ဤနည်းလမ်းသာ
ဒေါ်မြမေသည် ငိုက်မျဉ်းနေသောမျက်စိကို
အသာမှိတ်ပြီး ခန္ဓာကိုယ်ကို ခုတင်ပေါ်သို့ လှဲချလိုက်သည်။ တစ်နေကုန်တင်းထားသမျှ စိတ်တို့ကို
ဖြေလျှော့လိုက်ပြီး အိပ်မည်ဟု စိတ်နှစ်လိုက်စဉ် နံဘေးမှ လင်တော်မောင်ဖြစ်သူ ကိုဘရွှေထံမှ
အရက်နံ့ကို ရှူရှိုက်မိသောကြောင့် အိပ်ချင်စိတ်တို့ လွင့်ပြယ်သွားရသည်။
သက်ပြင်းမောတစ်ချက်ကို
လေးတွဲစွာချလိုက်ပြီး နဖူးပေါ်လက်တင်လိုက်သည်။ အဆင်မပြေသော မိသားစုဘ၀တွင် ထွက်ပေါက်ရှာရန်
အကောင်းဆုံးနည်းလမ်းမှာ မည်သည့်အရာနည်းဟု စဉ်းစားစရာလိုတော့မည်မထင်ပေ။ ဤအတွေးကို တွေးဖြစ်မိသည်မှာလည်း
မကြာခဏပေ။
အဆင်မပြေသောမိသားစုဟု
ခေါင်းစဉ်တပ်ရခြင်းမှာ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး စသည့် အရေးပေါင်းများစွာတို့တွင်
အဆင်မပြေမှုတို့နှင့် ကြုံတွေ့နေရသောကြောင့်ဖြစ်သည်။ ကိုဘရွှေသည် ဘဏ်ခွဲတစ်ခုမှမန်နေဂျာ၊
ဒေါ်မြမေကမူ အစိုးရရုံးတစ်ရုံးမှ ၀န်ထမ်းတစ်ဦးသာဖြစ်သည်။ တစ်ပတ်စာဈေးဖိုးပင်မရှိသော
သူမ၏လခနှင့် ကလေးသုံးယောက်၏ ပညာရေး၊ ကျန်းမာရေး အစရှိသည့်အရေးတို့တွင် အဘယ်ကဲ့သို့လုံလောက်အောင်
သုံးစွဲနိုင်ပါမည်နည်း။ ဈေးဖိုးကရော။
ကိုဘရွှေ၏လခသည် သူ၏အရက်ဖိုး၊
စာရေးမလေးများအား ပေးရကြွေးရသော အဖိုးအခနှင့် သူကိုယ်တိုင်ပင် မလောက်ချင်။ ဒေါ်မြမေမှာ
တခါတရံ အခြားသူများကပေးလာသော လပေးအထည်များကို အမြတ်တင်၍ ရုံးသို့လပေးဖြင့် တစ်ဆင့်ပြန်လည်ရောင်းချသည်။
ရုံးရှိအချို့သောသူများ၏ အခက်အခဲများပြေလည်စေရန် သူမတို့နေသောရပ်ကွက်အနီးအနားတွင် အိမ်ငှားပေးခြင်းဖြင့်
ပွဲစားသဘောမှ ရသောပိုက်ဆံနှင့် ဈေးဖိုးသုံးရသည်ကများသည်။
ကလေးတွေကလည်း သိပ်မလိမ်မာချင်။ အကြီးမက အရွယ်ရောက်လာတော့ ၀တ်ချင်၊ စားချင်လာသည်။ လှချင်၊ ပချင်လာသည်။ သည်တော့ မအေကို ပူဆာစကားလေးစလာသည်။ မ၀ယ်ပေးနိုင်မှန်းသိလျှင် စိတ်ကောက်တတ်လာသည်။ မပေးနိုင်မှန်းသိလျက်နှင့်တောင်းကြသည်မှာ သားသမီးတို့၏ ၀တ္တရားတစ်ခုလို့များ အောက်မေ့ကြသလားမသိ။
တကယ်တော့ မိဘဆိုတာ
သားသမီးတွေဘာလိုအပ်သလဲဆိုတာကို အမြဲမျက်စိဒေါက်ထောက်ကြည့်ကာ တတ်နိုင်သလောက် ဖြည့်စွမ်းပေးရသည်ချည်းဖြစ်သည်။
