ညိုသို့

7

Category: , ,

နင်မှတ်မိသေးလား...

နင်နဲ့ငါ စတွေ့ပြီး ခင်မင်ခဲ့တဲ့ ၆တန်းနှစ်တုန်းက အတန်းတင်စာမေးပွဲကြီး မဖြေခင် နင်ပေးခဲ့တဲ့ ကစ်စ်မီကွစ် အပင်လေး ငါသေချာစိုက်ခဲ့ပြီး အိုးသုံးအိုးစာအထိ ပွားလာခဲ့တာ။ ၆တန်းနှစ် နွေရာသီ ကျောင်းပိတ်ရက်ကစလို့ နှစ်စဉ် နွေကျောင်းပိတ်ရက် ရောက်တိုင်း မေမြို့ကရောက်လာမယ့် နင့်ဆီကစာကို စောင့်မျှော်တတ်ခဲ့တာ။ စာထဲမှာ နင်ငါ့ကို မုန့်ပုံလေးတွေဆွဲပြီး ကျွေးခဲ့သေးတာလေ။ စာတွေပြန်ဖတ်ကြည့်တိုင်း ကြည်နူးပြုံးပျော်စရာပေါ့ဟာ။

၇တန်းနှစ်မှာ နင်က အ၀ါအသင်း ကိုယ်စားပြုပြီး စကေးအကြီးနဲ့ မြန်မာနိုင်ငံဆန်စပါးအထွက်နှုန်းပုံဆွဲရပြီး၊ ငါက အစိမ်းအသင်း ကိုယ်စားပြု တိုင်းနဲ့ပြည်နယ် ၁၄ခုပြ မြန်မာပြည်မြေပုံ  ဆွဲခွင့်ရလို့ ၀မ်းသာခဲ့တာ။  နောက်ပြီး သတင်းစာထဲမှာပါတဲ့ ငါတို့ရဲ့  childhood sweetheart ပုံအသီးသီးကို ဖြတ်ယူပြီး ကွန်ပါဘူးထဲ ထည့်ထားခဲ့တာ။ နင့်ကို စချင်တာနဲ့ ဖိတ်စာတစ်စောင်ရေးပြီး နောက်ခဲ့သေးတယ်။ သတို့သားနာမည်က မူကူဝေဆိုလား...ဘာလား :P

၈တန်းနှစ်မှာ နင်က ခြောက်ဘာသာဂုဏ်ထူးထွက်လို့ ပျော်ခဲ့ရပြီး ငါက ဘာသာစုံဂုဏ်ထူးမပါလို့ ၀မ်းနည်းခဲ့ရသေးတာ။ အဲဒီ့နေ့က နင့်အိမ်မှာ အုန်းနို့ခေါက်ဆွဲချက်ထားလို့ လိုက်စားခဲ့သေးတယ်။ ပြီးတော့  နင့်အိမ်မှာရှိတဲ့ မစန္ဒာရဲ့ (ပထမဆုံးအကြိမ်ထုတ်ဝေခဲ့တဲ့) မဂ္ဂဇင်းဝတ္ထုတိုများပေါင်းချုပ်စာအုပ်  ငါဖတ်ဖို့ ပေးလိုက်တယ်လေ။ နောက်ပိုင်း ငါတို့နှစ်ယောက် ပြောဖြစ်တဲ့အထဲမှာ မစန္ဒာရဲ့ပုဇွန်ကျားခုနစ်ကောင်အကြောင်း ပါလာရင် သဘောကျပြီး ရယ်ကြရသေးတာ။ 

၉တန်းနှစ်မှာ ငါတို့တွေ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားဘောလုံးပွဲကို တီဗွီကနေ ကြည့်ရှုအားပေးခွင့် ရခဲ့တယ်လေ။ တိုက်တိုက်ဆိုင်ဆိုင် ငါတို့နှစ်ယောက်လုံး အားပေးတဲ့အသင်း သွားတူနေပြီး ဗိုလ်လုပွဲမှာ ဒုတိယပဲရခဲ့လို့ စိတ်မကောင်းဖြစ်ခဲ့ရတာ နှစ်တွေတော်တော်ကြာခဲ့တယ်နော်။ နင်က ငါ့အတွက် ငါကြိုက်တဲ့ ဟောလီးဝုဒ်က မင်းသားငယ်လေးတစ်ယောက်ရဲ့ ပိုစတာဝယ်ပေးခဲ့ပြီး ငါကလည်း အီတလီအသင်းပိုစတာလေး နှစ်ခုဝယ်ပြီး နင့်ကို တစ်ခု ပေးလိုက်တယ်။ ပုံဆွဲတော်တဲ့နင် အမှတ်တရ ရေးဆွဲပေးခဲ့တဲ့ ကောင်မလေး ၃ယောက်ပုံကို ငါ ပလတ်စတစ် လောင်းပြီး သိမ်းထားခဲ့တယ်။ 

၁၀တန်းနှစ်မှာ ငါတို့တွေ အတူမထိုင်ခဲ့၊ ယူတဲ့ကျူရှင်တွေ မတူခဲ့ပေမယ့် ကျောင်းတက်မပျက်ဘဲ အပြင်ကျူရှင်ထက် ကျောင်းက ဆရာမတွေကို အားကိုးကြတာချင်းတော့ သွားတူနေခဲ့တယ်။ မြန်မာစာတော်ပြီး စာစီစာကုံး အရေးကောင်းရုံသာမက  ၁၀တန်းစာမေးပွဲမှာ မြန်မာစာကျူရှင်မယူဘဲ အမှတ် ၈၀ ရခဲ့တဲ့ နင့်အတွက် ငါတကယ်ပဲ ဂုဏ်ယူဝမ်းသာခဲ့တယ်။

