Showing posts with label Story/Short Story. Show all posts
Showing posts with label Story/Short Story. Show all posts
(၁)
တံစက်မြိတ်မှ
ကျဆင်းလာသော မိုးရေစီးသံသည် သူ့နားထဲတွင် ဂီတသံစဉ်အလား သာယာနာပျော်ဖွယ်ကောင်းနေသည်။
ဘောပင်ကိုင်ရင်း စာရွက်လွတ်တစ်ခုပေါ် တစ်စုံတစ်ခု ချရေးဟန်ပြုပြီးမှ ပြတင်းပေါက်မှတဆင့်
လှမ်းမြင်ရသော တောင်တန်းတချို့ကို လှမ်းမျှော်ကြည့်လိုက်သည်။ တောင်တန်းများပေါ် တအိအိနှင့်ပြိုဆင်းလာသော
အနောက်တောင်အရပ်က မိုးသားတိမ်လိပ်များကဲ့သို့ သူ့နှလုံးသားဆန္ဒကိုလည်း တသွန်သွန် ရွာသွန်းဖြိုးလိုက်ချင်သည်။
လေပြင်းနှင့်အတူ ပြတင်းပေါက်သံတိုင်များကိုကျော်ပြီး သူ့ဘယ်ခြမ်းသို့ မိုးရေစက်များ
လာရောက်တိုးဝှေ့ထိခတ်ကြသည်။ အေးမြသောအထိအတွေ့မှာ သူ ခေတ္တမိန်းမောသွားပြီး မျက်လုံးအစုံကို
ပိတ်လိုက်စဉ် ချိုမြကြည်သာသော အပြုံးလေးတစ်ခု သူ့အာရုံမှာ ထင်ရှားလာသည်။ ‘အေးမြခြင်းတွေ
သယ်ဆောင်လာတဲ့ မိုးရယ်’ ဟု တစ်ကိုယ်တည်းကြားရုံ ရေရွတ်ရင်း သူပြုံးမိသွားသည်။
(၂)
သူ ယခုသီတင်းသုံးနေသော
ရွာလေးသို့ လွန်ခဲ့သော ဆယ်နှစ်ခန့်က ရောက်ရှိခဲ့သည်။ အောက်ပြည်သားမို့ မိုးများသောအရပ်တွင်
ပျော်မွေ့သော်လည်း ဆရာသမားလွှဲအပ်တာဝန်ပေးခြင်းကို မလွန်ဆန်ကောင်း၍ မိုးခေါင်သော အထက်ပြည်က
ရွာတစ်ရွာမှာ သာသနာ့ဝန်ကို လာရောက်ထမ်းဆောင်ခဲ့ရသည်။ အရေအတွက်မများလှသော ကိုရင်နှင့်ရဟန်းများကို
စာဝါချပေးရင်း အားလပ်ချိန်မှာ လောကီ၊ လောကုတ္တရာစာအုပ်စာပေများဖတ်ရင်း အချိန်တွေ ရွေ့လျောကုန်ဆုံးလွန်မြောက်ခဲ့သည်။
အောက်ပြည် မြို့ကြီးမှ ဓမ္မာစရိယဘွဲ့ရကိုယ်တော်တစ်ပါး အထက်ပိုင်းခေါင်သောအရပ်မှာ လာရောက်သီတင်းသုံးသည်မို့
တစ်ရွာလုံးက ရိုသေလေးစား အလေးပေးကြသည်ကို ပုထုဇဉ်ပီပီ သူသဘောကျမိတာ ၀န်ခံရမည်ပင်။ နှစ်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့
ရွာလေးနှင့်တစ်သားတည်း ဖြစ်သွားခဲ့သည်။
(၃)
ခေတ်စနစ်တွေ
အထိုက်အလျောက်ပြောင်းလဲလာသည့်အလျောက် ဆက်သွယ်ရေးကွန်ယက်တွေကလည်း တိုးတက်လာသည်။ လက်ကိုင်ဖုန်းများ
အလွယ်တကူ ၀ယ်ယူသုံးစွဲနိုင်လာသည်ကို အကြောင်းပြု၍ အောက်ပြည်မှ မယ်တော်ကြီးက လူကြုံနှင့်
ဖုန်းတစ်လုံး ထည့်ပေးလိုက်သည်။ အရေးကြုံက အဝေးရောက်သားရဟန်းနှင့် အလွယ်တကူဆက်သွယ်နိုင်ရန်ဟူသော
ရည်ရွယ်ချက်က ပဓာနကျပေလိမ့်မည်။ ထိုပစ္စည်းလေးရကတည်းက သူ့မှာ မျောက်အုန်းသီးရသလို တစ်ကိုင်ကိုင်နှင့်
လက်က မချနိုင်ဖြစ်နေသည်။ အရွယ်ရှိသော ပုထုဇဉ်ရဟန်းတစ်ပါးအနေဖြင့် ခေတ်မှီချင်သည်၊ စူးစမ်းလေ့လာချင်သည်၊
လက်တစ်ဝါးစာ စက်ပစ္စည်းလေးဖြစ်သော်လည်း သင်ယူသိမှတ်ဖွယ်တွေကဖြင့်မကုန်နိုင်။ ရွာမှာ
လက်ကိုင်ဖုန်းကိုင်နိုင်သူကလည်း ခပ်ရှားရှားမို့ မည်သူ့ကိုဆရာတင်၍ မေးမြန်းသင်ယူရမည်မသိ။
သို့သော် သူကံကောင်းချင်၍ ရွာတောင်ပိုင်းက
ကျောင်းဒကာဦးဘိုးဆောင်၏မြေး တက္ကသိုလ်ကျောင်းသူလေး မမိုးပွင့် ရွာကိုအလည်ပြန်လာခိုက်နှင့်ကြုံသွားသည်။
ရွာမျက်နှာဖုံးမျိုးဆက်လည်းဖြစ်၊ နည်းပညာတက္ကသိုလ်ကျောင်းသူလည်းဖြစ်သော မမိုးပွင့်ကို
တစ်ရွာလုံးက စိတ်ဝင်တစား ချစ်ခင်အလေးပေးကြသည်။
မမိုးပွင့်လက်ထဲက
ဖုန်းပြားလေးကလည်း မြင်သူတိုင်း နှစ်ခါပြန်ကြည့်ချင်အောင် ဆွဲဆောင်အားကောင်းလှသည်။
မိုးပွင့်က ဒါကိုသိတော့ လူရှေ့ရောက်လျှင် ဖုန်းလေးကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုပြသည်။
သူတို့မြေးအဖိုး ကျောင်းကိုလာခိုက် မိုးပွင့်ကိုဆရာတင်ပြီး လက်ကိုင်ဖုန်းသုံးစွဲနည်းကို
မေးမြန်းရတော့သည်။
“ဒကာမလေးမိုးပွင့်
ဦးဇင်း ဖုန်း ဘယ်လိုသုံးရမယ်မှန်း မသိလို့ တစ်ချက်လောက် သင်ပြပေးပါလား?”
“တင်ပါ့ဘုရား”
မိုးပွင့်က
သူ့ထံမှ ဖုန်းကိုတောင်းယူ၍ သေချာကြည်ရှုစစ်ဆေးပြီး ‘ဦးဇင်းဖုန်းက စမတ်ဖုန်းပဲဘုရာ့၊
မြန်မာစာဖောင့်လည်းသွင်းပြီးသားဆိုတော့ အင်တာနက်လည်း သုံးလို့ရတယ်။’ မိုးပွင့်ပြောသော
အသုံးအနှုန်းအခေါ်အဝေါ်တွေ သူနားမလည်ပါ။
မိုးပွင့်က
ဖုန်းလေးကို သူ့အနားသို့ တိုးကပ်ပြရင်း ‘ဖုန်းခေါ်ချင်ရင် ဒါလေးကို ဖွင့်ရတယ်၊ ဖုန်းလာရင်
ဒါလေးကို နှိပ်၊ စာပို့ချင်ရင် ဒီထဲကိုဝင်’ အစရှိသဖြင့် စိတ်ရှည်လက်ရှည် ညွှန်ပြပေးရှာသည်။
“တပည့်တော်ပြောတာတွေ
ဦးဇင်း မှတ်မိရဲ့လားဘုရား? မမှတ်မိရင် စာရွက်ပေါ်မှာ သင်္ကေတနဲ့ လုပ်ဆောင်ချက်တွေ တပည့်တော်
ရေးထားပေးမယ်လေ”
“အေး… အဲဒါ..
