on the way...

Category:

ဒီတလော အလုပ်တွေများပြီး စာရေးဖို့ အချိန်မပေးနိုင်တာကတစ်ကြောင်း၊ စိတ်ပန်းလူပန်းဖြစ်ပြီး စိတ်တွေ သိပ်မကြည်လင်တာက တစ်ကြောင်းမို့ စာရေးချင်စိတ်မရှိအောင် ဖြစ်နေပါတယ်။ ဒါပေမယ့် မရေးရမနေနိုင်တဲ့ စိတ်အခံလေးက ရှိနေပြန်တာကြောင့် အကြောင်းတိုက်ဆိုင်မှုရှိသွားတဲ့အခါ ရေးချင်စိတ် ပေါ်လာပြန်ပါတယ်။ 

လွန်ခဲ့တဲ့နှစ်ပတ်လုံးလုံး အိမ်ပြောင်းမယ်ဆိုပြီး အေးဂျင့်တွေဆီ ဖုန်းဆက်၊ ရုံးဖွင့်ရက်ဆို ရုံးအပြန်၊ ပိတ်ရက်မှာလည်း  အိမ်တွေလိုက်ကြည့်နဲ့ တကယ့်ကို ပင်ပန်းပါတယ်။ ဈေးတွေကမြောက်၊ စိတ်တိုင်းကျ အခန်းကရှာမရနဲ့ စိတ်ကပါ ပင်ပန်းတာပေါ့လေ။ တစ်ရက်တော့ ကိုယ်နေချင်တဲ့ရပ်ကွက်မှာပဲ ဈေးသက်သာတဲ့ အခန်းတစ်ခန်းရှိတယ်လို့ အေးဂျင့်က လှမ်းပြောတာနဲ့ သွားကြည့်မယ်လို့ သဘောတူလိုက်ပါတယ်။ ရုံးဖွင့်ရက်ဆိုတော့ ရုံးအပြန် ည ၈နာရီ အရောက်လာခဲ့ဖို့ ပြောတယ်။ ၆နာရီခွဲရောက်တော့ သူက ဖုန်းလှမ်းဆက်ပြီး လာမှာလားလို့ သေချာအောင် ထပ်မေးလိုက်သေးတယ်။ ကိုယ်ကလည်း လာမှာ သေချာတယ်လို့။ သူ့ကို ပြန်မေးတော့ ငါလည်း လာနေပြီ on the way တဲ့။ 

ကိုယ်လည်း သူပြောတဲ့လိပ်စာအတိုင်း ၈နာရီအရောက် သွားနိုင်ခဲ့ပါတယ်။ ခက်တာက တိုက်နံပါတ်ပဲပေးပြီး အခန်းနံပါတယ် ပေးမထားတော့ တနံတလျား ရှည်လျားတဲ့ ထောင့်မှန်စတုဂံပုံ တိုက်တန်းလျားရှေ့မှာ ဘယ်နားက စောင့်ရမှန်းမသိတော့ သူ့ဆီဖုန်းထပ်ဆက်လိုက်တယ်။ သူက on the way တဲ့။ သူ့  colleague တစ်ယောက်လည်း လာနေပြီ၊ သူ့ကို ကိုယ့်ဖုန်းနံပါတ်ပေးပြီး ဆက်သွယ်ခိုင်းလိုက်မယ်လို့ ပြောပါတယ်။ ခဏကြာတော့ သူ့ colleague ရစ်ချက်က ဖုန်းဆက်ပြီး သူရောက်နေတဲ့အကြောင်း ပြောပြီး ကိုယ်တို့ကို လာတွေ့ပါတယ်။ ရစ်ချက်လည်း အခန်းနံပါတ် အတိအကျ မသိသူမို့  ဖုန်းတွေလှမ်းဆက်ပြီး မေးရပါသေးတယ်။ နောက်တော့မှ အခန်းနံပါတ်ရပြီး အိမ်ကြည့်ခွင့် ရလိုက်ပါတယ်။ shop house အပေါ်ထပ်ဖြစ်နေတာကြောင့် အခန်းဖွဲ့စည်းပုံ အနေအထား သိပ်မကောင်းတာနဲ့ မယူဖြစ်လိုက်ပါဘူး။ 

