Showing posts with label Miscellaneous. Show all posts
Showing posts with label Miscellaneous. Show all posts

ပီတိ

2

Category: ,

ဂျူဂျူးသည် သွက်လက်ချက်ချာသော သုံးနှစ်ခွဲအရွယ် သမီးကလေး ဖြစ်သည်။ ညအိပ်ရာဝင်ခါနီးတိုင်း တီတီဇွန်က ဂျူဂျူးလေးနှင့်အတူတူ ဘုရားရှိခိုးရင်း ဘုရားစာသင်ပေးခဲ့သည်မှာ ၃လလောက်ရှိပြီ။ ဉာဏ်ကောင်းသော ကလေးမို့ နမောတဿ၊ သြကာသ၊ သရဏဂုံသုံးပါး၊ မေတ္တာပို့၊ ဘုရားဂုဏ်တော်(၉)ပါး၊ တရားဂုဏ်တော်(၆)ပါး၊ သံဃာ့ဂုဏ်တော်(၉)ပါး တို့ကို ၂လအတွင်း အလွတ်ရအောင် ဆိုနိုင်ပြီ။ ညစဉ်ဟုဆိုပေမယ့် တီတီဇွန် ခရီးသွားသော တစ်ပတ်ဆယ်ရက်မှာ သူကလေးလည်း ဘုရားရှိခိုးဖို့ပျက်ကွက်တတ်သည်။ အခြေခံဘုရားရှိခိုးတွင် ရွတ်ဆိုရလွယ်ကူသော်လည်း အရေးကြီးသည့် ငါးပါးသီလကို သိပ်မကြာသေးခင်ကမှ သင်ပေးဖြစ်သည်။ တီတီဇွန့်ခံယူချက်က ငါးပါးသီလ၏ အဓိပ္ပာယ်ကို ဂျူဂျူးလေး သေသေချာချာ သိစေချင်လို၍ နောက်ဆုံးမှ သင်ပေးခြင်းဖြစ်သည်။ ပထမဆုံး ပါဠိလိုနှုတ်တိုက်ကို နားယဉ်သွားအောင် အရင်ချပေးသည်။ ငါးပါးလုံး ချောချောမောမော ရွတ်ဆိုနိုင်သည့်အခါ တစ်ပါးခြင်း၏အဓိပ္ပာယ်ကို မြန်မာလိုပြန်ရှင်းပြသည်။ မြန်မာလိုသင်ပေးကာမှ သုံးနှစ်ခွဲသမီးလေး၏မေးခွန်းများကို သူ့အရွယ်နှင့်နားလည်နိုင်လောက်သော စကားလုံးများဖြင့် တီတီဇွန်ပြန်ဖြေနိုင်ဖို့ ကြိုးစားရတော့သည်။ ခေတ်စကားနှင့်ပြောရရင် အဲသည်မှာ... စတာပဲပေါ့။ 

ဂျူဂျူးရေ... ငါးပါးသီလ ဆိုရအောင်
ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
သူ့အသက်လည်း... မသတ်ဘဲ....
တစ်ကြောင်း မဆုံးခင်မှာပင် ဂျူဂျူးက.... တီတီ သူ့အသက်လည်း မသတ်ဘဲဆိုတာ ဘာကိုပြောတာလဲ?
သြော်... တိရစ္ဆာန်လေးတွေ သမီးကြောင့် နာနာဖြစ်အောင် မလုပ်ရဘူးလို့ပြောတာ၊ သမီးကိုလာကိုက်တဲ့ ပုရွက်ဆိတ်လေးတွေ၊ ခြင်တွေကိုလည်း လက်နဲ့ဖိမသတ်ရဘူးနော်၊ လေနဲ့အသာလေး မှုတ်ထုတ်လိုက်၊ နောက်ပြီး ငါးလေးတွေကိုလည်း မမျှားရဘူးနော်။
ဘာလို့လဲ တီတီ?
ငါးလေးကို မျှားလိုက်ရင် ငါးမျှားချိတ်က ငါးလေးရဲ့လည်ပင်းကိုချိတ်သွားတော့ နာနာဖြစ်သွားတာပေါ့၊ နောက်ပြီး ငါးလေးတွေက ရေထဲမှာပဲ အသက်ရှင်နိုင်တာလေ၊ သူတို့ကုန်းပေါ်ရောက်လာရင် အသက်ရှူလို့မရတော့ သေသွားတာပေါ့။
အို.... ဂျူဂျူးဆီမှ အာမေဋိတ်သံလေးထွက်လာသည်။
ကဲ... လိုက်ဆိုနော် သူ့အသက်လည်း... မသတ်ဘဲ ... အမြဲရှောင်ကြဉ်မည်
တီတီ... အမြဲရှောင်ကြဉ်မည်ဆိုတာက ဘာလဲဟင်?
အမြဲရှောင်ကြဉ်မည် ဆိုတာက သမီးက တိရစ္ဆာန်လေးတွေကို နာနာဖြစ်အောင်၊ သေသွားအောင် မလုပ်ပါဘူးလို့ ကတိပေးတာ promise လုပ်တာပေါ့။

အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
သူ့ဥစ္စာလည်း ... မခိုးဘဲ ...
တီတီ... သူ့ဥစ္စာလည်း မခိုးဘဲဆိုတာ ဘာကိုပြောတာလဲ?
သူ့ဥစ္စာဆိုတာ သူများပစ္စည်းတွေ၊ ကစားစရာတွေကို ပြောတာပေါ့။ သမီးက မမ စကိုင်လာတို့အိမ် သွားကစားတဲ့အခါ သမီးကစားချင်တဲ့အရုပ်ကလေး တွေ့ရင် ခွင့်တောင်းပြီးမှ ဆော့ရသလိုမျိုးလေ။ ဟိုတစ်နေ့က ကျောင်းမှာ သမီးရဲ့ jacket ကို ခွင့်မတောင်းဘဲ ယူသွားတဲ့ လီယာလေးလို မလုပ်ရဘူးလို့ ပြောတာ။
လီယာလေးက သမီးကို sorry လို့ လာပြန်ပြောတယ် တီတီ
အင်းပေါ့ ပြောရမှာပေါ့။ ဒါပေမယ့် သမီးအင်္ကျီကို ခွင့်မတောင်းဘဲ ယူပြီးမှ sorry မှ ပြောတာထက်စာရင် သူက သမီးကို အရင်ခွင့်တောင်းပြီးမှ ယူတာ ပိုကောင်းတယ်မဟုတ်လား? အဲဒါကြောင့် သမီးလည်း သူငယ်ချင်းတွေရဲ့ပစ္စည်းတွေ၊ ကစားစရာတွေကို ယူကြည့်ချင်ရင် အရင်ခွင့်တောင်းရမယ်နော်။ ခွင့်မတောင်းဘဲ မယူရ၊ မကစားရဘူး။ အဲလိုလုပ်တာ မကောင်းဘူး၊ မယဉ်ကျေးဘူး၊ rude ဖြစ်တယ်နော်။ ဂျူဂျူးလေးက နားလည်သွားပြီမို့ထင်သည် ခေါင်းညိတ်ပြသည်။
သူနားလည်သွားမှ တစ်ကြောင်းလုံးကို ပြန်ဆက်ဆိုရသည်၊ သူ့ဥစ္စာလည်း... မခိုးဘဲ... အမြဲရှောင်ပါမည်။ ဒီတစ်ခါတော့ ကလေးလိုက်ဆိုရလွယ်အောင် တီတီဇွန်က ရှောင်ကြဉ်အစား ရှောင်ပါမည်လို့ ပြောင်းလိုက်သည်။

ကာမေသု မိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
သူ့အိမ်ယာလည်း... မမှားဘဲ... အမြဲရှောင်ပါမည်
တီတီ သူ့အိမ်ယာလည်း မမှားဘဲ ဆိုတာ ဘာကိုပြောတာလဲ (အင်း... ဒီမေးခွန်းက ၃နှစ်ခွဲအရွယ် ကလေးတစ်ယောက်ကိုဖြေဖို့ တီတီဇွန့်အတွက် tricky question ဖြစ်နေသည်၊ သို့သော် တီတီဇွန်တစ်ယောက် ကြိုးစားအားထုတ်၍ ဖြေဆိုရပါသည်)
သူ့အိမ်ယာလည်း မမှားဘဲဆိုတာ သမီးက ကိုယ့်အိမ်မဟုတ်တဲ့ သူများအိမ်ကို သမီးအိမ်လို့မှားထင်ပြီး ညအိပ်မသွားရဘူးလို့ဆိုလိုတာ။ သမီးကျောင်းကပြန်လာရင်၊ အပြင်မှာလည်လည်သွားပြီးပြန်လာလို့ မိုးချုပ်သွားရင် သမီးအိမ်မှာပဲ ဖေဖေတို့ မေမေတို့နဲ့ အတူတူအိပ်တာလေ၊ သူများအိမ်မှာ သွားမအိပ်ဘူး မဟုတ်လား။ သူများအိမ်ကို ကိုယ့်အိမ်အမှတ်နဲ့မှားပြီး သွားမအိပ်ပါဘူးလို့ ဆိုလိုတာ။ ဂျူဂျူးက နားလည်ချင်မှ နားလည်မည်ဖြစ်သော်လည်း ဆက်မမေးတော့ဘဲ လိုက်ဆိုသည်မို့ တီတီဇွန် ခေါင်းစားမည့်အရေးမှ သက်သာသွားသည်။

မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
လိမ်ညာမုသား.... မပြောဘဲ... အမြဲရှောင်ပါမည်
တီတီ... လိမ်ညာမုသား ဆိုတာ ဘာကိုပြောတာလဲ?
လိမ်ညာမုသား ဆိုတာ telling lies ကို ပြောတာပေါ့၊ သမီးမှတ်မိတယ် မဟုတ်လား၊ Johny Johny Yes Pa Pa ထဲမှာလေ... ဂျော်နီလေးက သကြားတွေခိုးစားနေတာ၊ သူ့ဖေဖေက eating sugar သကြားတွေစားနေလားဆိုပြီး မေးတာကို ဂျော်နီလေးက အမှန်တိုင်းမဖြေဘဲ No Pa Pa ဆိုပြီး ပြောလိုက်တာလေ။ အဲဒါနဲ့ သူ့ဖေဖေက telling lies... လိမ်ပြောနေတယ်... open your mouth... ပါးစပ်ဟပြစမ်းပါဦးလို့ ပြောလိုက်တော့ ဂျော်နီလေးက ပါးစပ်ဟလိုက်တာ သကြားတွေထွက်ကျလာတယ်လေ။ ဂျော်နီလေးက သကြားတွေစားနေတာကို မစားဘူးလို့ပြောတာ telling lies လိမ်ညာပြောတာပေါ့၊ ဂျူဂျူးလည်း တစ်ခုခုစားချင်ရင် ဂျော်နီလေးလို လိမ်မပြောရဘူးနော်၊ ဖေဖေတို့ မေမေတို့ကို ခွင့်တောင်းပြီးမှ စားရမယ်။ တကယ်လို့ တီတီတို့မသိအောင် သမီးက lollipop တွေယူစားနေတုန်း ဖေဖေတို့မေမေတို့မေးရင် ဟုတ်ကဲ့ သမီး စားနေပါတယ်လို့ အမှန်အတိုင်းပဲပြောရမယ်နော်။ ဂျူဂျူးလေးက နားလည်သွားဟန်နှင့် ခေါင်းညိမ့်သည်။ (နောက်ရက်တွေမှာ လေးပါးမြောက် မုသာဝါဒါဆိုတိုင်း တီတီဇွန့်ခမျာ Johny Johny Yes Pa Pa တစ်ပုဒ်လုံးကိုပါ အမြဲဆိုပြရတော့သည်)

ကဲလိုက်ဆိုပါဦး...
သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
အရက်သေစာ... မသောက်ဘဲ...
တီတီ အရက်သေစာ ဆိုတာ ဘာကိုပြောတာလဲ?
အရက်သေစာဆိုတာ alcohol ပါတဲ့ အရည်တွေကို ပြောတာပေါ့၊ အဲဒီအရည်တွေသောက်ရင် သမီးခန္ဓာကိုယ်ထဲက organs တွေ နာနာဖြစ်ပြီး နေမကောင်းဖြစ်သွားမှာ။
ဂျူဂျူးလေးက မဆိုင်းမတွပင် ... ဟိုတစ်ခါ ဂျူဂျူးလက်ကို ဓားရှတုန်းက alcohol wipe နဲ့ သုတ်တာ အနာပျောက်သွားတယ်။
တီတီဇွန်က ဂျူဂျူးမသိအောင် သက်ပြင်းလေးချပြီး... အဲဒီ alcohol wipe နဲ့ သုတ်တုန်းက စပ်စပ်ကြီးဖြစ်လို့ သမီးအော်ငိုသေးတယ်လေ၊ အဲဒါ alcohol ပါတဲ့ wipe သေးသေးလေးနဲ့ထိတာတောင် သမီး တအားစပ်သွားတာ၊ အဲဒါတွေအများကြီးပါတဲ့ အရည်တွေသောက်မိရင် သမီးတစ်ကိုယ်လုံးပူပူစပ်စပ်ကြီး ဖြစ်သွားမှာပေါ့။ အဲလိုပူပူစပ်စပ်ကြီးတွေ သောက်လိုက်ရင် သမီး body ထဲက organ တွေ နာနာဖြစ်ပြီး ပျက်စီးကုန်မှာ၊ အဲဒါဖြစ်သွားရင် သမီးနေမကောင်းဖြစ်ပြီး ဆေးရုံတက်ရမှာ။ ဆေးရုံသွားရင် ဆေးထိုးခံရမည်ဆိုသော အသိလေးရှိနေသော ဂျူဂျူး မျက်လုံးလေးတွေပြူးသွားပြီး၊ အဲဒါဆို fruit ပါတဲ့ juice တွေပဲ သောက်တော့မယ်။
ဒါပေါ့.. သမီးက ရေတွေလည်း သောက်လို့ရတယ်၊ milk တွေလည်း သောက်လို့ရတယ်၊ fruit juice တွေလည်း အများကြီး သောက်လို့ရတယ်။ alcohol ပါတဲ့ အရက်တို့ဘီယာတို့ဝိုင်တို့ကို သောက်လို့မရဘူးနော်။ ဂျူဂျူးက ခေါင်းလေးကို တွင်တွင်ညိတ်ရင်း ဆက်ဆိုရှာသည်။
အရက်သေစာ မသောက်ဘဲ အမြဲရှောင်ပါမည်။

ညစဉ်ငါးပါးသီလဆိုတိုင်း မေးနေကျမေးခွန်းတွေကိုပဲ ဂျူဂျူးလေးက ထပ်ပြန်တလဲလဲမေးသည်၊ တီတီဇွန်ကလည်း စိတ်ရှည်လက်ရှည် ရှင်းပြပေးရသည်။
ပြီးခဲ့တဲ့တစ်ပတ်က အခြားမြန်မာမိသားစုနှင့်ညနေစာသွားတော့ ဖခင်ဖြစ်သူနှစ်ဦးက ဘီယာသောက်မလားဟု တစ်ဦးနှင့်တစ်ဦးမေးသည်ကို ဂျူဂျူးကြားသည်နှင့် ဘေးနားမှာကပ်ထိုင်နေသော သူ့အမေကို လှမ်းပြောသည်။ မေမေ... ဘီယာက alcohol ပါလို့ မသောက်ရဘူးတဲ့။ ဂျူဂျူးက fruit juice တွေပဲသောက်မှာ။ သမီးလေးအပြောကြောင့် ဂျူဂျူးမေမေက သဘောကျစွာရယ်သည်။

တကယ်တော့ ငါးပါးသီလဆိုတာ လူ့လောကမှာ အရေးကြီးဆုံး စာရိတ္တသီလဖြစ်ကြောင်း၊ အကြောင်းတရား (၄)ပါးဆုံမှ ကံမြောက်ကြောင်း၊ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ငါးပါးသီလထဲက must not kill, must not steal.... အစရှိသည်တို့နှင့် ပညတ်တော်ဆယ်ပါးထဲက shall not kill, shall not steal... တို့၏ အဓိပ္ပာယ်ကွာခြားကြောင်း စတာတွေကိုတော့ ဂျူဂျူးလေးနားလည်နိုင်လောက်တဲ့အရွယ်မှ ပြောပြရဦးမည်။ အမေရိကားမှာမွေးပြီး၊ အမေရိကားမှာပင် ဆက်လက်ကြီးပြင်းဦးမည့် ဂျူဂျူးလေး ငါးပါးသီလနှင့်ပတ်သက်ပြီး သူ့အသက်ရွယ်လေးနှင့် ဒီလောက်အသိတရားရှိသွားတာလေးကိုတွေးပြီး ၀မ်းသာနေမိသူက တီတီဇွန်ရယ်ပါ။ 🙂

Moment of cutting the last tie

3

Category: ,


တီ…တီ….တီ….


'ဟဲလို… ကျွန်မနာမည်ရို့စ်ပါ… ဘာများအကူညီပေးရမလဲရှင်?'

'ဟုတ်ကဲ့ ကျွန်မအသုံးပြုနေတဲ့ အမ်ဝမ်းဝန်ဆောင်မှုကို အဆုံးသတ်ချင်လို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ စင်ကာပူမှာ မနေထိုင်ဖြစ်တော့လို့ပါ။'

 'အခုပြောနေတာက?'

'မစ္စ.... ပါ'

'အစ်မရဲ့မှတ်ပုံတင်နံပါတ်လေးတစ်ချက်လောက် ပြောပြပေးပါလားဟင်?'

'S79………..28F'

'မွေးနေ့သက္ကရာဇ်ကရောရှင်?'

'9 of June, 19..'

'ဟုတ်ကဲ့ ရပါပြီ။ ကျေးဇူးတင်ပါတယ်။'

'အစ်မမှာ လက်ရှိ အမ်ဝမ်းရဲ့ဝန်ဆောင်မှုဘယ်နှခုကို အသုံးပြုပါသလဲ?'

'ကျွန်မမှတ်မိသလောက်တော့ တစ်ခုတည်းပါ။'

'အစ်မ အကောင့်နဲ့လေ ဒေါ်လာ၅၀ဘောက်ချာရှိထားတယ်။ တစ်စုံတစ်ယောက်ကိုများ အစ်မနံပါတ်ကိုလွှဲပေးချင်သေးလားဟင်? ဒါဆို အဲဒီဘောက်ချာလည်း အလဟဿမဖြစ်သွားတော့ဘူးလေ။'

သူခေတ္တစဉ်းစားလိုက်ပြီးမှ…
'ရပါတယ်။ ကိစ္စမရှိပါဘူး။ သူငယ်ချင်းတွေအားလုံးက အခြားအော်ပရေတာဝန်ဆောင်မှု အသီးသီးနဲ့ဆိုတော့ လွှဲပေးစရာလူလည်း မရှိတော့ဘူးလေ။'

'အစ်မ စင်ကာပူကို ပြန်မလာဖြစ်တာ တကယ့်ကို သေချာသွားပြီလားရှင်?'

'အင်း… လာဖြစ်ရင်လည်း အလည်အပတ် ဒါမှမဟုတ် အလုပ်ကိစ္စတစ်ခုခုကြောင့်ပဲ လာဖြစ်မှာတော့။'

'အစ်မ အမြဲတမ်းနေထိုင်မယ့်နိုင်ငံအမည်လေး သိပါရစေ။'

'မြန်မာနိုင်ငံပါ။'

'သြော်… မြန်မာ… ဒီလိုဆို ယာယီအကောင့်ရပ်ဆိုင်းထားတာမျိုးရော လုပ်ဖို့စိတ်ဝင်စားသေးလားရှင့်?'