ပိုကောင်းတယ်… ဒကာမလေး” သူက စာတစ်ရွက်နှင့်ဘောပင် ခပ်သွက်သွက်ရှာပြီး ပေးလိုက်သည်။
“ဦးဇင်း ဖုန်းထဲမှာ
နံပါတ်မရှိသေးဘူး။ စမ်းခေါ်လို့ရအောင် တပည့်တော်နံပါတ် ထည့်ထားပေးမယ်ဘုရား”
“ဒကာမလေး အဆင်ပြေသလိုသာ
စီမံပေးပါ…”
မိုးပွင့်က
အလုပ်တစ်ခုကို လက်တွေ့ကျကျ အဆုံးထိအောင်မြင်အောင် ကူညီဆောင်ရွက်တတ်သူထင့်၊ သူ့ကို ဖုန်းခေါ်ခိုင်းသည်၊
သူက ဘယ်ခလုပ်နှိပ်ရမည်မှန်းမသိဖြစ်နေစဉ် ရေးပေးထားသော စာရွက်ကို ပြန်ကြည့်ခိုင်းသည်။
သုံးလေးခါ စမ်းပြီးသည့်အခါ အဆင်ပြေသွားသည်။ မက်ဆေ့ချေ်ခေါ် စာတိုလေးတွေပေးပို့၍ရမရကိုလည်း
စမ်းကြည့်သေးသည်။ မိုးပွင့်နာမည်နှင့်ဝင်လာသော စာလေးကိုဖတ်ပြီး ပြန်ခိုင်းသည်၊ သူက
ဖုန်းဖြင့် မြန်မာစာလုံးမရိုက်တတ်သေးသောကြောင့် အခက်တွေ့သည်။ ဒါကို မိုးပွင့်က သဘောပေါက်သွားပြီး
‘ဦးဇင်း စာရိုက်တတ်အောင် အရင်ကျင့်လိုက်ပါဦး။ နောက်ကျွမ်းကျင်သွားမှ စမ်းပို့ကြည့်ပေါ့’
ဟု တစ်ဖက်တည်းရှိသော ပါးချိုင့်လေး ခွက်ဝင်သွားသည်အထိ ပြုံးရယ်ရင်း ဆိုသည်။ ရက်အတန်ကြာသည့်တိုင်
ထိုအပြုံးကလေးကို သူအမှတ်ရနေ၍ ကိုယ့်ကိုယ်ကို တအံ့တသြ ဖြစ်ရသည်။
မိုးပွင့်တစ်ယောက်
ကျောင်းဖွင့်၍ မြို့သို့ပြန်သွားသည်။ သူလည်း အချိန်အားတိုင်း လက်ကိုင်ဖုန်းကလေးနှင့်
စမ်းသပ်အလုပ်ရှုပ်နေရင်း မိုးပွင့်ကို မေ့သွားသည်။ ဖုန်းလေးရှိလာ၍ အဆက်အသွယ်တွေ ပိုကောင်းလာပြီး
စကားတွေ ပိုပြောဖြစ်လာသည်။ ကျောင်းထိုင်ဆရာတော်က မလိုအပ်ဘဲ ဖုန်းမသုံးရန် သူ့ကို သတိပေးလာသဖြင့်
ဖုန်းပြောခြင်းကို လျှော့ချလိုက်သည်။ ဖုန်းမပြောဘဲ စာပို့လျှင် အသံတိတ်နည်းဖြင့် ဆက်သွယ်ရာရောက်ကြောင်း
သူ သတိရသွားပြီး မြန်မာစာလုံးလေးတွေကို အထိုက်အလျောက်ရိုက်တတ်အောင် ညစဉ် သူကြိုးစားကျင့်သည်။
သူ့ကိုယ်သူ အားရကျေနပ်သောနေ့၌ ပထမဆုံး စာတိုလေးကို မိုးပွင့်ဆီသို့ ပို့ပေးမည်မှာ ဗေဒင်မေးစရာမလိုအောင်
သေချာနေခဲ့ပြီလေ။
ဒကာမလေးမိုးပွင့် အစစအဆင်ပြေရဲ့လား၊ ဦးဇင်း မြန်မာလို ကောင်းကောင်းရိုက်ပြီး
ပို့တတ်ပါပြီ။
ဝမ်းသာပါတယ် ဦးဇင်း၊ တပည့်တော် အားလုံးအဆင်ပြေပါတယ်၊ သီတင်းကျွတ်ကျောင်းပိတ်ရက်မှာ
အဖိုးတို့ကို လာကန်တော့ဦးမှာ။ တပည့်တော်ရောက်မှ ဦးဇင်းကို အင်တာနက်သုံးတတ်အောင် သင်ပေးပါ့မယ်ဘုရား။
ဘာရယ်မဟုတ်…
မိုးပွင့်ဆီက ပြန်စာလေးကို ဖတ်ရင်း ကြည်နူးသွားခဲ့သည်။
(၄)
သည်လိုနှင့်
မိုးပွင့်လေး၏ ကျေးဇူးကြောင့် သူသည် အနှစ်နှစ်အလလ ကွဲကွာခဲ့သော ရပ်ဝေးမြေရောက် သီတင်းသုံးဖော်များနှင့်
အဆက်သွယ်ပြန်ရသည်။ ကမ္ဘာ့အရေး၊ မြန်မာ့အရေးများကို စက္ကန့်ပိုင်းအတွင်း သိခွင့်ရသည်။
ခေတ်နှင့်တပြေးညီလိုက်မှီနေသည်ဟု ကိုယ့်ကိုယ်ကို ခံစားလာရသောကြောင့် ဟိုတုန်းကလို ချောင်ကျကျတောရွာမှာသီတင်းသုံးသော၊
ခေတ်နှင့်မျက်ခြေပြတ်နေသော ရဟန်းတစ်ပါးအဖြစ် သိမ်ငယ်စိတ်ဝင်နေမှခြင်းလည်း ပပျောက်သွားသည်။
စမတ်ဖုန်းတစ်လုံးသည်
ဤမျှလောက်စွမ်းဆောင်အား ကောင်းလိမ့်မည်ဟု သူ မသိခဲ့ပေ။ ယခုတော့ ဖုန်းတစ်လုံးနှင့် သူ
ကမ္ဘာပတ်နိုင်ပြီ။ တစ်ချိန်က သူစိတ်ဝင်စားခဲ့သော အင်္ဂလိပ်စာကိုလည်း သင်ယူလေ့လာခွင့်ရသွားသဖြင့်
အတိုင်းမသိ သူ ကျေနပ်လေသည်။ ဖုန်းသုံးရခြင်း၌ ထို့ထက်ပို၍ ပျော်ရွှင်စိတ်ဖြစ်စေသည်ကား
မိုးပွင့်လေးကြောင့်ဟု သူ ၀န်ခံရပေမည်။ မိုးပွင့်လေးနှင့် ဗိုင်ဘာဟူသော အပလီကေးရှင်းမှ
နေ့နေ့ညည ဆက်သွယ်စကားပြောခွင့်ရသောကြောင့်ပင်။
မနက်ခင်းတစ်မျိုး၊ ညခင်းတစ်သွယ် ချစ်စရာကောင်းသော ရုပ်ပုံလေးများနှင့် မိုးပွင့်လေးက
နှုတ်ဆက်စကားပြောလာတိုင်း သူ့မှာ ပျော်ရသည်။ ကိုယ်က ရဟန်းဖြစ်နေ၍ ချစ်စရာစတစ်ကာပုံလေးများကို
သုံးချင်တိုင်းသုံးခွင့်မရသည့်အတွက် မချင့်မရဲဖြစ်မိသေးသည်။
(၅)
ယခုတလော သူမျက်ရိုးတွေ
မကြာခဏ ကိုက်ခဲလာသည်ကို သတိပြုမိသည်။ စာသင်သားဘ၀ စာဝါလိုက်ခဲ့စဉ်တလျှောက် မျက်မှန်မတပ်ရဘဲ
ဖုန်းသုံးမှ မျက်မှန်တပ်ရတော့မည်အဖြစ်။ အာရုံတွေ အရင်ကလို စုစည်း၍ မကောင်း။ စိတ်ငြိမ်အောင်
တရားထိုင်ပြန်လျှင်လည်း ဗိုင်ဘာထဲမှာ မိုးပွင့်နှင့်အပြန်ပြန်အလှန်လှန် ပြောဆိုခဲ့သော
အကြောင်းရာများက မကြာခဏ ၀င်ရောက်လာသည်။ စာဝါနားချိန်နွေရာသီမှာ ဟိုတုန်းကလို စာအုပ်တွေတစ်အုပ်ပြီးတစ်အုပ်
မဖတ်ဖြစ်ဘဲ ဖုန်းလေးကိုသာ ကောက်ကိုင်မိသည့်အချိန်က များနေသည်။ ရက်တွေကြာလေ မိုးပွင့်လေးအကြောင်းက
သူ့အာရုံမှာ အမြဲမပြတ် ထင်ဟပ်လာလေ။
(၆)
နောက်ဆုံးနှစ်စာမေးပွဲဖြေဆိုပြီး၍
ရွာကိုအလည်ပြန်လာသော မိုးပွင့်ကို တွေ့ရစဉ် သူ့ရင်၌ ကတုန်ကယင်ဖြစ်နေသည်။ မိုးပွင့်လေးက
ဘာမှမဖြစ်သလို ရင်းနှီးဖော်ရွေစွာပင် စကားဆိုမြဲဆိုသည်၊ ပါးချိုင့်လေးခွက်ဝင်အောင်
ပြုံးမြဲပြုံးသည်။ ကျောင်းပြီး၍ လုပ်ငန်းခွင်ဝင်လျှင် ရွာကိုတော်တော်နှင့် ပြန်ရောက်တော့မည်မဟုတ်ကြောင်း၊
အခွင့်အရေးပေးလျှင် နိုင်ငံခြားသို့ သွားရောက်အလုပ်လုပ်ကိုင်မည်ဖြစ်ကြောင်း ဆရာတော့်ထံလျှောက်ကြားသည်ကို
သူကြားလိုက်ရသည်။ မိုးပွင့်လေးနှင့် ဝေးမည့်အရေး တွေးကြည့်ရုံနှင့်ပင် ဆွေးစရာကောင်းလှသည်။
မြှုပ်ချည်တစ်ခါ၊ ပေါ်ချည့်တစ်လှည့် ဖြစ်နေသော သူ့ရင်ထဲက သံယောဇဉ်လှိုင်းတံပိုးတို့
ဝုန်းကနဲ ကြွတက်လာသည်။ နှလုံးသားအလိုကို ဦးနှောက်က ထိန်းချူပ်ရန် အနည်းငယ် နောက်ကျသွားပြီထင့်၊
မိုးပွင့်ကို သူ ဖွင့်ပြောရန် ဆုံးဖြတ်လိုက်သည်။
တကယ်တမ်း သူ့နှုတ်မှလည်း
ဖွင့်ဟပြောရဲလောက်အောင် သတ္တိမရှိ။ စာလည်းမပေးရဲ။ စားစားသွားသွား သူ့ခံစားချက်ကို မိုးပွင့်သိအောင်
တနည်းနည်းနှင့် ဖော်ပြချင်သည့်စိတ်ကသာ ကြီးစိုးနေသဖြင့် ကုနြေ္ဒခြောက်ပါးတို့ မငြိမ်သက်နိုင်တော့။
