Showing posts with label Sharing. Show all posts
Showing posts with label Sharing. Show all posts
၂၀၁၅ခုနှစ် ဇွန်လ၃ရက်နေ့
နံနက်၇နာရီ၁၀မိနစ်တွင် အောင်မင်္ဂလာအဝေးပြေးကားဂိတ်သို့ အသိမိတ်ဆွေတစ်ဦး၏ တက္ကစီနှင့်
သူဆိုက်ရောက်လာခဲ့သည်။ မန္တလာမင်းအဝေးပြေးကားအောက်ခန်းတွင် ပစ္စည်းများနေရာချ၊ ကတ်ပြားလေးယူပြီး
ကားပေါ်သို့ တက်လာခဲ့သည်။ ထိုင်ခုံနှစ်ခုံစာဖြတ်ထားသဖြင့် လက်ဆွဲအိတ်နှင့် ကျောပိုးအိတ်ကို
စိတ်ကြိုက်နေရာချခွင့်ရသည်။ လေအေးပေးစက်အရှိန်ဖြင့် အေးစက်နေသော အဝေးပြေးဘတ်စ်ကားထဲတွင်
ခရီးသည် အနည်းငယ်မျှသာ ရှိသေးသည်။ မောပန်းနွမ်းနယ်ခဲ့သမျှ ယခုကားပေါ်ရောက်မှ အေးအေးသက်သာထိုင်ရင်း
အမောဖြေခွင့်ရတော့မည်။ ကြုံလာမည့် အနာဂတ်ရှေ့ရက်များအတွက် မသိမသာ သူ စိတ်လှုပ်ရှားမိသေးသည်။
ဘယ်လိုပဲဖြစ်ဖြစ်… ငါးနှစ်ကြာကိန်းအောင်းခဲ့သောသူ့ဆန္ဒ ရက်ပိုင်းအတွင်း အကောင်အထည်ဖော်နိုင်တော့မည်
မဟုတ်ပါလား။ နံနက်၈နာရီထိုးလျှင် ကားစက်နှိုးသံကြားရသည်။
ခရီးစခဲ့ပြီ
ကားပေါ်မှလှမ်းမြင်ရသော
လမ်းဘေးဝဲယာရှုခင်းများ သူ့မျက်စိအောက်တွင် တရိပ်ရိပ်ဖြင့် အနောက်မှာကျန်ခဲ့သည်။ သို့သော်
သူ့စိတ်များက မြင်ကွင်းနှင့်ဆန့်ကျင်စွာ မနေ့တစ်နေ့က စိတ်ရှုပ်ရသော အဖြစ်အပျက်များကို
ပြန်မြင်ယောင်သည်။ ကျခဲ့ရသော မျက်ရည်များကို သတိရသည်။ ဒီခရီးအတွက် သူပေးဆပ်ခဲ့ရခြင်းများထဲတွင်
စိတ်ပင်ပန်းနွမ်းနယ်မှုသည် ရာခိုင်နှုန်းအများဆုံးပင် ဖြစ်ပေလိမ့်မည်။ ဖြစ်ပြီးသမျှ အကုသိုလ်စိတ်များ
သယ်ဆောင်မသွားရန် သတိရပြီး စိတ်ကို ပစ္စုပ္ပန်တည့်တည့် ပြန်ရှုလိုက်သည်။ ကားပြတင်းပေါက်မှတစ်ဆင့်
စိမ်းစိုသော သစ်ပင်တွေကို မြင်ရသည့်အခိုက် သူ့စိတ်တွေ လန်းဆန်းသွားသည်။ မြန်မာပြည်တွင်
မိုးရာသီ၌ ခရီးသွားရခြင်း၏ ကောင်းကျိုးတစ်ခုမှာ စိမ်းလန်းသောမြင်ကွင်းများကို လမ်းတလျှောက်
တွေ့မြင်ရခြင်းဖြစ်သည်။
ကျိုက်ထိုမှာ နေ့လယ်စာထမင်းဝင်စားသည့်အချိန်သည်
၁၁နာရီစွန်းစွန်းခန့်သာ ရှိသေးသည်။ လွန်ခဲ့သော တစ်လခန့်က ပြည်ဘက်သို့ ခရီးထွက်စဉ် စားခဲ့ရသော
အရသာ၊ ၀န်ဆောင်မှုနှင့် ယခု ကျိုက်ထိုမှာ စားရသော အရသာသည် ဆီနှင့်ရေလို ကွာခြားကြောင်း
သတိပြုမိသည်။ မွန်ပြည်နယ်မို့ အစားအသောက်ပိုကောင်းပြီး လူတွေ ပိုယဉ်ကျေးပျူငှာနေသလားဟု တွေးမိသည်။ မြန်မာပြည်တနံတလျားက
အဝေးပြေးထမင်းဆိုင်တွေအားလုံး ဒီလိုသာဆိုကောင်းမည်ဟု မျှော်လင့်လိုက်သေးသည်။ ကျိုက်ထိုကနေ
ခရီးဆက်ခဲ့ပြီး ဘီးလင်းကိုလွန်၍ သထုံရောက်သည်တွင် သူ့မျက်နှာကို ကားပြတင်းမှမခွာဘဲ
မမှိတ်မသုန် စိုက်ကြည့်နေလိုက်သည်။ အကြောင်းမှာ ရန်ကုန်-မော်လမြိုင်ခရီးစဉ်တလျှောက်
သူ အနှစ်သက်ဆုံးနေရာကို မကြည့်လိုက်ရဘဲ ဖြတ်ကျော်သွားမှာ စိုးရိမ်သောကြောင့်ပင်။
လွန်ခဲ့သော လေးလခန့်က
ရန်ကုန်မှ မော်လမြိုင်သို့ ပထမဆုံးအကြိမ်အဖြစ် လိုက်ထရပ်ကားနှင့် လိုက်ပါလာခဲ့သည်။
ထိုခရီးမတိုင်က သူ့ဘ၀တွင် ကျိုက်ထီးရိုးဘုရားသို့နှစ်ကြိမ်သာ ရောက်ဖူးသဖြင့် ကျိုက်ထိုဟိုဘက်ကိုကျော်လွန်၍
တစ်ခါမှမသွားဖူးခဲ့။ ခရီးသွားခြင်းကို နှစ်သက်သော၊ ခရီးလမ်းတလျှောက်က ရှုခင်းများကို
တငေးတမောကြည့်တတ်သောသူ့အတွက် တောင်စဉ်တောင်တန်းများကို တနံတလျားမြင်ရသော သထုံနယ်ကို
ကျော်ဖြတ်သည်တွင် လွန်စွာနှစ်ခြိုက်သဘောကျ ကြည်နူးခဲ့ရသည်။ ယခုတစ်ခေါက်တွင်မူ သထုံအ၀င်မှာကတည်းက
မိုးဖွဲဖွဲရွာနေသည်နှင့် ကြုံကြိုက်သွားသဖြင့် သူမျှော်လင့်ထားသလို ပြာလဲ့သောကောင်းကင်အောက်က
ညိုမှောင်စိမ်းလဲ့နေသောတောင်တန်းများကို ရှင်းလင်းပြတ်သားစွာ မြင်ခွင့်မရခဲ့။ သို့သော်
ရေစက်များစီးကျနေသော မှန်ပြတင်းမှတစ်ဆင့် မြင်နိုင်စွမ်းသလောက် သူချစ်သော တောင်တန်းများကို
ကြည့်ဖြစ်အောင် ကြည့်လိုက်သည်။ ကြည့်နေရင်းနှင့် ယောက်ျားများသည် တောင်တန်းနှင့်တူကြောင်း
အမျိုးသမီးစာရေးဆရာအချို့၏ တင်စားဖွဲ့ဆိုချက်ကို သတိရသွားသည်။ အမှန်တကယ်ပဲ ယောက်ျားတွေဟာ
တောင်တန်းနှင့်တူသလား သူ သိပ်မသေချာပါ။ သို့သော် ယောက်ျားနှင့်တူသော ထိုတောင်တန်းများကို
အဝေးမှနေ၍ လှမ်းမျှော်ကြည့်မိသောသူ့အား လွမ်းမောခြင်းရသများ ဆောင်ကြဉ်းပေးစွမ်းသည့်နေရာမှာတော့
ထိုအရာနှစ်ခုသည် အတူတူပင်ဖြစ်သည်ဟု သူခံစားရသည်။
ခရီးသည်များကို သယ်ဆောင်လာသော
အဝေးပြေးကားကြီးသည် တောင်တန်းများနှင့်အပြိုင် သထုံ-ပေါင်-မုတ္တမခရီးကို ဆက်သည်။ သံလွင်မြစ်ကူးတံတားကြီးကို
မြင်ရလျှင် ခရီးသည်များ လှုပ်လှုပ်ရွရွဖြစ်လာကြသည်။ မော်လမြိုင်သို့ ရောက်တော့မည်။
”မြစ်သံလွင်ကို ဖြတ်လာခိုက်ဝယ်…” မြန်မာပြည်သိန်းတန်၏
ရွှေမြိုင်မှာပဲနေတော့မယ် သီချင်းသံကို
အလိုလိုကြားယောင်လာသည်။ တံတားကြီးကို ဖြတ်နေစဉ် သူ့အား ရိပ်သာဂိတ်ဝတွင် လာစောင့်ကြိုပေးမည့်
GTC ကျောင်းသား မောင်ငယ်လေးတစ်ယောက်အား ဖုန်းဆက် အကြောင်းကြားလိုက်သည်။ တကယ်တော့ ထိုမောင်လေးနှင့်
အပြင်မှာ တစ်ခါမှမဆုံဖူးသေး။ သူစီးလာသောကားသည် မုဒုံကားဖြစ်၍ ဖားအောက်တောရရိပ်သာရှေ့တွင်
ကားရပ်ပေးဖို့ ကားဆရာကို သတိပေးထားသည့်ကြားမှပင် ကားဆရာက ရိပ်သာရှေ့တည့်တည့်မရပ်ဘဲ
ဂျီတီစီကျောင်းဝင်းရှေ့ မျက်နှာချင်းဆိုင်က ဖားအောက်ရွာအ၀င်လမ်းထိပ်မှာ ရပ်ပေးသည်။
သူ့အား လာကြိုမည့် မောင်ငယ်လေးနှင့် ချိတ်ဆက်ထား၍သာ အထုပ်ကြီး၊ အထုပ်ငယ်နှင့် သူတစ်ယောက်
ရိပ်သာရုံးခန်းသို့ ဆိုင်ကယ်ဖြင့် အဆင်ပြေချောမွေ့စွာ ရောက်ရှိသွားတော့သည်။
ရိပ်သာရောက် ယောဂီ
ဗုဒ္ဓသာသာနာနုဂ္ဂဟအဖွဲ့ရုံးခန်းမှာ
စာရင်းသွားပေးတော့ ရန်ကုန်မှ တစ်ယောက်တည်းရိပ်သာလာဝင်သော သူ့အား တာဝန်ကျဆရာကြီးတစ်ပါးက
ယောဂီအဖြစ်လက်ခံရန် စိတ်ချဟန်မတူသောကြောင့်ထင်သည်၊ မိဘ ထောက်ခံချက်တောင်းသည်။ သူကြိုတင်သိမထားသောကိစ္စဖြစ်၍
ထောက်ခံချက်မပါလာသော်လည်း သူရိပ်သာသို့လာသည်ကို မိဘသိရှိခွင့်ပြုကြောင်း ရှင်းပြလိုက်သည်။
သူ့အား ရှိရင်းစွဲအသက်ထက် အတော်အတန်ငယ်သည်ဟု ထင်မှတ်နေသော သီလရှင်ဆရာကြီးက ရပ်ဝေးမှ
သူ့အရွယ်မိန်းကလေးတချို့ မိဘခွင့်ပြုချက်မပါဘဲ အိမ်ကထွက်ပြေးပြီး ရိပ်သာကိုရောက်လာတတ်ကြောင်း
ဆက်ပြောသည့်အခိုက်တွင် သူ့အားလက်မခံဘဲ အိမ်ပြန်ခိုင်းလျှင် ဒုက္ခပဲဟူသောအတွေးနှင့် စိုးရိမ်စိတ်ဝင်သွားသည်။
ထိုကြောင့်ပင် သူသည် ဆရာတော်မည်သူမည်ဝါ၏ တပည့်ဖြစ်ကြောင်း၊ အဆောင်မှူးဆရာလေးတစ်ပါးအား
ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ လိုအပ်လျှင် ဖုန်းဆက်ပေးပါမည့်အကြောင်း
လျှောက်ထားရင်း အဆောင်မှူးဆရာလေးအား ရုံးခန်းတွင် သူရောက်ရှိနေပြီဖြစ်ကြောင်း ချက်ချင်းဖုန်းခေါ်ဆိုကာ
အကြောင်းကြားလိုက်မှ သူ့ထံကမှတ်ပုံတင်တောင်းပြီး ယောဂီအဖြစ် စာရင်းရေးသွင်းပေးတော့သည်။
တကယ်တော့ သူရောက်ရှိရာ
မော်လမြိုင်ဖားအောက်တောရရိပ်သာတွင် အသိအကျွမ်းများများစားစားမရှိ။ ရှိသည့်ရဟန်းသံဃာအချို့မှာလည်း
နိုင်ငံရပ်ခြားခရီးတွင် ရောက်ရှိသာသာနာပြုနေချိန်နှင့်
တိုက်ဆိုင်နေသောကြောင့် ဤခရီးစတင်မထွက်မီကပင် သူ အားငယ်စိတ်ဝင်ခဲ့သေးသည်။ သို့သော်
လူသည် တစ်ယောက်တည်းလာ၍ တစ်ယောက်တည်းပြန်သွားရမည်ဟူသော သံဝေဂကို နှလုံးသွင်းအားတင်းပြီး
သူထွက်လာခဲ့ခြင်းဖြစ်သည်။ အရေးကြုံတိုင်း တစ်ယောက်တည်း ပဲ့ကိုင်လှော်ခတ်ကာ စီးနင်းခဲ့ရသည့်
ကြမ္မာလှေသည် သူ့အတွက် အစိမ်းသက်သက် မဟုတ်ခဲ့တာ ဆယ်စုနှစ်တစ်ခုပင် တိုင်တော့မည် မဟုတ်ပါလား။
အဆောင်မှူးဆရာလေးက
သူ့အား ခြင်္သေ့ဝင်းရှိ နှစ်ထပ်ဆောင်အောက်ထပ်မှာ နေရာချပေးသည်။ နှစ်ထပ်ဆောင်ဟုဆိုသော်လည်း
အပေါ်ထပ်သို့တက်သည့်လှေကားအား အဆောင်ဘေးအပြင်ဘက်ကိုထုတ်၍ ဆောက်လုပ်ထားခြင်းကြောင့် အောက်ထပ်နှင့်အပေါ်ထပ်မှာ
သီးခြားစီဖြစ်သည်။ အဆောင်ရှေ့တည့်တည့်တွင် ဂျီတီစီကျောင်းဝင်းနှင့်ဆက်နေသော တောအုပ်ရှိပြီး၊
အဆောင်ညာဘက်ဘေးကပ်ရပ်က လမ်းဖြစ်သည်။ လမ်းတစ်ဘက်ခြမ်း၏ ဟိုဘက်မှာ ဆောက်လုပ်ဆဲ ၄ခန်းတွဲ
အဆောင်များရှိသောကြောင့် နေ့ဘက်တွင် ဆောက်လုပ်ရေးအလုပ်သမားများ၏ ဆူညံသံများ ကြားရသော်လည်း
လမ်းဆုံ၌တည်ရှိသောထောင့်တိုက်ဖြစ်၍ ညဥ့်အခါတွင် တိတ်ဆိတ်သည်။ တစ်ဆောင်လုံးတွင် သူတစ်ယောက်တည်းသာ
ရှိသည့်အတွက် မီးပျက်ပြီး မိုးသည်းထန်စွာရွာသွန်းသောအချို့ညများတွင် နှစ်ခြိုက်စွာ
အိပ်ပျော်လေ့မရှိဘဲ နိုးကြားနေတတ်သည်။
မျှော်လင့်သောနေ့
တကယ်တော့ သူသည် မော်လမြိုင်ဖားအောက်တောရရိပ်သာတွင်
သာသနာ့အနွယ်ဝင် သီလရှင်အဖြစ် ၁၅ရက်တာ အားထုတ်ရန် အရောက်လာခဲ့ခြင်းဖြစ်သည်။ မူလဆံချချိန်မှာ
သူရောက်ပြီး နောက်တစ်နေ့နံနက် ၇နာရီ၃၀မိနစ်ဟု သိထားသော်လည်း နေ့လယ် ၁၂နာရီ၃၀မိနစ်သို့
ပြောင်းရွှေ့သွားခဲ့သည်။ ၀ိသာခါဆောင်ရှေ့မှာ ဆရာလေးတစ်ပါးက ဆံပင်အရင်ဖြတ်ပေးပြီး ဆရာကြီးဒေါ်ဈာနရတီက
ခေါင်းရိတ်ပေးသည်။ သူ့ခေါင်းထက်မှ ကျလာသမျှဆံပင်များကို ကိုယ်တိုင်သတင်းစာဖြင့်ခံယူနေရင်း
ဆရာကြီး၊ ဆရာလေးများက ၃၂ကောဠာသလင်္ကာကို ညီညာဖြဖြရွတ်ဆိုပေးချိန် သူ့စိတ်တွင် အမည်မဖော်နိုင်သော
ဝမ်းနည်းဝမ်းသာ ခံစားချက်တစ်မျိုး ဖြစ်ပေါ်နေခဲ့သည်။ ရန်ကုန်အိမ်တွင်ကျန်ခဲ့သော မိခင်ကြီးအားပြသလို၍
အမျိုးသမီးယောဂီတစ်ဦးအား သူယူဆောင်လာသောကင်မရာနှင့် ဆံချချိန်တွင် ဓာတ်ပုံရိုက်ယူပေးပါရန်
ခွင့်တောင်းထားခဲ့သည်။ ခေါင်းရိတ်ပြီးသွားသောအခါ ဓာတ်ပုံရိုက်ပေးသော ယောဂီအစ်မက စွန့်ပယ်လိုက်သော