သူ့ဘက်က စက္ကန့်အနည်းငယ်ကြာတိတ်ဆိတ်သွားပြီးမှ
'ကျွန်မလာဖြစ်ရင်တောင် အလွန်ဆုံး နှစ်ပတ် သို့မဟုတ် တစ်လလောက်ပဲ အများဆုံးနေမှာဆိုတော့ ခေတ္တဆိုင်းငံ့ထားလည်း သိပ်မထူးတော့ပါဘူးထင်ပါတယ်။'

'ဒါဆို… အစ်မ ဒီနံပါတ်နဲ့အကောင့်ကို လုံးဝရပ်ဆိုင်းဖို့ သေချာသွားပြီပေါ့နော်။'

'ဟုတ်ကဲ့'

'ခဏလေးစောင့်ပါနော်။'

၂မိနစ်ခန့်ကြာပြီးသည့်နောက်…

'ဖုန်းကိုင်ပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။ အစ်မဆန္ဒအတိုင်း အကောင့်ကိုရပ်ဆိုင်းဖို့ စတင်ဆောင်ရွက်နေပါပြီ။ နောက် ၂၄နာရီအတွင်း ပိတ်သွားတော့မှာပါ။'

'ကျေးဇူးတင်ပါတယ်။'

'ညီမတို့ရဲ့အမ်ဝမ်းဝန်ဆောင်မှုကို အသုံးပြုပေးခဲ့လို့ ကျေးဇူးတင်ပါရှင်။ ကောင်းသောနေ့လေးဖြစ်ပါစေ။'

'ဟုတ်ကဲ့ ကျွန်မကလည်း ကျေးဇူးတင်ပါတယ်။'

ဖုန်းချပြီးတော့ သူ့ရင်ထဲ ၀မ်းနည်းပြီး ဟာတာတာဖြစ်သွားသည်။ ၁၁နှစ်ကြာအသုံးပြုခဲ့သော ဖုန်းနံပါတ်လေးတစ်ခုကို စွန့်လွှတ်လိုက်ရပြီ။ ဒီ့ထက်ကြီးမားသောအရာကို စွန့်လွှတ်ခဲ့စဉ်ကပင် ခုလောက်မခံစားခဲ့ရ။

သူ စင်ကာပူမှာရှိနေစဉ် ကာလတလျှောက်လုံး m1 မှရသော ပွိုင့်လေးတွေနှင့် ရုပ်ရှင်ကြည့်ခဲ့တာ သတိရသည်။ မွေးနေ့ရောက်တိုင်း m1 ကပေးသော Happy birthday ဘောက်ချာနှင့် Manhattan Fish Market မှာ Dory Fish Set စားခဲ့တာ သတိရသည်။

International roaming လုပ်ထားသဖြင့် ဘယ်နိုင်ငံရောက်ရောက် သူ့ဖုန်းလေးက အလုပ်လုပ်နေခဲ့သည်။ နောက်ဆုံးမြန်မာပြည်ပြန်လာသည်အထိ ဖုန်းလေးက သူ့အလိုလို auto roaming ချိတ်ပြီး ရှင်သန်နေခဲ့သည်။

နံပါတ်လေးကို နှုတ်ဆက်သည့်အနေဖြင့် တီးတိုးရေရွတ်ကြည့်မိသည်။

9 8 7 9 6 7 2 2

ဒီနံပါတ်လေးကို အသုံးမပြုဖြစ်တော့သည်တိုင် ဘယ်အချိန်မေးမေး အလွတ်ဖြေနိုင်သည်အထိ သူ့ဦးနှောက်ထဲ စွဲမြဲစွာကျန်ရစ်နေမှာ သိပ်ကို သေချာပါသည်။



နွေးထွေးတဲ့ လက်ဆောင်မွန်

8

Category: ,




ဇွန့်ဘ၀မှာ အမျိုးမျိုးအထွေထွေသော အမှတ်တရလက်ဆောင်ပစ္စည်းတွေ အများကြီး လက်ခံရရှိဖူးပါတယ်။ ဒါပေမယ့် ခြုံလွှာတဘက်ပ၀ါလေးတွေကတော့ ခုချိန်ထိ အကြိမ်အရေအတွက်အများဆုံး ရရှိခဲ့တဲ့ လက်ဆောင်ဖြစ်လို့နေပါတယ်။ ခရီးသွားလက်ဆောင်၊ မွေးနေ့လက်ဆောင်၊ ကျေးဇူးတင်အသိအမှတ်ပြုမှု၊ ခင်မင်မှုအမှတ်တရ အစရှိတဲ့ ခေါင်းစဉ်အောက်မှာ လက်ဆောင်ပေးသူ အများစုက အမျိုးသမီးများ ဖြစ်ကြပြီး တစ်ယောက်ကတော့ အမျိုးသားဖြစ်ပါတယ်။ မနေ့ကပဲ ပိုးပုဝါလေးတစ်ခု လက်ဆောင်ထပ်ရလိုက်ပြန်တော့ ဒီတဘက်ခြုံလွှာလက်ဆောင်လေးတွေနဲ့ ပတ်သက်ပြီး အမှတ်တရ စာရေးချင်စိတ် ဖြစ်လာခဲ့ပါတယ်။

ပုံမှာမြင်ရတဲ့ ဘယ်ကနေညာအထိ ခြုံလွှာလေးတွေကို ၂၀၀၇ခုနှစ်ကနေ ခု၂၀၁၄ကုန်ခါနီးအထိ ၇နှစ်အတွင်း ဇွန်လက်ဆောင်ရခဲ့တဲ့ အစဉ်အတိုင်း စီထားပါတယ်။ ဒေါင်လိုက်စင်းလေးတွေနဲ့ ပထမဆုံးမြင်ရတဲ့ ခြုံလွှာကတော့ ဇွန် စင်ကာပူမှာ ပထမဆုံးအလုပ်ဝင်ခဲ့တဲ့ ကုမ္ပဏီက ခရစ္စမတ်လက်ဆောင်အဖြစ် ပေးခဲ့တာပါ။ တကယ်တော့ အဲဒီကုမ္ပဏီမှာ အလုပ်ဝင်ခဲ့ရတဲ့ဆယ့်နှစ်လဟာ ဇွန့်အတွက်တော့ အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ ကုမ္ပဏီနဲ့ပတ်သက်သမျှ အရာရာကို ခေါင်းထဲကထုတ်ထားပေမယ့် ခြုံလွှာအစင်းစိမ်းလေးက ဇွန်ဘယ်နေရာရောက်ရောက် အိတ်ထဲမှာအမြဲပါခဲ့ပါတယ်။ ကုမ္ပဏီရဲ့ အမျိုးသမီးဒါရိုက်တာဘော့စ်က သူ့လက်အောက်က အမျိုးသမီးဝန်ထမ်းတွေကို ခရစ္စမတ်လက်ဆောင်ပေးဖို့အတွက် တာကာရှီးမားရားကုန်တိုက်က ၀ယ်ပေးခဲ့တယ်လို့ ပြောပါတယ်။ အဲဒီရှောလ်လေး မရှိခင်က ချမ်းတတ်တဲ့ဇွန်ဟာ အဲကွန်းလွှတ်ထားတဲ့ ဘတ်စ်ကားနဲ့ရထားပေါ်မှာ ခရီးသွားတဲ့အခါတိုင်း အနွေးထည်တစ်ထည် ဆောင်ယူသွားလေ့ရှိပါတယ်။ ဇွန်ကြိုက်တဲ့အစိမ်းရောင်နဲ့ဖောက်ထားတဲ့ ဒီတဘက်လေးကို ရလာခဲ့ချိန်ကစပြီး သူဟာ ဇွန့်ရဲ့ လက်စွဲတော်ရှောလ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ခုချိန်ထိ အကြိမ်အရေအတွက်အများဆုံး အသုံးပြုခြင်းခံနေရဆဲ ခြုံလွှာလေးလည်း ဖြစ်ပါတယ်။

ဒုတိယမြောက် ခဲပြာရောင်ခြုံလွှာလေးက စင်ကာပူက ဇွန့်သူငယ်ချင်းရဲ့ ဒူဘိုင်းပြန်လက်ဆောင်ဖြစ်ပါတယ်။ အဲဒီခြုံလွှာကတော့ ဇွန့်မှာရှိသမျှ တဘက်ခြုံလွှာတွေထဲမှာ အလျားရော အနံပါအကြီးဆုံးဖြစ်ပြီး တစ်ကိုယ်လုံးကို ခြုံလွှားလို့ရပါတယ်။ အရှေ့အလယ်ပိုင်းကခြုံလွှာမို့ အသားထူပြီး အရမ်းလည်းနွေးပါတယ်။ လေယာဉ်အကြာကြီးစီးရတဲ့ ခရီးစဉ်တွေမှာ သူတို့ပေးထားတဲ့ စောင်တစ်ထည်နဲ့ မလုံလောက်အောင် ချမ်းတတ်တဲ့ ဇွန့်အတွက် အရမ်းအသုံးဝင်တဲ့ ရှောလ်တစ်ခုဖြစ်ခဲ့ပါတယ်။ အဲအေးရှားအိတ်စ်လို ခရီးရှည်ဆွဲတဲ့ ဘတ်ဂျက်အဲလိုင်းမျိုးမှာ စောင်ယူရင် ပိုက်ဆံထပ်ပေးရပါတယ်။ ဇွန့်အတွက်တော့ ခဲရောင်ခြုံလွှာရှည်ကြီး ဆောင်ထားသရွေ့ ပိုက်ဆံအပိုပေးပြီး စောင်ယူစရာမလိုတော့ပါဘူး။