အထက်တန်းကျောင်းက သူငယ်ချင်းအများစုက ၁၀တန်းအောင်ပြီးတဲ့နောက် အဆက်အသွယ်ပြတ်သွားပေမယ့် ငါတို့ မပြတ်ခဲ့ဘူးနော်။ နင်အိမ်အသစ် ပြောင်းတိုင်း ငါရောက်ခဲ့သလို၊ ငါဘယ်နိုင်ငံရောက်ရောက် နင့်ဆီက စာတွေ အမြဲရခဲ့တယ်။  ငါအိမ်နဲ့ခွဲပြီး ရေမြေခြားမှာ ပညာသင်ယူနေတုန်း စိတ်ဓာတ်ကျစရာတွေ ကြုံတဲ့အခါ နင်ရေးပေးလိုက်တဲ့  ငွေတာရီရဲ့ ထိပ်ဆုံးသို့ ကဗျာကို အမြဲသတိရရွတ်ဆိုပြီး ခွန်အားယူခဲ့ရတာ။

ငါရည်းစားရတာ အရင်ဆုံးသိခွင့်ရတဲ့ သူငယ်ချင်းက နင်၊ တစ်ခြားသူတွေ မမြင်နိုင်တဲ့ ငါ့ရင်ထဲက ခံစားချက် အစစ်အမှန်တွေ သိခွင့်ရခဲ့တာလည်း နင်ပါပဲ။ နင်ရယ် ငါရယ် ခံစားချက်တွေ အပြန်အလှန် ဖလှယ်ပြီး ရေးခဲ့ကြတဲ့ စာတစ်အုပ် ရှိခဲ့သေးတယ်နော်။

စာရေးစာဖတ်ဝါသနာပါခဲ့ကြတဲ့ ငါတို့နှစ်ယောက် စာအုပ်ကောင်းတွေ ဖတ်ရတဲ့အခါ အပြန်အလှန် ပေးဖတ်ကြသေးတယ်။ ဂျူးရဲ့အမှတ်တရကို ပြန်ရေးထားတဲ့ နီမင်းဆွေရဲ့ တောင်ဆီမှာမိုးတွေသည်းပါလို့ စာအုပ်ကို နင်ပေးဖတ်လို့ ငါဖတ်ဖူးလိုက်တယ်။ တော့တိုးကျန်စာအုပ် ငါအပိုင်ဝယ်ဖြစ်တဲ့အခါ နင့်ကို ပေးဖတ်ခဲ့တယ်။  ဖေမြင့်ရဲ့ နှလုံးသား အာဟာရနဲ့ စိန်မြေဧကပေါင်းများစွာ စာအုပ်တွေ ငါနင့်ကို လက်ဆောင်ပေးခဲ့သလို မြသန်းတင့်ရဲ့ ဘာသာပြန် တဂိုးဝတ္ထုတိုများ စာအုပ်ကိုလည်း  နင်ငါ့ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့တာ။ 

လူတွေအများကြီးကို ပေးမသိတတ်တဲ့ နင့်မွေးနေ့ကို ငါသိခွင့်ရခဲ့တဲ့အတွက် တကယ်ပဲ ၀မ်းသာမိခဲ့တယ်။ နယုန်လပြည့်နေ့မှာ မွေးတဲ့ငါရယ်၊ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်မှာ မွေးတဲ့နင်ရယ် နှစ်ယောက်လုံး မြန်မာမွေးနေ့ကို အရေးထားခဲ့ကြတာချင်းလည်းတူလို့ ငါတို့အတွက် တစ်လမှာ မွေးနေ့နှစ်ရက်ဖြစ်နေတာ။ 

သူငယ်ချင်းရေ... ပြီးခဲ့တဲ့ နင်ရဲ့အင်္ဂလိပ်လိုမွေးနေ့မှာ အလုပ်တွေရှုပ် စိတ်တွေရှုပ်နေတဲ့ငါက နင့်အတွက် ဘာမှ သေသေချာချာ ဆုမတောင်းပေးလိုက်ရဘူး၊ မွေးနေ့လက်ဆောင်လည်း မပေးဖြစ်ခဲ့ဘူး။ အဲဒီ့အတွက် နင် ငါ့ကို နားလည်ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။ 

အခုဒီစာလေးကတော့ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်မှာ ကျရောက်တဲ့ နင့်မွေးနေ့အတွက် အမှတ်တရပေါ့ဟာ။ 

မင်္ဂလာရှိသောမွေးနေ့မှသည် ဘ၀တစ်လျှောက်လုံး စိတ်ချမ်းသာပျော်ရွှင်ပြီး ဆန္ဒအိပ်မက်များကို မလျှော့သော ဇွဲ၊ လုံ့လ၊ ၀ီရိယတို့ဖြင့် အကောင်အထည်ဖော်နိုင်ပါစေ။း))


နင့်ရဲ့အချစ်ဆုံးသူငယ်ချင်း
ဇွန်မိုးစက်

on the way...

10

Category:

ဒီတလော အလုပ်တွေများပြီး စာရေးဖို့ အချိန်မပေးနိုင်တာကတစ်ကြောင်း၊ စိတ်ပန်းလူပန်းဖြစ်ပြီး စိတ်တွေ သိပ်မကြည်လင်တာက တစ်ကြောင်းမို့ စာရေးချင်စိတ်မရှိအောင် ဖြစ်နေပါတယ်။ ဒါပေမယ့် မရေးရမနေနိုင်တဲ့ စိတ်အခံလေးက ရှိနေပြန်တာကြောင့် အကြောင်းတိုက်ဆိုင်မှုရှိသွားတဲ့အခါ ရေးချင်စိတ် ပေါ်လာပြန်ပါတယ်။ 