သားသမီးဆိုတာကလည်း မိဘက ငါတို့ကို ဘာများပေးနိုင်မလဲဆိုတာကိုသာ အမြဲမျှော်လင့်နေသူများဖြစ်သည်။
ပညာရေးနှင့်ပတ်သက်လျှင်တော့
ဒေါ်မြမေတတ်နိုင်သလောက် ဖြည့်စွမ်းပေးသည်။ အလှအပ၊ အသုံးအဆောင်များနှင့် ပတ်သက်လျှင်တော့
မသိချင်ယောင်ဆောင်၊ ဆူပူအော်ငေါက်ရသည်။ အလတ်ကောင်ကတစ်မျိုး၊ ဒီကောင်က ဖအေနှင့်တူချင်ချင်ရယ်။
ထစ်ခနဲဆို စိတ်တိုဒေါသထထွက်နှင့်။ ကျောင်းမှာလည်း မကြာခဏ စကားများကြ၊ ထိုးကြကြိတ်ကြနှင့်။
အငယ်ဆုံးသားလေးကတော့ လိမ္မာရှာပါသည်။ ဒါပေမယ့် ကျန်းမာရေးကမကောင်း၊ မကြာခဏချောင်းဆိုး၊ ရင်ကြပ်၊ အပူတက်ချင်သလို ဖြစ်လေ့ရှိသည်။ မွေးကင်းစကပင် ချူချာသည်။ သူ့ကိုကျောင်းသာပို့ရသည်။ စိတ်မချရ။ အလတ်ကောင်ကိုလည်း စိတ်မချရ။ တော်တော်ကြာရန်ပွဲဖြစ်လို့ ဆရာမခေါ်တွေ့မှာကိုလည်း စိတ်ကုန်လှပြီ။ အကြီးမကိုတော့ စိတ်ပူရသည်မှာ တစ်ခြား။ ဒီအရွယ်က စိတ်ကစားတတ်သည့်အရွယ်ဆိုတော့ သူငယ်ချင်းမကောင်းလျှင် သူများမြှောက်ပင့်ပါသွားလျှင်မလွယ်။
ဒီတော့ ဒေါ်မြမေခမျာ
စီးပွားရေးအတွက်သာမက သားသမီးရေးအတွက်ပါ ပူနေရသည်။ အသက်က ၄၀ကျော်ရုံမျှသာရှိသေးသော်လည်း
အတွေးများနှင့်သောကတို့ ကြီးစိုးနေသောကြောင့် ဆံပင်များပင်ဖြူနေပြီ။ အပေါ်ယံဆိုလျှင်
မသိသာပေမယ့် အတွင်းပိုင်းရှိဆံပင်များ အတော်ဖြူနေပြီဖြစ်သည်။
သူမ ကိုဘရွှေကိုလက်ထပ်တုန်းက
ယခုလိုပုံစံမျိုးမဟုတ်ခဲ့။ ဟိုစဉ်ကတော့ ကိုဘရွှေမှာ ရုပ်ရည်ကလဲရှိ၊ ပညာတတ်ဘွဲ့ရ စာရေးတစ်ယောက်လည်းဖြစ်၊
ကိုယ့်ကိုလည်း နှစ်လိုဟန်ပြခဲ့တော့ သြော်… ငါ့အတွက်တော့ တစ်ဘ၀စာ အားကိုးထိုက်မှာပဲလေဟု
ထင်ခဲ့သမျှ အခုတော့ အဖတ်တောင် ဆယ်ယူစရာမရှိတော့ပေ။
ပထမကလေးတစ်ယောက်ရကစကတော့
သိပ်မဆိုးသေး။ နောက်မှရာထူးတက်လာ၊ အပေါင်းအသင်းကလည်းများလာနှင့် အသောက်အစားပါ များလာသည်။
ထိုစဉ်တုန်းက ဒေါ်မြမေသည် ယောက်ျားအပေါ် အထင်ကြီးလေးစားစိတ်အခံဖြင့် မပိတ်ပင်မတားမြစ်ခဲ့။
သူ့ရာထူးနှင့် ဒီလောက်တော့ အလိုက်အထိုက်ရှိမှာပေါ့လေဟုသာ ထင်ခဲ့သည်။ နောက်တော့ ရုံးက
စာရေးမလေးများကိုပါ ကျွေးရမွေးရ၊ ပေးရကမ်းရနှင့် အလုပ်တွေပိုလာသည်။ ထိုစဉ်က ဒေါ်မြမေအကြီးအကျယ်ပေါက်ကွဲခဲ့သော်လည်း