ခြုံလွှာ၉ခုတိတိ လက်ဆောင်ရခဲ့အထဲမှာ တတိယမြောက်ခြုံလွှာအညိုစင်းလေးကို  ယောက်ျားလေးမိတ်ဆွေတစ်ယောက်ဆီက မွေးနေ့လက်ဆောင်အဖြစ် ရခဲ့တာဖြစ်ပါတယ်။ ဇွန့်သူငယ်ချင်းဆရာဝန်မတစ်ယောက်နဲ့ပတ်သက်ပြီးသိခဲ့တဲ့ အဲဒီအမျိုးသားဟာ ဇွန် စင်ကာပူမပြန်ခင် သူ့သူငယ်ချင်းအတွက် ပစ္စည်းတစ်ခု လူကြုံပေးချင်တယ်လို့ ဆိုလာတာကြောင့် ဇွန်က အသာတကြည်ပဲ လက်ခံခဲ့ပါတယ်။ တကယ်တမ်းကျတော့ အဲဒီတဘက်ဟာ ဇွန့်အတွက်ပါ။ မွေးနေ့မရောက်ခင် ၁၀ရက်လောက် လိုနေသေးတာမို့ မွေးနေ့ရောက်မှ အဲဒါ ဇွန့်အတွက်လို့ သူက စပရိုက်လုပ်ချင်ခဲ့ပုံ ရပါတယ်။ ဒါပေမယ့် ဒီကြားထဲမှာ မထင်မှတ်ဘဲ သူက ဇွန့်ကို လက်ထပ်ခွင့်တောင်းတဲ့ အခြေအနေမျိုး ဖြစ်လာခဲ့ပါတယ်။ အဲဒီအကြောင်း ဇွန့်သူငယ်ချင်းမကို ပြန်အသိပေးချိန်မှာ သူငယ်ချင်းက ခြုံလွှာလေးအကြောင်း ပြောပြခဲ့ပါတယ်။ “ငါထင်သားပဲ၊ သူနင့်ကို စိတ်ဝင်စားနေတယ်ဆိုတာ။ နင့်အတွက် မွေးနေ့လက်ဆောင်ပေးချင်လို့ ဘာပေးရမှန်းမသိလို့တဲ့ ငါ့ကို လာမေးတယ်လေ။ သူနဲ့ငါ  ခင်လာတာကြာပြီ၊ ဟောက်ဆာဂျင်အတူဆင်းခဲ့တဲ့ တလျှောက်လုံးမှာတောင် မွေးနေ့တို့၊ မွေးနေ့လက်ဆောင်အကြောင်းတို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးလို့ ငါတောင် နဲနဲအံ့သြသွားတယ်။ နင်က ဘုန်းကြီးကျောင်းအမြဲသွားတတ်တဲ့သူဆိုတော့ တဘက်လေးဘာလေးပေးလိုက်ပေါ့လို့ ငါအကြံပေးလိုက်တာ။ ဒါကြောင့် နင့်ကိုပေးဖို့ စကော့ဈေးမှာ သူသွားရှာပြီး ၀ယ်ခဲ့တာ။ ဒါပေမယ့် နင့်ကို အသိမပေးနဲ့ဦး၊ နင့်မွေးနေ့ရောက်မှ ပြောပြပါဆိုပြီး ငါ့ကိုနှုတ်ပိတ်ခဲ့တာလေ။ မသိရင်တော့ သူက ငါ့အတွက် လူကြုံထည့်ပေးလိုက်သလိုလို ဘာလိုလိုပေါ့ဟာ။” ရည်းစားတစ်ခါမှ မထားခဲ့ဘူးတဲ့ ရောဂါဗေဒအထူးပြုပညာရှင်တစ်ယောက်ရဲ့ လုပ်ရပ်က ဇွန့်အတွက် ပြုံးချင်စရာပါ။ သူ့လက်ထပ်ခွင့်ကို ငြင်းခဲ့ပေမယ့် သူပေးတဲ့အညိုရောင်တဘက်လေးကိုတော့ မွေးနေ့လက်ဆောင်အဖြစ် လက်ခံသိမ်းဆည်းထားပြီး ဘုန်းကြီးကျောင်းသွားတဲ့အခါ၊ တရားစခန်းဝင်တဲ့အခါမျိုးတွေမှာ သုံးခဲ့ပါတယ်။

စတုတ္ထမြောက် အနီရောင် ပက်ရှ်မီးယားခြုံလွှာလေးက စောစောက အညိုရောင်ခြုံလွှာလေးနဲ့ အမျိုးစားတူပါတယ်။ အဲဒါကိုတော့ အရှေ့မလေးရှားမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အသိဆရာဝန်အစ်မတစ်ယောက်က ပေးခဲ့တာပါ။ သူ့ကို ကူညီခဲ့တဲ့ကိစ္စတချို့အတွက် အသိအမှတ်ပြုကျေးဇူးတင်တဲ့အနေနဲ့ ပေးခဲ့ခြင်းဖြစ်ပါတယ်။ အနီရောင်ဖြစ်နေလို့ ဇွန်ဝတ်တဲ့ အ၀တ်အစားတော်တော်များများနဲ့ အရောင်ကွာဟနေလို့ တော်တော်နဲ့ ထုတ်မသုံးဖြစ်ခဲ့ပါဘူး။ တလောကမှ အလှူတစ်ခုသွားဖို့ ပန်းရောင်ရင်ဖုံးနဲ့ ကြက်သွေးရောင်ချိတ်ထမီအတွက် အလိုက်ဖက်ဆုံး ခြုံလွှာတစ်ခုလိုက်ရှာတဲ့အခါမှာတော့ ဒီအနီရောင်ပက်ရှ်မီးယားတဘက်လေးကို သွားသတိရမိပြီး ပထမဆုံးအကြိမ်အဖြစ် ဇွန့်ပခုံးပေါ်ရောက်လာခဲ့ပါတော့တယ်။

စတုတ္ထရိပ်သာလမ်းမှာ အတူနေခဲ့တဲ့ ညီမလေးတစ်ယောက် ဒူဘိုင်းအလည်သွားပြီး အပြန်မှာ ပဉ္စမမြောက် အစိမ်းရင့်ရောင်ရှောလ်လေးကို လက်ဆောင်ပေးခဲ့ပြန်ပါတယ်။ ချည်နဲနဲကျဲတာမို့ သိပ်မထူဘဲ ပေါ့ပေါ့ပါးပါး ရှိပါတယ်။ အရောင်လည်းရင့်တာမို့ အပေတေအကြမ်းခံပါတယ်။ တခြားခြုံလွှာတွေ လျှော်ထားတဲ့အခါမျိုး၊ ပေါ့ပေါ့ပါးပါးပဲ သယ်ဆောင်သွားချင်တဲ့အခါမျိုးမှာ ဒီတဘက်လေးကို ယူသွားတတ်ပါတယ်။

ခြောက်ခုမြောက် အပြာရောင်အကွက်နဲ့ လည်စည်းပ၀ါလေးကိုတော့ သြစတြေးလျက ဇွန့်အဒေါ်က လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဆစ်ဒနီကို ပထမဆုံးအကြိမ်အဖြစ် သွားလည်စဉ်က အင်္ဂလန်ဆောင်းရာသီကိုကြုံခဲ့ဖူးတဲ့ဇွန်ဟာ သြဇီနွေဦးကို အထင်သေးပြီး အနွေးထည်တွေ၊ မာဖလာတွေ မယူသွားခဲ့မိပါဘူး။ လေယာဉ်စီးရင်ခြုံဖို့ယူနေကျ တဘက်၂ထည်ပဲ ယူသွားခဲ့ပါတယ်။ အဲဒီနှစ်က ဆစ်ဒနီိမှာ ဆောင်းထွက်နောက်ကျတာနဲ့ သွားကြုံမိတဲ့ ဇွန်တစ်ယောက် ဆစ်ဒနီနွေဦးမှာ ချမ်းချမ်းစီးစီးဖြစ်ပြီး အဒေါ်ဆီက အနွေးထည်နဲ့မာဖလာတွေ ယူဝတ်လိုက်ရပါတယ်။ မြင်စကတည်း သဘောကျနေခဲ့တဲ့ သိုးမွှေးလည်စီးပ၀ါပြာကို အဒေါ်က ပြန်မပေးဘဲ လက်ဆောင်အဖြစ် သမီးယူလိုက်ပါလို့ ပြောလာခဲ့ချိန်မှာ ဇွန်သိပ်ပျော်သွားခဲ့တာပါ။ အဲဒါလေးပတ်ထားလိုက်ရင် တစ်ကိုယ်လုံး နွေးထွေးသွားရုံသာမက ကိုယ့်ကိုယ်ကို ချစ်စရာကောင်းတဲ့ မိန်းကလေးငယ်တစ်ယောက်လို့တောင် ထင်မြင်ခဲ့မိပါတယ်။

၇ခုမြောက်တဘက်အနက်လေးက စင်ကာပူက ဇွန့်သူငယ်ချင်းတစ်ယောက်ရဲ့ လက်ဆောင်ပါပဲ။ သူမြန်မာပြည်က ပြန်အလာမှာ ပါကင်မဖွင့်ရသေးတဲ့ တဘက်သုံးခုထုတ်ပြီး ဇွန်ကြိုက်တဲ့အရောင်ရွေးယူခိုင်းပါတယ်။ ဇွန့်ဆီမှာ အနက်ရောင်မရှိသေးတာမို့ အနက်ခံမှာအပွင့်ရောင်စုံလေးတွေပါတဲ့ အဲဒီခြုံလွှာလေးကိုပဲ ဇွန်ရွေးယူခဲ့ပါတယ်။ မှတ်မှတ်ရရ ဗင်းနစ်သွားလည်ချိန်မှာ  အနက်ရောင်တဘက်ကို လည်စည်းအသွင်ပြောင်းပြီး ပတ်ခဲ့ပါတယ်။ ခုချိန်ထိ တစ်ခါပဲ ထုတ်သုံးရသေးပေမယ့် သိပ်မကြာခင် ထပ်သုံးဖြစ်ဦးမှာပါ။