ဆံနွယ်ခွေများကို သတင်းစာစက္ကူဖြင့် စုစည်းထုပ်လိုက်ပြီး သူ့ထံပြန်ကမ်းပေးသောအခါ သူကြောင်အမ်းအမ်းဖြစ်သွားသည်။
ပြန်ရောင်းပြီး ဘုရားမှာလှူလိုက်လေဟုပြောမှ သူသဘောပေါက်သွားပြီး ၀မ်းသာအားရ လှမ်းယူလိုက်သည်။
ဆံစွန့်ပြီးသော်လည်း
သီလရှင်မဖြစ်သေး၊ ရဟန်းတစ်ပါးထံတွင် ဆယ်ပါးသီလခံယူပြီး ဘွဲ့နာမည်တောင်းရန် ကျန်နေသေးသည်။
သီလပေးမည့် ဆရာတော်က ညနေ ၆နာရီကျမှ တောင်အောက်ဆင်းလာမည်ဖြစ်၍ ညနေအထိ စောင့်ရမည်ကို
သူသိပ်စိတ်မရှည်ချင်။ သို့သော် ရခဲသောဒုလ္လဘသီလရှင်တစ်ပါးဖြစ်ခွင့်ရဖို့ နှစ်နှင့်ချီ၍စောင့်လာပြီးမှ
နောက်ထပ်နေ့တစ်ဝက်လောက် စောင့်ရခြင်းကို စိတ်ရှည်သင့်ကြောင်း ဘာမဆိုစိတ်မြန်လက်မြန်လုပ်ချင်ဇောအားကြီးသော
ကိုယ့်ကိုယ်ကို ပြန်သတိပေး ဆုံးမရသည်။
အဆောင်ပြန်ပြီး မိမိ၏
ပြောင်းလဲသွားသော ပုံရိပ်ကို ရေချိုးခန်းထဲက မှန်မှာ ပြန်ကြည့်မိသည်။ သူ့ဘ၀မှာ ဒုတိယအကြိမ်မြောက် ခေါင်းတုံးတုံးခြင်းဖြစ်သည်။ သူ သုံးနှစ်သမီးလောက်က ကြီးမားသောဆင်ဝက်သက်များ ပေါက်သဖြင့် ခေါင်းတုံးတုံးပေးခဲ့ရကြောင်း အမေပြောပြဖူးသည်ကို အမှတ်ရသည်။ ယခုဒုတိယအကြိမ်မြောက်တွင် ခေါင်းတုံးတုံးသည်ဟု
သမာရိုးကျဆိုခြင်းထက် ဆံကိုစွန့်ပယ်သည်ဟု သူ သုံးနှုန်းချင်ပါသည်။ တစ်ခါမျှ ကိုယ်ပေါ်တွင်
မဆင်ယဉ်ခဲ့ဖူးသော သီလရှင်ဝတ်စုံကို ယခုမှ စမ်းဝတ်ကြည့်ရသည်။ ၀တ်နေကျမဟုတ်သောကြောင့်
အချိုးတကျ ဖြစ်မနေပေ။ သူ ဆံချသည်မှစ၍ အဆောင်ပြန်ရောက်သည်အထိ အဖော်လိုက်လာပေးသော ဆရာလေးဈာနက
ဝတ်စုံဝတ်နည်းသင်ပေး၊ အချိုးမကျသည်များကို ပြန်ပြင်ပေးနှင့် အလုပ်ရှုပ်သွားရှာသည်။
အစ်မက သီလရှင်ဝတ်စုံနှင့် သိပ်လိုက်တာပဲဟု ဆရာလေးက ပြောသည်တွင် သူသဘောကျသွားသည်။ ညနေ
၆နာရီ တရားပွဲမစခင် တောင်ပေါ်မှကြွလာသော ဆရာတော့်ထံ သီလခံယူပြီး ‘ဓမ္မနန္ဒာ’ဟူသောဘွဲ့အမည်ဖြင့်
သာသနာ့အနွယ်ဝင် သီလရှင်တစ်ပါး ဖြစ်ခွင့်ရချိန်တွင် အတိုင်းမသိသော ၀မ်းမြောက်ကြည်နူးမှုသည်
သူ့ကိုယ်တွင်းမှ သွေးများနှင့်အတူ လှည့်ပတ်စီးဆင်းသွားတော့သည်။
ဆရာလေးဓမ္မနန္ဒာသည်
ရခဲလှသော ဒုလ္လဘတရားကိုဆင်ခြင်လျက် ဆယ့်ငါးရက်တာကာလအတွင်း ဆယ်ပါးသောသီလကို အနည်းငယ်မျှ
မချို့ယွင်းမကျိုးပေါက်ရအောင် ထိန်းသိမ်းစောင့်ရှောက်ပြီး ရိပ်သာမှ ထုတ်ပြန်ထားသော
အချိန်ဇယားနှင့် စည်းကမ်းများကိုလည်း ရာနှုန်းပြည့်လိုက်နာရန် ဆုံးဖြတ်ထားခဲ့သည်။ သို့သော်
နေထိုင်စားသောက်မှုပုံစံ ရုတ်တရက်ပြောင်းလဲခြင်းသည် ရံဖန်ရံခါ ကျန်းမာရေးကို အနှောင့်အယှက်ပေးတတ်ကြောင်း
မေ့လျော့နေခဲ့ပေသည်။ သူစားနေမကျသော သက်သက်လွတ် အသီးအရွက်များကို နှစ်ရက်ဆက်တိုက် သုံးဆောင်ပြီးသော်
အစာအိမ်မကောင်းသည့် ဓာတ်ခံအရှိန်နှင့် လေမကြေဖြစ်ကာ စားသမျှမ၀င်တော့ဘဲ သောက်သမျှလည်း
အကုန်ပြန်အန်ထွက်လေတော့သည်။ အစာစားပြီး၊ ရေသောက်ပြီးတိုင်း အစာအိမ်မှလက်မခံဘဲ ပြန်အန်နေသည်ဖြစ်ရာ
ရေသောက်ရမှာကိုပင် ကြောက်ရွံ့လျက် ဘာတစ်ခုမျှ ထပ်မံမစားမသောက်ဘဲ နေလိုက်တော့သည်။
အစာမရှိ၍ လူတစ်ကိုယ်လုံးနုံးချိပြီး
အားအင်နည်းပါးနေလျက်က ဓမ္မာရုံသို့သွားကာ ကြိုးစားတရားမှတ်သော်လည်း အချည်းနှီးပင်။ သူနေထိုင်မကောင်းသည်ကို
ရိပ်မိသော ဘေးနှင့်အနောက်မှ ပန်းရောင်ဝတ်ဆရာလေးများက စိတ်ပူပြီး ဂရုတစိုက်မေးမြန်းကာ
ဆေးပေးသူကပေး၊ ကုဋီသွားရာတွင် စိတ်မချ၍ အဖော်လိုက်ပြီး ကျောထုပေးသူကပေးနှင့် သူနေသာအောင်
တတ်သရွေ့ကူညီလုပ်ကိုင် ပေးကြသည်။ သို့သော် သူ့အခြေအနေ သိပ်မကောင်းကြောင်း သူကိုယ်တိုင်ရိပ်မိသောကြောင့်
ဓမ္မာရုံမှာ ဆက်မနေတော့ဘဲ တာဝန်ကျဆရာလေးအား နေမကောင်း၍ အဆောင်ပြန်နားချင်သည်ဟု ခွင့်ပန်ကာ
ပြန်လာခဲ့ရသည်။
အဆောင်မှာ တစ်ကိုယ်တည်း
လဲလျောင်းနေရင်း အိမ်ကိုသတိရကာ အားငယ်စိတ်တို့ အလုံးအရင်းနှင့် ၀င်ရောက်လာခဲ့တော့သည်။
သြော်… ငါ့မှာ ဘယ်သွားသွား၊ ဘာလုပ်လုပ် တစ်ယောက်တည်းပါလား၊ နေမကောင်းဖြစ်တော့လည်း ငါ့နံဘေးမှာ
ဘယ်သူမှမရှိဘူး၊ ငါ့ဘ၀ကိုက ဘာဖြစ်ဖြစ် တစ်ယောက်တည်း ရင်ဆိုင်ရုန်းကန်ရမယ့်ဇာတာပါတယ်
ထင်ပါရဲ့၊ အခုဆို အားလုံးနဲ့ဝေးရာမှာ ငါတစ်ယောက်တည်း အစရှိသဖြင့် တစ်ယောက်တည်းဋီကာဖွင့်နေမိသည်မှာ
မည်မျှကြာသွားသည် မသိ၊ အဆောင်အပြင်ဘက်မှ ‘မဘုရား’… ‘မဘုရား’ ဟူသောခေါ်သံကြားမှ ရှိစုမဲ့စု
အားအင်လေးဖြင့် အဆောင်ရှေ့တံခါးပေါက်ဆီသို့ ၀မ်းသာအားရ ထွက်ကြည့်မိလေသည်။
အသံရှင်ဆရာလေးဈာနသည်
သူနေထိုင်မကောင်းဖြစ်နေကြောင်း အဖြစ်အပျက်အလုံးစုံကို သိရပြီးသည့်နောက် သူ့အား ထိုနေ့အဖို့
ကျန်ရှိသောအချိန်များတွင် တရားသွားမထိုင်ဘဲ ခွင့်တိုင်ပြီး အဆောင်၌သာ နားနေသင့်ကြောင်း၊
နောက်တစ်ရက်တွင် ရိပ်သာဆေးခန်းမှ ဆရာဝန်နှင့်သွားပြသင့်ကြောင်း အကြံဉာဏ်များပေးပြီး
ခွင့်စာကို သူ့ကိုယ်စား အဆောင်မှူးဆရာလေးထံ သွားရောက်ပို့ပေးလေသည်။ ညရောက်သော် စိတ်မချ၍
အဆောင်ကိုတစ်ခေါက်လာပြန်ကြည့်ပြီး အဖော်အိပ်ပေးသည်။ တစ်ရက်လုံးလုံး အစားမ၀င်ဘဲ အားပြတ်နေသော
သူ့အခြေအနေကိုကြည့်ကာ “မဘုရား မနက်ဖြန် ဆွမ်းခံမကြွပါနဲ့တော့၊ တပည့်တော် နှစ်ယောက်စာ
ခံလာခဲ့မယ်၊ အဆောင်မှာပဲ နားနားနေနေပါ” ဟု ပြောလာရာ အားနာသော်လည်း သူ့ကျန်းမာရေးအခြေအနေကြောင့်
ဆရာလေးကူညီပေးသည်ကို ၀မ်းသာကျေးဇူးတင်စွာဖြင့် လက်ခံလိုက်တော့သည်။
စိတ်ထားကောင်းပြီး
သူတစ်ပါးကိုအမြဲကူညီတတ်သော မြိတ်ဇာတိဆရာလေးဈာန၏ ညီအစ်မအရင်းသဖွယ် ပြုစုစောင့်ရှောက်မှုကြောင့်လည်းကောင်း၊
ဆေးတိုက်မှ သမားတော်ကြီး၏ ဆေးစွမ်းကောင်းများကြောင့်ပါ နောက်နှစ်ရက်အကြာတွင် ဆရာလေးဓမ္မနန္ဒာတစ်ယောက်
ပုံမှန်အတိုင်း ပြန်လည်ကျန်းမာ အားပြည့်လာခဲ့သည်။ အဆာလွန်လျှင် အချဉ်ပေါက်တတ်သော အစာအိမ်ကို
စိတ်မချသောကြောင့် နံနက်အရုဏ်ဆွမ်းတွင် ဆန်ပြုတ်ကိုသာ အဓိကထား၍ သုံးဆောင်ခဲ့လေသည်။
နေပြန်ကောင်းချိန်မှစ၍
သီလရှင်ယောဂီတို့၏ ၀တ္ထရားအတိုင်း နံနက်၎နာရီမှည၈နာရီခွဲအထိ ဘုရားဝတ်ပြု၊ တရားထိုင်၊
တရားလျှောက်၊ တရားနာ အချိန်ဇယားအတိုင်း အချိန်ပြည့် ပြန်လည်လုပ်ဆောင်နိုင်သော်လည်း
တရားထိုင်ချိန်တွင် ပတ်ဝန်းကျင်မှ အသံဗလံများကို အာရုံပြုမိခြင်းကြောင့် သမာဓိကား ကောင်းကောင်းမရ။
အထူးသဖြင့် ထိုအချိန်က နယူးဇီလန်နှင့် စင်ကာပူနိုင်ငံတို့တွင် သွားရောက်ယှဉ်ပြိုင်နေကြသည့်
မြန်မာအသင်းဘောလုံးပွဲကို အနီးပတ်ဝန်းကျင်မှ တခဲနက်အားပေးသည့်အသံများ ထွက်ပေါ်လာချိန်၌လည်းကောင်း၊
မိမိအလွတ်ရွတ်ဆိုခဲ့ဖူးသော ထူးအိမ်သင်၊ လေးဖြူ၊ အငဲ အစရှိသော အဆိုတော်များ၏သီချင်းများကို
ဂျီတီစီကျောင်းသားများစုဝေးကာ ဂစ်တာတီး၍ ၀ိုင်းဖွဲ့သီဆိုသံကို
ကြားရချိန်၌လည်းကောင်း သူ၏စိတ်တို့ပျံ့လွင့်ခြင်းအား စုစည်းဖို့ရာ အခက်တွေ့နေပေသည်။
မြို့ပြမှခွာ၍ ဆိတ်ငြိမ်သောအရပ်ဖြစ်မည်ဟူသော မျှော်လင့်ချက်ဖြင့် လာရောက်အားထုတ်သော
သူ့စိတ်အစဉ်သည် ၀င်လေထွက်လေအပါးမှခွာကာ သီချင်းဟစ်ကြွေးနေသော ကျောင်းသားများထံသွားရောက်ပြီး
ရိပ်သာအနီးတွင် သီချင်းများကို ဆူညံကျယ်လောင်စွာ တီးခတ်မသီဆိုသင့်ကြောင်း၊ သီချင်းသံများကြောင့်
အနီးပတ်ဝန်းကျင်ရှိရိပ်သာမှ တရားမှတ်၊ တရားထိုင်နေသော ယောဂီများစွာတို့၏ စိတ်သမာဓိကို
အနှောင့်အယှက်ပေးရာကျကြောင်း ဆရာတစ်ဦးအသွင် သွားရောက်၍ လက်ချာပေးဆုံးမနေလေသည်။
ဝတ်နေမကျသော သီလရှင်ဝတ်စုံကြောင့်
သူတရားမှတ် ပျက်သည်မျိုးလည်း ကြုံသေး၏။ အကြောင်းမှာ သူရိပ်သာသို့ ရောက်ရှိသောကာလသည်
မိုးဥတုဖြစ်သော်လည်း မိုးရွာချိန်နည်းပါးပြီး မိုးမရွာသောနေ့အချိန်တွင် အပူရှိန်ပြင်းသောကြောင့်
အလွှာအလွှာအထပ်ထပ် ၀တ်ဆင်ထားခြင်းခံရသော သူ့ခန္ဓာပေါ်တွင် မိတ်အိုင်းတို့ ထလာခြင်းဖြစ်သည်။
ကလေးဘ၀က မိတ်ပေါက်ခဲ့ဖူးသော်လည်း လူကြီးဘ၀တွင် မိတ်မပေါက်ခဲ့သည်မှာ အတော်ကြာခဲ့လေပြီ။
ယခုသီလရှင်ဝတ်မှ မိတ်ပြန်ပေါက်ရာ သူအခံရခက်လှသည်။ ၀င်လေထွက်လေအရှိန်ကောင်းနေဆဲ ကျောပြင်ထက်မှ
စူးရှသော ဝေဒနာကို ရုတ်တရက် ခံစားမိသော် အရှိန်ရစသမာဓိမှာ ပျောက်ပျက်သွားလိုက်၊ ပြန်ထူထောင်လိုက်၊
တစ်ဖန်မိတ်စူးလိုက်နှင့် ဂျာအေးသူ့အမေရိုက်နေတော့သည်။ တစ်ပတ်ခန့်ကြာသော် မိတ်များပျောက်သွားသဖြင့်
စိတ်သက်သာရာရကာ ပုံမှန်တရားပြန်ထိုင်နိုင်ခဲ့သည်။ တရားမှတ်၍ရရ၊ မရရ တရားပြဆရာတော်ထံပါးသို့
အချိန်မှန် တရားလျှောက်ရန်တော့ သူမပျက်ကွက်ခဲ့ပေ။
သီလရှင်ဘ၀တွင် မျှော်လင့်မထားဘဲ
တွေ့ကြုံရသော အခက်အခဲ အနည်းငယ်တို့သည် လပေါင်းများစွာ မျှော်လင့်တောင့်တပြီးမှ ရောက်ရှိလာသောနေ့တစ်နေ့ကို
ဖြတ်သန်းရသည်နှင့်တပြိုင်နက် အားလုံးကျေပျက် ပျောက်ကွယ်သွားတော့သည်။
မွေးနေ့မင်္ဂလာဖြစ်ပါစေခြင်း အကျိုးငှာ
တကယ်တော့ မွေးနေ့ပေါင်းများစွာကို
သူဖြတ်သန်းခဲ့ပြီးဖြစ်သည်။ ဂဏန်းသင်္ချာ အရေအတွက်နှင့် တိတိကျကျ ပြောရလျှင်တော့ မွေးနေ့ပေါင်း
၃၅ခုကို လွန်မြောက်ခဲ့ပြီ။ အနုပညာဆန်ဆန် သုံးနှုန်းမည်ဆိုလျှင်တော့ မိုင်တိုင် ၃၅တိုင်။
မိုင်တိုင်တစ်ခုနှင့်တစ်ခုကြားက အကွာအဝေးတွေ တူညီပေမယ့် ဖြတ်သန်းတွေ့ကြုံခဲ့ရသော အကောင်းအဆိုး
ဘ၀လောကဓံ အတွေ့အကြုံတွေကဖြင့် ခြားနားကွဲပြားခဲ့သည်။ ထိုထိုကြုံတွေ့ခဲ့သော ကောင်းခြင်း၊
ဆိုးခြင်း လောကဓံတရားတို့သည် ကျရောက်လာမည့် မွေးနေ့တိုင်းကို တတ်စွမ်းသမျှ ကုသိုလ်ကောင်းမှုဖြင့်
ဖြတ်သန်းလိုစိတ် ထက်သန်စေခဲ့သော အကြောင်းတရားများအဖြစ် ပံ့ပိုးခဲ့သည်ဟု သူယုံကြည်ပါသည်။