ငယ်ဖြူရဟန်းတစ်ပါးဖြစ်လင့်ကစား ကိလေသာလောဘအဟုန်၏ ရိုက်ချက်ကြောင့် ရဟန်းတစ်ပါးစောင့်စည်းရမည့်
သိက္ခာပုဒ်တို့ကို အခိုက်အတန့်အားဖြင့် သူ မေ့လျော့သွားခဲ့ပေသည်။ မိုးပွင့်သာ လက်ခံခဲ့လျှင်
သူလူဝတ်လဲပြီး အိမ်ရာတည်ထောင် လူ့ဘောင်လောကကို ၀င်ရောက်တော့မည်ဟု စိတ်ကူးဖြင့် အကောင်အထည်ဖော်နှင့်ပြီးဖြစ်သည်။
တစ်ဆယ့်ငါးဝါရ အသက်သုံးဆယ့်ငါးနှစ်အရွယ် ယောကျာ်းတစ်ယောက်အနေဖြင့် လောကဓံကို တွေ့ကြုံရင်ဆိုင်ဖို့
ခွန်အားတွေ အလုံအလောက်ရှိပါသေးသည်ဟုလည်း သူတွေးမိသည်။ မိုးပွင့်လေးသာ သူ့ပါရမီဖြည့်ဘက်အဖြစ်
တစ်သက်လုံးရှိနေမည်ဆိုလျှင် အရာရာကို ရင်ဆိုင်ဝံ့သည်သာ။
နေဆယ်စင်းနှင့် လမင်းဆယ်ဆူ
ပြိုင်တူသာကြ ကြည်နူးရအောင်
လွမ်းရဆွေးရ ခံစားရအောင်
နှောင်တွယ်ကျွမ်းရစ် သောကဖြစ်တည်
ကိုယ်… မိုးပွင့်ကို ချစ်နေမိပြီ
ဖုန်းထဲက ဗိုင်ဘာမက်ဆေ့ခ်ျလေးထဲဝင်၍
တစ်လုံးချင်း စာရိုက်နေစဉ် သူ့လက်ဖျားတွေ အေးစက်နေသည်။စာသင်သားဘ၀က ဖတ်ခဲ့မှတ်ခဲ့ဖူးသော မောင်စိန်ဝင်း
(ပုတီးကုန်း) ၏ နေဆယ်စင်း၊ လမင်းဆယ်ဆူ ကဗျာလေးကို ကိုယ်နှင့်လျောက်ပတ်အောင် စာသားအနည်းငယ်
ပြောင်းလဲကာ ရေးဖွဲ့ထားခြင်းဖြစ်သည်။ ထိုကဗျာလေး မိုးပွင့်ထံရောက်သင့်မရောက်သင့် သူ
ခေတ္တမျှ တွေဝေစဉ်းစားလိုက်သေးသည်။ မြားချွန်လေးကိုနှိပ်ဖို့ သူ မ၀ံ့မရဲဖြစ်နေသည်။ မလုပ်သင့်မလုပ်ထိုက်သည့်
အလုပ်တစ်ခုအတွက် ကြန့်ကြာနေခြင်းမှာ ကောင်းသည်မှန်သော်လည်း သူ့စိတ်အမှောင်သည် မိုးပွင့်ဆောင်ခွင်းမှ
လင်းလက်မည်ဟူသော အယူမှားဖြင့် မြှားကလေးကို ပစ်ခွင်းမိတော့သည်။
ကဗျာလေးနဲ့ထပ်တူ ခံစားနေရပါတယ်၊ မိုးပွင့်ရဲ့ သဘောထားကို
သိပါရစေ။
တို့ကို မချစ်နိုင်ရင်တောင် မမုန်းစေချင်ဘူး ကလေးရယ်။
ထို့နောက်
သူသည် ဖုန်းကို အမြန်ပိတ်လိုက်သည်။
(၇)
သိပ်မကြာခင်အချိန်တွင်းမှာပင်
သူ့စိတ်၌ ရှက်ရွံ့စိုးကြောက်ခြင်းတို့ ပေါ်လာသည်။ စာမပို့ခင်က တွေးသင့်သည့်အတွေးတို့
ယခုမှ အလုံးအရင်းနှင့် ၀င်ရောက်လာခဲ့သည်။ သူ မှားသွားပြီထင်သည်။ ထွက်ပြီးသားတံတွေး
ပြန်မျို၍ မရနိုင်သကဲ့သို့ တစ်ဖက်သားထံ ပို့ပြီးသားစာကို မရောက်ပါစေနှင့်ဟု ဆုတောင်း၍လည်း
မရတော့ပြီ။
ထိုညတစ်ညလုံး
သူကောင်းကောင်းအိပ်မပျော်။ ဘယ်ညာလူးလှိမ့်ရင်း အတွေးတွေယောက်ယက်ခတ်နေသည်။ တစ်ချိန်က
မျက်လုံးမှိတ် အိပ်ရာဝင်တိုင်း အာရုံထဲပေါ်လေ့ရှိသော အပြုံးကလေးသည် ဟိုစဉ်ကလို အေးမြမှုကို
မပေးနိုင်တော့ဘဲ ပူလောင်ခြင်းသာ ယူဆောင်လာတော့သည်။ သူ့လုပ်ရပ်သည် မြတ်စွာဘုရားနှင့်
သာသနာတော်ကို အိုးမဲသုတ်စေခဲ့ပြီလား? သူ့ဆရာသာသိလျှင် ငယ်စဉ်ကလို ငေါက်ငမ်းဆူပူ ထိပ်မခေါက်တော့ဘဲ
လူဝတ်တစ်ခါတည်း လဲခိုင်းမည်လား? တစ်ဦးတည်းသောသားအား ရဟန်းဘ၀မှာ မပျော်ပိုက်မည်စိုးသဖြင့်
ငယ်စဉ်ကိုရင်ဘ၀မှ စာချဘုန်းကြီးဖြစ်သည်အထိ အစစအရာရာ လိုလေသေးမရှိအောင် အစွမ်းကုန်ထောက်ပံ့ခဲ့သော
မယ်တော်ကြီးသာ သိလျှင် ရင်ထုမနာ ငိုကြွေးမည်လား?
အတွေးသံသရာမှာ
ချာချာလည်ရင်း အရုဏ်တက်တုံးမောင်း ခေါက်သွားခဲ့သည်။
(၈)
နံနက်ခင်းဘုရားဝတ်တက်ချိန်ပင်
ခါတိုင်းလို စိတ်တွေမကြည်လင်တော့။ အကုသိုလ်အမှုကို ပြုမိသောသူသည် အကုသိုလ်အကျိုးကို
ခံစားရသည်မှာ ချက်ချင်းလက်ငင်းပင်။
ဣတိ ဣမသ္မိံ သတိ ဣဒံဟောတိ၊ ဣမဿုပ္ပါဒါ
ဣဒံဥပ္ပဇ္ဇတိ၊ ယဒိဒံ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ၀ိညာဏံ၊ ၀ိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ
သဋ္ဌာယတနံ၊ သဋ္ဌာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ
ဘဝေါ၊ ဘ၀ပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ သောက-ပရိဒေ၀-ဒုက္ခ-ဒေါမနဿုပါယာသာ သမ္ဘ၀န္တိ။ ဧ၀မေတဿ
ကေ၀လဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
-------------------------------------------
-------------------------------------------
ဘုရားစာများ
ရွတ်ဖတ်ပူဇော်နေရင်း သူ့နားထဲတွင် ဆုံးမသံတစ်ခု ကြားယောင်လာသည်။
“ချစ်သား အာနန္ဒာ…
ချစ်ဖွယ်ရှိသော မာတုဂါမတို့အား စကားပြောခြင်းသည် မမြတ်၊ အဘယ့်ကြောင့်နည်းဟူမူကား မာတုဂါမတို့နှင့်
စကားဟောပြောရသည်ရှိသော် ချစ်ကျွမ်းဝင်ခြင်းသည်ဖြစ်၏၊ ချစ်ကျွမ်းဝင်သည်ရှိသော် နှစ်သက်ခြင်းရာဂသည်ဖြစ်၏၊
ရာဂဖြစ်သည်ရှိသော် အထူးထူးသောကိစ္စကိုကြံခြင်းဟူသော သင်္ကပ္ပရာဂသည်ဖြစ်၏၊ သင်္ကပ္ပရာဂ ဖြစ်သည်ရှိသော်
တဏှာဥပါဒန်တို့သည်ဖြစ်ကုန်၏၊ ထိုတဏှာဥပါဒန်ဖြစ်သည်ရှိသော် သီလ၏ညစ်ညူးပျက်စီးခြင်းသို့ရောက်၍
အပါယ်လေးပါးသို့လားခြင်းသည်ဖြစ်၏၊ ထို့ကြောင့် စကားပြောရခြင်းသည် မမြတ်”
“ချစ်သား အာနန္ဒာ…
ကျောင်းသို့ရောက်လာသော မာတုဂါမတို့အား စကားပြောလိုသည်ရှိသော် အမိအရွယ်ရှိသော မိန်းမတို့၌
အမိဟူသောစိတ်ကို ဖြစ်စေကုန်၊ နှမအရွယ်ရှိသော် မိန်းမတို့၌ နှမဟူသော စိတ်ကို ဖြစ်စေကုန်၊
သမီးအရွယ်ရှိသော မိန်းမတို့၌ သမီးဟူသော စိတ်ကိုဖြစ်စေကုန်၊ အာနန္ဒာ… မာတုဂါမတို့အား
စကားပြောဟောအခါ၌ သတိပညာကို လွန်စွာ ဖြစ်စေကုန်လော့”
ဖခင်စကားနားမထောင်မိသော
သားမိုက်တစ်ယောက်၏နောင်တမျိုး သူရခဲ့လေပြီ။ ဘုရားသားတော်တစ်ပါးအနေနှင့် သတိပညာလက်လွတ်ဖြစ်သွားခြင်းသည်
ရှက်စရာကောင်းလှပေတော့သည်။ မိုးပွင့်ကို ရင်မဆိုင်ရဲလောက်အောက်ပင် သူရှက်ရွံ့သွားခဲ့ရုံမျှမက
သူ့ကိုယ်သူ ကြည်ညိုစိတ်များလည်း ပါးလျမှိန်ဖျော့သွားခဲ့သည်။
(၉)
နောင်တစ်ပတ်အကြာ
မိုးပွင့် မြို့ပြန်သွားသည်အထိ မဆုံမိအောင် သူတမင်ရှောင်နေခဲ့သည်။ ဖုန်းကိုလည်း ဖွင့်မကြည့်ဘဲ