ရှစ်ခုမြောက် သိုးမွှေးပုဝါလေးကို စတုတ္ထရိပ်သာမှာပဲ အတူနေခဲ့ကြတဲ့ ညီမငယ်များထဲက တစ်ယောက်က လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ မနှစ်က ဇွန့်မွေးနေ့ဆွမ်းကပ်ပွဲကို လာရောက်ပြီး မွေးနေ့လက်ဆောင်အဖြစ် ပေးသွားတယ်ဆိုပေမယ့် တကယ်တမ်း သိပ်မကြာခင်မှာ ဇွန်ကြုံတွေ့ရမယ့် ဆစ်ဒနီဆောင်းအတွက် ရည်ရွယ်ပြီးပေးခဲ့တာပါ။ နူးညံ့အိစက်ပြီး အရမ်းလည်းနွေးထွေးတာမို့ သြစတြေးလျဆောင်းရာသီမှာ ကျောင်းတက်ခဲ့တဲ့ဇွန့်အတွက် အရမ်းအသုံးဝင်ခဲ့တဲ့ ဒီဇိုင်းလှလှလေးနဲ့ သိုးမွှေးပ၀ါတစ်ခု ဖြစ်ခဲ့ပါတယ်။

နောက်ဆုံးမြင်ရတဲ့ ကိုးခုမြောက်ပိုးပ၀ါခြုံလွှာလေးကတော့ လောလောလတ်လတ် မနေ့ကမှ ရလာခဲ့တာပါ။ ဒီပ၀ါလေးကို တရုတ်ပြည်ပီကင်းမြို့ကနေ ယူလာလက်ဆောင်ပေးသူက ဇွန်နဲ့အင်းတကော်တရားစခန်းမှာ တွေ့ဆုံခင်မင်ခဲ့တဲ့ ‘ကျင့်ရာ’ ပဲဖြစ်ပါတယ်။ (သူ့အကြောင်းအနည်းငယ်ကို ‘အိုဘယ့်ယောဂီ’ မှာ ရေးခဲ့ဖူးပါတယ်) အင်းတကော်ဖားအောက်ရိပ်သာမှာ သူ့အတွက်စကားပြန်လုပ်ပေးခဲ့ရုံသာမက သူမပြန်ခင်တစ်ရက်အလို စကော့ဈေးမှာ သူလိုချင်တဲ့ ကျောက်စိမ်းဘုရားဆင်းထုတော်အပါအ၀င် အိမ်အပြန်လက်ဆောင်ပစ္စည်းများကို ဈေးဆစ်နိုင်သလောက်ရအောင်ဆစ်ပြီး ဇွန်ကူညီဝယ်ပေးခဲ့ပါတယ်။ သူ့အတွက် အမှတ်တရလက်ဆောင်အဖြစ် တိရစ္ဆာန်အားလုံးထဲမှာ သူအကြိုက်ဆုံးဖြစ်တဲ့ ဆင်ရုပ်ကလေးကို ဇွန်ဝယ်ပြီး ပေးခဲ့ပါတယ်။ သူကျန်းမာရေးပြန်ကောင်းလာပြီး အင်းတကော်မှာပဲ သုံးလတရားစခန်းပြန်လာဝင်မှာဖြစ်လို့ ဇွန့်ကိုတွေ့ချင်ကြောင်း၊ ဇွန့်အတွက် လက်ဆောင်ဝယ်ထားကြောင်း အီးမေးလ်ပို့ပြီး အကြောင်းကြားလာခဲ့ပါတယ်။ အဲဒါကြောင့်ပဲ မနေ့ညနေက ကျင့်ရာနဲ့သွားရောက်တွေ့ဆုံချိန်မှာ သူထုတ်ပေးတဲ့ လက်ဆောင်လေးကြောင့် အံ့သြခဲ့ရပါတယ်။ တရားစခန်းမှာ ဇွန်က ယောဂီတဘက်အညိုလေးကို စလွယ်လွယ်ထားလေ့ရှိတာကို သူသတိပြုမိခဲ့ပါတယ်။ သူက အညိုရောင်ပိုးခြုံလွှာပ၀ါလေးထုတ်ပြီး ဇွန့်ပခုံးပေါ်မှာ စလွယ်လွယ်တဲ့ပုံလေး လုပ်ပြပြီး ပေးတာပါ။ သူအင်္ဂလိပ်စကားသိပ်မပြောတတ်ပေမယ့် သူ့အပြုအမူလေးက ဇွန့်ရင်ကို ကြည်နူးစေခဲ့တာ အမှန်ပါပဲ။

ဇွန်လက်ဆောင်ရခဲ့တဲ့ ခြုံလွှာတဘက်ပ၀ါလေးတွေဟာ တစ်ခုနဲ့တစ်ခု အဆင်အသွေးအရောင်ချည်အမျိုးအစားတန်ဖိုး ကွဲပြားခြားနားကြပေမယ့် နွေးထွေးလုံခြုံမှုကို ပေးစွမ်းတဲ့နေရာမှာတော့ တူညီမှုရှိပါတယ်။ ဇွန့်အပေါ်မှာ ထားရှိတဲ့ သူတို့ရဲ့ ချစ်ခင်သတိတရရှိမှုကိုလည်း မှတ်မှတ်ထင်ထင် ဖြစ်စေပါတယ်။ အခြေအနေ အကြောင်းကြောင်းကြောင့် ခြုံလွှာလက်ဆောင်ပေးခဲ့တဲ့သူတွေထဲက တချို့ဟာ ဇွန်နဲ့ဝေးကွာသွားပြီး၊ တချို့က ခပ်လှမ်းလှမ်းမှာ ရှိနေပါတယ်။ ဇွန့်အပေါ်သူတို့ထားခဲ့တဲ့ ချင်ခင်မှု အတိမ်အနက် ဘယ်လောက်ရှိနေဦးမလဲဆိုတာ မခန့်မှန်းနိုင်ပေမယ့် ဇွန်ကတော့ သူတို့ပေးခဲ့တဲ့ နွေးထွေးတဲ့လက်ဆောင်မွန်လေးတွေအပေါ် ဂရုတစိုက်ရှိနေတုန်းပဲဆိုတာ ရိုးရှင်းစွာနဲ့ သိစေချင်ပါတယ်။


ဇွန်မိုးစက်
9:15PM
Friday 28.11.2014

Blogger, Blog & Sherlock

8

Category:

အရင်နှစ်တွေမှာ Blog Day အမှတ်တရအတွက် ဇွန်နဲ့ဆုံခဲ့ဖူးတဲ့ ဘလော့ဂ်ရွာသူ၊ ရွာသားများအကြောင်းကို ရေးလေ့ရှိပါတယ်။ တကယ်တမ်း ဘလော့ဂ်ဒေးမှာ ဘလော့ဂ်အမှတ်တရစာများအပြင် ဘလော့ဂ်အသစ်များကို မိတ်ဆက်ပေးတဲ့ အစဉ်အလာရှိခဲ့ပေမယ့် ဇွန့်အနေနဲ့ ဘလော့ဂ်အသစ်များကို သိပ်မသိခဲ့တာကြောင့် မိတ်ဆက်ပေးတာမျိုး မရှိခဲ့ပါဘူး။ ဒီနှစ်ဘလော့ဂ်ဒေးအတွက်တော့ ဇွန်ရေးနေကျအတိုင်း ဆုံခဲ့ရတဲ့ ဘလော့ဂါတချို့အပြင် မျှဝေချင်တဲ့ ဘလော့ဂ်တစ်ခု ရှိလာပါတယ်။ အဲဒါနဲ့ဆက်စပ်နေတဲ့ နောက်ထပ်အကြောင်းရာတစ်ခုကိုလည်း ရေးချင်စိတ်ပေါ်လာတာမို့ ဒီပို့စ်လေးကို အပိုင်းသုံးပိုင်းခွဲပြီး ရေးလိုက်ရပါတယ်။

Blogger
ပြီးခဲ့တဲ့နှစ် 31st August 2013 မှာ ကျရောက်ခဲ့တဲ့ Blog Day နောက်ပိုင်းကနေ အခုဒီစာကို ဇွန်ရေးနေချိန် 30th August 2014 အထိ တစ်နှစ်တိတိအတွင်းမှာ ထပ်မံတွေ့ဆုံခဲ့ရတဲ့ ဘလော့ဂါအစ်မနှစ်ယောက် ရှိပါတယ်။ အစ်မတီတီဆွိနဲ့ အစ်မမေ (မေဓာဝီ) တို့ပါ။ အစ်မတီတီဆွိနဲ့ စင်္ကာပူမှာ တစ်ခါမှ လူချင်းမဆုံဖြစ်ခဲ့ဘဲ ဆစ်ဒနီရောက်မှ ဆုံဖူးတာပါ။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ပြုလုပ်ကျင်းပခဲ့တဲ့ ဆစ်ဒနီပဏ္ဍိတရာမကျောင်းတိုက်ရဲ့ ကထိန်သင်္ကန်းကပ်ပွဲမှာ အစ်မနဲ့ စတွေ့ခဲ့ပါတယ်။ ဖော်ရွေသွက်လက်တဲ့အစ်မဆွိနဲ့အတူ သဘောကောင်းတဲ့ဦးခြိမ့်ရော ချစ်စရာကောင်းတဲ့ဂျူဂျူလေးကိုပါ သိခွင့်ရခဲ့ပါတယ်။ ၂၀၁၄ နှစ်ဆန်းပိုင်းမှာ ပဏ္ဍိတရာမကျောင်းက မြန်မာမိသားစုဝင်တွေစုပြီး တော်ဝင်အမျိုးသားဥယျာဉ်ထဲ ပျော်ပွဲစားထွက်ကြတဲ့နေ့မှာ အစ်မတို့မိသားစုနဲ့အတူတူ လိုက်ပါဆင်နွှဲခွင့်ရခဲ့တာ ဇွန့်အတွက် အမှတ်တရပါပဲ။ အစ်မတို့အတွက်တော့ ရေလယ်ခေါင်မှာ တက်တစ်ချောင်းနဲ့ တ၀ဲလည်လည်ဖြစ်နေတဲ့ ဇွန့်ကို ပိုအမှတ်ရနေမယ်လို့ ထင်ပါတယ်။း) တစ်သက်နဲ့တစ်ကိုယ် လှေတစ်ခါမှမလှော်ဘူးတဲ့ဇွန်က ကမ္ဘာ့ဒုတိယသက်တမ်းအရင့်ဆုံး အမျိုးသားပန်းခြံရဲ့ ချောင်းလေးထက်က ကနူးလှေဦးပိုင်းမှာထိုင်ပြီး ကြိုးစားလှော်ခတ်ပေမယ့် ရေလယ်ခေါင်ကနေ တော်တော်နဲ့ ကမ်းမကပ်၊ ပန်းမ၀င်နိုင်ခဲ့တဲ့အဖြစ်ကို ပြန်တွေးမိတိုင်း ရယ်နေရပါတယ်။ ဇွန်ကတော့ ဖြစ်လိုက်ရင် အရာရာနဲ့အကြောင်းကြောင်းပါပဲ။ :D