လွန်ခဲ့တဲ့နှစ်ပတ်လုံးလုံး အိမ်ပြောင်းမယ်ဆိုပြီး အေးဂျင့်တွေဆီ ဖုန်းဆက်၊ ရုံးဖွင့်ရက်ဆို ရုံးအပြန်၊ ပိတ်ရက်မှာလည်း  အိမ်တွေလိုက်ကြည့်နဲ့ တကယ့်ကို ပင်ပန်းပါတယ်။ ဈေးတွေကမြောက်၊ စိတ်တိုင်းကျ အခန်းကရှာမရနဲ့ စိတ်ကပါ ပင်ပန်းတာပေါ့လေ။ တစ်ရက်တော့ ကိုယ်နေချင်တဲ့ရပ်ကွက်မှာပဲ ဈေးသက်သာတဲ့ အခန်းတစ်ခန်းရှိတယ်လို့ အေးဂျင့်က လှမ်းပြောတာနဲ့ သွားကြည့်မယ်လို့ သဘောတူလိုက်ပါတယ်။ ရုံးဖွင့်ရက်ဆိုတော့ ရုံးအပြန် ည ၈နာရီ အရောက်လာခဲ့ဖို့ ပြောတယ်။ ၆နာရီခွဲရောက်တော့ သူက ဖုန်းလှမ်းဆက်ပြီး လာမှာလားလို့ သေချာအောင် ထပ်မေးလိုက်သေးတယ်။ ကိုယ်ကလည်း လာမှာ သေချာတယ်လို့။ သူ့ကို ပြန်မေးတော့ ငါလည်း လာနေပြီ on the way တဲ့။ 

ကိုယ်လည်း သူပြောတဲ့လိပ်စာအတိုင်း ၈နာရီအရောက် သွားနိုင်ခဲ့ပါတယ်။ ခက်တာက တိုက်နံပါတ်ပဲပေးပြီး အခန်းနံပါတယ် ပေးမထားတော့ တနံတလျား ရှည်လျားတဲ့ ထောင့်မှန်စတုဂံပုံ တိုက်တန်းလျားရှေ့မှာ ဘယ်နားက စောင့်ရမှန်းမသိတော့ သူ့ဆီဖုန်းထပ်ဆက်လိုက်တယ်။ သူက on the way တဲ့။ သူ့  colleague တစ်ယောက်လည်း လာနေပြီ၊ သူ့ကို ကိုယ့်ဖုန်းနံပါတ်ပေးပြီး ဆက်သွယ်ခိုင်းလိုက်မယ်လို့ ပြောပါတယ်။ ခဏကြာတော့ သူ့ colleague ရစ်ချက်က ဖုန်းဆက်ပြီး သူရောက်နေတဲ့အကြောင်း ပြောပြီး ကိုယ်တို့ကို လာတွေ့ပါတယ်။ ရစ်ချက်လည်း အခန်းနံပါတ် အတိအကျ မသိသူမို့  ဖုန်းတွေလှမ်းဆက်ပြီး မေးရပါသေးတယ်။ နောက်တော့မှ အခန်းနံပါတ်ရပြီး အိမ်ကြည့်ခွင့် ရလိုက်ပါတယ်။ shop house အပေါ်ထပ်ဖြစ်နေတာကြောင့် အခန်းဖွဲ့စည်းပုံ အနေအထား သိပ်မကောင်းတာနဲ့ မယူဖြစ်လိုက်ပါဘူး။ 

အိမ်ရှင်ဘက်က အေးဂျင့်ကလည်း ကိုယ်တို့ကို အခန်းလိုက်ပြ၊ ရှင်းပြ၊ စောစောက ကိုယ်တို့နဲ့လာတွေ့ပြီး အခန်းလိုက်ပြတဲ့ ရစ်ချက်နဲ့လည်း  အိမ်ခန်းအကြောင်းတွေ ပြောပြီးတဲ့အထိ ကိုယ်နဲ့ဆက်သွယ်ထားတဲ့ အေးဂျင့်က ရောက်မလာသေးဘူး။ ရစ်ချက်ကို ထပ်မေးကြည့်တော့ သူလာနေတယ် on the way လို့ပဲ ပြောတယ်။ ကိုယ်တို့ ပြန်သွားတဲ့အထိ အွန်သဝေးအေးဂျင့်က ရောက်မလာခဲ့ပါဘူး။ တော်သေးတာပေါ့ အိမ်ကြည့်ပြီး ကိုယ်တို့ မကြိုက်ပေလို့သာပဲ။ ကြိုက်တဲ့အိမ်ဆို ကိုယ့်အေးဂျင့်က ပေါ်မလာရင် ညှိနှိုင်းဖို့၊ ဈေးစကားပြောဖို့ရာ အခက်တွေ့နေမှာ။ on the way ဆိုပြီး ပေါ်မလာတဲ့အကြောင်း တွေးမိရင်းနဲ့ ရယ်ချင်သလိုတောင် ဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ အဲလိုအဖြစ်မျိုး ခပ်ဆင်ဆင် လွန်ခဲ့တဲ့ ၈ နှစ်လောက်က တစ်ခါကြုံခဲ့ဖူးတာ အမှတ်ရသွားလို့။ 