သို့သော် သေချာသည်မှာ သူ့အသက် ၃၀ပြည့်မွေးနေ့မှစပြီး ထိုတစ်နေ့တာကို ဒါန၊ သီလ၊ ဘာဝနာ
ကုသိုလ်စိတ်များဖြင့်သာ ကုန်လွန်ရန် အားထုတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယခုဖားအောက်တောရရိပ်သာ၌
သီလရှင်အဖြစ်နှင့်လာရောက်တရားအားထုတ်လိုသောဆန္ဒသည် သူ၏ ၃၁နှစ်ပြည့်မွေးနေ့မှ အစပြုသန္ဓေတည်ခဲ့သည်ဟု
ဆိုနိုင်ပါသည်။ ထိုစဉ်က သူသည် စင်ကာပူနိုင်ငံ၌ အမြဲနေထိုင်အလုပ်လုပ်ကိုင်လျက်ရှိရာ
၃၁နှစ်ပြည့်မွေးနေ့တွင် လုပ်ငန်းခွင်၌ ရောက်ရှိနေခဲ့သည်။ မိမိ၏မွေးနေ့အလှူအဖြစ် မော်လမြိုင်ဖားအောက်တောရရိပ်သာရှိ
ရဟန်းသံဃာ၊ သီလရှင်၊ ယောဂီအားလုံးအတွက် အရုဏ်ဆွမ်းဒါနပြုခဲ့ရာ ကိုယ်တိုင်ကိုယ်ကျ မသွားရောက်နိုင်၍
အဝေးမှသာ စိတ်အာရုံလှမ်းပြုကာ အမျှပေးဝေခဲ့ရသည်။ နောင်နှစ်များတွင် ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး
ဒါနပြုခြင်းဖြင့်လည်းကောင်း၊ သီလရှင်ဝတ်ခြင်းဖြင့်လည်းကောင်း မွေးနေ့ကိုဖြတ်သန်းမည်ဟု
ထိုနှစ်မှစတင်ကာ ရည်ရွယ်အားခဲထားခဲ့သော်လည်း အကြောင်းကြောင်းကြောင့် အထမမြောက်ဘဲ လေးနှစ်တာ
ကုန်လွန်ခဲ့သွားသည်။ ၂၀၁၅ခုနှစ်သို့ရောက်သောအခါ ကိန်းအောင်းခဲ့သောသူ့ဆန္ဒကို အကောင်အထည်ဖော်ရန်
အချိန်ကျပြီဖြစ်ကြောင်း စိတ်အာရုံ၏ စေ့ဆော်တိုက်တွန်းမှုကြောင့် သူ၏၃၆နှစ်မြောက်မွေးနေ့ကို
သာသနာ့ဘောင်သို့ ခေတ္တ၀င်ရောက်ခြင်းဖြင့် မြတ်သောကုသိုလ်ရယူနိုင်ရန် စိတ်ပိုင်းဖြတ်ခဲ့ခြင်းဖြစ်သည်။
မူလက မွေးလတစ်လလုံး
သီလရှင်ဝတ်ဖြင့် ဒါန၊ သီလ၊ ဘာဝနာ အားထုတ်ရန် ရည်ရွယ်ခဲ့သော်လည်း မိမိမရှိသော ကာလအတွင်း
အိမ်၏စားရေးသောက်ရေး၊ မိခင်၏ကျန်းမာရေးအတွက် အနီးကပ်ပြုစုစောင့်ရှောက်ရန် လူရှာမရသဖြင့်
၁၅ရက်သာဝတ်ရန် စိတ်လျှော့လိုက်ရသည်။ သူ၏ မြန်မာလိုမွေးနေ့မှာ နယုန်လပြည့်နေ့ဖြစ်ပြီး၊
ခရစ်သက္ကရာဇ်အရမူ ဇွန်လ ၉ရက်နေ့ဖြစ်သည်။ ၂၀၁၅ခုနှစ်တွင် နယုန်လပြည့်သည် ဇွန်လ ၁ရက်နေ့တွင်
ကျရောက်သောကြောင့် အင်္ဂလိပ်ရက်နှင့် ၈ရက်တိတိ ကွာခြားနေခဲ့သည်။ ရိပ်သာသို့သွားရန် စီစဉ်ထားသောနေ့မှာ
၃ရက်နေ့ဖြစ်သောကြောင့် မြန်မာမွေးနေ့ကို မမှီသော်လည်း ဇွန်လ ၉ရက်နေ့တွင် ကျရောက်သော
ခရစ်နှစ်မွေးနေ့တွင် လူသာမန်ပုဂ္ဂိုလ်တို့ထက် မြင့်မြတ်သော သာသနာ့အနွယ်ဝင် သီလရှင်ဘ၀အဖြစ်
ရောက်ရှိနေမည့်အကြောင်း တွေးကြည့်ရုံနှင့်ပင် သူ ကျေနပ်ဝမ်းမြောက်နေခဲ့သည်။
ဇွန်လ၉ရက်နေ့သို့ရောက်သောအခါ
ဆရာလေးဓမ္မနန္ဒာသည် စနေသမီးဖြစ်သည့်အားလျော်စွာ ဖားအောက်တောရ၀င်းအတွင်းရှိ ဆောက်လုပ်ပြီးစီးနေပြီဖြစ်သော
နှီးဘုရားရုပ်ပွားတော်မြတ်ထံတွင် နှင်းဆီဝါ ၃၆ပွင့်ကို ကပ်လှူပူဇော်ခြင်း၊ တောင်အောက်ကျောင်းတွင်
သီတင်းသုံးလျက်ရှိသော သံဃာအပါးသုံးဆယ်နှင့် သီလရှင်ဆရာကြီးများကို ဆေးဆပ်ကပ်လှူဒါန်းခြင်းတို့ဖြင့်
ဒါန၊ သီလ၊ ဘာဝနာနှင့်ပြည့်စုံသော မွေးနေ့ရက်မြတ် ဖြစ်စေခဲ့သည်။ ထိုမျှမကသေးဘဲ ယခုနှစ်မွေးနေ့တွင်မှ
အခါတိုင်းနှင့်မတူသော ဝေယျာဝိစ္စသန့်ရှင်းရေးကုသိုလ် ထပ်တိုးဖို့ရန် အကြောင်းဖန်လာလေသည်။
ကျေးဇူးတော်ရှင် ဖားအောက်တောရဆရာတော်ဘုရားကြီးသည် ဇွန်လ၁၀ရက်နေ့တွင် ရန်ကုန်မှနေ၍ မော်လမြိုင်ဖားအောက်တောရသို့
ကြွရောက်ပြီး ဆယ်ရက်ခန့် သီတင်းသုံးမည်ဖြစ်သောကြောင့် ဆရာတော်ဘုရားကြီးအား မေတ္တာဝီဟာရီဓမ္မာရုံမှနေ၍
ခရီးဦးကြိုဆိုရန် နယကအဖွဲ့ဝင်ဆရာကြီးများ၊ ပြည်တွင်းပြည်ပဆရာလေး၊ ယောဂီများအားလုံး
ဓမ္မာရုံသန့်ရှင်းရေးနှင့် ပန်းအလှဆင်ခြင်း ကိစ္စရပ်များကို ၉ရက်နေ့မနက်ခင်းတွင် စတင်လုပ်ကိုင်ဆောင်ရွက်ကြခြင်းဖြစ်သည်။
နေ့လယ်ခင်း ၂နာရီခွဲတွင် တရားထိုင်ချိန် ခေတ္တဖြုတ်ပြီး ဓမ္မာရုံတစ်ခုလုံး၏ သန့်ရှင်းရေးကို
တတပ်တအား ၀ိုင်းဝန်းလုပ်ဆောင်ကြရာ မွေးနေ့ရှင်ဆရာလေးလည်း ပါဝင်ကုသိုလ်ယူခွင့်ရခဲ့လေသည်။
သူကြုံဖူးသမျှ မွေးနေ့ထဲတွင် ယခုနှစ်မွေးနေ့သည် ဒါန၊ သီလ၊ ဘာဝနာသာမကဘဲ ဝေယျာဝိစ္စကုသိုလ်ကိုလည်း
တခဲနက်ပြုခွင့်ရသည့် ရက်စွဲတစ်ခုအဖြစ် မှတ်မှတ်ထင်ထင် ရှိခဲ့ရသည်။
သေခြင်းတရား ရှုပွားထား
ကုသိုလ်စိတ်များဖြင့်
လျှောက်လှမ်းဖြတ်သန်းခဲ့သော ထိုဆယ့်ငါးရက်တာအတွင်း သူ၏မွေးနေ့အပါအ၀င် ကုန်လွန်ခဲ့သောနေ့ရက်တိုင်းကို
ဒါန၊ သီလ၊ ဘာသနာ ကုသိုလ်အစုစုဖြင့် ကုန်ဆုံးလွန်မြောက်ခွင့်ရခဲ့သလို အသုဘရှုပွားခြင်းဖြင့်
သေခြင်းတရားကို ဆင်ခြင်သံဝေဂယူခွင့်လည်း ရခဲ့လေသည်။ အကြောင်းမှာ သူ တရားအားထုတ်စဉ်
သီတင်းနှစ်ပတ်အတွင်း ရိပ်သာအတွင်းမှ လူနှစ်ယောက် ဆုံးပါးသွားခဲ့ခြင်းဖြစ်သည်။ သူ ရိပ်သာသို့ရောက်ပြီး
၎ရက်ခန့်အကြာတွင် ရိပ်သာဝင်းအတွင်းမှ ဆောက်လုပ်ရေးအလုပ်သမားတစ်ဦး ကားတိုက်ခံရပြီး
ဥပစ္ဆေဒကကံဖြင့် ရုတ်တရက် ကွယ်လွန်သွားခဲ့သည်။ ရိပ်သာဝင်းအတွင်းရှိ သချိုင်းမြေထက်က
ဇရပ်ပေါ်တွင် ပြင်ထားသော အသုဘရုပ်အလောင်းအား ဆရာလေးဈာနနှင့်အတူ သွားရောက်ကြည့်ရှုခဲ့ကြသည်။
ကျောင်းဝင်းပြင်ပသို့ ဟင်းထွက်ဝယ်ရင်း ကုန်တင်ခြောက်ဘီးကား ဘရိတ်ပေါက်ပြီး အတိုက်ခံရသဖြင့်
ဆုံးပါးသွားသူ လူရွယ်သည် မိမိ၏အသက်ထက် တစ်နှစ်မျှ ပိုငယ်သေးသည်။ တကယ်တော့ သေခြင်းတရားသည်
အသက်အရွယ်မရွေး၊ အချိန်မရွေး၊ နေရာမရွေး ခေါ်ဆောင်တတ်ကြောင်း လွန်ခဲ့သော ရှစ်နှစ်ကျော်ကပင်
သူကောင်းစွာ သိနားလည်ခဲ့ပြီးဖြစ်သည်။ အဘိဓမ္မာတရားတော်လာ သေခြင်းတရားလေးပါးမှ နောက်ဆုံးဖြစ်သော
မီးစာရော၊ ဆီပါ မကုန်ခမ်းသေးပါလျက် လေပြင်းတိုက်၍ ရုတ်တရက် ဖယောင်းတိုင်မီး ငြိမ်းသွားပုံနှင့်
ဥပမာပေးထားသော ဥပစ္ဆေဒကသေခြင်းတရားကို အမှတ်ရသံဝေဂပွားရင်း ထိုလူရွယ်လေး၏ နောက်ဆုံးခရီးကို
မြေတစ်ဆုပ်ကြဲကာ လိုက်ပါပို့ဆောင်ခဲ့ကြသည်။
နောင်တစ်ပါတ်အကြာတွင်
ရိပ်သာ၌ ရာသက်ပန်အားထုတ်လျက်ရှိသော အသက်၆၈နှစ်အရွယ် ယောဂီအမေကြီးတစ်ဦး ဆုံးပါးသွားခဲ့သည်။
ပညာရေးဘက်ဆိုင်ရာ အရာရှိကြီးတစ်ဦးဖြစ်ခဲ့ပြီး၊ မိမိတွင် ကင်ဆာရောဂါစွဲကပ်နေသည်ကို
သိရချိန်မှစ၍ ရိပ်သာတွင် အမြဲမပြတ် တရားအားထုတ်ရင်း နောက်ဆုံးအချိန်ကို သတိသမာဓိရှိစွာဖြင့်
ဖြတ်ကျော်ကာ ငြိမ်သက်အေးဆေးစွာပင် လူ့ဘ၀ကို စွန့်ခွာသွားခဲ့သည်။ ခေါင်းအတွင်း လှဲလျောင်းနေသော
ကွယ်လွန်သူ၏ ရုပ်မျက်နှာကို မြင်တွေ့ရသူတိုင်း အေးချမ်းလိုက်တာ၊ အိပ်ပျော်နေတဲ့အတိုင်းပဲနော်ဟု
တူညီသောမှတ်ချက်ပေးသံကို ကြားရသည်။ တမလွန်ခရီးကို ငြိမ်းချမ်းစွာ ကူးပြောင်းနိုင်ခြင်းမှာ
တရားဓမ္မ၏ အစွမ်းသတ္တိသာလျှင်ဖြစ်ကြောင်း အသုဘရှုပွားသူတစ်ယောက်အနေနှင့် သူယုံကြည်မိသည်။
ဤလောက၌ ကြီးသူ၊ ငယ်သူ၊ ရုပ်ချောသူ၊ ရုပ်ဆိုးသူ၊ ချမ်းသာသူ၊ ဆင်းရဲသူ၊ ပညာရှိသူ၊ ပညာမဲ့သူ
မည်သူမဆို သေခြင်းတရားကို အနှေးနှင့်အမြန် မလွဲမသွေ ရင်ဆိုင်ကြရမည်ချည်း ဖြစ်သည်။ ထို့အတွက်
နေ့စဉ်မပြတ် ပြုလုပ်အားထုတ်သင့်သော အာစိဏ္ဏကံကို ထူထောင်ထားရန်လိုအပ်ကြောင်း အသိဝင်လာခဲ့သည်။
သို့သော် သူအပါအ၀င်
အရိယာမဟုတ်သော ပုထုဇဉ်ရဟန်းရှင်လူပုဂ္ဂိုလ်အများစုသည် မမြင်ရသောသေမင်းနှင့် ကိုယ်တိုင်ကိုယ်ကျ
စစ်ခင်းချိန်မရောက်မချင်း လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတရားများ လျှော့ချရန် မေ့လျော့နေကြပေသည်။
မိသားစု၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်းမိတ်ဆွေအစရှိသော မိမိနှင့်ရင်းနှီးသိကျွမ်းသူတစ်ဦးတစ်ယောက်
ကွယ်လွန်အနိစ္စရောက်သောအခါမှ သေခြင်းတရားကို သတိရပြီး အခိုက်အတန့်အားဖြင့် သံဝေဂရကာ
မိမိနှင့်အတူ သံသရာတလျှောက်လုံး လိုက်ပါခြယ်လှယ်လာသော လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန ကိလေသာများ
လျော့ပါးစေရန် ကြိုးစားအားထုတ်ကြတော့သည်။
ဤခရီး မဝေးပါ
ဆယ့်ငါးရက်တာကာလသည်
တိုတောင်းလွန်းလှသည်။ သူ့စိတ်ရင်းအမှန်နှင့်ဆိုပါက တစ်လပြည့်သည်အထိ သာသနာ့ဘောင်တွင်
ဆက်လက်ပျော်မွေ့လိုသော်လည်း အခြေအနေမပေး၍ ကိစ္စများမြောင် လူတို့ဘောင်သို့ ပြန်လည်ဝင်ရောက်ခဲ့ရသည်။
သူမပြန်ခင် အသုံးမပြုဖြစ်ဘဲ ကျန်ရှိနေသေးသောဆေးဝါးများနှင့် ခါးကပ်ပလာစတာများအား အလိုရှိသော
ယောဂီတို့ အသုံးပြုနိုင်စေရန် ဓမ္မာရုံ၌ ပေးလှူခဲ့သည်။ သူမော်လမြိုင်မလာခင်ကမှ ၀ယ်လာခဲ့သော
လက်နှိပ်ဓာတ်မီးကိုလည်း လက်နှိပ်ဓာတ်မီးမရှိသော ဆရာလေးတစ်ပါးအား ပြန်လှူခဲ့သည်။ နှစ်ဆန်းတစ်ရက်နေ့ကမှဝယ်ထားပြီး
သူမဖတ်ရသေးသော အရှင်ဇနကာဘိဝံသ၏ ‘နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ’ စာအုပ်ကိုလည်း စာကြည့်တိုက်သို့
လှူဒါန်းခဲ့သည်။ သူလူထွက်ပြီး ရန်ကုန်သို့ပြန်တော့မည်ဟု ရုံးခန်းအား အကြောင်းကြားလိုက်သောအခါ
သူနှင့်မျက်မှန်းတန်းမိ၊ နှုတ်ဆက်စကားဆိုလေ့ရှိသော ဒေါ်ဘုရားတစ်ပါးက သူ့အား လူပြန်မထွက်ဘဲ
သာသနာ့ဘောင်၌သာနေထိုင်ပြီး ရာသက်ပန် အားထုတ်စေချင်ကြောင်း တိုက်တွန်းသောအခါ သူ့အနေနှင့်
အဆင်သင့်မဖြစ်သေးကြောင်း ပြန်လည်လျှောက်ထားခဲ့ရသည်။ “အခုအပြီးမ၀တ်နိုင်သေးလည်း ၀တ်နိုင်တဲ့အချိန်ကျ
ပြန်လာခဲ့နော်၊ အိမ်ထောင်မပြုနဲ့၊ ယောက်ျားတွေကို မယုံနဲ့နော် သမီး” ဟူသော သြ၀ါဒစကားသံအဆုံး
သူပြုံးရသည်။
ရန်ကုန်မှ မော်လမြိုင်သို့
မထွက်ခွာခင် သို့မဟုတ် သာသနာ့အနွယ်ဝင် သီလရှင်တစ်ပါး မဖြစ်မီက သာသနာ့ဘောင်သို့ ခေတ္တမျှခရီးတစ်ထောက်ဝင်ရောက်ဖို့အရေး
ဝေးလှသည်ဟု သူထင်မှတ်ခဲ့သည်။ မော်လမြိုင်ဖားအောက်တောရတွင် သီလရှင်ဝတ်ပြီး တရားအားထုတ်ချင်သည်ဟု