ဒီအတိုင်းထားခဲ့သည်။ မိုးပွင့်ထံမှ အမုန်းစကားများကို သူမခံယူရဲလောက်အောင် သတ္တိကြောင်သွားခဲ့တာလား။
ခါးသီးသော အမှန်တရားကို ရင်မဆိုင်ဝံ့တာလား။ အကယ်၍များ မိုးပွင့်က သူ့သဘောထားနှင့် ထပ်တူ
လက်ခံကြည်ဖြူသည့်အကြောင်း တစ်စုံတစ်ရာ ပြန်ရေးသားခဲ့ပါလျှင်ဟု ရုတ်တရက် အတွေးဝင်မိတော့
သူထိတ်ခနဲ ဖြစ်သွားသည်။ ဒီလိုဆိုလျှင် ဖြေရှင်းရခက်သည့် အနေအထားကို ရောက်သွားတော့မည်။
မိုးပွင့် သူ့ကို မုန်းပါစေ၊ လက်မခံပါနှင့်ဟု အခါခါ ဆုတောင်းရင်း ပိတ်ထားသော ဖုန်းကို
ဖွင့်လိုက်သည်။ သူ့ဘယ်ရင်အုံက ဟဒယ၀တ္ထုသည် အခါတိုင်းထက် ပိုလှုပ်ခါနေသည်။ ဗိုင်ဘာမက်ဆေ့ခ်ျလေးကို
ဖွင့်ကြည့်တော့ မိုးပွင့်ဆီက ဘာမှပြန်ထားသည်ကိုမတွေ့ရသဖြင့် အတန်ငယ် စိတ်အေးသွားသည်။
သို့သော် မက်ဆေ့ခ်ျအဆုံးမှာ မိုးပွင့်ဘက်မှ သူ့စာလေးကို မြင်ပြီးပြီ ဆိုသော သင်္ကေတလေး
ပြနေခဲ့သည်။ သြော်…. ဘာမှအကြောင်းမပြန်ချင်လောက်အောင် မိုးပွင့် သူ့ကို အတော်စိတ်နာကျည်းသွားတယ်ထင်ပါတယ်လေ။
သူ စိတ်မကောင်းဖြစ်သွားခဲ့သည်။ မိုးပွင့်စိတ်ပြေချိန်၊ အခွင့်အရေးပေးလာတဲ့တစ်နေ့မှာ
သူ့အမှားအတွက် တောင်းပန်မည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။ ဒီကြားထဲ မိုးပွင့်ကို မေ့နိုင်ဖို့
သူကြိုးစားရမည်။
(၁၀)
“ဥူးဇင်းအဂ္ဂါ…
မနက်ခင်းက ဦးဘိုးဆောင်ကျောင်းလာရင်း ဦးဇင်းအတွက်ဆိုပြီး ပေးသွားတယ်။” ဆွမ်းဆန်စိမ်းခံရာမှ
ပြန်ကြွလာသော သူ့ကို ကပ္ပိယအဘစိန်က အိတ်တစ်အိတ်လှမ်းပေးရင်း လျှောက်ထားလာသည်။ “ဒကာမလေးမိုးပွင့်က
ဦးဇင်းအင်္ဂလိပ်စာ လေ့လာနေတယ်ဆိုလို့ သူဝယ်ပြီးစုထားတဲ့ အင်္ဂလိပ်ဂျာနယ်တစ်ချို့နဲ့စာစောင်တွေ
အရှင်ဘုရားကို ပေးပေးပါလို့ မှာသွားလို့တဲ့။” သူ အံ့သြသွားသည်။ အင်္ဂလိပ်စာ လေ့လာစသူတစ်ယောက်အနေနှင့်
ဒီလိုစာစောင်တွေ သူဖတ်နိုင်စွမ်းမရှိသေး။ သူလည်း မတောင်းဆိုထားပါဘဲနှင့် သူ့နာမည်တပ်ပြီး
စာစောင်တွေ ပေးထားခဲ့သည်ဆိုတော့ ဆန်းနေတာအမှန်။ သူ့အခန်းလေးထဲ ပြန်ရောက်တော့ အိတ်ထဲက
စာအုပ်တွေ တစ်အုပ်ချင်းထုတ်ကြည့်လိုက်သည်။ သူ့မသိစိတ်က ထင်ထားသည့်အတိုင်း နယူးစ်ဝိခ်စာစောင်ကြားထဲက
အညိုရောင်စာအိတ်လေးတစ်အိတ်ထွက်ကျလာသည်။
စာအိတ်ထဲက
စာရွက်ခေါက်ကလေးကို ဖြည်းဖြည်းချင်း ဖြန့်ကြည့်လိုက်သည်။
မိန်းကလေးတစ်ယောက်၏
ဝိုင်းစက်လှပသော လက်ရေးကို မြင်လိုက်ရသည့်နောက် သူ့စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားပြီး
စာကို ဖတ်လိုက်သည်။
ဦးဇင်းဘုရား…
၂၈ရက်နေ့က ဗိုင်ဘာကနေ ဦးဇင်းပို့လိုက်တဲ့ မက်ဆေ့ခ်ျလေးရပါတယ်။
ရကာစ တပည့်တော် ကြောင်အမ်းအမ်း ဖြစ်သွားတယ်၊ နောက် ရှက်သွားတယ်၊ ပြီးတော့ နဲနဲလည်း
စိတ်ဆိုးသွားတယ်ဘုရား။ ဦးဇင်းဘက်က ဘာများထပ်လာဦးမလဲ စောင့်ကြည့်ပေမယ့် တပည့်တော်
ပြန်ခါနီးတစ်ရက်အလိုထိ ဘာမှ မလာတော့ တပည့်တော် ခေါင်းအေးအေးထား စဉ်းစားပြီး ဒီစာကို
ရေးလိုက်တာပါ။
အရှင်ဘုရားတို့က ၂၂၇သွယ်သော သိက္ခာပုဒ်တွေကို စောင့်ထိန်းနေရတဲ့
ရဟန်းတော်တွေ ဖြစ်ပေမယ့် အရိယာမဖြစ်သေးတဲ့ ပုထုဇဉ်လူသားတစ်ယောက်အနေနှင့် ခံစားချက်တွေ
ဖြစ်နိုင်သေးတာမို့ တပည့်တော် နားလည်ခွင့်လွှတ်ပါတယ်။ ဦးဇင်း တပည့်တော်အပေါ် စိတ်ဝင်စားမိတာ
တပည့်တော် အပြစ်လည်းမကင်းဘူးလို့ ယူဆပါတယ်။ တပည့်တော်က သူငယ်ချင်းမိတ်ဆွေအားလုံးတိုင်းလိုလို
ယောက်ျားမိန်းမ မခွဲခြားဘဲ ရင်းရင်းနှီးနှီး ပေါင်းတတ်၊ သင်းတတ်တာ ငယ်ငယ်ကတည်းကပါ။
ဦးဇင်းနှင့် ရင်းနှီးပြီး ဗိုင်ဘာကနေ အပြန်အလှန် ပြောဆိုနေစဉ်တုန်းက ဦးအဂ္ဂါစာရဟာ
ဘုန်းကြီးတစ်ပါးပါလားဆိုတဲ့ အသိ တပည့်တော်စိတ်မှာ မေ့သွားခဲ့ပါတယ်။
ဦးဇင်း ကဗျာလေးပေးပို့တာကို ဖတ်ရချိန်မှာမှ အသိတရားက ခေါင်းထဲ
ဝင်လာခဲ့တာပါ။ အမှန်အတိုင်း ၀န်ခံရရင် အရှင်ဘုရားသာ ရဟန်းမဟုတ်ဘဲ လူပုဂ္ဂိုလ်တစ်ယောက်ဆို
သိပ်ကောင်းမှာပဲလို့ အတွေးဝင်ခဲ့မိပါတယ်။ အဲဒီအချိန်မှာ တပည့်တော်ခေါင်းထဲ မှတ်သားဖူးတဲ့
အနောက်တိုင်းစကားပုံလေးတစ်ခု သွားသတိရတယ်ဘုရား ‘Don’t rule your heart over the
head’ တဲ့။ တပည့်တော်အတွက် သီးသန့်ဆီလျော်အောင် အဓိပ္ပာယ်ကောက်ရင်တော့ နှလုံးသားဆန္ဒကို
ဦးနှောက်နှင့် သတိပေးထိန်းချူပ်ပါဆိုတာမျိုးပေါ့။
နောက်ပြီး တပည့်တော်က ဘာသာတရားရိုသေကိုင်းရှိုင်းတဲ့ အဘိုးအဘွားလက်မှာ
ကြီးပြင်းလာရတော့ ဗုဒ္ဓမြတ်စွာဘုရားနှင့် သာသနာတော်ရဲ့အကြောင်းကို ထိုက်သင့်သလောက် သိထားပါတယ်။
လက်ရှိ သာသနာတော်ကြီး တဖြည်းဖြည်းနှင့် ဆုတ်ယုတ်လာလို့ တပည့်တော်တို့ ဒကာ၊ ဒကာမအပိုင်းက
သာသနာကို ကိုယ့်ကြောင့် ပိုကောင်းမလာနိုင်တောင် ပိုပျက်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ရမယ့်
တာဝန်ကိုယ်စီရှိတယ်လို့ ခံယူထားပါတယ်။ ဆရာ၊ ဒကာ လက်တွဲညီမှ ဂေါတမမြတ်စွာဘုရား လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းတိုင်အောင်
ပါရမီဆယ်ပါး ဖြည့်ကျင့်ပြီးမှ ရလာတဲ့ ကြုံခဲလှတဲ့ ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်တည့်တံ့မှာ
မဟုတ်လား အရှင်ဘုရား။
အခုဆိုရင် တပည့်တော်တို့လို အညာဒေသက ရပ်ရွာမှာတောင် သာသနာ့ဘောင်ကို
ဝင်ရောက်လာတဲ့ ကိုရင်အရေအတွက် သိသိသာသာနည်းသွားတာ ဦးဇင်းလည်း သတိပြုမိမှာပါ။ ခေတ်ကာလရဲ့နည်းပညာတိုးတက်မှုအဟုန်ကြောင့်
အာရုံတွေထွေပြားပြီး ရဟန်းဘ၀ကို စွန့်ခွာသွားတဲ့ သံဃာအရေအတွက်ကလည်း တဖြည်းဖြည်းနဲ့
တိုးဖို့သာရှိတယ်လို့ တပည့်တော် မြင်မိပါတယ်။ ဒီလိုအချိန်မှာ တပည့်တော်ကြောင့် ရဟန်းတစ်ပါး
လူထွက်မှာကို မလိုလားပါဘူး။ နောက်ပြီး ဦးဇင်းရွာကိုရောက်စက အဘိုးပြောခဲ့ဖူးတဲ့ စကားလည်း