အဲဒီ့တုန်းက ကိုယ်အင်္ဂလန်ရောက်နေခိုက်၊ သူက အင်္ဂလန်အလယ်ပိုင်းကနေ တောင်ပိုင်းက ကျောင်းမှာ ပြောင်းတက်မှာဆိုတော့ ပစ္စည်းပစ္စယတွေ အများကြီးကို ရထားနဲ့ပဲ သယ်ပြီး ပြောင်းလာခဲ့တာ။ ရောက်ရောက်ချင်း အဆောင်မရသေးတော့ အဲဒီ့မြို့က ဈေးသက်သာတဲ့ hostel တစ်ခုမှာ ယာယီတည်းရပါတယ်။ ရထားစီးပြီး ပစ္စည်းတွေလည်း သယ်လာရတော့ လူက ပင်ပန်းနေပြီ။ နောက်ပြီး အခုမှစရောက်ဖူးတဲ့ မြို့ဖြစ်လို့ ဘယ်နေရာ ဘာရှိမှန်းက သိပ်မသိသေးဘူး။ ညနေစာ ထွက်စားကြမယ်လုပ်တော့ သူက hostel မှာရှိတဲ့ home delivery service ပေးတဲ့ ကြော်ငြာစာရွက်တွေထဲက ဆိုင်တစ်ခုကိုပဲ လှမ်းမှာလိုက်မယ်။ အပြင်ထွက်စရာ မလိုတော့ဘူး၊ သက်သာမယ်ပေါ့။ ကိုယ်လည်း သဘောတူတော့ ဖုန်းလှမ်းဆက်ပြီး မှာလိုက်တယ်။ ဈေးသက်သက်သာသာနဲ့ မှာစားလို့ရတဲ့ တူရကီလူမျိုးတွေရဲ့ဆိုင်က ခဘတ်ပ်နဲ့ ဘာဂါပါပဲ။ မိနစ်နှစ်ဆယ်အတွင်း အရောက်လာမယ်တဲ့။ 

အော်ဒါမှာပြီးပြီဆိုတော့ ကိုယ်တို့လည်း အေးအေးဆေးဆေးနဲ့ ဆာနေတဲ့ဗိုက်ကို နှစ်သိမ့်ပြီး နေနေတာပေါ့။ နာရီဝက်လောက်ကြာတော့ ရောက်သင့်ပြီဆိုတာနဲ့ ဖုန်းတစ်ခေါက်လှမ်းဆက်တယ်။ လာနေပြီ on the way တဲ့။ ကိုယ်တို့လည်း ပျော်သွားတယ်၊ ခဏနေ ရောက်တော့မယ်ပေါ့။ တစ်နာရီကြာသွားတယ်။ ဖုန်းထပ်ဆက်တယ်။ လာနေပြီ still on the way တဲ့။ ဒီတစ်ခါတော့ သိပ်စိတ်မရှည်ချင်တော့ဘူး။ လိပ်စာပြောတော့လည်း သိတယ်တဲ့။ ကိုယ်တို့လည်း အထဲမှာပဲနေနေလို့ သူတို့ရောက်လာရင် မသိမှာစိုးလို့ hostel အပြင်ဘက်ထိ ထွက်ပြီးတော့ကို စောင့်တယ်၊ တစ်နာရီခွဲလောက် ကြာသွားတယ်။ ဗိုက်ကလည်း အတော့်ကို ဆာနေပြီ။ စိတ်တိုတိုနဲ့ ဖုန်းဆက်ပြီးပြောတော့ လာနေပါပြီ on the way တဲ့။ ဒီတစ်ခါတော့ ဘယ်လိုမှ ဆက်စောင့်ဖို့ စိတ်မရှည်တော့ဘူး၊ သူတို့ရဲ့on the way ကိုလည်း မယုံကြည်တော့တာနဲ့ နှစ်ယောက်သား ဗိုက်ဆာဆာနဲ့ လမ်းလျှောက်ပြီး စားသောက်ဆိုင်လိုက်ရှာရတာ မောလည်းမော ဆာလည်းဆာ စိတ်လည်းတိုပေါ့လေ။ စားပြီးပြန်ရောက်တော့ hostel က လူကို မေးကြည့်လိုက်သေးတယ်၊ ... ဆိုင်က home delivery များ လာသွားသေးလားလို့...၊ မလာဘူးတဲ့။ နောက်တစ်ခါ အော်ဒါမှာစားဖို့ကို တော်တော်လန့်သွားတာ။ on the way လို့ဖြေပြီး ပေါ်မလာမှာစိုးလို့။ ဒါပေမယ့် ရာသီဥတုသိပ်အေးတဲ့အခါ အပြင်မထွက်ချင်လို့ အော်ဒါမှာပြီး စားဖြစ်ပါသေးတယ်။ အွန်သဝေးလို့ပြောပြီး ပေါ်မလာတာမျိုးတော့ နောက်ထပ်မကြုံရတော့ပါဘူး။း) 


ဇွန်မိုးစက်

The Quiet Life

9

Category:

Happy the man whose wish and care
A few paternal acres bound,
Content to breathe his native air
In his own ground.

Whose herds with milk, whose fields with bread,
Whose flocks supply him with attire;
Whose trees in summer yield him shade,
In winter fire.

Blest who can unconcern'dly find
Hours, days, and years slide soft away
In health of body, peace of mind,
Quiet by day,

Sound sleep by night; study and ease
Together mixt, sweet recreation,
And innocence, which most does please
With meditation.

Thus let me live, unseen, unknown;
Thus unlamented let me die;
Steal from the world, and not a stone
Tell where I lie.

Alexander Pope

***********************

၅တန်းကနေ ၁၀တန်းအထိ သင်ခဲ့ဖူးတဲ့ အင်္ဂလိပ်ကဗျာတွေထဲမှာ ဒီကဗျာလေးကို အနှစ်သက်ဆုံးပါ။ ၉တန်း သို့မဟုတ် ၁၀တန်းမှာ သင်ခဲ့ဖူးတယ်။

ကဗျာထဲကလို ကိုယ့်မြေကိုယ်ယာနဲ့ အေးအေးချမ်းချမ်း နေချင်တဲ့ဆန္ဒ ငယ်ငယ်ကတည်းက ရှိတယ်။ ဒါကြောင့် ကဗျာဖတ်ပြီး စိတ်ချမ်းသာလို့ သိပ်သဘောကျခဲ့တယ် ထင်ပါတယ်။ 