သူကတော့ သွေးအေးလွန်းလှသည်။
ကြာတော့လည်း ဒေါ်မြမေသဘောပေါက်လာသည်။
ပြောလည်းအပိုပဲဆိုတာ သိလာသည်။ ဒါကြောင့် ဘာမှဆက်မပြောတော့။ ကွဲမည်ကွာမည်ဆိုလျှင်လည်း
ကလေးတွေနောင်ရေးက ရှိသေးသည်။ ဒါကြောင့်ပင် သူမပေးလျှင်နေ၊ မကျွေးလျှင်နေ ကိုယ့်ကိုဒုက္ခမပေးရင်ပြီးရောဟူသောသဘောဖြင့်
စိတ်ထား၍ နေခဲ့ရသည်မှာ ကြာလှပြီလေ။
ဒါတွေပြန်တွေးရသည်မှာလည်း
အပ်ကြောင်းထပ်နေပြီ။ မတွေးဘဲနှင့်လည်း ခေါင်းထဲဝင်လာသည်မှာ ခဏခဏ။ ဒါကြောင့် စိတ်သောကတွေနှင့်သာ
ရင်းနှီးနေရသော ဒေါ်မြမေသည် သောကမှန်သမျှ ကင်းဝေးချင်သည်။ ပူပန်မှုတို့ ကုန်ဆုံးချင်သည်။
ဒီတော့နည်းလမ်းကဘာလဲ။ ပူပင်သောကတွေနှင့်ကင်းဝေးသည့်နည်းလမ်းသည် တရားဓမ္မရှာဖွေအားထုတ်ခြင်းပင်ဖြစ်သည်။
တရားဓမ္မသည် ရှာဖွေနိုင်လျှင် ဘ၀တစ်ခုလုံးကို ငြိမ်းအေးစေသည်ကို ဒေါ်မြမေသိပါသည်။ သို့ပေမယ့်
သံယောဇဉ်ဟူသော အမျှင်တန်းကိုတော့ ပြတ်အောင် မဖြတ်နိုင်။
ဒါကြောင့် လောကီရေးရာကိုစွန့်ခွာပြီး
လောကုတ္တရာထဲဝင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပေ။ ကိုယ်အသက်ရှင်သမျှ ကာလပတ်လုံး ဒီသား၊
ဒီသမီးတွေအတွက်၊ လူမှုစီးပွားရေးအတွက် ပူပန်နေရဦးမည်သာဖြစ်သည်။ ထို့ကြောင့် ဒေါ်မြမေဆန္ဒရှိသောနည်းလမ်းမှာ
သေခြင်းတရားဟူသော ထာဝရအိပ်စက်ခြင်းနည်းလမ်းသာဖြစ်သည်။
သေခြင်းတရား၏နောက်ကွယ်တွင်
ဘာတွေရှိနိုင်မလဲဆိုတာတော့ ဒေါ်မြမေ သေချာမပြောနိုင်။ ဒါပေမယ့် ဒီခန္ဓာကိုယ်ကို စွန့်လွှတ်ရသည်နှင့်အမျှ
ပူပင်ကြောင့်ကြစိတ်တို့လည်း ပျောက်ကွယ်မှာ သေချာသည်။ တမလွန်မှာ ငြိမ်းအေးဖို့ဆိုတာ
ယခုလက်ရှိဘ၀နှင့် သက်ဆိုင်ကြောင်း ဒေါ်မြမေသိပါသည်။ သို့သော် စိတ်ပင်ပန်းသည်နှင့်အမျှ
သေခြင်းတရားဆိုတာကို ရင်ဆိုင်ဖို့ သတ္တိတွေရှိလာသလိုပင်။
မိမိငယ်စဉ်ကတော့ သေဆုံးခြင်းဟူသော
စကားစုကို အလွန်ပင်ကြောက်ခဲ့သည်။ လက်တွေ့သေဖို့မပြောနှင့် စိတ်ကူးထဲသေကြည့်လျှင်တောင်
သေရမှာကို နှမြောလှသည်။
လွန်ခဲ့သောနှစ်အစိတ်တုန်းက
ဒေါ်မြမေခေါ် မမြမေသည် စိတ်ကူးထဲတွင် သေကြည့်ဖူးသည်။ ထိုစဉ်ကမူ မမြမေ၏ စိတ်ကူးထဲတွင်
သူမသေဆုံးသောအခါ သူမ၏ မိဘဆွေမျိုးများ၊ မိတ်ဆွေမောင်နှမများသည် သူမဘေးတွင် ၀ိုင်းအုံလျက်ရှိသည်။