မိခင်ဖြစ်သူအား ပထမဆုံးအကြိမ် ပြောခဲ့စဉ်က ရာနှုန်းပြည့်ထောက်ခံမှု မရရှိခဲ့။ သူ့အား
သီလရှင်ဘ၀နှင့် တစ်သက်လုံးအားထုတ်သွားမည်ကို စိုးရိမ်သောစိတ်ဖြင့် “သီလရှင်တော့ မ၀တ်ပါနဲ့ သမီးရယ်၊ ယောဂီဘ၀နှင့်ပဲ
ကြိုက်သလောက် အားထုတ်ပါ” ဟု ပြောခဲ့သည်။ မိခင်စကား နားထောင်လေ့ရှိသော သူ့အတွက် မိဘမကြည်ဖြူဘဲ
သာသာနာ့ဘောင်သို့ မ၀င်ရောက်ချင်သည့်အတွက် သူ့ဆန္ဒကို ချိုးနှိမ်ခဲ့သည်။
နောက်ထပ် သူ့အား အတိုင်းအတာတစ်ခုအထိ
ဟန့်တားဝေးကွာစေသောအကြောင်းမှာ သီလရှင်ဝတ်ပြီး လူပြန်ထွက်သည့်အခါ ဆံပင်ပြန်မရှည်မချင်း
ခေါင်းတုံးဘ၀နှင့်နေထိုင်ရမည်ကို အနည်းငယ်ရှက်ရွံ့ စိုးကြောက်မိခြင်းဖြစ်သည်။ သူသည်
အလှအပရေးရာကို အထူးတလည် စိတ်ဝင်စားသော မိန်းမတစ်ယောက် မဟုတ်သည့်တိုင် ဆံပင်ကိုဖြတ်၍
ခေါင်းတုံးရိတ်ပြီးသည့်အခါ ကြည့်မကောင်းဖြစ်မည်ကို စိုးရိမ်စိတ်ဝင်တတ်သော သူသူကိုယ်ကိုယ်
အမျိုးသမီးများထဲက တစ်ယောက်ဖြစ်ခဲ့လေသည်။ (တကယ်တမ်း ခေါင်းတုံးတုံးကြည့်မှ ဆံပင်မရှိခြင်း၏
ကောင်းကျိုးများကို လက်တွေ့သိမြင်ခံစားလိုက်ရ၍ သဘောကျ မဆုံးနိုင်အောင် ဖြစ်ရသည်)
တကယ်တော့ ကားဖြင့်၆နာရီကြာသွားရသော
ရန်ကုန်နှင့်မော်လမြိုင်ခရီး မဝေးသလို လူ့ဘောင်မှ သာသနာ့ဘောင်အတွင်းသို့ ကူးပြောင်းဝင်ရောက်ရန်
ခရီးသည်လည်း မဝေးလွန်းလှပါ။ စစ်မှန်ထက်သန်သော စိတ်ဆန္ဒရှိရန်တော့ လိုအပ်ပါသည်။ ထို့အတူ
ဗုဒ္ဓဘာသာဝင်တိုင်း၏ ပန်းတိုင်ဖြစ်သော နိဗ္ဗာန်သည်လည်း အမှန်တကယ် လိုချင်စိတ်ဖြင့် ကြိုးစားလျှင်
လက်တကမ်းမှာသာ ရှိပါသည်။ သစ္စာတရားလေးပါးကို ကိုယ်တိုင်ကိုယ်ကျ ထိုးထွင်းသိမြင်နိုင်ရန်
လမ်းကြောင်းမှန်သို့ညွှန်ပြပေးနိုင်သည့် ဆရာသမားရဟန်းကောင်းများနှင့် တွေ့ဆုံခွင့်ရမည်ဆိုလျှင်တော့
ထိုခရီးကား လွန်စွာ နီးကပ်သွားပြီဟု ဆိုနိုင်ပါသည်။
မော်လမြိုင်-ရန်ကုန်ခရီးစဉ်
ရိပ်သာမှအပြန်လမ်းတွင် သူ့စိတ်အစဉ်သည် အလာခရီးနှင့် ဆန့်ကျင်စွာပင် ကြည်သာရွှင်လန်းလျက်ရှိသည်။
နှစ်နှင့်ချီကာ ကိန်းအောင်းခဲ့သော သူ့ဆန္ဒအား အောင်မြင်စွာ အကောင်အထည်ဖော်ခွင့်ရခဲ့သည်သာမက
မော်လမြိုင်ဖားအောက်တောရရိပ်သာတွင် သီလရှင်အဖြစ် သီတင်းသုံးနေစဉ်ကာလအတွင်း ကျေးဇူးတော်ရှင်ဖားအောက်ဆရာတော်ဘုရားကြီးအား
သုံးကြိမ်တိုင်တိုင် ဖူးမြော်ခွင့်ရခြင်း၊ ဒါန၊ သီလ၊ ဘာဝနာအစုစုကို နေ့စဉ်မပြတ် ပြုကျင့်ခွင့်ရခြင်း၊
စိတ်စေတနာကောင်းမွန်ပြည့်ဝသော သူတော်ကောင်းများနှင့် ဆုံဆည်းရခြင်းတို့အပြင် သူဆန္ဒရှိခဲ့သည့်အတိုင်း
ကောင်းကျိုးမင်္ဂလာ ကုသိုလ်အဖြာဖြာနှင့် ပြည့်စုံသောမွေးနေ့ရက်မြတ်ကိုလည်း ဖြတ်သန်းခွင့်ရခဲ့လေသည်။
ဆန္ဒာဓိပတိဆိုသည့်အတိုင်း
စိတ်ဆန္ဒဦးစီးလျှင် လောကီခရီးသာမက လောကုတ္တရာခရီးသည်ပင် ထင်သလောက် မဝေးဘဲ နီးကပ်လျက်ရှိကြောင်း
သူလက်တွေ့သိမြင်လိုက်ရသည့်နောက်တွင် နိဗ္ဗာန်ခရီးကိုလည်း ဘ၀တိုတိုနှင့် နီးနိုင်သမျှ
နီးစပ်အောင် သူအားထုတ်ကြိုးပမ်းရပါဦးမည်။
မြတ်စွာဘုရား ပွင့်တော်မူသော
ဘဒ္ဒကမ္ဘာတွင် သဒ္ဓါတရားနှင့်ပြည့်စုံသော ဗုဒ္ဓသာသာဝင် လူသားတိုင်း သီလ၊ သမာဓိ၊ ပညာ ဖြည့်ကျင့်ပြီး မဂ္ဂင်ဖောင်စီး၍ ယခုဘ၀တွင်ပင်
နိဗ္ဗာန်ခရီးသို့ အရောက်သွားနိုင်ကြောင်းကို သူငယ်ငယ်က မြန်မာသင်ပုန်းကြီးဖတ်စာတွင်
ရွတ်ဆိုသင်အံခဲ့သည့် ‘ဤခရီးနီးသလား၊ ငါးနာရီလာရ၏၊၊ မီးရထား စီးလာပါ၊ အလကား မစီးရ’ သင်ခန်းစာကို
အမှီပြုရေးဖွဲ့ကာ နှုတ်ဖြင့်ဖွဖွ ရွတ်ဆိုကြည့်လိုက်မိပါတော့သတည်း။
ဤခရီး မဝေးပါ။
ယခုဘ၀မှာပင် ရောက်နိုင်၏။
မဂ္ဂင်ဖောင် စီးလာပါ။
သီလ၊ သမာဓိ၊ ပညာ ပြည့်ဝပါစေ။
ဇွန်မိုးစက်
မိခင်ကြီးအား ခြောက်လခွဲတိုင်တိုင်
နေ့စဉ်ရက်ဆက် ပြုစုခဲ့သော သမီးအလိမ္မာ ဇွန်မိုးစက်သည် စိတ်ပန်းလူပန်းဖြစ်နေခြင်းမှ အနားရအောင်
ရက်သတ္တပတ်မျှ တရားစခန်းဝင်ရန် ဆုံးဖြတ်လိုက်လေသည်။ ထိုသို့ ဆုံးဖြတ်လိုက်သည်နှင့် တပြိုင်နက်
မိမိမရှိသော ကာလတိုတစ်ခုအတွင်း အိမ်၏စားရေးသောက်ရေး အစစ အဆင်ပြေအောင် ငွေကြေးစိုက်ထုတ်၍
စီမံရပေတော့သည်။
တရားစခန်း၌ ၀တ်ဆင်ရန် လုံချည်အညိုများကို
တွေ့ပြီးဖြစ်၍ စင်ကျားပူတွင် ရိပ်သာဝင်စဉ်က ၀တ်လေ့ရှိသော အင်္ကျီအဖြူများသည် ဗီရိုသို့မဟုတ်သေတ္တာတစ်ခုခုထဲတွင်
ရှိရမည်ဟုတပ်အပ်ယုံကြည်၍ ရိပ်သာမသွားခင် နှစ်ရက်အလိုမှ အင်္ကျီဖြူများကို ထုတ်လျှော်ရန်
ကြံစည်ထားလေသည်။ သို့ရာတွင် ၀တ်နေကျ အင်္ကျီဖြူများအား ရှာမတွေ့သဖြင့် အနီးကပ်မှ ခေါင်းစားရတော့သည်။
သို့နှင့် မိခင်ကြီး ဥပုသ်နေ့တွင် ၀တ်ဆင်လေ့ရှိသော အင်္ကျီဖြူမှန်သမျှ ဆွဲထုတ်ပြီး ကိုယ်တွင်ကပ်ကြည့်ဝတ်ကြည့်ရရှာလေ၏။
လွန်ခဲ့သော ခြောက်လအတွင်း ကိုယ်အလေးချိန် ဆယ့်နှစ်ပေါင်ကျသွားခြင်း၏ အကျိုးကျေးဇူးကား
မိခင်၏အင်္ကျီများသာမက ယခင်က ကိုယ်နှင့်မတော်သဖြင့် အခြားသူများကိုပေးရန် ကြံစည်ထားသော
အင်္ကျီအကောင်းအဟောင်းများကိုပင် ပြန်လည်ဝတ်ဆင်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
ရိပ်သာမသွားခင် တစ်ရက်အလိုတွင်ကား အရေးကြီးကိစ္စတစ်ခုဖြင့်
မင်္ဂလာဒုံသို့ သွားရန်အကြောင်းတစ်ခု ပေါ်လာလေသည်။ ထိုနေ့မှ မသွားလျှင် မဖြစ်သည့်အတွက်
သွားရသေးသည်၊ ထိုမှအပြန် ရွှေတိဂုံစေတီတော်ကို ၀င်ရသဖြင့် နေ့တစ်ဝက်စွန်းစွန်း အချိန်ကုန်သွားရာ
ပစ္စည်းများသိမ်းဆည်းရန် အချိန်မလောက်ငှတော့ပေ။ ဤတွင် ပရီယောဂီသည် တစ်စုံတစ်ခုကို သတိပြုမိ၏။
အခြားမဟုတ် ခရီးတို၊ ရှည်ထွက်ခါနီးတိုင်းတွင် အကြောင်းကိစ္စကြီးငယ် တစ်စုံတစ်ရာ ပေါ်လာတတ်ခြင်းကြောင့်
အချိန်လုရသဖြင့် ခရီးမထွက်ခင်ရက်တွင် အခါတိုင်းထက် အဆပေါင်းများစွာ ပင်ပန်းလေ့ရှိသော
မိမိကံကို ဖြစ်လေသည်။
နောက်တစ်နေ့နံနက် ၈နာရီ၁၀မိနစ်ခန့်တွင်
ရန်ကုန်မှ တစ်နာရီခွဲခန့်မောင်းရသော အင်းတကော်စံပြကျေးရွာသို့ ဘေးမသီရန်မခ ရောက်ရှိခဲ့ပေသည်။ ယခင်က တစ်ကြိမ်တစ်ခါမှ
မရောက်ဖူးသော်လည်း ဧက၂၀ကျယ်ဝန်းပြီး သစ်ရိပ်ဝါးရိပ်တို့ဖြင့် အေးချမ်းလှသော ဖားအောက်တောရရိပ်သာကို
ယောဂီတစ်ယောက် မြင်မြင်ချင်း သဘောကျသွားလေသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် သိရသည်မှာကား
ဤရိပ်သာတွင် မြန်မာယောဂီဟူ၍ မိမိတစ်ယောက်တည်း ရှိခြင်းဖြစ်လေသည်။ ကျောင်းထိုင်ဆရာတော်နှင့်
ရဟန်းတစ်ပါး၊ ဆရာလေးသုံးပါးတို့မှလွဲ၍ ကျန်သံဃာ၊ သီလရှင်နှင့် ယောဂီတို့သည် နိုင်ငံရပ်ခြား
တိုင်းတစ်ပါးသားများ ဖြစ်ကြကုန်၏။ ယောဂီစိတ်တွင်းကား မြန်မာမရှိလေ၊ စကားပြောစရာမလို၍
မိမိတရားအားထုတ်ရန်ပို၍ အဆင်ပြေလေဟု မှတ်ယူထားသူဖြစ်ရာ ၀မ်းသာမိလေသည်။
ဆရာတော်၏ အစ်မဖြစ်သူက သွပ်မိုးထားသော
နှစ်ထပ်အုတ်ခံပျဉ်ထောင်အိမ်ဆောင်၏ အပေါ်ထပ်တွင် ယောဂီကို နေရာချပေးသည်။ အပေါ်တစ်ထပ်လုံးတွင်
မိမိအရင်ရောက်နှင့်ပြီးသော အခြားယောဂီတစ်ဦးကို မမြင်ရသေးခင်မှာပင် သူနှင့်ကပ်ရပ်အခန်းတွင်
ကြိုးတန်းပြီး လှမ်းထားသော အတွင်းခံဘောင်းဘီကို မြင်ရုံနှင့် ထိုယောဂီမည်သည့်နိုင်ငံသားဖြစ်သည်ကို
ယောဂီ ကြိုတင်ခန့်မှန်းပြီးဖြစ်လေသည်။ ယောဂီသည် အခန်းတစ်ခန်းဖြင့် သီးခြားနေလိုသော်လည်း
လူမနေသည်မှာ ကြာပြီဖြစ်၍ ဖုန်ထူနေသော အခန်းကို ရှင်းလင်းရမှာ အနည်းငယ်ပင်ပန်းမည် စိုးသည်ကတစ်ကြောင်း၊ မိမိခေါင်းထက် ကြိုးတန်းမှာ လွှားထားသော အတွင်းခံကို
ရုတ်ပေးရန် သူစိမ်းယောဂီတစ်ဦးကို မပြောလိုခြင်းကတစ်ကြောင်း အခန်းအပြင်ဘက်ရှိ ကျယ်ပြောသော
ဟောခန်းမထဲတွင်သာ တစ်ကိုယ်တည်းနေမည်ဟု ဆုံးဖြတ်လိုက်လေသည်။ (ရိပ်သာရောက်ပြီး ၅ရက်မြောက်နေ့တွင်မူ
ဗီယက်နမ်မှ အမျိုးသမီးဧည့်သည်လေးယောက် ယောဂီတို့အဆောင်တွင် နှစ်ညတာ တည်းခိုအိပ်စက်မည်ဖြစ်ကြောင်း
သိရသည့်အတွက် သူတို့အားနေရာပေးနိုင်ရန် ယောဂီခမျာ ပင့်ကူအိမ်များဖြင့် ယှက်နွယ်လျက်ရှိသော
အခန်းလွတ်ကို တစ်မနက်ခင်းမျှ အချိန်ပေး သန့်ရှင်းရေးလုပ်ပြီး ပြောင်းရွှေ့ခဲ့ရပေသည်။)
ပစ္စည်းများချပြီး နေရာထိုင်ခင်းအတွက် သန့်ရှင်းလှဲကျင်းနေစဉ် အခန်းထဲမှ လူမျိုးခြားယောဂီသည်
မိမိအား ဖုန်သုတ်ရန် မျက်နှာသုတ်ပုဝါစလေး ကမ်းပေးသဖြင့် ယောဂီသည် ကြောင်အမ်းအမ်းနှင့်
လှမ်းယူလိုက်သော်လည်း ကျေးဇူးတင်စကား မဆိုမိခဲ့ပေ။ သီလယူ၊ နေ့လယ်စာစားပြီး အဆောင်ပေါ်ပြန်တက်လာသည့်အခါတွင်မှ
သူမထံသွား၍ ကျေးဇူးတင်ကြောင်း ပြောဆိုဖြစ်တော့သည်။ သူမက ယောဂီအား ရန်ကုန်ကလားဟု မေးသည်ကို
ဟုတ်တယ်ဟု ပြန်ဖြေသည်မှလွဲ၍ သူမကို စကားပြန်မဆိုမိ။ ရိပ်သာတွင် စကားနည်းလေ၊ ကောင်းလေဟု
ယောဂီခံယူထားသည် မဟုတ်ပါလား။
နံနက် ၃နာရီ၄၅တွင် ဘုရားရှိခိုးတရားထိုင်ရန်
၃နာရီ၁၅တွင် အိပ်ယာမှ ထရသော်လည်း ယောဂီစိတ်အလျဉ်မှာ ကြည်လင်လျက်ရှိနေပေသည်။ မိမိအဆောင်မှ
သိမ်ရှိရာကို သွားရာလမ်းတလျှောက်သည် မှောင်မည်းလျက်ရှိရာ လက်နှိပ်ဓာတ်မီးအစွမ်းဖြင့်
ခလုတ်မထိဘဲ သွားလာနိုင်သော်လည်း ယောဂီမှာ နက်ပြာရောင်ကောင်းကင်တွင် စုံညီစွာတောက်ပနေသော
ကြယ်တာရာများကို မော်ကြည့်မိရာ ဟန်ချက်ပျက်၍ ချော်လဲမလို ဖြစ်သွားလေသည်။ အနှီယောဂီသည်ကား
ဖြစ်နိုင်လျှင် မြေကြီးပေါ် ပက်လက်လှဲအိပ်ပြီး လင်းလက်နေသည့် ကြယ်ပွင့်များကို မမှိတ်မသုန်
စိုက်ကြည့်ချင်မိ၏။ သို့သော် ယောဂီဟူသော သတိက ကပ်ပါလာလေရာ မိမိအာရုံကို ရှေ့တူရူသို့
ပြန်လွှဲရလေသည်။
လိပ်ပြာရောင်စုံများ၊ ကတ္တီပါရောင်တောက်နေသော