ဒီကဗျာလေးကို သတိရလို့ ပြန်ရှာပြီး ရွတ်ကြည့်တော့ အရင်ကနဲ့ မတူတဲ့ ခံစားချက်တစ်ချို့ကို သတိပြုမိတယ်။ ပထမဆုံးစာပိုဒ်ရဲ့ တတိယနဲ့နောက်ဆုံးစာကြောင်း ရောက်တဲ့အခါ ရင်ထဲမှာ တစ်ချက် နင့်ကနဲ ဖြစ်သွားတယ်။ ဘယ်တော့များမှ ကိုယ်ပိုင်တဲ့ မြေပေါ်မှာ ခြေစုံချရပ်ပြီး မွေးရပ်မြေက လေကို အားရပါးရ ရှုသွင်းနိုင်ပါ့မလဲလို့...။ 

စတုတ္တမြောက်စာပိုဒ်ရဲ့ နောက်ဆုံးနှစ်ကြောင်းကိုလည်း အခုမှ  သေချာနားလည် သဘောပေါက်သွားတယ်။ ငယ်ငယ်က တရားမထိုင်ခဲ့ဖူးတော့ innocence နဲ့ meditation နှစ်ကြောင်းကို မဆက်စပ်မိခဲ့ဘူး။  ခုဆက်စပ်မိတော့ တရားထိုင်ခြင်းက ရလာတဲ့ စိတ်အေးချမ်းမှုဟာ သိပ်ကို အပြစ်ကင်းစင်၊ ကျေနပ်စရာကောင်းတာပါပဲ။ 

နောက်ဆုံးအပိုဒ်ကတော့ ကဗျာစသင်ကတည်းက ခုချိန်ထိ အမြဲအလွတ်ရနေ၊ မကြာခဏ ရွတ်ဆိုခဲ့တဲ့ စာတစ်ပိုဒ်ပါ။ ကိုယ်တိုင်လည်း ကဗျာထဲကလိုပဲ ဘ၀ကို နောက်ဆုံးအချိန်ထိ ရိုးရှင်းအေးဆေး တိတ်ဆိတ်စွာနဲ့ နေထိုင် ဖြတ်သန်းသွားချင်ပါတယ်။ 


ဇွန်မိုးစက်

Lost and Found

9

Category:

ခုတလော ကိုယ့်အနီးအပါးက ခင်မင်ရသူတွေ တစ်ယောက်ပြီးတစ်ယောက် ဖုန်းပျောက်တာနဲ့ ကြုံနေတာ တွေ့ရတော့ အရင်က ကိုယ်ပျောက်ခဲ့ဖူးတဲ့အကြောင်းတွေ ပြန်အမှတ်ရသွားတယ်။ သတိမေ့သွားလို့ပဲဖြစ်ဖြစ်၊ နေရာအထားမှားလို့ပဲ ဖြစ်ဖြစ်၊ အသိမ်းလွန်လို့ပဲဖြစ်ဖြစ် ဘယ်လိုနည်းနဲ့ပျောက်ပျောက် တစ်ခုခုပျောက်ပြီဆိုတာနဲ့ သောကပွေရတော့တာပါပဲ။ အရေးကြီးစာရွက်စာတမ်းဆို ပိုဆိုးသေး။ မျှော်လင့်နေရက်နဲ့ဖြစ်စေ၊ မမျှော်လင့်ဘဲနဲ့ဖြစ်စေ ပျောက်သောပစ္စည်း ပြန်တွေ့ပြီဆိုရင်လည်း အတော်ဝမ်းသာရပါတယ်။

မိသားစုနဲ့ အသိမိတ်ဆွေတွေထဲမှာ မှတ်ပုံတင်၊ နိုင်ငံကူးလက်မှတ်၊ ပိုက်ဆံအိတ်၊ လက်ကိုင်ဖုန်း၊ အောင်လက်မှတ်၊ သော့ စသဖြင့် ပျောက်ဆုံးသွားတာတွေ တွေ့ဖူးကြုံဖူးပါတယ်။ ပြန်ရတာရှိသလို ပြန်မရတာတွေလည်း ရှိပါတယ်။ ဒီနိုင်ငံမှာ အပျောက်အများဆုံးက ဖုန်းများ ဖြစ်မလားမသိဘူး။  လက်ကကိုင်ပြီး ဟိုနေရာ၊ ဒီနေရာမှာ အလွယ်တကူ ချထားမိတတ်တဲ့ ပစ္စည်းမျိုး ဖြစ်နေတာကလည်း တစ်ကြောင်းပေါ့။ ကိုယ်နဲ့သိသူတွေထဲမှာ အပျောက်အများဆုံးပစ္စည်းက လက်ကိုင်ဖုန်းပါ။ တက္ကစီပေါ်မှာ၊ ရေအိမ်ထဲမှာ၊ ဘူတာရုံမှာ၊ ဘတ်စ်ကားပေါ်မှာ၊ စားသောက်ဆိုင်မှာ... ပျောက်ချင်ပြီဆို နေရာမရွေး၊ အချိန်မရွေး ပျောက်တော့တာပါပဲ။