ထို့နောက် “မမြမေက ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာဖြစ်လို့များ သေသွားရရှာပါလိမ့်” “ဒီကောင်မလေး
အသက်ရှိစဉ်က လိမ်လိမ်မာမာပါပဲ” “သူ့ခမျာ လူ့ဘ၀ကို ငယ်ငယ်ရွယ်ရွယ်နဲ့ စွန့်ခွာသွားရရှာတယ်”
“သူတမလွန်မှာရော ငြိမ်းအေးရဲ့လား” စသည့် စကားစုပေါင်း မြောက်မြားစွာတို့အား ပြောဆိုကြရင်း
သူမအား ၀မ်းနည်းမဆုံးသော မျက်လုံးများဖြင့် ကြည့်နေကြသည်ဟု မမြမေ ထင်မြင်မိသည်။
သို့သော် ထိုစဉ်က မမြမေသည် ထိုအကြည့်၊ ထိုအပြောတို့ကို
မခံချင်သောကြောင့်သာ သေဖို့ သတ္တိမရှိခြင်း၊ သေခြင်းတရားကို ရင်မဆိုင်ရဲခြင်းဖြစ်ရမည်။
ယခုမူ…
သြော်… ငါသေသွားရင်
လူမှုဒုက္ခအပေါင်းကနေ ကင်းဝေးမှာပဲ။ ထာဝရငြိမ်းချမ်းခြင်းရပါရဲ့၊ လင်ယောက်ျားရဲ့ လျစ်လျူရှုမှုကိုလည်း
ဂရုစိုက်စရာ မလိုတော့ဘူး။ သူ့ဟာသူဘာဖြစ်နေနေ၊ ငါမရှိလဲ သူ့အတွက်ဘာမှထူးမှာမဟုတ်ဘဲ။
ငါမရှိလဲ… ဒါပေမယ့် ငါမရှိရင် ဒီကလေးတွေ ဘယ်လိုများ နေထိုင်စားသောက်ကြမှာပါလိမ့်။ ဖအေကလည်း
အားအားရှိမူးမယ်၊ ပျော်မယ်၊ ပါးမယ်နဲ့ သူ့ကလေးတွေတောင် သတိရမှာ မဟုတ်ပါဘူး။
ခက်တာက အကြီးမလေး
အပျိုဖော်ဝင်စအရွယ်မှာ အမေမရှိဘူးဆိုရင် မတော်တရော်နဲ့များ တွေ့သွားရင်ဒုက္ခ။ အမေမရှိဘူးဆိုပြီး
တစ်ယောက်ယောက်ကများ… အမယ်လေး ရင်လေးစရာပါလားနော်။ ဖအေကလည်း မကောင်းတော့ခက်တာပဲ။
အလတ်ကောင်က မဟုတ်မခံစိတ်ရှိပေမယ့်
သူ့မောင်နှမအတွက်ဆို အနစ်နာခံချင်စိတ်ရှိတယ်။ တော်တော်ကြာ ပညာဆက်မသင်ဘဲ အလုပ်လုပ်လို့
ပညာတစ်ပိုင်းတစ်စနဲ့ ပညာမတတ်ဖြစ်ဦးမယ်။ အငယ်လေးကိုရော ဘယ်သူက ကြည့်မှာလဲ။ သူ့အစ်ကို၊
အစ်မရှိတယ်ဆိုဦးတော့ အခုမှ ကျောင်းနေစအရွယ်ရှိသေးတာ။ သူ့ကျန်းမာရေးကလည်း ရှိသေးတယ်။
ဖအေက ကောင်းလာပြီပဲ ဆိုပါဦးတော့၊ သမီးမိန်းကလေးပဲဖြစ်ဖြစ်၊ သားယောက်ျားလေးပဲဖြစ်ဖြစ် ဆယ်ကျော်သက်အရွယ်မှာ မိခင်နဲ့ကင်းကွာတာ မကောင်းဘူး။ အဖေဆိုတာ စီးပွားရှားဖို့ပဲတတ်တာ၊ သားသမီးအကောင်းအဆိုးကျတော့ အမေနဲ့မှပိုပြီးသင့်တော်တာ။ ငါစိတ်ညစ်လို့ သေတယ်ဆိုရင်တောင် ဒီကလေးတွေကို စိတ်ချလက်ချထားပြီး အသေဖြောင့်နိုင်မှာ မဟုတ်ဘူး။ ဒီလိုတွေးရတာလည်း တစ်ကိုယ်ကောင်းဆန်ရာ ကျပါတယ်။ ကိုယ့်ယောက်ျားအတွက် မကြည့်နဲ့ဦး။ အဓိကကတော့ ကိုယ့်ကလေးတွေအတွက်ပဲကြည့်လေ။ ငါသေလို့တော့ မဖြစ်သေးပါဘူး။