ပုဇဉ်းရင်ကွဲများ၊ ၀၀ီဝီမြည်ကာပျံဝဲနေသော ပိတုန်းကောင်များကြားတွင် ယောဂီတစ်ယောက် သာယာကြည်နူးနေမိ၏။
‘တောတောင်ရယ်သာ၊ မာလာကငုံဖူး၊ တစ်ပင်ကိုနှစ်ပင်ယှက်တယ်၊ ကျေးငှက်ကမြူး။’ ဆယ်စုနှစ်သုံးခုစာ
မရွတ်ဖြစ်သော ကဗျာလေးပင် ယောဂီမှတ်ဉာဏ်ထဲ အလိုလိုဝင်ရောက်လာလေသည်။ သို့ရာတွင် မိမိမြင်ဖူးသမျှ
အရွယ်အကြီးဆုံးဖြစ်သော ကင်းခြေများနှင့် ကင်းမြီးကောက်တို့ကို တွေ့ရသည့်အခိုက်တွင်မတော့
ယောဂီ၏နှလုံး အနည်းငယ် တုန်ယင်လာ၏။ အ၀ါရောင်အဆင်းရှိသော ဖားခုံညင်းတစ်ကောင် အိမ်သာထုတ်တန်းပေါ်မှ
ခုန်ချရာ ယောဂီခြေထောက်ပေါ်ကျ၍ ကြောက်လန့်တကြား အော်မိသေးသည်။ သြော်… တောထဲတောင်ထဲတွင်
တရားအားထုတ်ရသည်မှာ ထင်သလောက် မလွယ်ကူလှကြောင်း ယောဂီကိုယ်တွေ့ သိရှိရလေပြီ။ ဒါတောင်
ယောဂီနေထိုင်ရာရိပ်သာသည် တောနက်မဟုတ်သော တောစပ်တွင် တည်ရှိခြင်းဖြစ်သည်။ ညည့်နက်လျှင်တော့
ရှဉ့်ကလေးများ၏ စိန်ခေါ်သံလိုလို ဖိုသံပေးလိုလို အသံများကို ကြားရလေ့ရှိသည်။ ရိပ်သာနောက်ဘက်တွင်
အလွန်တရာမှ သာယာပြန့်ပြူးသော လမ်းကလေးကို အရုဏ်တက် နေထွက်ချိန်တစ်ခါ၊ ညနေဆည်းဆာ နေ၀င်ချိန်တစ်ခါ
လမ်းလျှောက်ထွက်သည့် အခါမျိုးတွင်တော့ ကင်မရာ မယူဆောင်ခဲ့မိသော ယောဂီသည် နောင်တရခြင်းကြီးစွာ
ဖြစ်မိလေတော့သည်။
အရုဏ်ဆွမ်းသုံးဆောင်ပြီးလျှင် တံမြက်လှည်းခြင်း၊
ရေချိုးခန်းအိမ်သာသန့်ရှင်းရေးလုပ်ခြင်း အစရှိသည့် ဝေယျာဝိစ္စ သန့်ရှင်းရေး ကုသိုလ်များကို
မိမိအသိစိတ်ဖြင့် ပြုကြရ၏။ တံမြက်လှည်းရင်း ပုရွက်ဆိတ်များ ၀ိုင်းအုံခဲကိုက်ခံနေရသော
ဧရာမတီကောင်ကြီးကို မြင်လျှင် သံဝေဂရသည်။ ထိုမှဆက်၍ သတ္တ၀ါမျိုးစိတ်ပေါင်း မရေမတွက်နိုင်ရှိနေသော
ဘဒ္ဒကမ္ဘာတွင် လူအဖြစ်ကိုရသော မိမိသည် ကံကောင်းပေစွ၊ ကောင်းလေစွဟု ဆင်ခြင်မိပြန်သည်။
တမလွန်မရောက်ခင် ယခုဘ၀ကတည်းက ကြိုးစားအားထုတ်မှသာလျှင် လူဖြစ်ရကျိုးနပ်မည် မဟုတ်ပါလား။
ထိုကဲ့သို့ အသိတရားရရှိပြီးနောက် ယောဂီတစ်ယောက်
အာနပါနကို ကြိုးစားရှုမှတ်လေသည်။ ၀င်လေထွက်လေကား သိမ်မွေ့လွန်း၍ ဟိုခုန်ဒီကူး ဖြစ်နေသော
မျောက်လွှဲကျော်ကဲသို့ အာရုံများသောစိတ်ဖြင့် ဖမ်းရမှတ်ရ ခက်လှပေသည်။ သမာဓိရဖို့ကား
ဝေးလေစွ။ ယောဂီတရားစခန်းမ၀င်ဖြစ်သည်မှာ ၄နှစ်နီးပါးပင်ရှိခဲ့ပြီ၊ တရားမထိုင်ဖြစ်သည်မှာလည်း
၇လခန့်ပင် ရှိလေရာ ဟိုဒီယောက်ယက်ခတ်နေသော စိတ်အစဉ်ကို တည်ငြိမ်အောင် ထိန်းရသည်မှာ ပင်ပန်းလှသည်။
သတိလွတ်လျှင် လွတ်သလို ဥဒိစ္စနှင့် ကုက္ကုစ္စတို့သည်လည်း တစ်လှည့်စီ အပြေးဝင်လာကပ်၏။ လက်ဖျစ်တစ်တွက်လျှင်
ကုဋေသိန်းချီဖြစ်သွားသော စိတ်အစဉ်ပေါင်းများစွာတွင် မိမိရေးမည့်စာအကြောင်းကို ကြံစည်စိတ်ကူးခြင်းကလည်း
ပါလိုက်သေးသည်။ တရားထိုင်ရင်း တွေးမိသည်ကား စာရေးဆရာမှန်လျှင် တရားကြာကြာရှုမှတ်နိုင်ပါမည်လောဟူ၍
ဖြစ်လေသည်။ ယောဂီကဲ့သို့ သာမန်ဝါသနာရှင်စာရေးသူတစ်ယောက်အနေနှင့် တရားထိုင်ရင်း စာရေးနေပါလျှင်
စာမရေးရ မနေနိုင်သော အနှီတန်းဝင်စာရေးဆရာစစ်စစ်များသည်လည်း တရားထိုင်ရင်း မိမိရေးမည့်စာများကို
စိတ်တွင်းမှာ အသံတိတ်စီကုံးနေနိုင်သည် မဟုတ်ပါလော။
ပထမသုံးရက်တွင်ကား သမာဓိမတက်သေးသော
ယောဂီစိတ်သည် လိပ်ပြာတစ်ကောင်နှယ်၊ ကုန်းပေါ်ရောက်ငါးသဖွယ် ဟိုမှဒီမှ လူးလာပျံသန်း ခုန်ပေါက်ခုန်ဆွ
ဖြစ်နေသေး၏။ လေးရက်မြောက်နေ့မှ အတန်ငယ်စိတ်တည်ငြိမ်လာလေသည်။ သို့သော် တရားထိုင်ချိန်တွင်
အနီးစပ်ဆုံးတွေ့ထိမိသော အမြင်အကြားအာရုံများကို ပြန်လည်မြင်ယောင် သုံးသပ်နေမိသေးရာ
ထိုအာရုံများထဲတွင် ယောဂီနှင့် တစ်ဆောင်ထဲနေ ပီကင်းမြို့သူ ကျင့်ရာ၊ ကြောင်ကလေးဝါဆိုနှင့်
ဆရာလေးပီယတို့ ပါဝင်လာလေသည်။
ယောဂီသည် အစောပိုင်းတွင် ကျင့်ရာနှင့်
သိပ်မရင်းနှီးသော်လည်း နောက်ပိုင်းတွင် အတော်လေး ခင်မင်သွားခဲ့လေသည်။ ရင်းနှီးသွားရခြင်း၏
အကြောင်းရင်းမှာ ကျင့်ရာသည် သူမနာမကျန်းဖြစ်ချိန်၌ အင်္ဂလိပ်စကားကို လည်လည်ဝယ်ဝယ် မပြောတတ်၍
ယောဂီက ကူညီဘာသာပြန်ကာ ပြောဆိုပေးရခြင်းကြောင့် ဖြစ်သည်။ အ၀တ်လှန်းသည့်ကိစ္စမျိုးတွင် တရုတ်ပြည်မကြီးသူပီပီ
အမြင်မတော် လှန်းတတ်သည့် အကျင့်ရှိသော်လည်း သူမသည် စိတ်ရင်းကောင်းမွန်လှပေသည်။ ယောဂီတွေ့ဖူးသမျှ
ပြည်ကြီးတရုတ်မများထဲတွင် စိတ်သဘောအကောင်းဆုံး ဖြစ်လေသည်။ တရားကျင့်ကြံအားထုတ်မှုနှင့်
ပတ်သက်လျှင် ကျင့်ရာသည် ယောဂီထက် စီနီယာကျ၏။ မြန်မာပြည်သို့ သုံးခေါက်တိုင်တိုင် လာရောက်ခဲ့ပြီး
မော်လမြိုင်ဖားအောက်တောရတွင် တစ်လကြာအောင် သီလရှင်ဝတ်နှင့် သီတင်းသုံးဖူးလေသည်။ ယခုတရားစခန်းတွင်လည်း
အနည်းဆုံးသုံးလကြာအောင် အားထုတ်မည်ဟု ရည်ရွယ်ကာ လာခဲ့ခြင်းဖြစ်လေသည်။ သို့သော် ရုတ်တရက်ပြန်ထလာသော
သူမ၏ ဝေဒနာဟောင်းက လရှည်ရိပ်သာဝင်ခြင်းကို အနှောင့်အယှက်ပြုလေရာ ကျင့်ရာခမျာ တစ်လနှင့်
ပီကင်းပြန်ရန် ဆုံးဖြတ်ရလေတော့သည်။ တရုတ်မလေး ကျင့်ရာ ထေရ၀ါဒကို လေးစားကိုးကွယ်ပုံမှာ
ယောဂီတို့ အတုယူအားကျရလောက်၏။ အကြောင်းမှာ သူမ၏ခင်ပွန်းသည် ဗုဒ္ဓဘာသာနှင့် တရားတော်မြတ်ကို
သူမကဲ့သို့ လေးစားယုံကြည်မှုမရှိသဖြင့် ကွာရှင်းခဲ့သည်ဟု ဆိုသည်။ သူမနှင့် ကွဲကွာပြီးမှ
ထိုယောက်ျားသည် ဘာသာတရားကို လေ့လာလိုက်စားခဲ့ပြီး ယခင်ကထက် စိတ်ထားပိုမိုကောင်းမွန်လာကာ
သူမအပေါ်တွင် မိတ်ဆွေကောင်းတစ်ယောက်အဖြစ် ပြန်လည်ဆက်ဆံလာကြောင်း ယောဂီအား ပြောပြ၍
သိခဲ့ရသည်။
ယောဂီနေထိုင်ရာ အဆောင်အောက်တစ်ဘက်ခြမ်းတွင်
မြန်မာဆရာလေးနှစ်ပါးသီတင်းသုံးနေထိုင်လျက်ရှိရာ မကြာခဏ ‘၀ါဆို’ ‘၀ါဆို’ ဟူသော ခေါ်သံကို
ကြားရတတ်၏။ နောင်မှ ထိုခေါ်သံသည် ကြောင်ကလေးကို ရှာဖွေခေါ်ဆိုခြင်းဖြစ်ကြောင်း သိလာရသည်။
ယောဂီမပြန်ခင်တစ်ညတွင် ထိုကြောင်ကလေး၏ ၀တ္ထုဆန်သော နောက်ကြောင်းကို သိခွင့်ရလေသည်။ ကြောင်မကြီးမေရီသည်
ဝါဆိုလပြည့်နေ့တွင် သားသုံးကောင်ပေါက်ရာ တစ်ကောင်ကို ၀ါဆို၊ တစ်ကောင်ကို လပြည့်၊ တစ်ကောင်ကို
ဂျူလိုင်ဟူ၍ အမည်ပေးထားကြသည်။ လပြည့်သည် ရက်ပိုင်းနှင့်ကွယ်လွန်သွားရာ ၀ါဆိုနှင့်ဂျူလိုင်တို့
ကျန်ခဲ့သည်။ တစ်ညတွင် မေရီအစာရှာသွားခိုက် တောကြောင်ကြီးတစ်ကောင်သည် ၀ါဆို့မျက်စိရှေ့တွင်
ဂျူလိုင်ကို ကိုက်ဆွဲသတ်စားလိုက်ရာ ၀ါဆိုလေးခမျာ ထရာမာရသွားရှာလေသည်။ မေရီပြန်ရောက်သော်
ဝါဆိုကို ကိုက်ချီ၍ သူမတို့နေထိုင်ရာ အဆောင်မှ ကြောင်တို့ခြေလှမ်းနှင့် အလွန်တရာဝေးကွာလှသော
ယခုယောဂီနေထိုင်ရာအဆောင်အောက်ဘက်က ဆရာလေးတို့ အဆောင်ရှေ့ကို လာပို့လေသည်။ အဘယ်ကြောင့်ဆိုသော်
တောကြောင်သည် ယောဂီတို့နေထိုင်ရာအဆောင်သို့ တစ်ခါမှလာရောက်ခြင်းမရှိသည်ကို မေရီသိနေသဖြင့်
သူ့သားလေးအတွက် လုံခြုံသောနေရာကို သယ်ယူခေါ်ဆောင်လာခြင်း ဖြစ်လေသည်။ ထိုမနက်က မိုးဖွဲဖွဲလေး
ကျနေရာ ၀ါဆိုလေးမှာ ဖုန်၊ သဲလူးပြီး မိုးရေကြားတွင် ခိုက်ခိုက်တုန်နေရှာ၏။ မေရီက အ၀တ်စုတ်လေးတစ်ခုကို
ကိုက်ချီပြီး ထိုအ၀တ်လေးပေါ်တွင် ၀ါဆို့ကိုယ်ကို တင်ထားကာ ဆရာလေးတို့ကို အော်ခေါ် ပြသလေသည်။
ထိုအချိန်မှစပြီး ၀ါဆိုလေးကို ဆရာလေးနှစ်ပါးက တောကြောင်အကိုက်မခံရအောင် ကြည့်ရှုစောင့်ရှောက်ရသည့်
တာဝန်တိုးခဲ့လေသည်။ မေရီသည် တစ်ကောင်တည်းကျန်သော ၀ါဆိုလေးကို မျက်စိအောက်မှ အပျောက်မခံဘဲ
အလွန်ချစ်မြတ်နိုးသည်ဟု ဆရာလေးများက ပြောပြသည်။ ၀ါဆိုသည်လည်း အမေမှလွဲ၍ အခြားသူ အကပ်မခံ၊
လူလည်း အလွန်ကြောက်တတ်သည်။ နောက်ပိုင်းတွင် ဆရာလေးနှစ်ပါး၏ နွေးထွေးကြင်နာမှုကြောင့်လည်းကောင်း၊
မေရီ နောက်ထပ်ကိုယ်ဝန်ဆောင်လာချိန်တွင် ၀ါဆိုကို သူ့အနားအကပ်မခံတော့သောကြောင့်လည်းကောင်း
သူ့ကိုယုယကြင်နာစွာ ထွေးပိုက်တတ်သော လူတို့နှင့် နီးနီးကပ်ကပ်နေထိုင်ရန် ယခင်ကထက် ၀ံ့ရဲလာတော့သည်။
ယောဂီမှာ ထိုအကြောင်းကြားသိရသော် သြော်… သတ္တ၀ါတစ်ခု၊ ကံတစ်ခုပါလားဟု ကြောင်ကလေးဝါဆိုအပေါ်
ကရုဏာသက်ခြင်း ကြီးစွာဖြစ်မိလေသည်။
အင်းတကော်ဖားအောက်ရိပ်သာတွင် တရုတ်၊
ဗီယက်နမ်၊ မလေးရှား၊ ကိုးရီးယား အစရှိသော အရှေ့တိုင်းအာရှနိုင်ငံများမှ ဆရာလေး (သီလရှင်)
များ နှစ်ရှည်လများနေထိုင်ပြီး တရားအားထုတ်ကြသလို အနောက်တိုင်းဥရောပနိုင်ငံမှ ဆရာလေးတစ်ပါးလည်း
လာရောက်အားထုတ်လျက်ရှိလေသည်။ ၀ိနည်းနှင့်အညီ ပြုမှုလှုပ်ရှား ဆောင်ရွက်နေသော ထိုဆရာလေးကို
ယောဂီအာရုံတွင် ထူးထူးခြားခြား ကြည်ညိုစိတ်ဝင်မိသည်နှင့်အမျှ သူ့ကို ဂရုတစိုက် သတိပြုကြည့်မိရာ
ဆရာလေးပီယသည် မြန်မာစကားအနည်းငယ်ကို နားလည်သည့်အပြင် မဟာသတိပဋ္ဌာနသုတ်မှလွဲ၍ ကျန်သော
ပါဋိဘုရားရှိခိုးဘုရားစာများအားလုံးလိုလိုကို စာအုပ်မကြည့်ဘဲ လက်အုပ်ချီကာ အလွတ်ရွတ်ဆို
ပူဇော်နိုင်သည်ကို တွေ့ရလေသည်။ ဝေယျာဝစ္စနှင့် ဆွမ်းပန်းရေချမ်းကပ်လှူခြင်းတို့ကိုလည်း
ငယ်ဖြူတစ်ပါးအလား ကျွမ်းကျင်စွာ ဆောင်ရွက်ဆည်းကပ်နိုင်သည်ကိုလည်း တွေ့ရသည်တွင် ယောဂီသည်
ဆရာလေး၏ ဗုဒ္ဓဘာသာအပေါ် မည်ကဲ့သို့ ကိုးကွယ်ယုံကြည်ဆည်းကပ်လာပုံ၊ မြန်မာနိုင်ငံသို့ မည်သည့်အဆက်အစပ်ဖြင့်
ရောက်ရှိလာပုံတို့ကို လွန်စွာသိချင်စိတ် ဖြစ်ပေါ်လာလေတော့သည်။
နိုင်ငံခြားသားဆရာလေးနှင့် ယောဂီများ
ကျင့်ကြံအားထုတ်ရာ အနှီရိပ်သာတွင် ဆရာတော်၊ မလေးဆရာလေးတစ်ပါးနှင့် မြန်မာဆရာလေးတစ်ပါးသာ
အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောဆိုတတ်သည်ဖြစ်ရာ တရားလျှောက်ချိန်တွင် တရုတ်ဆရာလေးအတွက်