အိမ်ရှင်ဘက်က အေးဂျင့်ကလည်း ကိုယ်တို့ကို အခန်းလိုက်ပြ၊ ရှင်းပြ၊ စောစောက ကိုယ်တို့နဲ့လာတွေ့ပြီး အခန်းလိုက်ပြတဲ့ ရစ်ချက်နဲ့လည်း  အိမ်ခန်းအကြောင်းတွေ ပြောပြီးတဲ့အထိ ကိုယ်နဲ့ဆက်သွယ်ထားတဲ့ အေးဂျင့်က ရောက်မလာသေးဘူး။ ရစ်ချက်ကို ထပ်မေးကြည့်တော့ သူလာနေတယ် on the way လို့ပဲ ပြောတယ်။ ကိုယ်တို့ ပြန်သွားတဲ့အထိ အွန်သဝေးအေးဂျင့်က ရောက်မလာခဲ့ပါဘူး။ တော်သေးတာပေါ့ အိမ်ကြည့်ပြီး ကိုယ်တို့ မကြိုက်ပေလို့သာပဲ။ ကြိုက်တဲ့အိမ်ဆို ကိုယ့်အေးဂျင့်က ပေါ်မလာရင် ညှိနှိုင်းဖို့၊ ဈေးစကားပြောဖို့ရာ အခက်တွေ့နေမှာ။ on the way ဆိုပြီး ပေါ်မလာတဲ့အကြောင်း တွေးမိရင်းနဲ့ ရယ်ချင်သလိုတောင် ဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ အဲလိုအဖြစ်မျိုး ခပ်ဆင်ဆင် လွန်ခဲ့တဲ့ ၈ နှစ်လောက်က တစ်ခါကြုံခဲ့ဖူးတာ အမှတ်ရသွားလို့။ 

အဲဒီ့တုန်းက ကိုယ်အင်္ဂလန်ရောက်နေခိုက်၊ သူက အင်္ဂလန်အလယ်ပိုင်းကနေ တောင်ပိုင်းက ကျောင်းမှာ ပြောင်းတက်မှာဆိုတော့ ပစ္စည်းပစ္စယတွေ အများကြီးကို ရထားနဲ့ပဲ သယ်ပြီး ပြောင်းလာခဲ့တာ။ ရောက်ရောက်ချင်း အဆောင်မရသေးတော့ အဲဒီ့မြို့က ဈေးသက်သာတဲ့ hostel တစ်ခုမှာ ယာယီတည်းရပါတယ်။ ရထားစီးပြီး ပစ္စည်းတွေလည်း သယ်လာရတော့ လူက ပင်ပန်းနေပြီ။ နောက်ပြီး အခုမှစရောက်ဖူးတဲ့ မြို့ဖြစ်လို့ ဘယ်နေရာ ဘာရှိမှန်းက သိပ်မသိသေးဘူး။ ညနေစာ ထွက်စားကြမယ်လုပ်တော့ သူက hostel မှာရှိတဲ့ home delivery service ပေးတဲ့ ကြော်ငြာစာရွက်တွေထဲက ဆိုင်တစ်ခုကိုပဲ လှမ်းမှာလိုက်မယ်။ အပြင်ထွက်စရာ မလိုတော့ဘူး၊ သက်သာမယ်ပေါ့။ ကိုယ်လည်း သဘောတူတော့ ဖုန်းလှမ်းဆက်ပြီး မှာလိုက်တယ်။ ဈေးသက်သက်သာသာနဲ့ မှာစားလို့ရတဲ့ တူရကီလူမျိုးတွေရဲ့ဆိုင်က ခဘတ်ပ်နဲ့ ဘာဂါပါပဲ။ မိနစ်နှစ်ဆယ်အတွင်း အရောက်လာမယ်တဲ့။ 