မှတ်မှတ်ရရ ကိုယ့်ဘ၀မှာ ပိုက်ဆံအိတ်နှစ်ခါ၊ လက်ကိုင်ဖုန်းတစ်ခါ ပျောက်ဖူးပါတယ်။ ၉တန်းတုန်းက ကျူရှင်အပြန် ကားဂိတ်နားက စာအုပ်ဆိုင်မှာ စာအုပ်ဝင်ဝယ်ပြီး မေ့ကျန်ခဲ့တယ်လို့ပဲ ထင်ပါတယ်။ ဘတ်စ်ကားပေါ်ရောက်တော့ ကားခပေးဖို့ ပိုက်ဆံအိတ်ရှာကြည့်တော့ မတွေ့ဘူး။ တော်သေးတယ် လွယ်အိတ်ထဲမှာ ကျန်နေတဲ့ ကျပ်တန်အကြွေနဲ့ ပေးစီးလို့ရသွားလို့။ နောက်နေ့ ဆိုင်ကိုပြန်သွားပြီး မေးကြည့်တော့ သူတို့မတွေ့မိဘူး၊ မသိလိုက်ဘူး ပြောတယ်။ ကျောင်းသူဆိုတော့ ပိုက်ဆံအများကြီးလည်း မရှိပါဘူး၊ မုန့်ဖိုးနဲ့ကားခလောက်ပဲထည့်ထားတာ။ ကိုယ်နှမြောမိတာက အိတ်ထဲက လိပ်စာစာအုပ်ကလေးကို။ ရှေ့ဆုံးမျက်နှာမှာ ကိုယ့်မောင်လေးလက်ရေးနဲ့ ပုံဆွဲထားတာပါတယ်။ ကျန်တာ သူငယ်ချင်းတွေရဲ့ ဆက်သွယ်ရန် လိပ်စာနဲ့ ဖုန်းနံပါတ်တွေ။  ပျောက်သွားတဲ့ ပိုက်ဆံအိတ်ထက် စာအုပ်လေးကို တော်တော်နဲ့နှမြောနေမိတာ။ တစ်ချိန်ချိန်မှာ တစ်ယောက်ယောက်ကများ ပြန်ဆက်သွယ်ပြီး ပေးမလားလို့။ ဒါပေမဲ့ ပြန်မရခဲ့ပါဘူး။ 

နောက်ဖုန်းပျောက်တာ စင်္ကာပူမှာ ကျောင်းတက်နေတုန်းကပါ။ စာသင်စားပွဲရဲ့အံထဲမှာ မေ့ကျန်ခဲ့တာ။ စာသင်ခန်းထဲက ထွက်ပြီး မိနစ်ပိုင်းပဲရှိသေးတယ်၊ သတိရလို့ပြန်သွားယူတော့ မရှိတော့ဘူး။ အတန်းထဲမှာ ကျောင်းသား ၃၊ ၄ယောက်ပဲ ကျန်တော့တာ။ ဘယ်သူယူလိုက်တယ်လို့ ပြောဖို့ရာလည်းအခက်၊ ကျောင်းသားရေးရာဌာနမှာ သွားအကြောင်းကြားထား ပေမယ့် ဘယ်သူမှပြန်လာမပေးပါဘူး။ အဲဒီ့တုန်းက ချွေချွေတာတာနဲ့ အဖေ၀ယ်ထားပေးတဲ့ ဖုန်းလေးဆိုတော့ နှမြောပြီး စိတ်မကောင်းဖြစ်သွားလို့ တော်တော်ခံစားလိုက်ရပါတယ်။ နောက်ထပ် ဖုန်းအသစ် မ၀ယ်တော့ဘဲ တစ်ပတ်နွမ်းတစ်လုံးပဲ ၀ယ်ပြီး  ကျောင်းပြီးသွားတဲ့အထိ သုံးလိုက်ပါတယ်။

နောက်တစ်ခါ ပိုက်ဆံအိတ်ကျပျောက်တာက လန်ဒန်မှာ။ Study trip နဲ့ ယူကေကို တစ်လခရီး သွားရတုန်းကပါ။ နော့တင်ဟမ်မြို့ကနေ တစ်ခါမှ မရောက်ဖူးသေးတဲ့ လန်ဒန်ရွှေမြို့တော်ကြီးကို ရထားစီးပြီး တစ်ယောက်တည်း လာခဲ့ပါတယ်။ ကျောပိုးအိတ်တစ်လုံး၊ လက်ဆွဲသေတ္တာနှစ်လုံးနဲ့ တစ်ယောက်တည်း ကသီလင်တနိုင်ခဲ့ပါတယ်။ ပက်ဒင်တန်ဘူတာရုံမှာဆင်းပြီး လာကြိုမယ့် သူငယ်ချင်းကို စောင့်နေတုန်း ဗိုက်ဆာတာနဲ့ ရှေ့နားက မုန့်ဆိုင်မှာ sandwich ၀ယ်ပြီး ထိုင်ခုံမှာထိုင်စား၊ မမြင်တွေ့ရတာကြာပြီဖြစ်တဲ့ သူငယ်ချင်းကိုလည်း တမျှော်မျှော်တငေးငေးနဲ့ပေါ့။ သူလဲပေါ်မလာသေးတာနဲ့ နောက်ဆုံး ထိုင်ရာကထပြီး တစ်ဘက်က ထွက်ပေါက်မှာ သွားစောင့်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ (တကယ်လည်း သူငယ်ချင်းက ဟိုဘက်ထွက်ပေါက်မှာ ရောက်နေတာပါ)  တစ်ယောက်တည်း အိတ်တွေနဲ့ ရှုပ်နေတဲ့ကိုယ် ခြေလှမ်းငါးလှမ်းလောက်လှမ်းအပြီး အရပ်ရှည်ရှည်နဲ့ ဥရောပတိုက်သားတစ်ယောက် ကိုယ့်နောက်ကနေ ဘယ်အချိန်က ကျကျန်ခဲ့မှန်း မသိတဲ့ ပိုက်ဆံအိတ်ကို လိုက်ပေးပါတယ်။ အဲတော့မှ ကိုယ်လည်း အံ့သြ၊ ကျေးဇူးတင်စကားဆိုရင်း  အံမယ်လေးတော်ပါသေးရဲ့လို့ စိတ်ထဲက ရေရွတ်မိပါတယ်။ အဲဒီ့ပိုက်ဆံအိတ်က ရိုးရိုးပိုက်ဆံ ထည့်ထားတဲ့အိတ် မဟုတ်ဘဲ ပတ်စ်ပို့ထည့်ထားတဲ့အိတ် ဖြစ်နေလို့ပါ။ သြော်... ငါ့နှယ်နော်... ကျပျောက်သွားလို့ကတော့.... ဆက်တောင်မတွေးရဲဘူး။