ဇွန်မြန်မာပြည်ပြန်ရောက်ခဲ့တဲ့ မတ်လနောက်ပိုင်းကစလို့ တွေ့ဆုံမိတဲ့ ဘလော့ဂါတစ်ယောက်ပဲ ရှိပါသေးတယ်။ မြန်မာစာကို နှံ့နှံ့စပ်စပ်ကျွမ်းကျင်ပြီး စာတိုပေစ ကဗျာလေးတွေ ထိထိမိမိ ရေးဖွဲ့တတ်တဲ့ မမေလို့ခေါ်တဲ့ အစ်မမေဓာဝီပါ။ မမေနဲ့ဇွန်တို့အိမ်က နီးပါတယ်။ ကားနဲ့ဆို ပွိုင့်မမိရင် ငါးမိနစ်၊ ပွိုင့်မိရင်ဆယ်မိနစ်အတွင်းရောက်နိုင်တဲ့ အကွာအဝေးမှာရှိပြီး လမ်းလျှောက်ရင်တော့ မိနစ်နှစ်ဆယ်အစိတ်လောက်မှာ ရှိပါတယ်။ မမေက သူ့ဘလော့ဂ်ထိပ်စီးမှာ တွေ့ရတဲ့ စာသားလေးလိုပဲ အမှန်တရားနဲ့ ပတ်သက်လာရင် မဟုတ်မခံစိတ်အပြည့်နဲ့ တုံ့ပြန်ခေါင်းမော့ပြီး ရှေ့ကိုရဲရဲချီတက်နေသူနဲ့တူပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် မမေကလည်း လသာ၂ကျောင်းသူဟောင်းတစ်ယောက်ဖြစ်တယ်ဆိုတာ အဲဒီ့နေ့မှာ သိလိုက်ရပါတယ်။ မမေကိုယ်တိုင်ဦးစီးသင်ကြားပေးနေတဲ့ May International School မှာ မြန်မာစာနဲ့ မြန်မာ့သမိုင်းကို သင်ရိုးထဲမှာ ထည့်ထားတဲ့အကြောင်း နားထောင်လိုက်ရတော့ အစ်မကို ခင်မင်စိတ်ထက်ပိုတဲ့ လေးစားစိတ်ပါ ဖြစ်ရပါတယ်။ သူရောကိုယ်ပါ အချိန်ရှားပါးသူတွေ ဖြစ်ကြပေမယ့် တွေ့တွေ့ချင်း နှုတ်ဆက်ရာကနေ စကားတွေပြောဖြစ်လိုက်တာ တစ်နာရီနီးပါး ကြာသွားတဲ့အထိပါပဲ။ အဲ့ဒီနောက်ပိုင်း ထပ်မတွေ့ဖြစ်ကြပေမယ့် စိတ်ထဲမှာ သတိတရ ရှိနေပါတယ်။

တကယ်လို့များ ရန်ကုန်ပြန်ရောက်နေတဲ့ ဇွန်သာ တီတင့်အိမ်မှာ မုန့်လုပ်ကျွေးလို့ ဖိတ်ခေါ်တိုင်း တစ်ကြိမ်မဟုတ်တစ်ကြိမ် သွားဖြစ်ခဲ့ရင် တခြားဘလော့ဂါတွေနဲ့ တွေ့ဆုံရင်းနှီးခွင့်ရမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အိမ်အလုပ်တစ်ဖက်၊ လူမမာတစ်ဖက်နဲ့ အချိန်ရှားပါးတဲ့ဇွန်တစ်ယောက် တီတင့်ဆီမလာနိုင်တာကို နားလည်ခွင့်လွှတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Blog

Blog ဆိုတဲ့အသံကြားလိုက်ရင် အလိုလိုနားစွင့်ပြီးသား ဖြစ်နေတာ ဘလော့ဂါတစ်ယောက်ရဲ့ ပုံမှန်သဘာဝပဲလို့ထင်ပါတယ်။ ဆစ်ဒနီတက္ကသိုလ်ရဲ့ ကျောင်းသားသစ်တွေကို မြို့ရဲ့အထင်ကရနေရာတွေဆီ အမှတ်တရ လိုက်ပို့ပေးတဲ့ခရီးစဉ်မှာ ဥရောပတိုက်က ကျောင်းသူလေးတစ်ယောက်က သူ့ဘလော့ဂ်အကြောင်းပြောနေတာကို ကြားလိုက်ရတာနဲ့ ဇွန်ရဲ့အကြားအာရုံတွေက သူ့စကားသံဆီ ချက်ခြင်းဆိုသလို ရောက်ရှိသွားခဲ့ပါတယ်။ ဘေးက အဖော်ကောင်လေးနှစ်ယောက်ကို သူရဲ့ ဥရောပသံဝဲ၀ဲလေးလေးနဲ့ ပြောသမျှစကားလုံးတွေ အကုန်နားမလည်ခဲ့ပေမယ့် သူ့ဘလော့ဂ်မှာ စာဖတ်သူတွေ များလာကြောင်း၊ အင်္ဂလိပ်လိုပါရေးဖို့ တောင်းဆိုသူတွေ ရှိလာတဲ့အတွက် အခုခါမှာ ဘာသာနှစ်မျိုးနဲ့ ရေးနေရလို့ သူ့အတွက် အချိန်အရမ်းပေးရကြောင်းတွေကိုတော့ ဇွန်နားလည်လိုက်ပါတယ်။ ပို့စ်အပုဒ်တိုင်းကို မိခင်ဘာသာရော၊ အင်္ဂလိပ်ဘာသာနဲ့ပါ အချိန်ပေးပြီး ရေးနေတဲ့ ကျောင်းတစ်ဖက်နဲ့သူ့ကိုတော့ စိတ်ထဲက ချီးကျူးမိပါတယ်။ ဒီခေါင်းစဉ်အောက်မှာ ဇွန် မျှဝေပေးချင်တဲ့ဘလော့ဂ်အကြောင်းက သူနဲ့ မပတ်သက်ပါဘူး။ ဘလော့ဂ်နဲ့ပတ်သက်လာရင် အလိုလိုနိုးကြားတတ်တဲ့ ဇွန့်စိတ်အာရုံအကြောင်း ဘလော့ဂ်ဒေးမှာ ပြောပြချင်ရုံသက်သက်ပါ။

ဇွန်မျှဝေမိတ်ဆက်ပေးချင်တဲ့ ဘလော့ဂ်တစ်ခုက တခြားမဟုတ်ပါဘူး။ အလွန်တရာမှ ထက်မြက်ထူးချွန်တဲ့ စုံထောက်အကြံပေး Mr. Sherlock Holmes ရဲ့ မိတ်ဆွေကြီး Dr. John Watson ရဲ့ Personal Blog ပဲ ဖြစ်ပါတယ်။ တကယ်တော့ နှစ်ဆယ့်တစ်ရာစု အွန်လိုင်းအိုင်တီခေတ်မှာ ဖန်တီးတင်ဆက်ကြတဲ့ ရုပ်ရှင်၊ ဗွီဒီယို၊ တီဗီဇာတ်လမ်းတွေမှာ blog တွေ၊ forum တွေ၊ လူမှုကွန်ယက်တွေရဲ့ ပါဝင်ပတ်သက်မှုက ထွေထူးပြီး အံ့သြစရာ ကောင်းမနေပါဘူး။ ဟောလီးဝုဒ်က ရိုက်ကူးခဲ့တဲ့ Julie & Julia ဖြစ်ရပ်မှန် ဇာတ်ကားထဲက ဘလော့ဂါဂျူလီရဲ့ဘ၀တစ်စိတ်တစ်ပိုင်းကတော့ ဇွန်တို့လို ဘလော့ဂါတွေရဲ့ စိတ်ဝင်စားခြင်း ခံခဲ့ရပါတယ်။ ဒီကားနဲ့ပတ်သက်ပြီး review ရေးခဲ့ဖူးတဲ့ ညီမရွှေပြည်သူကို သတိရမိပါတယ်။ ပုံမှန်အားဖြင့် ရုပ်ရှင်နဲ့အခြားသော တီဗွီဇာတ်လမ်းတွဲတိုင်းလိုလို ဇာတ်ကားထဲမှာပါတဲ့ ဘလော့ဂ်တွေ၊ ၀က်ဘ်ဆိုဒ်တွေကို ဇာတ်ကြောင်းအရ ဖန်တီးခဲ့တာမျိုးသာဖြစ်ပြီး၊ တကယ့်လက်တွေ့အပြင်မှာ ရှိမနေကြပါဘူး။ (ဂျီူလီနဲ့ဂျူလီယာဇာတ်ကားလို အမှန်တကယ်အပြင်မှာရှိခဲ့၊ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းရာကို ပြန်ရိုက်တဲ့ဇာတ်ကားမျိုးကလွဲလို့ပေါ့)