သတိရမိတော့ သာပြီးတော့တောင် မဖြစ်စေချင်ပါဘူး။ အရှင်အဂ္ဂါစာရက စာသင်သားဘ၀မှာ စာတော်ပြီး
နာမည်ပျက်မရှိ၊ အကျင့်သီလကောင်းမွန်တဲ့ ဦးဇင်းတစ်ပါးဖြစ်ခဲ့သလို စာချဘုန်းကြီးဘ၀ရောက်တော့လည်း
သာသနာအတွက် အားကိုးအားထားပြုရတဲ့ သာသနာ့ဝန်ဆောင်ရဟန်းတစ်ပါးဖြစ်လို့ တို့ရွာလေးမှာ
ပျော်အောင်ထားကြပါတဲ့။
ပရိယတ်၊ ပဋိပတ်၊ ပရိဝေဒ သာသနာသုံးရပ်မှာ သာသနာ့ရေသောက်မြစ်ဖြစ်တဲ့
ပရိယတ္တိသာသနာတော်အတွက် စာချဘုန်းကြီးတစ်ပါးရဲ့ ကဏ္ဍက အလွန်ပဲ အရေးပါအရာရောက်တာမို့ တပည့်တော်ကြောင့်
စာချသံဃာတစ်ပါး လျော့နည်းသွားရင် သာသနာတော်မှာ သိသိသာသာ ထိခိုက်သွားနိုင်တဲ့အရေး တွေးမိတဲ့အတွက်
ဦးဇင်းအနေနှင့်ရော၊ တပည့်တော်အနေနှင့်ပါ ကိုယ့်စိတ်ကို သီလ၊ သမာဓိ၊ ပညာများနဲ့ စောင့်ရှောက်ဖို့
လိုအပ်နေပြီလို့ တပည့်တော် တွေးမိပါတယ်။
အောက်က ‘မျဉ်းပြိုင်’ ကဗျာလေးဟာ တပည့်တော်တို့ကို တစ်နည်းတစ်ဖုံနဲ့
ကိုယ်စားပြုတယ်လို့ပဲ မှတ်ယူလိုက်ပါဘုရား။
‘သံသရာခရီးမှာ
မင်းနဲ့ငါ
အစမရှိ၊ အဆုံးလည်းမသိ
ဘယ်ညာ တူယှဉ်ကာတွဲ
ခရီးဆုံးထိ
အမြဲရှိတယ်။
ကွေ့ကောက်ရစ်ထပ်ခြင်းမဲ့
ဆုံမှတ်တို့
လွဲနေခဲ့လည်း
အဖြောင့်တိုင်းပဲ
ရှေ့ဆက်
ဆုံဆည်းခြင်း
ကင်းလေတဲ့
မျဉ်းပြိုင်နှစ်စင်း။’
အရှင်ဘုရား စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် အသက်ထက်ဆုံး
သာသနာ့ဝန်ကို ထမ်းဆောင်နိုင်ပါစေရန် ရည်သန်ဆန္ဒပြုလျက်
မမိုးပွင့်
စာကြွင်း။ ။ နောက်တစ်ကြိမ်
တပည့်တော်နှင့် ပြန်ဆုံတဲ့အခါ နှမရင်းတစ်ယောက်လိုပဲ ပြောဆိုဆက်ဆံ ဆုံးမတော်မူပါ အရှင်ဘုရား။
စာကြောင်းအဆုံး
သူ့စိတ်တွေ ပေါ့ပါးသွားလိုက်သည်မှာ ငှက်တောင်မွေးလေးသဖွယ်။ မိုးပွင့်သည် ခေတ်မှီသော
မိန်းကလေးတစ်ယောက်ဖြစ်သော်ငြား၊ သူ့ထက် အသက်ဆယ်နှစ်ပင် ငယ်သော်ငြား စဉ်းစားတွေးခေါ်ရင့်ကျက်နိုင်စွမ်းမှာ
သူ့ထက် အဆပေါင်းများစွာ သာလွန်လှပေသည်။ အသိပညာရော၊ အတတ်ပညာပါ ပြည့်စုံသည့်မိန်းကလေး၊
ဘာသာသာသနာကို စောင့်ရှောက်တတ်သော မိန်းကလေးအလိမ္မာနှင့် တွေ့ဆုံခြင်းမို့ သူကံကောင်းသွားသည်ဟု
ဆိုနိုင်ပါသည်။ မိုးပွင့်နေရာမှာ အခြားသာမန်မိန်းကလေးတစ်ယောက်သာဆိုလျှင်… သူ ဆက်မတွေးတော့ပါ။
ဖြစ်ပြီးသား အကုသိုလ်တရားတွေပယ်ဖို့၊ ကုသိုလ်တရားတွေ တိုးပွားဖို့သာ သူကြိုးစားရတော့မည်
မဟုတ်ပါလား။
(၁၁)
တစ်မိုးကျ၍
တစ်ဝါဆိုခဲ့ပြန်ပြီ။
မိုးစက်မိုးပွင့်တို့သည်
အေးမြခြင်းကို ယူဆောင်လာမြဲ…။
သူသည်လည်း
သာသနာ့ဘောင်မှာ မွေ့လျော်စွာဖြင့် ဂန္ဓာဓုရ၊ ၀ိပဿနာဓုရနှစ်ဖြာကို ကျေပွန်စွာထမ်းဆောင်နိုင်ဖို့
အစွမ်းကုန်ကြိုးစားနေဆဲ…။
xxx
မျဉ်းပြိုင်တို့မည်သည်
အဖြောင့်တိုင်းသာ ရှေ့ဆက်ရလေကုန်၏။
ဇွန်မိုးစက်
(မြင်းခြံမြို့နယ်၊ ကျားတိုင်းကျေးရွာ၊ စက်တော်ရကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တခန္တီသာရ၏ သက်တော် (၈၀) ပြည့် မွေးနေ့အထိမ်းအမှတ်စာစောင်မှ)
ဤနည်းလမ်းသာ
ဒေါ်မြမေသည် ငိုက်မျဉ်းနေသောမျက်စိကို
အသာမှိတ်ပြီး ခန္ဓာကိုယ်ကို ခုတင်ပေါ်သို့ လှဲချလိုက်သည်။ တစ်နေကုန်တင်းထားသမျှ စိတ်တို့ကို
ဖြေလျှော့လိုက်ပြီး အိပ်မည်ဟု စိတ်နှစ်လိုက်စဉ် နံဘေးမှ လင်တော်မောင်ဖြစ်သူ ကိုဘရွှေထံမှ
အရက်နံ့ကို ရှူရှိုက်မိသောကြောင့် အိပ်ချင်စိတ်တို့ လွင့်ပြယ်သွားရသည်။
သက်ပြင်းမောတစ်ချက်ကို
လေးတွဲစွာချလိုက်ပြီး နဖူးပေါ်လက်တင်လိုက်သည်။ အဆင်မပြေသော မိသားစုဘ၀တွင် ထွက်ပေါက်ရှာရန်
အကောင်းဆုံးနည်းလမ်းမှာ မည်သည့်အရာနည်းဟု စဉ်းစားစရာလိုတော့မည်မထင်ပေ။ ဤအတွေးကို တွေးဖြစ်မိသည်မှာလည်း
မကြာခဏပေ။
အဆင်မပြေသောမိသားစုဟု
ခေါင်းစဉ်တပ်ရခြင်းမှာ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး စသည့် အရေးပေါင်းများစွာတို့တွင်
အဆင်မပြေမှုတို့နှင့် ကြုံတွေ့နေရသောကြောင့်ဖြစ်သည်။ ကိုဘရွှေသည် ဘဏ်ခွဲတစ်ခုမှမန်နေဂျာ၊
ဒေါ်မြမေကမူ အစိုးရရုံးတစ်ရုံးမှ ၀န်ထမ်းတစ်ဦးသာဖြစ်သည်။ တစ်ပတ်စာဈေးဖိုးပင်မရှိသော
သူမ၏လခနှင့် ကလေးသုံးယောက်၏ ပညာရေး၊ ကျန်းမာရေး အစရှိသည့်အရေးတို့တွင် အဘယ်ကဲ့သို့လုံလောက်အောင်
သုံးစွဲနိုင်ပါမည်နည်း။ ဈေးဖိုးကရော။
ကိုဘရွှေ၏လခသည် သူ၏အရက်ဖိုး၊
စာရေးမလေးများအား ပေးရကြွေးရသော အဖိုးအခနှင့် သူကိုယ်တိုင်ပင် မလောက်ချင်။ ဒေါ်မြမေမှာ
တခါတရံ အခြားသူများကပေးလာသော လပေးအထည်များကို အမြတ်တင်၍ ရုံးသို့လပေးဖြင့် တစ်ဆင့်ပြန်လည်ရောင်းချသည်။
ရုံးရှိအချို့သောသူများ၏ အခက်အခဲများပြေလည်စေရန် သူမတို့နေသောရပ်ကွက်အနီးအနားတွင် အိမ်ငှားပေးခြင်းဖြင့်
ပွဲစားသဘောမှ ရသောပိုက်ဆံနှင့် ဈေးဖိုးသုံးရသည်ကများသည်။
ကလေးတွေကလည်း သိပ်မလိမ်မာချင်။ အကြီးမက အရွယ်ရောက်လာတော့ ၀တ်ချင်၊ စားချင်လာသည်။ လှချင်၊ ပချင်လာသည်။ သည်တော့ မအေကို ပူဆာစကားလေးစလာသည်။ မ၀ယ်ပေးနိုင်မှန်းသိလျှင် စိတ်ကောက်တတ်လာသည်။ မပေးနိုင်မှန်းသိလျက်နှင့်တောင်းကြသည်မှာ သားသမီးတို့၏ ၀တ္တရားတစ်ခုလို့များ အောက်မေ့ကြသလားမသိ။
တကယ်တော့ မိဘဆိုတာ
သားသမီးတွေဘာလိုအပ်သလဲဆိုတာကို အမြဲမျက်စိဒေါက်ထောက်ကြည့်ကာ တတ်နိုင်သလောက် ဖြည့်စွမ်းပေးရသည်ချည်းဖြစ်သည်။
သားသမီးဆိုတာကလည်း မိဘက ငါတို့ကို ဘာများပေးနိုင်မလဲဆိုတာကိုသာ အမြဲမျှော်လင့်နေသူများဖြစ်သည်။
ပညာရေးနှင့်ပတ်သက်လျှင်တော့
ဒေါ်မြမေတတ်နိုင်သလောက် ဖြည့်စွမ်းပေးသည်။ အလှအပ၊ အသုံးအဆောင်များနှင့် ပတ်သက်လျှင်တော့
မသိချင်ယောင်ဆောင်၊ ဆူပူအော်ငေါက်ရသည်။ အလတ်ကောင်ကတစ်မျိုး၊ ဒီကောင်က ဖအေနှင့်တူချင်ချင်ရယ်။
ထစ်ခနဲဆို စိတ်တိုဒေါသထထွက်နှင့်။ ကျောင်းမှာလည်း မကြာခဏ စကားများကြ၊ ထိုးကြကြိတ်ကြနှင့်။