သူငယ်ချင်းနဲ့တွေ့ လန်ဒန်မှာလျှောက်လည်ပြီး၊ နောက်ရက်မှာ အခြားသူငယ်ချင်းများနဲ့  မဖြစ်မနေသွားလည်ရမယ့် ခရီးစဉ်တွေထဲ တစ်ခုအပါအ၀င်ဖြစ်တဲ့ မဒမ်တူးဆော့ဖယောင်းရုပ်တုပြတိုက်ကို သွားကြပါတယ်။ အထဲရောက်တာနဲ့ အပျော်ကြီးပျော်ပြီး လူအစစ်အလား ထင်မှတ်မှားစရာ ရုပ်ထုတွေနဲ့ အလုအယက် စီတန်းပြီး တစ်လှည့်စီ ဓာတ်ပုံတွေ ရိုက်ကြရတာ။ ဒေးဗစ်ဘက်ခမ်ရဲ့ လက်ကိုတွဲလို့တစ်ဖုံ၊ ကိုယ့်အကြိုက်မင်းသား နီကိုးလပ်စ်ကေ့ခ်ျနား ကပ်လို့တစ်မျိုး၊ ဂျွန်ထရာဗိုလ်တာနဲ့ ယှဉ်ရပ်လို့တစ်ခါ၊ အဲဒီအချိန်တုန်းက ချစ်သူတွေဖြစ်နေကြတဲ့ တွမ်ခရုစ်နဲ့ ပင်နီလုပ်ခရက်စ်ကြား ၀င်ရပ်ပြီးရှုပ်လိုရှုပ်၊  အမေရိကန်သမ္မတဂျော့်ဘုနဲ့ ကလင်တန်တို့နှစ်ယောက်ကြားဝင်ပြီး မိန့်ခွန်းပြောလိုပြော၊ မယ်ရီလင်မွန်ရိုး၊ ပရက်စလေ၊ ဘီတယ်လ်၊ လေဒီဒိုင်ယာနာ၊ စပီးလ်ဘတ်ခ်... တစ်ယောက်မှ အလွတ်မပေးဘဲ တွဲပြီး ဓာတ်ပုံရိုက်ရတာများ တစ်ကမ္ဘာလုံးကို မေ့လို့။ ပျော်လိုက်တာမှ အထဲကနေအပြင် တော်တော်နဲ့ကို ပြန်မထွက်ချင်ဘူး။ 

အဲဒီ့ကနေအပြန် နောက်တစ်နေရာကို ရထားနဲ့သွားမယ်ဆိုတော့ လက်မှတ်ဖြတ်ဖို့ ဘောင်းဘီအိတ်ထဲထည့်ထားတဲ့ ပိုက်ဆံအိတ်အသေးကို ဆွဲထုတ်တော့ မရှိတော့ဘူး။ ဒါနဲ့ ကျောပိုးအိတ်ထဲမှာလားဆိုပြီး ပြန်ရှာတော့လည်း မတွေ့ဘူး။ တစ်နေ့ကပျောက်လုပျောက်ခင်ဖြစ်သွားတဲ့ ပတ်စ်ပို့စ်ထည့်ထားတဲ့ ပိုက်ဆံအိတ်တော့ရှိနေတယ်။ ကိုယ်ကလည်း ခရီးတစ်ခါသွား ပိုက်ဆံအိတ်ကနှစ်လုံးသုံးလုံးနဲ့ ရှုပ်နေတာကိုး။ စောစောက အပျော်ကြီးပျော်ခဲ့သမျှ ခုတော့ ငိုရတော့မယ်။ အဲဒီ့အိတ်ထဲမှာ ပါနေတာက ကိုယ့်ရဲ့ စင်္ကာပူက ကျောင်းသားကတ်။ အဲဒါမရှိရင် စင်္ကာပူကို ပြန်လို့မရတော့ဘူး။ နောက်သုံးလေးရက်နေပြီးရင် စင်္ကာပူကို ပြန်ရတော့မှာ။ ပြီးတော့ အဲဒီ့နေ့က စနေနေ့ဆိုတော့ နောက်နေ့တနင်္ဂနွေ။ သက်ဆိုင်ရာသံရုံးကို အကြောင်းကြားဖို့ရာလည်း ပိတ်ရက်တွေဖြစ်နေ။ ကိုယ့်ရင်တွေ ဘယ်လောက်တောင် ပူသွားခဲ့လည်းဆိုတာ ပြောမပြတတ်အောင်ဘဲ။

ဘယ်နေရာမှာပျောက်တာ ဖြစ်နိုင်မလဲဆိုတာ အရင်စဉ်းစားရတယ်။ ပြတိုက်မှာ ကျပျောက်တာ ဖြစ်ဖို့များတယ်။ အထဲဝင်တဲ့အထိ ပိုက်ဆံအိတ်က ဘောင်းဘီအိတ်ထဲမှာ ရှိနေသေးတယ်။ အတူပါလာတဲ့ သူငယ်ချင်းတစ်ယောက်က ငါတို့ပြတိုက်က သက်ဆိုင်ရာလူကို အကျိုးအကြောင်း ပြောပြပြီး အထဲဝင်ပြီး ပြန်ရှာကြည့်ရအောင်လို့ အကြံပေးတယ်။ သူတို့နှစ်ယောက်လည်း ကိုယ့်အတွက် အတော်စိတ်ပူသွားရှာတယ်။ ကိုယ်တို့သုံးယောက်လုံး စင်္ကာပူကို တစ်ခရီးတည်း အတူပြန်ရမယ့်သူတွေ။