ဒါပေမယ့် BBC က ရိုက်ကူးတင်ဆက်ပြသတဲ့ နိုင်ငံတကာမှာ လူသိများကျော်ကြားနေတဲ့ ရှားလော့ခ်ဟုမ်း ဇာတ်လမ်းတွဲထဲက ဆာဂျင်ဂျွန်ဝထ်ဆင်ရဲ့ ဘလော့ဂ်ဟာ အပြင်မှာ တကယ်ပဲ ရှိနေပါတယ်။ ဇာတ်လမ်းတွဲထဲမှာ ဂျွန်က သူ့ကိုယ်ပိုင်ဘလော့ဂ်ပေါ်မှာ ရှားလော့ခ်နဲ့တွေ့ဆုံပုံ၊ သူ့အခန်းဖော်ရဲ့ ထူးခြားတဲ့ အပြုအမှုနဲ့လုပ်ရပ်တွေကြောင့် အူကြောင်ကြောင်ဖြစ်ရတဲ့ သူ့ခံစားချက်၊ နောက်ပြီး သူပါဝင်စုံစမ်းခဲ့တဲ့ ရှားလော့ခ်ရဲ့ အမှုတွဲအကြောင်းတွေကို ရေးလေ့ရှိပါတယ်။ ရှားလော့ခ်ကိုယ်တိုင်ကတော့ အမှုနဲ့ပတ်သက်တဲ့ သူ့တွေးခေါ်ပုံအချို့နဲ့ ဆင်ခြင်ကောက်ချက်ချပုံတွေကို သူ့ဖိုရမ်ဖြစ်တဲ့ The Science of Deduction မှာ ၀င်ရေးတတ်ပါတယ်။ တကယ်ဆို ခေတ်နဲ့လျော်ညီအောင် ပြင်ဆင်ဇာတ်ညွှန်းခွဲပြီး ရိုက်တာမို့ ဒီဘလော့ဂ်တွေ၊ ဖိုရမ်တွေဟာ အပြင်မှာမရှိလည်း ပြဿနာမရှိပါဘူး။ ဒါပေမယ့် သဏ္ဍာန်လုပ်သရုပ်တူဆိုတာမျိုးဖြစ်အောင် ဘီဘီစီက ဒီဝက်ဘ်ဆိုဒ်တွေကို အမှန်တကယ် ပြုလုပ်ဖန်တီးပေးထားတာကို မြင်လိုက်ရတော့ အနုပညာနဲ့ပတ်သက်ပြီး လေးလေးနက်နက်ထားရှိတဲ့ သူတို့ရဲ့လုပ်ဆောင်ချက်ကို လေးစားအသိအမှတ်ပြုမိပါတယ်။ ဂျွန်နဲ့ရှားလော့ခ်တို့ရဲ့ ၀က်ဘ်ဆိုဒ်အပြင် ရှားလော့ခ်ကို တစ်ဖက်သက်နှစ်သက်စွဲလန်းနေတဲ့ မော်လီရဲ့ဘလော့ဂ်ဒိုင်ယာရီနဲ့ အမှုတွဲတစ်ခုမှာပါဝင်တဲ့ အနုပညာရှင်ကော်နီပရင့်စ်ရဲ့ ၀က်ဘ်ဆိုဒ်ကလည်း တည်ရှိနေတာပါ။

စာရေးဆရာကြီးအာသာကိုနင်ဒွိုင်းလ်ရဲ့ စာပေအရေးအသားကောင်းမွန်ကျွမ်းကျင်မှုကြောင့် ရှားလော့ခ်ဟုမ်း တကယ်ရှိတယ်လို့ စာဖတ်ပရိသတ်များ ထင်မှတ်မှားခဲ့ဖူးပါတယ်။ တကယ်လို့များ အခုခေတ်မှာ ရှားလော့ဟုမ်းကို မဖတ်ဖူးခဲ့၊ မသိခဲ့တဲ့ တစ်စုံတစ်ယောက်ဟာ ဂျွန့်ဘလော့ဂ်ကို ဖတ်မိပြီး တကယ်လို့ ထင်သွားနိုင်ပါတယ်။ စာဖတ်သူများအတွက် ဂျွန်ရဲ့ဘလော့ဂ်ကို ပိုပြီး အသက်ဝင်၊ အဟုတ်ထင်မှတ်စေတာကတော့ ပို့စ်တစ်ပုဒ်ပြီးတိုင်း အောက်က ပေးသွားတဲ့ မှတ်ချက်တွေ၊ တုံ့ပြန်မှုတွေပါ။ ဇာတ်လမ်းထဲမှာပါဝင်ကြတဲ့ အထင်ကရ ဇာတ်ကောင်တွေက ဂျွန့်ရဲ့ပို့စ်အောက်မှာ ရေးသွားကြတာကိုကြည့်ပြီး ပြုံးရပါတယ်။ ရှားလော့ခ်ကတော့ ပင်တိုင်ကော်မန့်ပေးသူ တစ်ယောက်ပါ။ ဟယ်ရီဝထ်ဆင်၊ မစ္စဟတ်ဒ်ဆင်၊ မော်လီတို့အပြင် ဂျွန့်ရဲ့ သတို့သမီးဖြစ်လာတဲ့ မေရီတို့ အပြန်အလှန် တစ်ယောက်တစ်ပေါက် ၀င်ရောက်ရေးသားကြ၊ ရန်ဖြစ်စကားနိုင်လုနေကြတာကို ဖတ်ရတာ တကယ့်ကို အသက်ဝင်လှပါတယ်။ ရှားလော့ခ်ဇာတ်လမ်းတွဲ အစအဆုံးကြည့်ပြီးသူတစ်ယောက်အတွက် ဂျွန့်ရဲ့ပို့စ်တိုင်းကို ပြန်ဖတ်ချင်အောင် ဆွဲဆောင်နိုင်တဲ့ ဘလော့ဂ်တစ်ခုလို့ ဇွန်ညွှန်းချင်ပါတယ်။ ဒါကြောင့် ဇွန့်ရဲ့ ဘလော့ဂါသူငယ်ချင်းမိတ်ဆွေပဲဖြစ်ဖြစ်၊ စာဖတ်သူမောင်နှမတွေပဲဖြစ်ဖြစ် ဘီဘီစီရှားလော့ခ်ရဲ့ ပရိတ်သတ်တွေ ဖြစ်ခဲ့မယ်ဆိုရင် ဇွန်အောက်မှာပေးထားတဲ့လင့်ခ်ကို တစ်ခေါက်လောက်ပဲဖြစ်ဖြစ် သွားရောက်ကြည့်စေချင်ပါတယ်။

http://www.johnwatsonblog.co.uk/

ဂျွန်ဝထ်ဆင်ရဲ့ ဘလော့ဂ်တကယ်ရှိကြောင်း ဇွန့်မောင်လေးက ရှာဖွေတွေ့ရှိပြီးပြောပြလာချိန်မှာ ဇွန်အရမ်း စိတ်ဝင်စားသွားခဲ့ပါတယ်။ ကိုယ်အရမ်းနှစ်သက်တဲ့ ရှားလော့ခ်ဟုမ်းဇာတ်လမ်းတွဲထဲက ဘလော့ဂ်တစ်ခုက အပြင်မှာရှိကြောင်း တွေ့လိုက်ရချိန်မှာ ဘလော့ဂါပီပီ ကျေနပ်သွားပါတယ်။ ခုနောက်ပိုင်း ဘလော့ဂ်မှာစာရေးကျဲသွားပေမယ့် ဘလော့ဂ်ဆိုတဲ့ ဝေါဟာရတစ်ခုနဲ့ ဆက်နွယ်ပြီး ဖြစ်ပေါ်လာတဲ့ ဖန်တီးရေးသားမှုတွေကတော့ ဇွန့်အာရုံနဲ့အတွေးအမြင်ကို လွှမ်းမိုးနိုင်စွမ်း ရှိနေဆဲဆိုတာ သိလာရပါတယ်။ ဂျွန့်ဝက်ဘ်ဆိုဒ်နဲ့ ရှားလော့ခ်ရဲ့ဖိုရမ်အကြောင်း သတင်းပေးခဲ့တဲ့ မောင်လေးကို ကျေးဇူးတင်ပါတယ်။

Sherlock
တဆက်တည်းမှာပဲ ရှားလော့ခ်ဟုမ်းနဲ့ ပတ်သက်ပြီး ရှားလော့ခ်ဟုမ်း ပရိသတ်များကို ပြောပြဝေမျှချင်တဲ့ အကြောင်းရှိလာပါတယ်။ အင်္ဂလိပ်စာရေးဆရာကြီး ဆာအာသာကိုနင်ဒွိုင်းလ်ရဲ့ စုံထောက်ကြီးရှားလော့ခ်ဟုမ်းကို စာဖတ်ပရိတ်သတ်အားလုံးလိုလို ရင်းနှီးပြီးသား ဖြစ်ကြပါတယ်။ ရှားလော့ခ်ဟုမ်းကို တိုက်ရိုက်အကျွမ်းတ၀င်မရှိခဲ့ရင်တောင် ဆရာကြီး ရွှေဥဒေါင်းရဲ့ စုံထောက်မောင်/ဦးစံရှားဇာတ်လမ်းတွေကတဆင့် သိခွင့်ရခဲ့ကြမှာပါ။ ၁၉၀၀ ပြည့်လွန်နှစ်များဆီက ရှားလော့ခ်ဟုမ်းစုံထောက်ဇာတ်လမ်းတွဲအားလုံးကို ဇာတ်ကောင်၊ ဇာတ်လမ်း၊ အခင်းအကျင်း၊ လူနေရာအားလုံး ဆီလျော်အောင် မြန်မာမှုပြီး ဘာသာပြန်ဆို ရေးသားခဲ့တဲ့ ဆရာကြီးရွှေဥဒေါင်းကို အရမ်းပဲလေးစားမိပါတယ်။