မလေးဆရာလေးမှ အင်္ဂလိပ်လို ဘာသာပြန်လျှောက်တင်ပေးပြီး၊ ကိုရီးယားဆရာလေးနှစ်ပါးတွင် အင်္ဂလိပ်စာအတန်အသင့်ပြောဆိုနိုင်သော
ဆရာလေးတစ်ပါးမှ နောက်တစ်ပါးအတွက် ဘာသာပြန်ဆိုပေးကြောင်း သိရသည်။ ဗီယက်နမ် ကိုယ်တော်နှစ်ပါးမှာ
အမေရိကတွင် အခြေချနေထိုင်ခဲ့သူများဖြစ်၍ အင်္ဂလိပ်စကား ကောင်းစွာပြောကြားနိုင်သော်လည်း
ဗီယက်နမ် ဆရာလေး ၄ပါးတွင် အငယ်ဆုံးဆရာလေး သိရီစန္ဒာတစ်ပါးသာ အင်္ဂလိပ်စကား ပြောဆိုတတ်၍
တရားစစ်ချိန်တွင် ကျန်သုံးပါးကိုယ်စား သူမက ဘာသာပြန်ဆို လျှောက်တင်ပေးမှ အဆင်ပြေလေသည်။
သို့ရာတွင် ဆွမ်းချက်ဆောင်မှ ဝေယျာဝိစ္စ
ဒကာ၊ ဒကာမများနှင့် ဆက်သွယ်ပြောဆိုလိုလျှင် မြန်မာစကားတတ်မှ ခရီးပိုတွင်ကြောင်း ထင်ရှားရကား
ဆရာလေးတို့သည် မြန်မာစကားကို မဖြစ်မနေ သင်ယူလေ့လာကြရာ မလေးရှားဆရာလေးသုမေဒါနှင့် ဗီယက်နမ်ဆရာလေးသိရီစန္ဒာတို့မှာ
မြန်မာစကားကို အတော်အသင့် တီးခေါက်နားလည်ပြီး ပြန်လည်ပြောဆိုနိုင်ကြသည်ကိုတွေ့၍ ယောဂီပင်
တအံ့တသြနှင့် အထင်ကြီးမိလေသည်။ ဆရာလေးပီယသည်လည်း
ဆွမ်းချက်ဆောင်တွင် ဒကာမများနှင့် ပြောဆိုဆက်ဆံနိုင်ရေးအတွက် မြန်မာစာကို ကြိုးစားလေ့လာလျက်ရှိရာ
သူမအခက်အခဲကြုံတွေ့စဉ် ယောဂီက ၀င်ရောက်ဘာသာပြန်ဆို ဖြေရှင်းပေးခွင့် ရလေသည်။ ယောဂီ
ရိပ်သာရောက်စတွင် ကျင့်ရာ၊ ဆရာလေးသုမေဒါနှင့် အင်္ဂလိပ်လို ပြောဆိုဆက်ဆံသည်ကို ကြားရသူ
ကပ္ပိယအချို့သည် ယောဂီအား နိုင်ငံရပ်ခြားမှ လာရောက်အားထုတ်သူဟူ၍ပင် ထင်မှတ်မှားကာ အင်္ဂလိပ်လို
ပြောဆိုဆက်ဆံခြင်း ခံရသည်ကို ကြုံလိုက်သေး၏။ နောင် ယောဂီနှုတ်မှ မြန်မာစကားပီပီသသ ပြောသံကြားသောအခါ
သြော်… အစ်မက မြန်မာပဲဟု ရယ်မောကာမှတ်ချက်ပေးတော့သည်။ ဤအကျိုးဆက်သည် ယောဂီအား ဆွမ်းချက်ဒကာမများနှင့်
ဆရာလေးတို့အကြား စကားပြန်အဖြစ်ရောက်အောင် အလိုလို တွန်းပို့လိုက်သကဲ့သို့ ရှိတော့သည်။
ရောက်ရာအရပ်တွင် သူတစ်ပါးကို ကူညီခွင့်ကြုံသော ယောဂီအဖို့ မြန်မာ-အင်္ဂလိပ်၊ အင်္ဂလိပ်-မြန်မာ
စကားပြန်အဖြစ်ကို ကျေကျေနပ်နပ် ခံယူကူညီပေးခဲ့လေသည်။
ယောဂီသည် မြန်မာအရောက်အပေါက်များပြီး
ထေရ၀ါဒဗုဒ္ဓသာသနာအကြောင်း အတန်အသင့်ပေါက်ရောက်သိကြားနိုင်သော အမေရိက၊ အင်္ဂလန်၊ သြစတြးလျ
အစရှိသောနိုင်ငံများမှ လာရောက်တရားအားထုတ်သော မျက်နှာဖြူနိုင်ငံခြားသားရဟန်း၊ သီလရှင်များကို
မြင်လျှင် အထူးတလည် အံ့သြခြင်း မရှိခဲ့ပေ။ သို့သော် ဖားအောက်တောရတွင် တွေ့ဆုံခဲ့ဖူးသော
ရှားရှားပါးပါး အာဖရိကနိုင်ငံ အန်ဂိုလာမှ ရဟန်းတစ်ပါးနှင့် ဥရောပအရှေ့မြောက်ခြမ်း လစ်သူရေးနီးယားနိုင်ငံမှ
ဆရာလေးပီယတို့အား များစွာအံ့သြခြင်း ဖြစ်မိလေသည်။ ဆရာလေးပီယကိုယ်တိုင်ကလည်း ရိုမန်ကတ်သလစ်ကိုးကွယ်သော
လစ်သူရေးနီးယားနိုင်ငံမှ ထေရ၀ါဒဗုဒ္ဓသာသနာထွန်းကားသော မြန်မာပြည်တွင် လာရောက်နေထိုင်သီတင်းသုံးသော
သူမတစ်ပါးတည်းသာရှိနိုင်ကြောင်း အခြားဆရာလေးများကို ပြောဆိုခဲ့ဖူးကြောင်း ယောဂီ ပြန်လည်ကြားသိရသည်။
လစ်သူရေးနီးယားနိုင်ငံသူ ဆရာလေးပီယသည်
လစ်သူရေးနီးယန်း၊ ရုရှ၊ အင်္ဂလိပ်စာ ဘာသာစကားသုံးမျိုးကို ကျွမ်းကျင်စွာပြောဆိုနိုင်သည့်အပြင်
ပါဋိဘာသာရပ်ကိုလည်း အိန္ဒိယနိုင်ငံ၌ လေ့လာဆည်းပူးခဲ့သေးသည်။ အိန္ဒိယမှတစ်ဆင့် မြန်မာနိုင်ငံရှိ
ဖားအောက်တောရတွင် လာရောက်တရားအားထုတ်နေသည်မှာ ၂နှစ်ခန့်ရှိပြီဖြစ်သော်လည်း မြန်မာစကားသည်
အလွန်ခက်ခဲကြောင်း၊ သို့သော် ဆွမ်းချက်ဆောင်တွင် ဝေယျာဝိစ္စဒကာမများနှင့် လွယ်လင့်တကူ
ပြောဆိုဆက်ဆံနိုင်ရေးအတွက် အချို့သောစကားများနှင့် စာကြောင်းများကို မရအရ သူမ သင်ယူကျက်မှတ်ရမည်ဖြစ်ကြောင်း
ယောဂီကို ပြောပြလေသည်။ ဆရာလေးပီယသည် လစ်သူရေးနီးယားသို့ပြန်ရန် အစီအစဉ်မရှိဘဲ မြန်မာပြည်တွင်သာ
နေထိုင်ပြီး တစ်သက်တာ တရားအားထုတ်သွားမည့်အကြောင်း ယောဂီသိလိုက်ရသည်တွင် မြန်မာစာနှင့်
ပတ်သက်ပြီး ဆရာလေး၏ အခက်အခဲကို ကူညီရန် ဆုံးဖြတ်လိုက်လေသည်။
ထို့ကြောင့် ယောဂီမပြန်ခင်တစ်ရက်အလိုတွင်
လေးမျက်နှာပါ ဗလာစာရွက်တစ်ရွက်ရှာကာ ဆွမ်းချက်ဆောင်နှင့် ပတ်သက်ပြီး သိသင့်သိထိုက်သော
အခေါ်အဝေါ်အသုံးအနှုန်းများ၊ ဆရာလေးပီယ ကျောင်းသင်္ခမ်းတွင် အသုံးလိုမည်ဟုထင်ရသော ပစ္စည်းပစ္စယများ၊
ဤရိပ်သာတွင် သီတင်းသုံးနေစဉ်တလျှောက် လိုအပ်အသုံးဝင်မည်ထင်သော စကားစုများအား အင်္ဂလိပ်စာ-ဘားဂလစ်ရှ်
(အင်္ဂလိပ်အက္ခရာဖြင့်ပေါင်းထားသော မြန်မာအသံထွက်)-မြန်မာစာ သုံးကော်လံခွဲ၍ စုစည်းရေးသားပြီး
ဆရာလေးပီယအား ပေးလိုက်ရာ ဆရာလေးမှာ လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်ပြီး လက်ခံယူလေသည်။
ညနေဘုရားဝတ်တက်ပြီးချိန်တွင် ယောဂီရေးထားပုံကို သူအလွန်ကြိုက်နှစ်သက်ကြောင်း၊ ကျေးဇူးတင်ကြောင်း
လာရောက်ပြောဆိုသည့်အပြင် နောက်တစ်ခါ နင်လာရင်တော့ ငါမြန်မာလိုအားလုံးသိသွားတော့မှာဟု
ပြုံးရယ်ကာ ပြောခဲ့ခြင်းကြောင့် ယောဂီမှာ ၀မ်းသာကြည်နူးမိလေတော့သည်။
ယခုတစ်ခေါက် တရားစခန်းမှအပြန်တွင် ယောဂီတစ်ယောက်
တရားထူးတရားမြတ်များ ရမလာခဲ့သော်လည်း အဖိုးတန်သော အသိတရားတစ်ခုကို ရရှိခဲ့လေသည်။ ဤသည်မှာ
ယောဂီသည် မြန်မာလူမျိုးဖြစ်ရခြင်းနှင့်အတူ စစ်မှန်သော ထေရ၀ါဒထွန်းကားရာ တစ်ခုတည်းသောနိုင်ငံဖြစ်သည့်
မြန်မာပြည်တွင် ဆရာသမားကောင်းတို့၏ လမ်းညွှန်ပြသမှုဖြင့် နိဗ္ဗာန်ရောက်ကြောင်း တရားအားထုတ်ခွင့်ရသူဖြစ်ရာ
မိမိမည်မျှကုသိုလ်ကံကောင်းကြောင်း ယခင်ကထက်ပို၍ သတိချပ်မိခြင်း ဖြစ်လေသည်။ စစ်မှန်သောတရားကို
အလိုရှိသူတို့သည် ဘာသာစကား၊ ရာသီဥတု၊ အစားအသောက် မတူညီကွဲပြားခြားနားသော အရပ်ဒေသတွင်
အခက်အခဲများကို ကြံ့ကြံ့ခံရင်ဆိုင်ကာ အပတ်တကုပ်ကြိုးစားသင်ယူအားထုတ်လျက်ရှိသော်လည်း
ထိုအခက်အခဲများကို တကူးတက ကြုံတွေ့ကျော်ဖြတ်စရာမလိုသော ယောဂီတို့ မြန်မာလူမျိုးများသည်
မိမိတို့ လက်တကမ်းမှာရှိသော၊ လွယ်လင့်တကူ အရယူနိုင်သော အဖိုးမဖြတ်နိုင်သော တရားရတနာ၏တန်ဖိုးကို
အမေ့မေ့အလျော့လျော့ဖြစ်လျက် ဂရုမစိုက်ဘဲ နေမိကြသည်မှာ လွန်စွာမှ နှမြောစရာ ကောင်းလှပေသည်။
ယောဂီသည် ကျင့်ရာ၏ဖုန်းကင်မရာဖြင့်
ရိုက်ကူးခဲ့သော အထက်ပါ ပုံလေးကိုကြည့်ရင်း ကန်စပ်က စုတ်ချာနေသောတဲငယ်သည် ခေတ်အဆက်ဆက်
မင်းဆိုးမင်းညံ့တို့လက်ထက် ကျဆင်းခဲ့၍ အဘက်ဘက်က
ချို့တဲ့ဆင်းရဲနုံချာရရှာသော မြန်မာပြည်နှင့်တူသော်ငြား ရေကန်ထက်က ကြာများသည် တိုင်းပြည်၏
တစ်ခုတည်းသော ချမ်းသာဂုဏ်ယူစရာ ထေရ၀ါဒ ဓမ္မပန်းကြာများဖြစ်သည်ဟု နှိုင်းယှဉ်ကာ ပီတိပွားလိုက်မိလေတော့သတည်း။
အိုဘယ့် ယောဂီ
စိတ်ကို တည်ကြည်
ငြိမ်အောင် သတိ
ထားကပ်ပါလည်း
တရားမတက်
စိတ်မပျက်ဘဲ
ကြိုးစားထုတ်မည်
နိဗ္ဗာန်ဆီ…။
ဇွန်မိုးစက်
ငါ့စာကို မျှော်နေပြီလား ညို။ ဒီတလော
ငါနဲနဲအလုပ်များသွားလို့ စာကို ချက်ခြင်းအပြီးမသတ်နိုင်ဖြစ်သွားတာ။
တကယ်တော့ ကဒါတ်စိန်ခရီးကိုသွားဖို့
အစက မရည်ရွယ်ခဲ့ဘူးဟ။ အမေ့ကျန်းမာရေးအခြေအနေကြောင့် ကတိုက်ကရိုက်ပြန်ရတာလည်းဖြစ်၊ အမေ့ကို
နေ့စဉ်အနီးကပ်ပြုစုရတဲ့သူလည်းဖြစ်တော့ ဆေးရုံနဲ့အိမ်က လွဲပြီး ဘယ်မှ သွားနိုင်လိမ့်မယ်လို့လည်း
ထင်မထားခဲ့ဘူး။ ဒါပေမယ့် ဖိုးလေးနဲ့ငါ ခြောက်လလောက်အတူနေခွင့်ရခဲ့တဲ့အချိန်တွေမှာ သူပြောပြတတ်တဲ့
ငယ်ဘ၀ အမှတ်တရတွေအကြောင်း ကြားခဲ့ရတဲ့ငါ၊ သူ့သားသမီးတွေကိုတောင် မပြောပြဖြစ်ဘဲ ငါ့တစ်ယောက်တည်းကိုပဲ
ဖွင့်ပြောခဲ့တဲ့ သူ့ဆန္ဒကို သိလိုက်ရတဲ့ငါဟာ သူလွမ်းဆွတ်နေတဲ့ ပဲခူးတိုင်းအတွင်းက နေရာလေးနှစ်နေရာ၊
ရွာလေးနှစ်ရွာရှိရာကို ငါကျောင်းပြီးလို့ မြန်မာပြည်ပြန်တဲ့အချိန်မှာ သူ့ကိုယ်စားသွားကြည့်ဖို့
စိတ်ထဲမှာ ရည်စူးထားခဲ့ဖူးတယ်။
အသက် ၉၁နှစ်ထဲရောက်နေတဲ့ အဖိုးအတွက်
နောက်ထပ်အချိန်ဘယ်လောက်ကျန်မယ်ဆိုတာ မသိနိုင်ဘူးလေ။ ငါကျောင်းပြီးတဲ့အထိဆို နောက်ခြောက်လလောက်
ထပ်စောင့်ရမယ်။ ခြောက်လအတွင်း ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး မဟုတ်လား။ အမေ့ကျန်းမာရေးကိုပဲကြည့်လေ။
မသေချာတဲ့ အနာဂတ်ကို မစောင့်ချင်တော့တဲ့ငါ ဆေးရုံမှာ လူနာစောင့်နေရင်းနဲ့ပဲ ဒီတစ်ခေါက် ငါမြန်မာပြည်ပြန်ရောက်နေတုန်း
အဖိုး ပြောပြဖူးတဲ့ ရွာလေးနှစ်ရွာကို ရောက်အောင်သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ကျသွားတာပဲ။
ငါ့ဆန္ဒကို ငါ့လိုပဲ အဖိုးရဲ့ နောက်မြေးဝမ်းကွဲတစ်ယောက်ဖြစ်တဲ့ အစ်ကိုတစ်ယောက်ကို ပြောပြတော့
သူကလည်း စိတ်ဝင်တစားနဲ့ ငါသွားချင်တဲ့နေရာကို လိုက်ပို့ပေးမယ်ဆိုတာနဲ့ ငါ့ရည်ရွယ်ချက်တစ်ဝက် အထမြောက်သွားတယ် ဆိုပါတော့။
ငါ့မောင်လေးရုံးပိတ်ရက်နဲ့တိုက်ပြီး
စနေနေ့မှာသွားဖို့ စီစဉ်လိုက်တယ်။ တစ်ညအိပ်ခရီးဆိုရင် လူပင်ပန်းတာ ပိုသက်သာမှန်း သိနေပေမယ့်
ငါက တနင်္လာနေ့ပြန်ရမှာဆိုတော့ စနေနေ့ညနေမှာ ရန်ကုန်ပြန်ရောက်မှဖြစ်မယ်လေ။ သွားမယ့်ရွာနှစ်ရွာနာမည်နဲ့
တည်နေရာ အကြမ်းမျဉ်းကိုတော့ သိထားပြီ။ ဘယ်လိုရောက်အောင်သွားကြမလဲဆိုတာက နဲနဲခေါင်းစားစရာဖြစ်နေတယ်။
ကိုယ်တစ်ခါမှမရောက်ဖူးတဲ့ ရွာတစ်ရွာမှာ ဆွေမျိုး မိတ်ဆွေ အသိအကျွမ်း အခံမရှိဘဲ သွားဖို့ဆိုတာ
သိပ်တော့မလွယ်လှဘူး။ ဒါပေမယ့် အဲဒီ့ရွာရဲ့တည်နေရာနဲ့ပတ်သက်ပြီး အတည်ပြုချင်လို့ မဇင်ကို
မျက်နှာစာအုပ်ကနေ လှမ်းမေးခဲ့ဖူးတယ်။ တိုက်ဆိုင်ချင်လို့လားတော့ မသိဘူး ကဒါတ်စိန်နဲ့
ဝဲပဒန်ရွာတွေက စင်္ကာပူမှာ ငါတို့နဲ့အတူနေခဲ့ဖူးတဲ့ မဇင်ရဲ့ ဇာတိဖြစ်တဲ့ က၀မြို့နယ်ရဲ့