အငယ်ဆုံးသားလေးကတော့ လိမ္မာရှာပါသည်။ ဒါပေမယ့် ကျန်းမာရေးကမကောင်း၊ မကြာခဏချောင်းဆိုး၊ ရင်ကြပ်၊ အပူတက်ချင်သလို ဖြစ်လေ့ရှိသည်။ မွေးကင်းစကပင် ချူချာသည်။ သူ့ကိုကျောင်းသာပို့ရသည်။ စိတ်မချရ။ အလတ်ကောင်ကိုလည်း စိတ်မချရ။ တော်တော်ကြာရန်ပွဲဖြစ်လို့ ဆရာမခေါ်တွေ့မှာကိုလည်း စိတ်ကုန်လှပြီ။ အကြီးမကိုတော့ စိတ်ပူရသည်မှာ တစ်ခြား။ ဒီအရွယ်က စိတ်ကစားတတ်သည့်အရွယ်ဆိုတော့ သူငယ်ချင်းမကောင်းလျှင် သူများမြှောက်ပင့်ပါသွားလျှင်မလွယ်။
ဒီတော့ ဒေါ်မြမေခမျာ
စီးပွားရေးအတွက်သာမက သားသမီးရေးအတွက်ပါ ပူနေရသည်။ အသက်က ၄၀ကျော်ရုံမျှသာရှိသေးသော်လည်း
အတွေးများနှင့်သောကတို့ ကြီးစိုးနေသောကြောင့် ဆံပင်များပင်ဖြူနေပြီ။ အပေါ်ယံဆိုလျှင်
မသိသာပေမယ့် အတွင်းပိုင်းရှိဆံပင်များ အတော်ဖြူနေပြီဖြစ်သည်။
သူမ ကိုဘရွှေကိုလက်ထပ်တုန်းက
ယခုလိုပုံစံမျိုးမဟုတ်ခဲ့။ ဟိုစဉ်ကတော့ ကိုဘရွှေမှာ ရုပ်ရည်ကလဲရှိ၊ ပညာတတ်ဘွဲ့ရ စာရေးတစ်ယောက်လည်းဖြစ်၊
ကိုယ့်ကိုလည်း နှစ်လိုဟန်ပြခဲ့တော့ သြော်… ငါ့အတွက်တော့ တစ်ဘ၀စာ အားကိုးထိုက်မှာပဲလေဟု
ထင်ခဲ့သမျှ အခုတော့ အဖတ်တောင် ဆယ်ယူစရာမရှိတော့ပေ။
ပထမကလေးတစ်ယောက်ရကစကတော့
သိပ်မဆိုးသေး။ နောက်မှရာထူးတက်လာ၊ အပေါင်းအသင်းကလည်းများလာနှင့် အသောက်အစားပါ များလာသည်။
ထိုစဉ်တုန်းက ဒေါ်မြမေသည် ယောက်ျားအပေါ် အထင်ကြီးလေးစားစိတ်အခံဖြင့် မပိတ်ပင်မတားမြစ်ခဲ့။
သူ့ရာထူးနှင့် ဒီလောက်တော့ အလိုက်အထိုက်ရှိမှာပေါ့လေဟုသာ ထင်ခဲ့သည်။ နောက်တော့ ရုံးက
စာရေးမလေးများကိုပါ ကျွေးရမွေးရ၊ ပေးရကမ်းရနှင့် အလုပ်တွေပိုလာသည်။ ထိုစဉ်က ဒေါ်မြမေအကြီးအကျယ်ပေါက်ကွဲခဲ့သော်လည်း
သူကတော့ သွေးအေးလွန်းလှသည်။
ကြာတော့လည်း ဒေါ်မြမေသဘောပေါက်လာသည်။
ပြောလည်းအပိုပဲဆိုတာ သိလာသည်။ ဒါကြောင့် ဘာမှဆက်မပြောတော့။ ကွဲမည်ကွာမည်ဆိုလျှင်လည်း
ကလေးတွေနောင်ရေးက ရှိသေးသည်။ ဒါကြောင့်ပင် သူမပေးလျှင်နေ၊ မကျွေးလျှင်နေ ကိုယ့်ကိုဒုက္ခမပေးရင်ပြီးရောဟူသောသဘောဖြင့်
စိတ်ထား၍ နေခဲ့ရသည်မှာ ကြာလှပြီလေ။
ဒါတွေပြန်တွေးရသည်မှာလည်း
အပ်ကြောင်းထပ်နေပြီ။ မတွေးဘဲနှင့်လည်း ခေါင်းထဲဝင်လာသည်မှာ ခဏခဏ။ ဒါကြောင့် စိတ်သောကတွေနှင့်သာ
ရင်းနှီးနေရသော ဒေါ်မြမေသည် သောကမှန်သမျှ ကင်းဝေးချင်သည်။ ပူပန်မှုတို့ ကုန်ဆုံးချင်သည်။
ဒီတော့နည်းလမ်းကဘာလဲ။ ပူပင်သောကတွေနှင့်ကင်းဝေးသည့်နည်းလမ်းသည် တရားဓမ္မရှာဖွေအားထုတ်ခြင်းပင်ဖြစ်သည်။
တရားဓမ္မသည် ရှာဖွေနိုင်လျှင် ဘ၀တစ်ခုလုံးကို ငြိမ်းအေးစေသည်ကို ဒေါ်မြမေသိပါသည်။ သို့ပေမယ့်
သံယောဇဉ်ဟူသော အမျှင်တန်းကိုတော့ ပြတ်အောင် မဖြတ်နိုင်။
ဒါကြောင့် လောကီရေးရာကိုစွန့်ခွာပြီး
လောကုတ္တရာထဲဝင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပေ။ ကိုယ်အသက်ရှင်သမျှ ကာလပတ်လုံး ဒီသား၊
ဒီသမီးတွေအတွက်၊ လူမှုစီးပွားရေးအတွက် ပူပန်နေရဦးမည်သာဖြစ်သည်။ ထို့ကြောင့် ဒေါ်မြမေဆန္ဒရှိသောနည်းလမ်းမှာ
သေခြင်းတရားဟူသော ထာဝရအိပ်စက်ခြင်းနည်းလမ်းသာဖြစ်သည်။
သေခြင်းတရား၏နောက်ကွယ်တွင်
ဘာတွေရှိနိုင်မလဲဆိုတာတော့ ဒေါ်မြမေ သေချာမပြောနိုင်။ ဒါပေမယ့် ဒီခန္ဓာကိုယ်ကို စွန့်လွှတ်ရသည်နှင့်အမျှ
ပူပင်ကြောင့်ကြစိတ်တို့လည်း ပျောက်ကွယ်မှာ သေချာသည်။ တမလွန်မှာ ငြိမ်းအေးဖို့ဆိုတာ
ယခုလက်ရှိဘ၀နှင့် သက်ဆိုင်ကြောင်း ဒေါ်မြမေသိပါသည်။ သို့သော် စိတ်ပင်ပန်းသည်နှင့်အမျှ
သေခြင်းတရားဆိုတာကို ရင်ဆိုင်ဖို့ သတ္တိတွေရှိလာသလိုပင်။
မိမိငယ်စဉ်ကတော့ သေဆုံးခြင်းဟူသော
စကားစုကို အလွန်ပင်ကြောက်ခဲ့သည်။ လက်တွေ့သေဖို့မပြောနှင့် စိတ်ကူးထဲသေကြည့်လျှင်တောင်
သေရမှာကို နှမြောလှသည်။
လွန်ခဲ့သောနှစ်အစိတ်တုန်းက
ဒေါ်မြမေခေါ် မမြမေသည် စိတ်ကူးထဲတွင် သေကြည့်ဖူးသည်။ ထိုစဉ်ကမူ မမြမေ၏ စိတ်ကူးထဲတွင်
သူမသေဆုံးသောအခါ သူမ၏ မိဘဆွေမျိုးများ၊ မိတ်ဆွေမောင်နှမများသည် သူမဘေးတွင် ၀ိုင်းအုံလျက်ရှိသည်။
ထို့နောက် “မမြမေက ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာဖြစ်လို့များ သေသွားရရှာပါလိမ့်” “ဒီကောင်မလေး
အသက်ရှိစဉ်က လိမ်လိမ်မာမာပါပဲ” “သူ့ခမျာ လူ့ဘ၀ကို ငယ်ငယ်ရွယ်ရွယ်နဲ့ စွန့်ခွာသွားရရှာတယ်”
“သူတမလွန်မှာရော ငြိမ်းအေးရဲ့လား” စသည့် စကားစုပေါင်း မြောက်မြားစွာတို့အား ပြောဆိုကြရင်း
သူမအား ၀မ်းနည်းမဆုံးသော မျက်လုံးများဖြင့် ကြည့်နေကြသည်ဟု မမြမေ ထင်မြင်မိသည်။
သို့သော် ထိုစဉ်က မမြမေသည် ထိုအကြည့်၊ ထိုအပြောတို့ကို
မခံချင်သောကြောင့်သာ သေဖို့ သတ္တိမရှိခြင်း၊ သေခြင်းတရားကို ရင်မဆိုင်ရဲခြင်းဖြစ်ရမည်။
ယခုမူ…
သြော်… ငါသေသွားရင်
လူမှုဒုက္ခအပေါင်းကနေ ကင်းဝေးမှာပဲ။ ထာဝရငြိမ်းချမ်းခြင်းရပါရဲ့၊ လင်ယောက်ျားရဲ့ လျစ်လျူရှုမှုကိုလည်း
ဂရုစိုက်စရာ မလိုတော့ဘူး။ သူ့ဟာသူဘာဖြစ်နေနေ၊ ငါမရှိလဲ သူ့အတွက်ဘာမှထူးမှာမဟုတ်ဘဲ။
ငါမရှိလဲ… ဒါပေမယ့် ငါမရှိရင် ဒီကလေးတွေ ဘယ်လိုများ နေထိုင်စားသောက်ကြမှာပါလိမ့်။ ဖအေကလည်း
အားအားရှိမူးမယ်၊ ပျော်မယ်၊ ပါးမယ်နဲ့ သူ့ကလေးတွေတောင် သတိရမှာ မဟုတ်ပါဘူး။
ခက်တာက အကြီးမလေး
အပျိုဖော်ဝင်စအရွယ်မှာ အမေမရှိဘူးဆိုရင် မတော်တရော်နဲ့များ တွေ့သွားရင်ဒုက္ခ။ အမေမရှိဘူးဆိုပြီး
တစ်ယောက်ယောက်ကများ… အမယ်လေး ရင်လေးစရာပါလားနော်။ ဖအေကလည်း မကောင်းတော့ခက်တာပဲ။
အလတ်ကောင်က မဟုတ်မခံစိတ်ရှိပေမယ့်
သူ့မောင်နှမအတွက်ဆို အနစ်နာခံချင်စိတ်ရှိတယ်။ တော်တော်ကြာ ပညာဆက်မသင်ဘဲ အလုပ်လုပ်လို့
ပညာတစ်ပိုင်းတစ်စနဲ့ ပညာမတတ်ဖြစ်ဦးမယ်။ အငယ်လေးကိုရော ဘယ်သူက ကြည့်မှာလဲ။ သူ့အစ်ကို၊