ငယ်ငယ်ကတော့ စာအနေနဲ့ ရှားလော့ခ်ကိုရော ဦးစံရှားကိုပါ ဟိုတစ်ပုဒ်၊ ဒီတစ်ပုဒ် ရင်းနှီးဖူးပါတယ်။ ရှားလော့ခ်ဟုမ်းရုပ်ရှင်ကိုတော့ ဆယ်တန်းပြီးခါစ ဗြိတိသျှကောင်စီစာကြည့်တိုက်ရဲ့ အသင်းဝင်ဖြစ်လာပြီးနောက်မှာမှ ပထမဆုံးစကြည့်ဖူးခဲ့ပါတယ်။ မှတ်မှတ်ရရ မင်းသား Basil Rathbone ပါဝင်သရုပ်ဆောင်တဲ့ The Hound of Baskervilles (မြန်မာပြန်-ဗာစကေးဗီအင်းခွေးကြီး) ကားဖြစ်ပါတယ်။ စာအုပ်ဖတ်ဖူးပြီး ဇာတ်လမ်းသိနေလို့ စိတ်ဝင်စားစရာကောင်းမယ်အထင်နဲ့ ၀မ်းသာအားရ ကြည့်ခဲ့ပေမယ့် အဖြူအမည်းကားဖြစ်တဲ့အပြင် ဇာတ်လမ်းရိုက်ကူးတင်ဆက်ပုံက လေးတွဲတွဲဖြစ်နေလို့ ဇွန့်အတွက် အရမ်းပျင်းစရာကောင်းခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း အဖြူအမည်း ရှားလော့ခ်ဇာတ်လမ်းတွဲတွေ ထပ်ငှားမကြည့်ဖြစ်တော့ပါဘူး။ ရှားလော့ခ်နဲ့အဆက်ပြတ်သွားခဲ့တာ ၂၀၀၉ခုနှစ်ရောက်တဲ့အထိ ဆိုပါတော့။ မက်ဒေါနားရဲ့ခင်ပွန်းဟောင်း ဂိုင်းရီချီရိုက်ကူးခဲ့တဲ့ ရောဘတ်ဒေါင်းနီဂျူနီယာနဲ့ ဂျုဒ်လောတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ခပ်သွက်သွက်ရိုက်ချက်များနဲ့ ခေတ်သစ်ရှားလော့ခ်ဟုမ်းရုပ်ရှင်ကို သဘောကျခဲ့ပါတယ်။ ၂၀၁၁ မှာ ရုံတင်ခဲ့တဲ့ သူ့နောက်ဆက်တွဲကားကိုလည်း သွားကြည့်ခဲ့ပါတယ်။  

ခေတ်အဆက်အဆက် ရှားလော့ခ်ဟုမ်းရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကို အမျိုးမျိုးအဖုံဖုံ ရိုက်ကူးပြသခဲ့ကြပေမယ့် ၂၀၁၀ခုနှစ်မှာ ဘီဘီစီက စတင်ထုတ်လွှင့်ခဲ့တဲ့ တစ်နာရီခွဲစာ ရှားလော့ခ်ဟုမ်းမီနီစီးရီးသုံးပုဒ်ဟာ အရင့်အရင်ရိုက်ကူးခဲ့သမျှ ရုပ်ရှင်ဇာတ်လမ်းတွဲ အားလုံးကို ကျော်ဖြတ်ပြီး လူကြိုက်အများဆုံးဖြစ်သွားခဲ့ပါတယ်။ အဲဒီထဲက ရှားလော့ခ်ဟုမ်းအဖြစ် သရုပ်ဆောင်တဲ့ မင်းသား Benedit Cumberbatch ရော၊ ဂျွန်ဝထ်ဆင်အဖြစ် သရုပ်ဆောင်တဲ့ Martin Freeman ပါ ကျော်ကြားသွားခဲ့လို့ နောက်ပိုင်း ဟောလီးဝုဒ်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခြင်း ခံရပါတော့တယ်။ ဇာတ်လမ်း၊ ဇာတ်ကွက်၊ ဇာတ်ကောင်နဲ့ လန်ဒန်နောက်ခံ နေရာအခင်းအကျင်း အပြင်အဆင်အားလုံးအပြင် အမှုတွဲတွေကိုလည်း ခေတ်နဲ့အညီပြုပြင်ရေးသား ဇာတ်ညွှန်းဆွဲထားလို့ အရမ်းကြည့်ကောင်းတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်သွားတယ်လို့ ဇွန်မြင်ပါတယ်။

ပထမဆုံးစီးရီးထွက်ပြီး တစ်နှစ်ခွဲနှစ်နှစ်လောက်ကြာမှ Channel 5 က ထုတ်လွှင့်တဲ့ ဘီဘီစီရှားလော့ခ်ကို ဇွန်စကြည့်ဖူးတာပါ။ နောက်ထပ် စီးရီးနှစ်ခုကိုတော့ ဒီနှစ်မြန်မာပြည်ပြန်ရောက်ပြီးမှ အစအဆုံး ကြည့်ဖြစ်သွားပါတယ်။ စီးရီးတစ်ခုကြည့်ဖို့ ပရိတ်သတ်တွေက တစ်နှစ်ခွဲနီးပါးကြာအောင် စောင့်ရပါတယ်။ ပြီးတော့ ဇာတ်လမ်းတွဲက တစ်နာရီခွဲစာ သုံးပုဒ်ပဲပါတာမို့ ကြည့်ရတာ မ၀ပါဘူး။ ဒါပေမယ့် နောက်ထပ်စီးရီးအသစ်မလာခင်မှာ ရှားလော့ခ်အလွမ်းပြေ အစားထိုးကြည့်စရာ ကားတစ်ကား ရှိလာပါတယ်။ အဲဒါကတော့ ၂၀၁၂ခုနှစ်မှာ အမေရိကန်ရုပ်သံ CBS ကထုတ်လွှင့်ခဲ့တဲ့ အမေရိကန်ဗားရှင်းရှားလော့ခ်ဟုမ်းစီးရီးကြောင့်ပါ။ နယူးယောက်မှာ အခြေတည်ထားတဲ့ Elementary ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ရှားလော့ခ်ဟုမ်းက ဗြိတိသျှမင်းသား Jonny Lee Miller ဖြစ်ပါတယ်။ Miller ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Hackers ကားကို ၉၇၊ ၉၈လောက်မှာ ကြည့်ဖူးလို့ သူ့ကိုသိနေခဲ့ပါတယ်။ အဲဒီကားမှာပဲ အင်ဂျလီနာဂျိုလီနဲ့ ဆယ်ကျော်သက် Hackers များအဖြစ် အတူသရုပ်ဆောင်ရင်း မေတ္တာမျှသွားပြီး လက်ထပ်ဖြစ်ခဲ့လို့ ဂျိုလီရဲ့ ပထမဆုံးခင်ပွန်းလို့ဆိုရင် မမှားပါဘူး။

BBC Sherlock နဲ့ Elementary ကို နှိုင်းယှဉ်ကြည့်လို့တော့ မရနိုင်ပါဘူး။ သူ့အရသာနဲ့သူ တစ်မျိုးစီတော့ ကောင်းနေတာပါပဲ။ နှစ်ကားလုံးကို ကြည့်ဖူးတဲ့သူအများစုက ဗြိတိသျှဇာတ်လမ်းတွဲကို ပိုကြိုက်ကြပြီး၊ တစ်ချို့ပရိသတ်ကတော့ အမေရိကန်ဗာရှင်းကို ပိုနှစ်သက်တယ်လို့ ဆိုကြပါတယ်။ ဇွန့်အတွက်တော့ ဗြိတိသျှရှားလော့ခ်ဟုမ်းမင်းသားက ပိုဆွဲဆောင်မှုရှိပြီး၊ အမေရိကန်ဇာတ်လမ်းမှာတော့ ဆာဂျင်ဂျူန်းဝထ်ဆင်အဖြစ် သရုပ်ဆောင်တဲ့ မင်းသမီးလူစီလျူးက ထူးခြားတဲ့ရသကို ပေးပါတယ်။ ဇာတ်လမ်းဇာတ်ကွက်အရ Elementary က twist & turn တွေ ပိုများပါတယ်။ Sherlock Holmes, CSI, Criminal Minds နဲ့ The Mentalist လို ဇာတ်လမ်းတွဲများကို နှစ်ခြိုက်ကြတဲ့ ပရိသတ်တွေဟာ Elementary ကိုပါ ကြိုက်နှစ်သက်လိမ့်မယ်လို့ ဇွန်ယုံကြည်ပါတယ်။ ဒါကြောင့် စာဖတ်သူမောင်နှမတွေထဲက ရှားလော့ခ်ပရိသတ်များရှိခဲ့လို့ Elementary ကို မကြည့်ရသေးသူများရှိရင် ကြည့်ရအောင် ဇွန်က ပြန်လည်ညွှန်းဆို ဝေမျှခြင်းဖြစ်ပါတယ်။ Season တစ်ခုစီမှာ ၄၅မိနစ်စာ ၂၄ ပုဒ်ပါတဲ့အတွက် တစ်နေ့တစ်ပုဒ်နှုန်းနဲ့ တစ်လလောက် အေးအေးဆေးဆေး ကြည့်နိုင်ပါတယ်။ ဇွန်ကတော့ Season 1 ဇာတ်လမ်းတွဲအားလုံး ကြည့်ပြီးသွားပါပြီ။ Season 2 ကိုတော့ နောက်တစ်လလောက်နေမှ ဆက်ကြည့်ဖို့ ဆုံးဖြတ်ထားပါတယ်။

ဒီနှစ် Blog Day အတွက် တွေ့ဆုံခဲ့ရတဲ့ Blogger များအကြောင်းရော၊ John Watson ရဲ့ Blog အကြောင်းအပြင် Sherlock Holmes အကြောင်းပါ ဆက်စပ်ပြီး တစ်ပုဒ်ထဲမှာ ရေးလိုက်ရလို့ ဇွန်ကျေနပ်သွားပါပြီ။ စာရှည်သွားရင်တော့ ခွင့်လွှတ်ပြီး ဖတ်ပေးကြပါလို့။ အားလုံးပဲ Happy Blog Day ပါ။ :)


ဇွန်မိုးစက်
၃၁-၈-၂၀၁၄
နံနက် ၁၂နာရီ ၃၅မိနစ်