ကျေးရွာအုပ်စုဝင် ဖြစ်နေတာ။ ဒါကြောင့် ငါတို့ဘယ်လိုသွားရင် ရောက်နိုင်မလဲဆိုတာ ဇာတိနယ်ချင်းတူတဲ့
အစ်မကိုမေးရင် သိနိုင်တယ်လို့ ငါ့ဦးနှောက်က သတင်းပို့တာနဲ့ သူ့ကို ဆက်သွယ်ပေးဖို့
နင့်ကို အကြောင်းကြားလိုက်တာ။ စင်္ကာပူက မဇင်ပြောတဲ့အတိုင်း ရန်ကုန်က သူ့ညီမ မမိုးကိုဆက်သွယ်၊
မမိုးက ပဲခူးတိုင်းနယ်အတွင်းက အုန်းနှဲရွာကို လှမ်းဖုန်းဆက်… အဲလို အဆင့်ဆင့်နဲ့ ဆက်သွယ်ချိတ်ဆက်ပြီးတဲ့အခါမှာတော့
ငါတို့မောင်နှမနှစ်ယောက်ကို ကဒါတ်စိန်ရွာအရောက် လိုက်ပို့ဖို့ ကူညီစီစဉ်ပေးလိုက်ကြတယ်
ဆိုပါတော့ဟာ။
ငါတို့ခရီးစဉ်က ဒီလိုဟ။ ရန်ကုန်ကနေ
မနက် ၆နာရီ ပဲခူးကို ထွက်တဲ့ကားနဲ့လိုက်မယ်၊ အင်းတကော်ရောက်ရင်ဆင်းပြီး ကယ်ရီ (ဆိုင်ကယ်)
နဲ့ အုန်းနှဲက မဇင်တို့ ညီမ၀မ်းကွဲ မနှင်းတို့အိမ်ကို သွားရမယ်။ အုန်းနှဲကနေမှ ကဒါတ်စိန်နဲ့
ဝဲပဒန်ကို ကယ်ရီနဲ့ထပ်ခရီးနှင်ရမယ်။ အင်းတကော်ကနေ အုန်းနှဲကို ကယ်ရီခ သုံးထောင်ကနေ
လေးထောင်ကြားကျမယ်ဆိုတာ ကြားသွားတဲ့အဖေက သမီး… ကယ်ရီနဲ့ သုံးထောင်ပေးရတဲ့ခရီးက နီးမှာ
မဟုတ်ဘူးနော်၊ လမ်းကလည်းကြမ်းဦးမှာ၊ သမီး ခါးတွေနာ၊ ဒူးတွေနာလိမ့်မယ်၊ နောက်တစ်ရက်ပြီးတာနဲ့
လေယာဉ်လည်း အကြာကြီးပြန်စီးရဦးမှာ၊ မသွားဘဲနေလို့ရရင် မသွားပါနဲ့ဆိုပြီး တားတယ်။ သူအဲလိုပြောတာနဲ့
ငါလည်း ခရီးစဉ်ကို အုန်းနှဲမှာပဲ ရပ်ထားလိုက်တယ်။ ဟိုဘက်ဆက်သွားမယ့်အကြောင်း အသိမပေးတော့ဘူး။
သူပိုပြီးစိတ်ပူနေမှာစိုးလို့။ ငါဘာကြောင့်သွားတာလဲဆိုတာ အဖေ မသိဘူး။ အဖေ့စိတ်ထဲမှာ
ငါ မြေကွက်သွားကြည့်မှာလို့ ထင်နေတာ။ ငါ့အတွက်တော့ ဒီခရီးက မသွားမဖြစ်အရေးကြီးတယ်ဆိုတာ
ငါပဲသိတယ်။ ငါ့ကို အဖိုးကိုယ်စား မြေးအရင်းတစ်ယောက်လို ပြုစုစောင့်ရှောက်ခဲ့တဲ့ အဖိုးလေးအတွက်၊ သူ့ရဲ့နောက်ဆုံးဆန္ဒအတွက်
ငါလုပ်နိုင်သလောက်တော့ လုပ်ပေးချင်တယ်။ ဒါကြောင့်လည်း ဒီခရီးကို ပင်ပန်းမှာသိသိကြီးနဲ့
ငါအရောက်သွားမှာ။ အမေ့ကို နေ့မအား၊ ညမအားပြုစုထား၊ သွေးလည်းလှူထားတဲ့ ငါဟာ အရမ်းကြီး
လန်းဆန်းမနေပေမယ့် အားဆေးတွေသောက်ပြီး စိတ်တင်းထားခဲ့တယ်။ ခေါင်းမာတတ်တဲ့ နင့်သူငယ်ချင်းအကြောင်း
နင်အသိဆုံး မဟုတ်လား။ ငါသွားမယ်လို့ ဆုံးဖြတ်ပြီးမှတော့ အဖေသိပ်မသွားစေချင်တဲ့ကြားကပဲ
ထွက်ခဲ့တယ်။ တကယ်တမ်း ငါသွားမယ့်မနက်ရောက်တော့ အဖေလည်း မနက်စောစောလိုက်ထပြီး ငါ့ကို
ကားဂိတ်အထိ လိုက်ပို့ပေးခဲ့တယ်။
ရန်ကုန် သင်္ကန်းကျွန်းဈေးနားက ကမ္ဘာကျော်ကားဂိတ်ကနေ
ဟီးနိုးဘတ်စ်ကားကြီးစီးပြီး ထွက်ခဲ့တာ အင်းတကော်ကို မနက် ခုနစ်နာရီခွဲလောက်မှာ ရောက်သွားတယ်။
အုန်းနှဲကို ကယ်ရီသမားက ၄၀၀၀ တောင်းတယ်။ မမိုးက ဖုန်းထဲကနေ ဈေးလှမ်းစစ်ပေးတော့ ၃၅၀၀နဲ့ရသွားတယ်။
မသွားခင် ငါနဲ့အစ်ကို ကယ်ရီဂိတ်နားကဆိုင်မှာ မနက်စာအရင်ဝင်စားလိုက်တယ်။ ပြီးတော့ အုန်းနှဲကိုသွားဖို့
ဆိုင်ကယ်ပေါ်တက်ရတယ်။ အမှန်အတိုင်းပြောရရင် ငါသွားသာ သွားရမှာ၊ ကယ်ရီနဲ့ ခရီးဝေး မသွားဘူးတော့
စိတ်ထဲမှာ ကြောက်နေတယ်။ ငယ်ငယ်က အစ်ကိုတစ်ယောက်ရဲ့ ဆိုင်ကယ်နောက်မှာ ငါတို့အငယ်သုံးယောက်လိုက်ပြီး
အပျော်စီးတာမျိုးလောက်ပဲ အတွေ့အကြုံရှိခဲ့တာ။ အခုက တောကိုသွားမှာဆိုတော့ လမ်းကလည်းကြမ်းဦးမှာ။
ဆိုင်ကယ်သမားရှေ့ကထိုင်၊ ငါက အလယ်မှာ၊
ပြီးတော့ အစ်ကိုက ငါ့နောက်မှာ။ ငါထိုင်လိုက်တော့မှ ထိတ်ခနဲဖြစ်သွားတယ်။ ငါ အလယ်ကစီးမှာဆိုတော့
တစ်ခုခုကို ကိုင်ထားစရာ နေရာမှ မရှိတာ။ ဒီအတိုင်းလက်လွှတ်ပြီး တစ်လမ်းလုံးစီးလို့ ဘယ်ဖြစ်ပါ့မလဲ။
ဟယ်… ကိုင်စရာလဲမရှိဘူးလို့ ငါ အလန့်တကြားပြောလိုက်မိတော့ ကယ်ရီဆရာက အစ်မ ကျွန်တော့်ပုခုံးကို
ကိုင်ပြီး လိုက်ခဲ့ပါဆိုတာနဲ့ ငါလည်း သူ့ပုခုံးနှစ်ဘက်ကို မိမိရရ ကိုင်လိုက်တော့မှ
အကြောက်ပြေသွားတယ်။ အစ်ကိုကတော့ ဆိုင်ကယ်နောက်ခုံက တန်းကို လက်ပြန်ကိုင်ပြီး လိုက်ခဲ့တယ်။
တော်သေးတယ် အင်းတကော်ကနေ အုန်းနှဲကို လမ်းကောင်းလို့။ ကတ္တရာလမ်းမို့ ဖုန်လည်း သိပ်မထူဘူး။
လမ်းမှာ ဖြတ်သွားဖြတ်လာ ကယ်ရီအချင်းချင်းတွေ့တော့ သူတို့ခေါင်းကို လက်ညှိုးထိုးပြီး
မေးငေါ့ပြတယ်။ ငါလည်း အဲဒီမှာ သတိရသွားတယ်၊ ငါ့မှာ ဆိုင်ကယ်စီးဦးထုပ်မှ မဆောင်းထားတာ။
သူ့မှာလည်း အပိုရှိပုံမပေါ်ဘူး။ ရဲတွေ့ရင် လမ်းမှာတားပြီး အဖမ်းခံရတော့မလားလို့ စိတ်ပူသွားတယ်။
ပိုက်ဆံဘယ်လောက်ပေးရင် ရနိုင်မလဲလို့လည်း စိတ်က တွက်ကြည့်သေးတယ်။ တကယ်တော့ သူတို့အချင်းချင်း
ဘယ်နားမှာ ရဲရှိတယ်၊ မရှိဘူး အချက်ပြတာ၊ ငါ့မှာ ဦးထုပ်ပါတာ မပါတာနဲ့ မဆိုင်မှန်း ခရီးနီးဆုံးခါနီးမှသိတော့တယ်။
နင့်သူငယ်ချင်း မြို့ကျပုံများ။ :D
မိနစ်ငါးဆယ်လောက်အကြာမှာ အုန်းနှဲက
မနှင်းတို့အိမ် ရောက်တယ်။ ကဒါတ်စိန်ကို ခရီးဆက်ဖို့ ကယ်ရီသမားကလည်း အဆင်သင့်စောင့်နေတယ်။
သူတို့နဲ့ပြောကြည့်မှ ကဒါတ်စိန်ခရီး မနီးမှန်းသိလိုက်တယ်။ အုန်းနှဲကနေ ကဒါတ်စိန်ကို
ကယ်ရီနဲ့ တစ်နာရီခွဲ သွားရမှာ။ လမ်းကြမ်းတယ်၊ ဖုန်တအားထူတယ်လို့ သတိပေးတယ်။ ၀ဲပဒန်က
စစ်တောင်းမြစ်ဝအခြမ်းဘက်ပိုနီးလို့ ခရီးပိုဝေးတယ်။ သရက်ကုန်းကနေ နောက်ထပ် နှစ်နာရီခွဲလောက်
သွားရမယ်ဆိုတာသိလိုက်ရတော့ တစ်ရက်ခရီးနဲ့သွားဖို့ ဘယ်လိုမှ အဆင်မပြေနိုင်တော့ဘူး။ ပဲခူးကနေ
ရန်ကုန်ပြန်ထွက်မယ့်နောက်ဆုံးကားက ညနေ လေးနာရီခွဲထွက်မှာဆိုတော့ အဲဒါအမှီ ပြန်ရောက်ဖို့
ကဒါတ်စိန်တစ်ရွာထဲကိုပဲ သွားလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် တစ်ရွာရောက်တာ
လုံးဝမရောက်တာထက်စာရင် အများကြီးကောင်းတာပဲ မဟုတ်လား။
မနှင်းအပါအ၀င် သူတို့အိမ်သားတွေက ငါတို့ကို
စိတ်ပူနေတယ်။ အထူးသဖြင့် ငါ့ကိုပေါ့။ မိန်းကလေးလဲဖြစ်၊ တောသူမဟုတ်တဲ့အပြင် နိုင်ငံရပ်ခြားမှာအနေကြာတဲ့သူလည်းဖြစ်နေတော့
သူတို့လို က၀နယ်သားတွေကိုယ်တိုင် ပြောစမှတ်ပြုကြတဲ့ လမ်းကြမ်းဖုန်ထူခရီးကို ငါသွားနိုင်ပါ့မလားဆိုပြီး
စိုးရိမ်နေခဲ့ကြတာ။ ငါလည်း ခရီးကြမ်းအတွက် စိတ်ထဲက ကြိုတင်ပြင်ဆင်ထားလိုက်တယ်။ ဒီလိုခရီးကြမ်းကို
အလာတုန်းကလို ကယ်ရီတစ်စီးသုံးယောက်စီးလို့ မဖြစ်နိုင်ဘူးဆိုတာ မှန်းဆမိတော့ နောက်တစ်စီးထပ်မှာလိုက်တယ်။
အဖေဆောင်ခိုင်းတဲ့ မက်စ်ကို အဲတော့မှ စစွပ်လိုက်တယ်။ ဒီတစ်ခါတော့ ညာလက်က ကယ်ရီဆရာပုခုံးကိုကိုင်၊
ဘယ်လက်က နောက်ခုံတန်းကို ကိုင်လိုက်ခဲ့တယ်။ လမ်းသိပ်ကြမ်းလို့ ခုန်လိုက်ရင် ပြုတ်ကျသွားမလား
စိုးရိမ်စိတ်က ရှိသေးတယ်။
၉နာရီသာသာလောက်မှာ အုန်းနှဲကနေထွက်ခဲ့တာ
၁၀နာရီခွဲလောက်မှာ ကဒါတ်စိန်ကို ရောက်တယ်။ လမ်းမှာ ရွာ ခုနစ်ရွာကို ဖြတ်ခဲ့တယ်။ လမ်းတလျှောက်မြင်ရတာ
ပဲကွင်းတွေပေါ့။ စပါးရယ်၊ ပဲရယ် နှစ်သီးစိုက်ကြတယ်။ ပြီးခဲ့တဲ့ဆောင်းမှာ နှင်းခါးရိုက်လို့
ပဲသမားတွေ ရှုံးတယ်လို့ ကယ်ရီဆရာကပြောပြတယ်။ တစ်ချို့တောင်သူတွေ ဖရဲသီး ထပ်တိုးပြီး
စိုက်နေကြတာ တွေ့ရတယ်။ စိုက်ပျိုးလို့မရတဲ့ ဆားမြေတွေလည်း တွေ့ခဲ့တယ်။ ဆားမြေရှိတဲ့အရပ်မှာ
စိုက်ပျိုးလို့ မဖြစ်တော့ ဆားတွင်းလုပ်ပြီး ဆားချက်ကြတယ်။ ငါတို့ကယ်ရီနဲ့သွားတဲ့လမ်းက
လှေသွားလမ်းဆိုတာ အပေါ်က သစ်သားနဲ့ဝါးတံတားလေးတွေကို မြင်တာနဲ့ သိလိုက်တယ်။ ဆောင်းအကုန်နွေအကူး
ခြောက်သွေ့ပြီး ရေမရှိလို့ ဆိုင်ကယ်တွေ သွားနိုင်တာ။ ၀ါဆိုဝါခေါင်မိုးတွင်းဆိုရင်တော့
ရေအပြည့်မို့ လှေနဲ့ပဲ သွားလေ့ရှိကြတာ။ နွေအကုန် မိုးဦးမကျတကျဆို သွားရေးလာရေး သိပ်ခက်တယ်တဲ့။
ရေလည်း မပြည့်သေး၊ လမ်းလည်း မခြောက်သွေ့ဘဲ ဗွက်ထနေတော့ တစ်ရွာနဲ့တစ်ရွာ ခြေကျင်သွားရတာ။ ကယ်ရီလေးတွေပေါ်လာတော့ အရင် လမ်းပန်းဆက်သွယ်ရေးခက်ခဲခဲ့တဲ့ ကျေးတောရွာတွေမှာ သွားရေးလာရေး တော်တော်အဆင်ပြေလာတာကို တွေ့ရတယ်။ အဲဒီ့နားက ရွာအများစုကတော့ သက္ကလပ်လို့ခေါ်တဲ့မြို့လောက်နီးနီးပြည့်စုံတဲ့ ရွာကြီးမှာ
ဈေးသွားဝယ်ကြတယ်။ သက္ကလပ်က အုန်းနှဲနဲ့ သိပ်မဝေးဘူး။ ကိုယ်ထူကိုယ်ထလမ်းဖောက်ပြီး မီးရနေပြီဖြစ်တဲ့
သက္ကလပ်က မြို့အင်္ဂါရပ်နီးပါးညီညွတ်နေပြီဖြစ်လို့ နောင်နှစ်ခါဆို မြို့အဖြစ်တောင် သတ်မှတ်လို့ရနေပြီလို့ ကယ်ရီဆရာက မှတ်ချက်ချတယ်။
သရက်ကုန်းဆိုတဲ့ရွာကြီးကိုဖြတ်အပြီးမှာ
ကဒါတ်စိန်ကိုရောက်တယ်။ ရွာထိပ်ရောက်ရောက်ချင်း အံ့အားသင့်မိတဲ့မြင်ကွင်းက ကြီးမားကျယ်ဝန်းလှတဲ့
ဘုန်းကြီးကျောင်းဝင်းထဲက ရွှေရောင်နဲ့ သပ္ပာယ်စရာကောင်းလှတဲ့ စေတီကြောင့်ပဲ။ တကယ်တော့
ရွာက သိပ်ဖွံ့မဖြိုးလှပါဘူး။ ဆိုင်ကယ်ဆရာနှစ်ယောက်ဦးဆောင်ပြီး ငါတို့ကို ဘုန်းကြီးကျောင်းပေါ်
ခေါ်သွားတယ်။ တကယ်တော့ သူတို့လည်း ဒီရွာကို အခုမှရောက်ဖူးတာ။ ၀ါသိပ်မကြီးသေးတဲ့ ကျောင်းရဲ့ လေးဆက်မြောက်ဆရာတော်က
ငါတို့ကို လာရင်းအကြောင်းရင်းမေးတယ်။ အစ်ကိုက ငါ့ကိုယ်စား သေသေချာချာ ပြည့်ပြည့်စုံစုံ
လျှောက်ပေးတယ်။ အဓိက အဖိုးကိုယ်စား ဒီရွာလေးကိုလာပြီးကြည့်ပေး၊ မှတ်တမ်းယူပေးဖို့ပဲ။
ဒီရွာမှာပဲခေါင်းချခဲ့တယ်ဆိုတဲ့ အဖိုးရဲ့ အမေနဲ့အဖွားတို့အကြောင်း သိမယ့်သူလည်း မရှိလောက်တော့ဘူး။
ဘုန်းဘုန်းက ရွာလူကြီးတစ်ယောက်ခေါ်ပြီး ငါတို့ရွာထဲသွားကြည့်လို့ရအောင် စီစဉ်ပေးတယ်။
ဓာတ်ပုံရိုက်လို့အဆင်ပြေအောင် ခြေကျင်ပဲသွားဖို့ သဘောတူလိုက်တယ်။ မိုးတွင်းဆို လှေနဲ့သာ သွားနိုင်တဲ့ဒေသဖြစ်မှန်း
အိမ်တစ်ချို့ရှေ့က လှေတွေကိုကြည့်ရုံနဲ့ သိနိုင်တယ်။ ရွာလူကြီးက ငါတို့ကို ရွာရဲ့အထင်ကရ