အစ်မရှိတယ်ဆိုဦးတော့ အခုမှ ကျောင်းနေစအရွယ်ရှိသေးတာ။ သူ့ကျန်းမာရေးကလည်း ရှိသေးတယ်။
ဖအေက ကောင်းလာပြီပဲ ဆိုပါဦးတော့၊ သမီးမိန်းကလေးပဲဖြစ်ဖြစ်၊ သားယောက်ျားလေးပဲဖြစ်ဖြစ် ဆယ်ကျော်သက်အရွယ်မှာ မိခင်နဲ့ကင်းကွာတာ မကောင်းဘူး။ အဖေဆိုတာ စီးပွားရှားဖို့ပဲတတ်တာ၊ သားသမီးအကောင်းအဆိုးကျတော့ အမေနဲ့မှပိုပြီးသင့်တော်တာ။ ငါစိတ်ညစ်လို့ သေတယ်ဆိုရင်တောင် ဒီကလေးတွေကို စိတ်ချလက်ချထားပြီး အသေဖြောင့်နိုင်မှာ မဟုတ်ဘူး။ ဒီလိုတွေးရတာလည်း တစ်ကိုယ်ကောင်းဆန်ရာ ကျပါတယ်။ ကိုယ့်ယောက်ျားအတွက် မကြည့်နဲ့ဦး။ အဓိကကတော့ ကိုယ့်ကလေးတွေအတွက်ပဲကြည့်လေ။ ငါသေလို့တော့ မဖြစ်သေးပါဘူး။
လူရယ်လို့ဖြစ်လာမှတော့
တွေ့ကြုံရတဲ့ဒုက္ခကို ရဲရဲရင်ဆိုင်ရုံပဲရှိတာပေါ့။ ကိုယ်က မိဘတစ်ယောက်ဖြစ်နေမှတော့ အရာရာကို
စိတ်ညစ်နေရုံနဲ့ မပြီးသေးပါဘူး။ သားသမီးဆိုတာကလည်း မိဘကသေချာဆုံးမတတ်ရင် လိမ္မာမှာပဲ။
ကိုယ်က အမေဆိုတော့ အကျိုးသင့်၊ အကြောင်းသင့်နဲ့ သူတို့နားဝင်အောင်၊ နားလည်အောင် ပြောဆိုတတ်ရင်
ရမှာပဲလေ။
ခုလိုချိန်တွင် ဒေါ်မြမေ
သေဖို့စိတ်ကူးမရှိတော့ပေ။ သတ္တိမရှိလို့တော့ မဟုတ်ပါဟု ဒေါ်မြမေငြင်းချင်သေးသည်။ သတ္တိဆိုတာကလည်း
အခြေအနေ၊ အကြောင်းအရာပေါ်မူတည်၍ ပျောက်ကွယ်သွားနိုင်တာပဲ မဟုတ်လား။ ရှိစေတော့။
လောလောဆယ်တော့ ဒေါ်မြမေသည်
သူမ၏ ပူပင်သောကများကင်းဝေးစေရေးအတွက် ထာဝရမဟုတ်သော တခဏအိပ်စက်ခြင်းနည်းလမ်းကိုသာ ရွေးချယ်ရမည်မှာ
အသေချာဆုံးပင်ဖြစ်တော့သည်။
ဇွန်မိုးစက်
-----------------------------------------------------------------------------------------------------------------------
၂၀၀၀ပြည့်နှစ်လွန်ကာလတစ်ခုက မြတ်မိခင်စာပေပြိုင်ပွဲမှာ ခပ်တည်တည်နှင့် ၀င်ပြိုင်ခဲ့တဲ့ စာမူကလေးပါ။ ပြိုင်ပွဲဝင်စာမူဖြစ်လို့ တကူးတက ကွန်ပျူတာနဲ့ စာစီဖို့ အပ်ခဲ့တာ၊ ဘယ်စာအုပ်တိုက်ကိုမှ မပို့ဖူးသေးကြောင်း ၀န်ခံကတိပြုလွှာရေးပြီး လက်မှတ်ထိုးခဲ့တာတွေ မှတ်မိနေပါသေးတယ်။ ခုနေပြန်ဖတ်ကြည့်တော့ အရေးအသားထက် ဟိုတုန်းက စာရေးခိုက်မှာ ရှိခဲ့တဲ့ ကိုယ့်အတွေးလေးကို ပြန်သဘောကျပြီး ပြုံးနေမိပါတယ်။း)
ယွန်းစုငယ်၏ စိတ်ကူးဆန္ဒများ
“တံခါးကို သေချာသော့ခတ်ထား။
ဘယ်သူလာလာဖွင့်မပေးနဲ့။ မေမေပြန်လာရင် ဘဲလ်နှစ်ချက်တီးလိုက်မယ်။ ရေနွေးအိုးတည်ထားတာဆူရင်
မီးပိတ်ပြီး ဓာတ်ဘူးထဲထည့်ထား။ ကြားလား”
“ဟုတ်”
“သြော်… အိမ်ရှေ့မှာနေပူလာရင်
အပင်တွေကို နောက်ဖေးရွှေ့ဖို့ မမေ့နဲ့ဦး။ အ၀တ်တွေခြောက်ရင်လဲ သိမ်းလိုက်ဦး။ မှာတာတွေ
မမေ့နဲ့နော်။”
“အင်းပါ”
မေမေက တံခါးပေါက်နားမှာရပ်ရင်း
အမှာတော်ခြွေနေတာမို့ “စု” ငြိမ်နေရသည်။
“ကဲ… တံခါးသော့ခတ်တော့”
စုက သော့ခတ်ပြီး ၀ရန်တာမှ
ထွက်ကြည့်လိုက်သည်။ စုတို့အခန်းက အပေါ်ဆုံးခြောက်လွှာမြောက်လေ။ မေမေ့ကိုကြည့်ပြီး စု
အိမ်ထဲ ပြန်ဝင်လာခဲ့သည်။
ပြီးတော့မှ အခန်းထဲဝင်၊
ဗီရိုကိုဖွင့်ကာ မချုပ်ရသေးသော အကျီစများကိုယူ၊ မကြာသေးခင်ကမှ ဖေဖေပို့လိုက်တဲ့ ဒေါက်မြင့်ဖိနပ်ကိုစီး၊
အ၀တ်စများကို ကိုယ်ပေါ်တွင် ပုံစံအမျိုးမျိုးတင်၍ လမ်းလျှောက်လိုက်သည်။
“အင်း…ဒီလိုဆိုတော့
ငါက ဘယ်ဆိုးလို့လဲ” ဟု မှန်ထဲ လှည့်ပတ်ကြည့်ရှုရင်း ဘာသာ ရေရွတ်လိုက်သည်။
စုကတော့ ခုလို ဒေါက်ဖိနပ်မြင့်မြင့်ကိုစီး၊
ပြီးတော့ ဟန်ပါပါနဲ့ ကြွကြွရွရွလေး လမ်းလျှောက်ရသော ဖက်ရှင်မယ်လေးတွေကို အားကျသည်။
အထူးသဖြင့် ပြင်သစ်နိုင်ငံက ဖက်ရှင်မယ်လေးတွေဆိုရင် အရမ်းစတိုင်လ်ကျပြီး အရမ်းကြည့်ကောင်းတာပဲ။
အရပ်တွေကလည်း အမြင့်ကြီးပဲ။ နောက်တစ်ခါ ဖေဖေ့ဆီစာရေးရင် ဒီ့ထက်မြင့်တဲ့ဖိနပ် ပို့ပေးဖို့
မှာရဦးမယ်။
စုသည် ဖက်ရှင်မယ်များအတိုင်း
လမ်းလျှောက်ရင်း “အခုနေများ ငါ့ပုံစံကို တစ်ယောက်ယောက်ကမြင်ပြီး ကြော်ငြာရိုက်ဖို့ကမ်းလှမ်းလာရင်
ဘယ်လိုဆုံးဖြတ်ရမလဲ” ဟု တွေးလိုက်သေးသည်။
“အင်း… ကြော်ငြာတစ်ခုရိုက်ရင်
အ၀တ်စားဖိုးတွေ၊ ဖိနပ်ဖိုးတွေ ကုန်ရမှာ။ ဒါပေမယ့် ရမယ့်ပိုက်ဆံကလည်း မနည်းပါဘူးလေ။
အကျီအမျိုးမျိုးဝတ်၊ ဖိနပ်အမျိုးမျိုးကိုစီးပြီး အိုက်တင်လုပ်ရတာ သိပ်တော့မခက်ပါဘူး။”
ထို့နောက်စုသည် တီဗွီမှလာသော ကြော်ငြာများကို သူမရသလောက် သီချင်းဆို၍ ကြော်ငြာတွေတစ်ခုပြီးတစ်ခု
မပြီးနိုင် မစီးနိုင်လုပ်တော့သည်။ ထက်ထက်မိုးဦး၊ မေသန်းနု၊ နန္ဒာလှိုင် စသူတို့၏ကြော်ငြာတွေ
တစ်ခုမကျန် သူမ အမျိုးမျိုးလုပ်ကြည့်သည်။
အံမယ် ငါ့အသံနဲ့ဆိုရင်
သီချင်းဆိုရင်တောင်ဖြစ်သေး။ စုသည် သီချင်းဆိုခြင်းကိုလည်း ၀ါသနာပါသူဖြစ်ရာ အဆိုတော်လုပ်ရင်ကောင်းမလားဟု
စဉ်းစားမိသည်။ ထို့နောက် သူမသည် မှန်တီခုံပေါ်မှဘီးကိုယူ၍ သီချင်းအမျိုးမျိုးကို သီဆိုကျူးရင့်လေတော့သည်။
သူမ ရသမျှ ဟေမာနေ၀င်း၊
ပိုးဒါလီသိန်းတန်၊ ထူးအိမ်သင် စသော အဆိုတော်များ၏ သီချင်းများ ကုန်သလောက်ရှိသွားမှ
သီချင်းဆိုခြင်းအမှု ပြီးစီးလေသည်။
“ဘယ်နှနာရီ ရှိပြီလဲ
မသိဘူး။ ဟင်…ဆယ့်တစ်နာရီတောင် ထိုးတော့မှာပါလား။” စုသည် ထိုအခါမှ အပင်များကို နောက်ဖေးရွှေ့ဖို့
သတိရလေသည်။
စုသည် ၀ရန်တာသို့
အပြေးလေးထွက်၍ အပင်များကို အိမ်နောက်ဖေးသို့ သယ်ယူလေသည်။ “တစ်လက်စတည်း အ၀တ်တွေပါ သိမ်းလိုက်မှနဲ့
တူတယ်။” စုသည် အကျီများကို စုသိမ်းရင်း အိမ်ရှေ့တိုက်ကို အမှတ်မထင်ကြည့်လိုက်ရာ စုတို့နှင့်
မျက်နှာချင်းဆိုင်အခန်းမှ ကောင်လေးတစ်ယောက် သူ့ကို အံ့သြသလိုပုံစံနှင့် ကြည့်နေလေသည်။
“ဟောတော့” ဟု သူမပါးစပ်မှရေရွတ်၍ အိမ်ထဲအမြန်ပြန်ဝင်လာရလေသည်။
ကြည့်မှာပေါ့၊ စုကိုယ်ပေါ်မှာ