အော်ဒါမှာပြီးပြီဆိုတော့ ကိုယ်တို့လည်း အေးအေးဆေးဆေးနဲ့ ဆာနေတဲ့ဗိုက်ကို နှစ်သိမ့်ပြီး နေနေတာပေါ့။ နာရီဝက်လောက်ကြာတော့ ရောက်သင့်ပြီဆိုတာနဲ့ ဖုန်းတစ်ခေါက်လှမ်းဆက်တယ်။ လာနေပြီ on the way တဲ့။ ကိုယ်တို့လည်း ပျော်သွားတယ်၊ ခဏနေ ရောက်တော့မယ်ပေါ့။ တစ်နာရီကြာသွားတယ်။ ဖုန်းထပ်ဆက်တယ်။ လာနေပြီ still on the way တဲ့။ ဒီတစ်ခါတော့ သိပ်စိတ်မရှည်ချင်တော့ဘူး။ လိပ်စာပြောတော့လည်း သိတယ်တဲ့။ ကိုယ်တို့လည်း အထဲမှာပဲနေနေလို့ သူတို့ရောက်လာရင် မသိမှာစိုးလို့ hostel အပြင်ဘက်ထိ ထွက်ပြီးတော့ကို စောင့်တယ်၊ တစ်နာရီခွဲလောက် ကြာသွားတယ်။ ဗိုက်ကလည်း အတော့်ကို ဆာနေပြီ။ စိတ်တိုတိုနဲ့ ဖုန်းဆက်ပြီးပြောတော့ လာနေပါပြီ on the way တဲ့။ ဒီတစ်ခါတော့ ဘယ်လိုမှ ဆက်စောင့်ဖို့ စိတ်မရှည်တော့ဘူး၊ သူတို့ရဲ့on the way ကိုလည်း မယုံကြည်တော့တာနဲ့ နှစ်ယောက်သား ဗိုက်ဆာဆာနဲ့ လမ်းလျှောက်ပြီး စားသောက်ဆိုင်လိုက်ရှာရတာ မောလည်းမော ဆာလည်းဆာ စိတ်လည်းတိုပေါ့လေ။ စားပြီးပြန်ရောက်တော့ hostel က လူကို မေးကြည့်လိုက်သေးတယ်၊ ... ဆိုင်က home delivery များ လာသွားသေးလားလို့...၊ မလာဘူးတဲ့။ နောက်တစ်ခါ အော်ဒါမှာစားဖို့ကို တော်တော်လန့်သွားတာ။ on the way လို့ဖြေပြီး ပေါ်မလာမှာစိုးလို့။ ဒါပေမယ့် ရာသီဥတုသိပ်အေးတဲ့အခါ အပြင်မထွက်ချင်လို့ အော်ဒါမှာပြီး စားဖြစ်ပါသေးတယ်။ အွန်သဝေးလို့ပြောပြီး ပေါ်မလာတာမျိုးတော့ နောက်ထပ်မကြုံရတော့ပါဘူး။း) 


ဇွန်မိုးစက်

Comments ( 10 )

အွန်သဝေး မဟုတ် အရောက်လာခဲ့ပါတယ် ညီမရေ...:)

ချိန်းတဲ့ အချိန်ထက် အမြဲတမ်း နောက်ကျတတ်တဲ့ သူငယ်ချင်းတယောက်ရှိတယ် သူ့ကို ဘယ်ရောက်နေပြီလဲ လို့ မေးလိုက်ရင် အဖြေက အမြဲတမ်း on the way ပဲ... အဲဒါ နောက်ပိုင်းကျတော့ သူ့အကြောင်း သိသွားပြီ... သူ ပြောတဲ့ on the way ဆိုတာ ရေချိုးခန်းနဲ့ အိပ်ခန်းနဲ့ကူးနေတဲ့ on the way ပဲလို့ မှတ်ယူကြရတယ်...း))

“ဟယ်လို....ဂျင်းဘယ်နားရောက်နေပြီလဲ....”

“လာနေပြီ၊ လာနေပြီ၊ အွန်သဝေး မဇွန်....” :D

တိုက်ဆိုင်သလားလို့ပါ... ဟီးးးးးးးးးးး

ချစ်တဲ့
ဂျင်း

တခါတလေ ပွဲစားတွေကအဲဒီလိုပဲ... တဖက်မှာလည်း မပြီးသေးတာကို ဒီတဖက်ကိုလည်း မလွတ်စေချင်ရင် အဲလို လုပ်တတ်တယ်။ သူတို့ on the way က ကြောက်ရတယ်။ ဟိုတနေ့က သူငယ်ချင်းတွေနဲ့ဆုံတုန်းက catering service က နောက်ကျနေရာ... မလာတာနဲ့ ဖုန်းဆက်မေးတော့ on the way တဲ့... တနာရီလောက်နောက်ကျပြီးမှရောက်လာတယ်။
တော်သေးတာပေါ့ ရောက်လာသေးလို့။

ဟားဟား အမသက်ဝေ သဘောချင်းနှောလိုက်လေ... နောက်ဆို အဲလိုသူငယ်ချင်းဆို သေချာမေးရမယ် ဘယ်နားက on the way လဲလို့

တော်တော်လည်းတော်တဲ့ အွန်သဝေးပါလားနော် :D

ဗိုက်ဆာချိန်မှာစောင့်ရတဲ့ ဒုက္ခကို ကိုယ်ချင်းစာမိပါတယ်။
အေးဂျင့်တွေရဲ့  on the way ကို လည်း လေ့လာသွားပါတယ်။

link တွေ update လုပ်လို့ ချိတ်ထားလိုက်တာကို လာပြောတာပါ။ :)

မှတ်လောက်သားလောက် အွန်သဝေးပေါ့နော် ..း)

ကိုယ်လည်း အမြဲနောက်ကျတတ်တယ်။ သူငယ်ချင်းတွေက ထွက်လာပြီလား ထွက်လာပြီလား မေးရင် ထွက်လာပြီလို့ အမြဲပြောတယ်။ (ရေချိုးခန်းထဲက ထွက်လာတာ)

တူရကီကနေ အွန်သဝေးဖြစ်မယ်
:)
mm