစက်အနေနဲ့ ဘလော့ဂ်မှာ စာတွေအများကြီးရေးခဲ့ပေမယ့် တကယ်တမ်းပုံနှိပ်စာဆောင်းပါးတွေကို “နယုန်လပြည့်” ကလောင်နဲ့ ၂၀၀၆ခုနှစ် ဇန်န၀ါရီလမှာ စတင်ရေးသားခဲ့ပါတယ်။ အမေပေးခဲ့တဲ့ အဲဒီကလောင်လေးနဲ့ မဂ္ဂဇင်းဆောင်းပါး စုစုပေါင်း ၈ပုဒ် ရေးခဲ့ပြီး၊ ကလောင်အမည်သီးခြားမဖော်ပြဘဲ အယ်ဒီတာတစ်ဦးအနေနဲ့ ၉ပုဒ် ရေးသားခဲ့ပါတယ်။ ဇွန်မိုးစက်ကလောင်အမည်နဲ့ မဂ္ဂဇင်းဆောင်းပါးကတော့ ၂၀၀၆ခုနှစ်မှာ ၄ပုဒ်ပဲ ရေးခဲ့တာပါ။ တကယ်လို့များ သတင်းစာအတွက် ဆောင်းပါးတွေထပ်ရေးဖြစ်မယ်ဆိုရင် နယုန်လပြည့်အနေနဲ့ပဲ ဆက်ရေးဖို့ ဆုံးဖြတ်ထားပါတယ်။ အခုဆောင်းပါးမှာ မူရင်းစာသားတစ်ချို့ပြုပြင်ပြောင်းလဲခြင်းကို ခံရပေမယ့် ဇွန့်အတွက် ကြေးမုံသတင်းစာမှာပါခဲ့တဲ့ ပထမဆုံးဆောင်းပါးမို့ တကယ်ပဲ ၀မ်းသာမိပါတယ်။း)
 

Comments ( 6 )

မဇွန် စာလာဖတ်သွားပါသည်။
(y)
သာယာချမ်းမြေ့ပါစေရှင်းး)

မိုး

Congrats ပါ ဇွန်ရေ...
စာတွေ အများကြီးဆက်ရေးနိုင်ပါစေရှင်...

ချစ်တဲ့..
မလေး

အရွေးလည်း မမှားစေချင်ဘူး
ရွေးလည်း ရွေးတတ်စေချင်တယ်
ဘာကို ရွေးရမယ်ဆိုတာလည်း စဉ်းစားတတ်စေချင်တယ်
ရွေးချယ်ခွင့်တွေလည်း ရစေချင်ပါတယ်

ပိတ်ရက်မှာ လည်လည်လာပြီး စာလာဖတ်သွားပါတယ် အမဇွန်။
နယုန်လပြည့်ဆိုတဲ့နာမည်လေးနှစ်သက်မိတယ်။

မိုးရေ... ပျောက်သွားတာ အတော်ကြာပေမယ့် ခုလို ပေါ်လာပြီး စာလာဖတ်ပေးလို့ မဇွန် ၀မ်းသာရတယ်။း)

ကျေးဇူးပါ မလေး။ စာတွေအများကြီး ရေးနိုင်အောင်လည်း ကြိုးစားပါ့မယ်။း)

ညိုရေးသလိုပါပဲ ... အားလုံးကို လွတ်လပ်စွာရွေးချယ်ခွင့်ရတဲ့၊ ရွေးချယ်နိုင်တဲ့ ဘ၀မျိုး ပိုင်ဆိုင်စေချင်ပါတယ်။

ညီမရင်ငြိမ်းသူ... အမဇွန်က နယုန်လပြည့်နေ့မှာ မွေးလို့တဲ့ ကလောင်နာမည်ကို အထွေအထူးမစဉ်းစားဘဲ အမေက ပေးလိုက်တာလေ။း)

ကြေးမုံသတင်းစာမှာပါတဲ့ ပထမဆုံး ဆောင်းပါးလေးအတွက် ဂုဏ်ယူပါတယ် ဇွန်...၊ မြန်မာနိုင်ငံက မိဘအချို့ အနေနဲ့ ရေလိုက်လွဲနေတဲ့ အတွေးအခေါ်၊ အယူအဆတွေကို တဖက်တလမ်းက မီးမောင်းထိုးပြ ပေးနိုင်မယ့် ဆောင်းပါးကောင်းလေး တပုဒ်ပါပဲ...၊

ဒါနဲ့ သတင်းစာဖြတ်ပိုင်း ဓာတ်ပုံလေးကိုကြည့်တော့ နယုန်လပြည့် ဆိုတာ ကလောင်နာမည်မှန်း မသိဘူး၊ ဆောင်းပါးရေးတဲ့ ရက်စွဲတစ်ခုပဲ အောက်မေ့နေတာ...၊းD ဆောင်းပါး အောက်ခြေမှာလည်း နာမည်မတွေ့တော့ ဘယ်လိုပါလိမ့်-လို့တောင် စဉ်းစားနေခဲ့သေးတယ်။

(အခုရက်ပိုင်း အလုပ်တွေများနေတာနဲ့ အခုမှပဲ လာဖတ်ဖြစ်တော့တာ ဇွန်ရေ...)