အ၀တ်စတွေ ပုံစံအမျိုးမျိုးနဲ့ ဖရိုဖရဲဖြစ်နေတာကိုး။ ပြီးတော့ ဒေါက်ဖိနပ်ကလည်း စီးထားသေးတာ။
စုကိုမှ မကြည့်ရင် ဘယ်သူ့ကို သွားကြည့်မလဲ။ “မဖြစ်သေးပါဘူး၊ ဒီအ၀တ်တွေရော၊ ဖိနပ်ပါ
ပြန်သိမ်းမှပါပဲ။ မေမေပြန်လာရင် ဆူခံထိနေဦးမယ်။”
စုသည် အ၀တ်များ၊ အကျီစများကို
ဗီရိုထဲထည့်နေရင်း ငါ့လိုတီဗွီမှာလဲ ကြော်ငြာတွေရိုက်၊ သီချင်းလည်းဆိုတဲ့ “ယွန်းစုငယ်”
ကို ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းလာရင် ဘယ်လိုငြင်းရပါ့မလဲဟု စိတ်ကူးလိုက်လေသည်။
အံမယ် ရုပ်ရှင်ရိုက်ဖို့ကိုလည်း
စုက ၀ါသနာပါတာပဲ။ မင်းသမီးဆိုတာ အခန်းကဏ္ဍ အမျိုးမျိုးကနေ သရုပ်ဆောင်ရတယ်ဆိုတော့ ဆရာဝန်လဲ
လုပ်ရမှာပဲ။ အင်ဂျင်နီယာလဲ ဖြစ်ရမှာပဲ။ ဆရာမကော လုပ်ဦးမလား။ အကုန်ဖြစ်တာပါပဲလေ။ မင်းသမီးဖြစ်မှတော့
ကျရာအခန်းကနေ ပီပီပြင်ပြင် သရုပ်ဆောင်ရမှာပဲ။ ပြီးတော့အကယ်ဒမီဆုပေးပွဲကို ဟီးလ်မြင့်မြင့်ချွန်ချွန်လေးစီးပြီး
ကြွကြွကလေးတက်ရောက်။ ပျော်စရာကောင်းလိုက်တာနော်။
ဒါပေမယ့် မင်းသားတွေရဲ့
အဖက်ကိုခံရမှာဆိုတော့… မဖြစ်သေးပါဘူး။ ပြီးတော့ ကိုယ်က သူများခိုင်းတာလုပ်ရမှာဆိုတော့…
သိပ်မလုပ်ချင်ဘူး။ ဒါရိုက်တာဆိုရင်တော့ အပိုင်ပဲ။ ကိုယ်ကြိုက်တဲ့ ၀တ္ထုမှန်သမျှ ရုပ်ရှင်ရိုက်။
ကိုယ်ကြိုက်တဲ့ မင်းသားမင်းသမီးတွေကို ဇာတ်ကောင်လုပ်ခိုင်း။ ဟာ… မကောင်းပါဘူး၊ မင်းသမီးလဲ
မလုပ်ဘူး။ ဒါရိုက်တာလဲ မလုပ်ဘူး။ စာရေးဆရာမပဲ လုပ်တော့မယ်။
ဟုတ်တယ်… စာရေးဆရာမသာဖြစ်ရင်
သိပ်ကောင်းမှာပဲ။ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒမှန်သမျှ စာထဲထည့်ရေးလိုက်။ ကိုယ်နှစ်သက်တဲ့ပုံစံတွေနဲ့
ဇာတ်ကောင်ဖန်တီး။ ပြီးတော့ “ယွန်းစုငယ်” ဆိုတဲ့ ကလောင်တပ်ပြီး နိုင်ငံကျော်စာရေးဆရာမဘွဲ့ကို
ခံယူ။ ဘယ်လောက်ကောင်းလိုက်မလဲနော်။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ စုက စာရေးပျင်းတယ်။
သြော်… အခုမှပဲ ကိုယ့်အရည်အချင်းကို
သတိရတော့တယ်။ စုက ကဗျာစပ်တာ သိပ်တော်တာ။ ကျောင်းမှာဆို သူငယ်ချင်းတွေကို ခဏခဏ ကဗျာစပ်ပေးတယ်။
ဒါပေမယ့် ကာရန်တော့ မညှိတတ်ဘူး။ အနုပညာနဲ့ပတ်သက်ရင် ပုံဆွဲတာလည်း ၀ါသနာပါတာပဲ။ ကိုယ်သိပ်ကြိုက်တဲ့
မင်းသားတစ်ယောက်ပုံကို ပုံတူဆွဲပြီး သူငယ်ချင်းတွေကို ကြွားလိုက်ရရင် သိပ်ကောင်းမှာပဲနော်။
အဲဒါကြောင့် ပန်းချီလည်း ဆွဲတတ်ချင်သေးတာ။ အကုန်ပါပဲလေ။
တကယ်တမ်းကျတော့ ပညာတတ်ဖြစ်တာ
အကောင်းဆုံးပါပဲလေ။ စုသာ ဆရာဝန်ဖြစ်မယ်ဆို ပါရဂူဘွဲ့ကိုတောင် ယူချင်သေး။ “ဒေါက်တာ ယွန်းစုငယ်”
ဆိုရင် အရမ်းကို ဂုဏ်ရှိမှာပဲနော်။ ဒါပေမယ့်လေ စုက သရဲတော့ ကြောက်တယ်။
အင်ဂျင်နီယာဆိုရင်တော့
တိုက်တွေအများကြီးဆောက်ပြီး ကန်ထရိုက်ဆွဲလိုက်မယ်။ အဲဒါဆိုရင် တစ်လတစ်လ ၀င်ငွေက မနည်းဘူးနေမှာ။
ဒါပေမယ့် ဆောက်လုပ်ရေးအင်ဂျင်နီယာဆိုရင်တော့ အသားမည်းမှာ သေချာတယ်။ တော်တော်ကြာ “ယွန်းစုငယ်”
ကနေ “ယွန်းစုမည်း” ဖြစ်သွားဦးမယ်။ ဒါဆိုရင်တော့ ဗိသုကာအင်ဂျင်နီယာပဲ လုပ်တော့မယ်။
ပြီးတော့လေ စုက သိပ်ပြီး
ကျွမ်းကျင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လည်း ဖြစ်ချင်သေးတယ်။ လုပ်ငန်းရှင် မဖြစ်ရင်တောင်မှ
နာမည်ကြီးကုမ္ပဏီတစ်ခုမှာ သိပ်တော်တဲ့ အတွင်းရေးမှူးမလေးတစ်ယောက်ဖြစ်ဖြစ်ပေါ့။ ဘာသာခြားစကားသုံးလေးမျိုးလောက်
ကျွမ်းကျင်ပြီး ဘယ်အရာမဆို ကွန်ပျူတာလေးနှိပ်ပြီး အလုပ်လုပ်ချင်တယ်။ အဲဒါဆိုရင် ဘယ်မှာ
ပင်ပန်းမှာလဲနော့။ ဦးနှောက်အသုံးပြုပြီး မပင်မပန်းဘဲ လုပ်ချင်ရင်တော့ ဘွဲ့နှစ်ခုလောက်ရမှ
ဖြစ်မှာ။
“ဘွဲ့” ဆိုမှ သတိရတယ်။
ကြည့်စမ်း… စုက ဘွဲ့တစ်ခုမပြောနဲ့။ မနေ့တစ်နေ့ကမှ ဆယ်တန်းဖြေထားတာပဲ။ ဟုတ်ပါရဲ့။ မေမေကတော့
အနည်းဆုံး ဒီလေးငါးလုံးလောက်မှ မပါရင်တော့ အသိပဲတဲ့။ စုက ဒီလောက်လည်း မညံ့ပါဘူး။ စု
သူငယ်ချင်းတွေကတော့ ဘယ်လိုနေမလဲမသိ။ စုကတော့ စာမေးပွဲကို နည်းနည်းမှ သတိမရ။ ဘာပဲဖြစ်ဖြစ်ပေါ့
ခုလိုကျောင်းရက်ရှည်ပိတ်ချိန်မှာ စိတ်ဆင်းရဲစရာတွေ မတွေးချင်ပေါင်။ စိတ်ညစ်စရာတွေ့ရင်လည်း
တွေ့တဲ့အချိန်မှပဲ စိတ်ညစ်တော့မယ်။ အခုနေတော့ ပျော်ပျော်နေလိုက်ဦးမယ်။ ကိုယ်ဖြစ်ချင်တဲ့
ဆန္ဒတွေမှန်သမျှ စိတ်ကူးထဲမှာ ဖြစ်ကြည့်ရဦးမယ်။
ဒါပေမယ့် လောလောဆယ်တော့
ရေနွေးအိုးဆူနေလို့ မီးသွားပိတ်ရဦးမယ်။ ဘယ်အချိန်ထဲက ဆူနေတာလဲ မသိဘူး။ ရေခန်းတာလည်း
တစ်ဝက်လောက်ပဲ ကျန်တော့တယ်။ မေမေပြန်လာရင် ဘယ်လိုဆင်ခြေပေးရမလဲ မသိဘူး။
“ဟော… ဘဲလ်နှစ်ချက်တီးသံကြားတယ်။
မေမေပြန်လာပြီနဲ့တူတယ်။ ဒုက္ခပါပဲ” စုသည် အိမ်ရှေ့သို့သွားရင်း မေမေ့ကိုဘယ်လို ဆင်ခြေပေးရပါ့မလဲဟု
အပြေးအလွှားစဉ်းစားရလေတော့သည်။
ဇွန်မိုးစက်
--------------------------------------------------------------------------------------------------------------------------------------------
လွန်ခဲ့တဲ့ ၁၇၊ ၁၈နှစ်လောက်က ရေးခဲ့တဲ့ ပထမဆုံး ၀တ္ထုတိုလေးပါ။ စာရေးတာနှင့်ပတ်သက်ပြီး စိတ်ဆန္ဒပြင်းပြချိန်ဖြစ်နေတော့ ဒီလို (အရွေးမခံရမယ့်) စာမျိုးလေးကိုတောင် မဂ္ဂဇင်းတိုက်ကို မျှော်လင့်တကြီး သွားပို့ခဲ့တာပါ။ စာအသစ်မရေးဖြစ်တာလည်းကြာ၊ ဘလော့ဂ်လေးလည်း ဖုန်တက်နေတာနှင့် အသင့်စာစီပြီးသား ငယ်လက်ရာ စာဟောင်းတစ်ပုဒ်ကို အမှတ်တရအဖြစ် တင်လိုက်ပါတယ်။ အရွေးမခံရတဲ့၊ ပြိုင်ပွဲမှာ ဘာဆုမှမချိတ်ခဲ့တဲ့၊ ဘယ်စာအုပ်တိုက်ကိုမှ မပို့ဖြစ်တဲ့ ငယ်လက်ရာ စာဟောင်းလေးတွေ ရှိပါသေးတယ်။ အားပေးတဲ့ စာဖတ်သူများရှိခဲ့ရင် ဆက်တင်ဖြစ်မလား မပြောတတ်ဘူး။ :D
Subscribe to:
Posts
(
Atom
)