ကိုယ်လည်း သူပြောတာသဘောတူပြီး ပြတိုက်ရှိရာဘက်ကို လမ်းပြန်လျှောက်၊ အ၀င်ကလုံခြုံရေးကို သွားပြန်ပြောတော့ အထဲကို ပြန်ပေးမ၀င်သေးဘဲ Lost and Found Section ရှိရာ အရင်သွားမေးဖို့ပြောတယ်။ အမှန်ပြောရယင် ကိုယ်လည်း တော်တော်စိတ်ဓာတ်ကျနေတာ။ ဒီလောက် နိုင်ငံပေါင်းစုံက လူမျိုးပေါင်းစုံနဲ့ ခရီးသွားဧည့်သည်တွေ ခြေချင်းထပ်အောင် စည်ကားနေတဲ့ ပြတိုက်ထဲမှာ ဘယ်လိုလုပ်ပြီး ပိုက်ဆံအိတ်ကို အလွယ်တကူ ပြန်ရှာတွေ့ဖို့ လွယ်ပါမလဲ။ အထဲမှာက မှောင်လည်း မှောင်တယ်။ ဒါကြောင့် အရုပ်ကို လူအစစ်လို့ထင်၊ လူအစစ်ကို အရုပ်လို့ ထင်လိုထင် ဖြစ်သေးတာ။ တစ်စုံတစ်ယောက်က ကောက်ရသွားရင်ရော... ပြန်ပေးမှာတဲ့လား။

ပြတိုက်အပြင်ဘက်က Lost and Found Section က သေးသေးလေးပဲ။ အထဲမှာထိုင်နေတဲ့ ထောင်ထောင်မောင်းမောင်း ကပ္ပလီလူမည်းကြီးကို မြင်ရတော့ ပူနေတဲ့စိတ်ပျောက်ပြီး  ကြောက်စိတ်က ၀င်သွားသေးတယ်။ ကိုယ်က ပိုက်ဆံအိတ် ပျောက်သွားကြောင်း ပြောပြတော့ သူက ကိုယ့်ကို  ဘယ်နိုင်ငံကလဲ၊ ကျောင်းသူလား၊ ပိုက်ဆံအိတ်အရောင်ဘာလဲမေးပြီး ကိုယ်ပြန်ဖြေလိုက်တာနဲ့ တစ်ခါတည်း  ကိုယ့်နာမည်ရွတ်ပြပြီး ကိုယ့်ရဲ့ပျောက်သွားတဲ့ ပိုက်ဆံအိတ်ကို ပြုံးပြီး ထုတ်ပေးလိုက်တာပါပဲ။ သူက အထဲမှာပါတဲ့ ကျောင်းသားကတ်ကို ထုတ်ကြည့်ထားတော့ ကိုယ်လာတာနဲ့ ပိုင်ရှင်မှန်းသူသိနေတယ်။ ဓာတ်ပုံပါတဲ့ နိုင်ငံတကာ ကျောင်းသားကတ်ကလည်း အဲဒီ့အိတ်ထဲမှာပဲလေ။ သေချာအောင် အလုပ်သဘောအရ အရင်မေးတာ။ ပြတိုက်လာလည်သူတစ်ယောက်က ကောက်ရလို့ လာပို့သွားတာတဲ့။ မဒမ်တူးဆော့ပြတိုက်ရဲ့ ပစ္စည်းပျောက်ဆုံးပြန်တွေ့ဌာနက  ကိုယ့်ကို ၀မ်းသာပျော်ရွှင်မှုတွေ ပေးစွမ်းခဲ့တယ်ဆိုပါတော့။

ပိုက်ဆံအိတ်ပြန်ရတော့ ကိုယ်ဘယ်လောက်ပျော်သွားမယ်ဆိုတာ မှန်းကြည့်လို့ရပါတယ်။ ကိုယ့်ပိုက်ဆံအိတ် ပြန်လာပေးသူကို ဘယ်သူမှန်းမသိရဘဲ ကျေးဇူးတွေ အထပ်ထပ် တင်နေမိတာ။ ကျောင်းသားကတ်ပါတဲ့ အဲဒီ့အိတ်က ကိုယ့်အတွက် ဘယ်လောက် အရေးကြီးသလဲဆိုတာ သူသိချင်မှသိမှာ။ ကိုယ်က အဲဒီ့နိုင်ငံကို ခဏတာအလည်လာသူ တစ်ယောက်။ စင်္ကာပူမှာ ကျောင်းတက်နေတဲ့ အခြားနိုင်ငံသူ။ ကိုယ်စင်္ကာပူပြန်ရင် ပတ်ပို့စ်နဲ့ ထပ်တူထပ်မျှ အရေးကြီးတာက ကိုယ့်ရဲ့ ကျောင်းသားကတ်။ အဲဒါမှမရှိရင် ကိုယ့်မှာ စင်္ကာပူကို ဘယ်လိုလုပ် ပြန်ဝင်လို့ရပါ့မလဲ။ တကယ်လို့ ပြန်မရဘဲ ပျောက်သွားခဲ့ရင်... ။

ကိုယ်ကပဲ အင်္ဂလန်နဲ့ အကျိုးပေးသလား၊ ပြန်ရဖို့ကံကိုကပဲ ပါလာသလားတော့ မပြောတတ်ဘူး၊ လန်ဒန်မှာတင်ပဲ နှစ်ခါကျပျောက်ခဲ့တဲ့ ပိုက်ဆံအိတ် နှစ်အိတ်လုံး ပြန်ရခဲ့ပါတယ်။

ကိုယ့်အတွက်တော့ အမှတ်ရခဲ့တဲ့ Lost and Found ပါပဲ။


ဇွန်မိုးစက်