သမိုင်းဝင်နေရာတွေ လိုက်ပြတယ်။ ရွာရဲ့ ပထမဆုံးရေကန်တို့၊ အစောဆုံးစိုက်ခဲ့တဲ့ သစ်ပင်တို့၊ ရွာလယ်လမ်းမ၊
ဗိုလ်တဲစိုက်ခဲ့ရာ နေရာအနီးတစ်ဝိုက်၊ ရွာအထိမ်းအမှတ် ကျောက်တိုင်၊ ရဲစခန်း၊ ကျောင်း၊ ဘောလုံးကွင်း၊ နောက်ဆုံး
သင်္ချိုင်းအထိ လိုက်ပြတယ်။
သင်္ချိုင်းမှာရှိတဲ့ အစောဆုံးဂူလည်း
တွေ့ခဲ့ရတယ်။ ဂူတွေကို လိုက်ကြည့်နေရင်း ဂူတစ်ဂူကို ငါ့စိတ်ဝင်စားမိတော့ ဂူပေါ်က ထွင်းထားတဲ့
စာလုံးတွေကို လိုက်ဖတ်ကြည့်တယ်။ အပင်တွေပေါက်နေလို့ နဲနဲပြန်ရှင်းရသေးတယ်။ ကွယ်လွန်သူက
ဦးဖိုးခွေး၊ ကွယ်လွန်ချိန်မှာ အသက် ၁၀၃နှစ်ရှိပြီ။ သူကွယ်လွန်ခဲ့တာ မြန်မာသက္ကရာဇ်၁၃၄၀မှာဆိုတော့ ငါတောင်မမွေးသေးဘူး။
အသက်ကိုတွက်ကြည့်တော့ ဖြစ်နိုင်ချေရှိတယ်လို့ ငါတွေးမိပြီး ဓာတ်ပုံသေချာရိုက်ခဲ့တယ်။
ကဒါတ်စိန်သွားရင်း စိတ်ဝင်စားစရာသိခွင့်ကြုံခဲ့တဲ့ နောက်တစ်ချက်က ငါတို့ဆင်းသက်ခဲ့တဲ့
လူမျိုးပဲ။ အဖိုးရဲ့အမေဟာ ရှမ်းသွေးစပ်ခဲ့တယ်လို့ ငါတို့တတွေ ယုံကြည်ခဲ့ပေမယ့် အဖိုးက
မွန် ပိုဖြစ်နိုင်တယ်လို့ ငါ့ကိုပြောဖူးတယ်။ အဲလိုအဖိုးပြောလိုက်ချိန်မှာ မွန်ပြည်နယ်နဲ့ပဲခူးတိုင်း
ဆက်စပ်မှုကလည်း ငါ့အရင်ယုံကြည်မှုကို ဇဝေဇ၀ါဖြစ်သွားစေတာ အမှန်ပဲ။ အဖိုးမှန်းတာ ဖြစ်နိုင်တယ်လို့
ငါထင်ခဲ့ပေမယ့် အတည်တော့မပြုနိုင်ခဲ့ဘူးပေါ့။
ငါတို့သင်္ချိုင်းကအပြန် လမ်းမှာတစ်ထောက်နားကြရင်း
ရွာလူကြီးကို ငါမေးလိုက်တယ်။ ဒီရွာက မွန်တွေနဲ့အဆက်အစပ်ရှိမရှိဆိုတာကို။ ရွာလူကြီးက
အို ကဒါတ်စိန်က မွန်ရွာကွယ့်၊ က၀နယ်ထဲမှာ မွန်ရွာလေးရွာရှိတယ်… ကဒါတ်စိန်၊ အေးမွန်၊
အောင်ဇေယျနဲ့ ၀ဲပဒန်။ တို့အဖေနဲ့အမေက မွန်အစစ်ပေါ့။ ဒါကြောင့် ရွာကလူတွေ စကားပြောရင်
မွန်သံနဲနဲဝဲသလိုဖြစ်နေတာ။ သူတို့ပြောမှ ငါလည်း သတိထားမိတော့တယ်။ မွန်လူမျိုးအယောက်နှစ်ဆယ်ကနေသုံးဆယ်ရှိတဲ့
အုပ်စုက ဒီရွာမှာ ပထမဆုံးခြေချခဲ့တာတဲ့။ သေချာပါပြီ… ဒါဆို အဖိုးရဲ့အဖွားက မွန်ဖြစ်ရမယ်၊
ဒါကြောင့် အဖိုးရဲ့အမေကလည်း မွန်။ ဒါဆို ငါတို့မှာပါတဲ့တိုင်ရင်းသားသွေးက မွန်ပေါ့။ အဖိုးရဲ့အမေက
ရှမ်းပြည်သိန္ဒီမှာ နေခဲ့ဖူး၊ စော်ဘွားတွေနဲ့ အဆက်အဆံရှိခဲ့ဖူးလို့ ငါ့အဖွားက ရှမ်းလို့များ
ထင်ခဲ့တာလား မသိဘူး။ တိတိပပ သိရအောင် ငါက ဘိုးစဉ်ဘောင်ဆက်အထိလိုက်ပြီး ရှာဖွေသုတေသနပြုချင်တာ။
ဒါပေမယ့် တို့မြန်မာတွေက မိသားစုမျိုးရိုးနာမည်ထည့်လေ့ သုံးလေ့မရှိတော့ နောက်ကြောင်းပြန်လိုက်ရတာ
အရမ်းခက်တယ်။ အဖိုးတို့အဖေဘက်ကျတော့ မျိုးရိုးနာမည်နဲ့ဖြစ်တာရော၊ ဘယ်အရာမဆို စနစ်တကျ
မှတ်တမ်းတင်လေ့ရှိခဲ့တဲ့ အင်္ဂလိပ်တွေဖြစ်နေတာကြောင့်ရော ငါတို့အဘင် အထိ တိတိကျကျ ပြန်သိခွင့်ရတယ်။ ထားပါတော့…
ကဒါတ်စိန်က အပြန်နောက်ပိုင်းမှာတော့ နင့်သူငယ်ချင်းဟာ ရှမ်းသွေးထက် မွန်သွေးပါတဲ့သူတစ်ယောက်အဖြစ်
ကိုယ့်ကိုယ်ကို ယုံကြည်ခဲ့တော့တာပဲ။
ငါတို့ဘုန်းကြီးကျောင်းကို ပြန်ရောက်ချိန်မှာ
မွန်းတည့် ၁၂နာရီဆိုတော့ ဗိုက်ကလည်းတော်တော်ဆာနေပြီပေါ့။ ဘုန်းကြီးကျောင်းက အသားမပါတဲ့
ထမင်းနဲ့ဟင်းကို လက်နဲ့ပဲ အားပါးတရ လွေးခဲ့လိုက်တယ်။ မြေပဲထွက်တဲ့အရပ်မို့လား မသိဘူး၊
ကောင်းလိုက်မြေပဲ၊ နူးအိနေတာပဲဟယ်။ အမေ့ကို ဆေးရုံစောင့်တုန်းက အက်စ်အက်စ်စီရှေ့မှာ
ဝယ်စားခဲ့တဲ့မြေပဲပြုတ်နဲ့များ တခြားစီ။ အင်း… ပဲစိုက်သူတွေက ဆာလာအိတ်တစ်လုံးစာမြေပဲကိုမှ
၇၅၀ကျပ်ပဲရတာ၊ စင်္ကာပူတစ်ဒေါ်လာတောင် မရှိဘူး။ ရန်ကုန်ရောက်တာနဲ့ နို့ဆီဗူးတစ်ခွက်စာ
မြေပဲပြုတ်က ၃၀၀ ဖြစ်နေပြီ။ နယ်စပ်နဲ့ နိုင်ငံခြားပို့တဲ့ ကုန်သည်တွေ ဘယ်လောက်တောင်
မြတ်မလဲ မသိဘူး။ တောင်သူတွေကတော့ သီးနှံစိုက်လိုက်၊ အကြွေးဆပ်လိုက်နဲ့ တစ်နှစ်ပြီးတစ်နှစ်
လုံးလည်ချာလည်လိုက်ရင်း ဘ၀ဆုံးသွားတာပဲ။ ငါ့ထင်မြင်ချက်တွေ မဟုတ်ဘူးနော်၊ ခရီးသွားဟန်လွှဲ
ကြုံရင်ကြုံသလို ငါမေးသွားရင်း သိရတာလေးတွေ နင့်ကို ပြန်ဖောက်သယ်ချတာပါ။
ငါတို့ထမင်းစားပြီး ဘုန်းဘုန်းကို နှုတ်ဆက်ကန်တော့ပြီး
ဝတ္ထုကပ်ခဲ့တယ်။ အရင်ကဆို အလှူရေစက် လက်နဲ့မကွာဖြစ်ခဲ့တဲ့ နင့်သူငယ်ချင်းက အလှူအတန်းနဲ့
အလှမ်းဝေးတာ နဲနဲကြာသွားလို့ထင်တယ်၊ ကဒါတ်စိန် ဘုန်းကြီးကျောင်းကိုမြင်တော့ လှူခွင့်ကြုံပြီဆိုပြီ
ဝမ်းသာသွားလိုက်တာ၊ အပြန်ခရီးစရိတ်ချန်ပြီး ကျန်တာ လှူခဲ့လိုက်တယ်။ အစ်ကိုလည်း ငါနဲ့အတူဒါနပြုခဲ့တယ်။
၈၈နှစ်သက်တမ်းရှိပြီဖြစ်တဲ့ ကျောင်းဟောင်းက မပြုပြင်နိုင်သေးဘူးလေ။ ကျောင်းသစ်ဆောက်ဖို့
အုတ်ပုံလေးတွေတွေ့ရပေမယ့် အုတ်စီနိုင်တဲ့အထိ ခရီးမရောက်သေးတာ အထင်အရှားပဲ။ သြော်… အခုနောက်ပိုင်း
ရွာတွေမှာ ကိုရင်လေးတွေ နည်းသွားပြီသိလား။ သာသနာ့မျိုးဆက်အတွက် သတိပြုစရာအချက်ပဲ။ ဘယ်လိုအနေအထားပဲဖြစ်ဖြစ်
တို့မြန်မာနိုင်ငံမှာ ရွာတစ်ရွာရဲ့ ဘုန်းကြီးကျောင်း တည်ရှိမှု၊ အရေးပါမှုကတော့ အတိုင်းအတာတစ်ခုထိ
အားကိုး၊ လွှမ်းမိုး နေဆဲပါပဲ။
ရွာက လူတွေက ငါတို့ကို တစ်ညအိပ်စေချင်တာဟ။
သူတို့က ၀ဲပဒန်ကိုလည်း လိုက်ပို့ပေးချင်တာ။ ဒီတစ်ခေါက်တော့ ဘယ်လိုမှ မမှီတော့ဘူးလေ။ ကျောင်းကအပြန်မှာ
အုန်းနှဲကနေ ရန်ကုန်တိုက်ရိုက်ထွက်မယ့် ကားအမှီ
တစ်နာရီခွဲခရီးကို တစ်နာရီဆယ်မိနစ်နဲ့ စပိတင်ပြီး ထွက်ခဲ့ကြတာ။ အုန်းနှဲလည်းရောက်ရော လူလည်းဖွေးဖြူလို့ပဲ။ အုန်းနှဲကနေ
၂နာရီ၁၅ ထွက်တဲ့ ဟီးနိုးဘတ်စ်ကြီးက ရန်ကုန်ကို ညနေ ငါးနာရီခွဲမှ ၀င်တယ်။ ခါးတညောင်းပဲ
စီးလိုက်ရတာ။ တော်သေးတယ် အစ်ကိုနဲ့ စကားတွေကောင်းပြီးလိုက်လာလို့။ အိမ်ပြန်ရောက်တော့မှ
ငါသွားခဲ့တဲ့ခရီးစဉ်အစအဆုံး အဖေ့ကိုပြောပြလိုက်တယ်။ အဖေက အံ့သြသွားလို့ ဆူဖို့တောင် သတိမရလိုက်ဘူး
ထင်တယ်။ ကံကောင်းထောက်မစွာနဲ့ ခါးတွေဒူးတွေ ထင်သလောက် မနာလိုက်ပေမယ့် အရမ်းတော့ ပင်ပန်းသွားတာပေါ့ဟယ်။
ဒါပေမဲ့လေ… ငါပင်ပန်းရကျိုး နပ်ပါတယ်။
အဖိုးအပေါ်ထားတဲ့ ငါ့မေတ္တာ၊ စေတနာတွေကို
အဖိုးသိခွင့်ရတာရယ်၊ ငါရိုက်ခဲ့တဲ့ ပုံတွေထဲက တစ်ချို့ကို သူမှတ်မိတာရယ်၊ အဖိုးပြောပြောခဲ့ဖူးတဲ့
အဖိုးအမေရဲ့ မိတ်ဆွေ ဦးလေးဖိုးခွေးရဲ့ အုတ်ဂူကို ပြလိုက်နိုင်တာရယ်၊ နောက်ပြီး အဖိုးတို့
အမေက မွန်ဆက်ဆိုတာကို အတည်ပြုလိုက်နိုင်တာတွေရယ်ပေါ့ဟယ်။ ကဒါတ်စိန်ကို ငါရောက်ခဲ့တယ်လို့ ပြောပြချိန်မှာ သိပ်အံ့သြသွားတဲ့၊ ငါကူးပေးလာတဲ့ပုံတွေကြည့်ပြီး ၀မ်းသာကြည်နူးရိပ်လွှမ်းသွားတဲ့
အဖိုးမျက်ဝန်းကို တွေ့ရလိုက်ချိန်မှာ ငါ့တစ်ရက်တာခရီးစဉ်လေး ဘယ်လောက်တာသွားလဲဆိုတာ
ငါသိလိုက်တယ်။
သြော်… အိတ်ကပ်ထဲ ပါလာတဲ့ ပဲစေ့လေးတွေကိုလေ အဖိုးအိမ်ဘေးက ခြံလေးထဲ ကျဲခဲ့လိုက်တယ်သိလား။
တကယ်ဆို အဲဒီအင်္ကျီကို ကဒါတ်စိန်ကပြန်ရောက်ပြီး နောက်တစ်နေ့မှာပဲ လျှော်ခဲ့တာ။ ဒါပေမယ့်
ပဲစေ့လေးတွေ ထွက်မသွားဘဲ အိတ်ထဲကပ်ပြီး ကျန်နေခဲ့တာ ဘန်ကောက်ရောက်မှ ငါသိလိုက်တာ။
အဖိုးက သူ့အမေနဲ့အဖွားတို့လို ကဒါတ်စိန်မှာပြန်ပြီး ခေါင်းမချနိုင်တော့ပေမယ့် အိပ်ရာဝင်ချိန်ရောက်တိုင်း
ငါသူ့ကိုယ်စားအရောက်သွားပေးခဲ့၊ ရွာရဲ့ပုံရိပ်လေးတွေယူပေးခဲ့တာကိုတွေးပြီး ပိတီဖြစ်နေမှာလို့
ငါယုံကြည်တယ်။ အန္တရာယ်ကင်းကင်းနဲ့ ချောမွေ့တဲ့ကဒါတ်စိန်ခရီးဖြစ်မြောက်အောင် အစစကူညီစီစဉ်ပေးတဲ့
မဇင်၊ မမိုး၊ မနှင်းနဲ့ လိုက်ပို့ပေးတဲ့ ကယ်ရီဆရာတို့ကိုလည်း အရမ်းကျေးဇူးတင်မိတယ်
ညို။ ခုချိန်ထိတော့ နင့်သူငယ်ချင်းက ခရီးနဲ့ပတ်သက်လာရင် ကံကောင်းနေတုန်းပဲ။း)
ကဒါတ်စိန်ခရီးအမှတ်တရ ပုံတစ်ချို့ နင်ကြည့်ရအောင်
ငါထည့်ပေးလိုက်တယ်။
ဒါ လမ်းတလျှောက်မှာ တွေ့ရတဲ့ ဆားတွင်းတွေလေ။ ဒီပုံက အစ်ကို ကယ်ရီပေါ်ကနေ သူ့ဖုန်းနဲ့ လှမ်းရိုက်ထားတာ။ ငါကတော့ ပြုတ်ကျမှာစိုးလို့ မလှုပ်ရဲတာနဲ့ လမ်းတလျှောက် ဘာပုံမှ မရိုက်ဖြစ်ခဲ့ဘူး။
ရွာအ၀င်မှာတွေ့ရတဲ့ ကဒါတ်စိန်ကျောင်းရဲ့ စေတီတော်မြတ်ပေါ့။ တည်ထားတာ လွန်ခဲ့တဲ့ ၂၈နှစ်ကမှပါ။
ဒါ ၈၈နှစ်သက်တမ်းရှိတဲ့ မူလကျောင်းဟောင်းလေ။
ညာခြမ်းက ပင်မကျောင်းတိုက်နဲ့ သူ့နောက်က ဆွမ်းစားကျောင်းဆောင်
အဖိုးတို့ငယ်ငယ်က အိမ်ခြေ ၇၀လောက်ပဲ ရှိခဲ့ပေမယ့် အခု အိမ်ခြေ ၂၄၀ ရှိနေပြီ
ဒီရေကန်က ရွာရဲ့ပထမဆုံးကန်ပေါ့။ ရွာမှာ ကန်လေးကန်ရှိတဲ့အနက် အကြီးဆုံးတဲ့။
ဒီအပင်တွေကလည်း ရွာစတည်ကတည်းက စိုက်ပျိုးခဲ့တဲ့အပင်တွေ၊ ခုဆို သက်တမ်း ကိုးဆယ်ကျော်ပြီပေါ့။
ငါကမြို့သူစစ်စစ်ဖြစ်ပေမယ့် အဲလိုရွာမြင်ကွင်းလေးတွေကို သိပ်ချစ်တာ
ဒါက ရွာလယ်လမ်းမ တစ်နေရာ။ မိုးတွင်းဆို ရေအပြည့်နဲ့ မြင်ရမှာ။
ကျောက်တိုင် အနောက်ဘက်ကခြံမှာ ဗိုလ်တဲရှိတယ်။
ဒီ့ထက်ကောင်းတဲ့ ကဒါတ်စိန်ရောက် သက်သေမရှိတော့ဘူးနော့
တမျှော်တခေါ် မြေပဲခင်းတွေရယ်၊ အဆုပ်လိုက် တန်းနေတဲ့ တိမ်တွေရယ် သိပ်လှတာပဲ ညို
ကဒါတ်စိန်ကနေ ဆစ်ဒနီထိ အိတ်ကပ်ထဲ တွဲခိုလာခဲ့တဲ့ ပဲစေ့ဖြူလေးတွေလေး)
သိပ်ကို နူးညံ့အရသာရှိတဲ့ ဒေသထွက်မြေပဲပေါ့
သင်္ချိုင်းသွားရာလမ်းကလည်း သိပ်သာယာတာ နင်အမြင်ပဲ
အဘွားဂျက်ဆီရဲ့မိတ်ဆွေ၊ ဦးဖိုးခွေးရဲ့ အုတ်ဂူပေါ့
အဖိုးသေသေချာချာ မှတ်မိလိုက်တဲ့ မြင်ကွင်း (ငါ သိပ်ပျော်သွားတာ ပြောမပြတတ်အောင်ဘဲ)
ရောင်နဲ့ကျောင်းသားလေးမို့ အမှတ်တရ ရိုက်ခဲ့သေးတာ
မြိန်ရည်ရှက်ရည် စားခဲ့ရတဲ့ ဘုန်းကြီးကျောင်းက ထမင်းဝိုင်း
ဒါက က၀နယ်အရောက်သွားခဲ့တဲ့ နင့်သူငယ်ချင်း မြို့လားရဲ့ ပုံ :P
ညိုရေ… အဖိုးအတွက် ဇွန် တာဝန်ကျေပါတယ်နော်။
ချစ်သော ဇွန်
Subscribe to:
Posts
(
Atom
)