လူရယ်လို့ဖြစ်လာမှတော့
တွေ့ကြုံရတဲ့ဒုက္ခကို ရဲရဲရင်ဆိုင်ရုံပဲရှိတာပေါ့။ ကိုယ်က မိဘတစ်ယောက်ဖြစ်နေမှတော့ အရာရာကို
စိတ်ညစ်နေရုံနဲ့ မပြီးသေးပါဘူး။ သားသမီးဆိုတာကလည်း မိဘကသေချာဆုံးမတတ်ရင် လိမ္မာမှာပဲ။
ကိုယ်က အမေဆိုတော့ အကျိုးသင့်၊ အကြောင်းသင့်နဲ့ သူတို့နားဝင်အောင်၊ နားလည်အောင် ပြောဆိုတတ်ရင်
ရမှာပဲလေ။
ခုလိုချိန်တွင် ဒေါ်မြမေ
သေဖို့စိတ်ကူးမရှိတော့ပေ။ သတ္တိမရှိလို့တော့ မဟုတ်ပါဟု ဒေါ်မြမေငြင်းချင်သေးသည်။ သတ္တိဆိုတာကလည်း
အခြေအနေ၊ အကြောင်းအရာပေါ်မူတည်၍ ပျောက်ကွယ်သွားနိုင်တာပဲ မဟုတ်လား။ ရှိစေတော့။
လောလောဆယ်တော့ ဒေါ်မြမေသည်
သူမ၏ ပူပင်သောကများကင်းဝေးစေရေးအတွက် ထာဝရမဟုတ်သော တခဏအိပ်စက်ခြင်းနည်းလမ်းကိုသာ ရွေးချယ်ရမည်မှာ
အသေချာဆုံးပင်ဖြစ်တော့သည်။
ဇွန်မိုးစက်
-----------------------------------------------------------------------------------------------------------------------
၂၀၀၀ပြည့်နှစ်လွန်ကာလတစ်ခုက မြတ်မိခင်စာပေပြိုင်ပွဲမှာ ခပ်တည်တည်နှင့် ၀င်ပြိုင်ခဲ့တဲ့ စာမူကလေးပါ။ ပြိုင်ပွဲဝင်စာမူဖြစ်လို့ တကူးတက ကွန်ပျူတာနဲ့ စာစီဖို့ အပ်ခဲ့တာ၊ ဘယ်စာအုပ်တိုက်ကိုမှ မပို့ဖူးသေးကြောင်း ၀န်ခံကတိပြုလွှာရေးပြီး လက်မှတ်ထိုးခဲ့တာတွေ မှတ်မိနေပါသေးတယ်။ ခုနေပြန်ဖတ်ကြည့်တော့ အရေးအသားထက် ဟိုတုန်းက စာရေးခိုက်မှာ ရှိခဲ့တဲ့ ကိုယ့်အတွေးလေးကို ပြန်သဘောကျပြီး ပြုံးနေမိပါတယ်။း)
ခက်ထန်ကြမ်းတမ်းတဲ့ဘ၀ကို ကြံ့ကြံ့မခံနိုင်တဲ့အဆုံး အရှုံးနဲ့နိဂုံးချုပ်တဲ့သူတွေ အများကြီးထဲက အတွေးမှန်တဲ့ ဒေါ်မြမေရဲ့အတွေးလေးမှန်ပါတယ်။ ဇွန်လေးရေ ဖတ်လို့ကောင်းတယ် အမြဲအားပေးလျှက်နော် ... :)
အမရဲ့ ငယ်လက်၇ာလေးကို
လာဖတ်သွားပါတယ်အမ..
အဲတာလေးဖတ်မိတော့လည်း
ယောက်ကျားတွေကို တော်တော်အမြင်ကတ်တယ်အမရေ..
ခင်တဲ့ ပစ်ပစ်
ဒီblogလေးကို အစဉ်တစိုက် ဖတ်ခဲ့လို့ ၊ အရေးအသား အရမ်းကွာသွားတာကို သိလို့ ပြုံးသွားပါတယ် ၊၊
ကျေးဇူး ။။ :)