A Trip to Remember - 3

1

Category:

ကင်ဘာရာသွားပြီး နောက်တစ်နေ့မှာ မိုးမရွာဘဲ ရာသီဥတု သာယာနေတာကြောင့် အသိမိတ်ဆွေအစ်မတစ်ယောက်က နာမည်ကျော် Manly Beach ကို လိုက်ပို့ပေးပါတယ်။ Sydney Circular Quay ကနေ Manly ကို ferry နဲ့ နာရီဝက်ကြာ စီးရပါတယ်။ Manly ferry ride က world's famous ferry ride မှာ ထိပ်ဆုံးက ပါပါတယ်။ :)


Sydney downtown ကို Manly အသွား ဖယ်ရီပေါ်ကနေ နောက်ပြန်လှမ်းပြီး ရိုက်ထားတာပါ။


 ခပ်လှမ်းလှမ်းမှာ ကျန်ရစ်ခဲ့တဲ့ ဆစ်ဒနီရဲ့ အထင်ရှားဆုံး Landmark ဖြစ်တဲ့ Sydney Opera House ပါ


ဒီနေရာကို Sydney Head လို့ ခေါ်ပါတယ်။ Manly Ferry Ride နာမည်ကြီးရခြင်းအကြောင်းက Sydney Head ကြောင့်ဆိုရင် မမှားပါဘူး။ အပေါ်ပုံမှာ မြင်ရတဲ့ အ၀ကနေ သမုဒ္ဒရာရေစီးကြောင်း ၀င်ရာနေရာမို့ ဒီနေရာကိုဖြတ်သွားအခါ လှိုင်းကြီးပြီး ဖယ်ရီက လူးကနဲ၊ လွန့်ကနဲ ဖြစ်သွားတာ အသည်းအေးစရာပါ။ လှိုင်းကအတော်ကြီးပြီး  ဖယ်ရီအပေါ်ဦးပိုင်းထိ ရေစင်ပါတယ်။ ဇွန်လည်း ဖယ်ရီစီးခဲ့သမျှ အခေါက်တိုင်း တစ်ခါမှ အထဲမှာ ၀င်ပြီး မစီးခဲ့ပါဘူး။ အပြင်ဘက်ဘေးကပဲဖြစ်ဖြစ်၊ ဦးပိုင်းကပဲဖြစ်ဖြစ် လေအေးအေးနဲ့ လှိုင်းလွန့်တွေကြား အနည်းငယ် ရင်ဖိုစွာနဲ့ စီးခဲ့တာပါ။ ဒီလို အရသာမျိုးက အမြဲ မရနိုင်ဘူး မဟုတ်လား။ ;)

လှိုင်းကြီးတယ်နော်၊ သတိထား....

 ရွက်လှေလေးတွေက သမုဒ္ဒရာလှိုင်းကို အံတုပြီး လွှင့်နေဆဲ

 ဟော... ရောက်ပါပြီ... အခုမှပဲ သက်ပြင်းချလို့ ရင်တုန်ပြေသွားတယ်။

 နွေဦးရဲ့ ပြယုဂ်ဖြစ်တဲ့ Jazz ဂီတဖျော်ဖြေပွဲတွေကို Manly အနှံ့ တွေ့နေရပါပြီ။

ကဲ... ကမ်းခြေတော့ ရောက်လုပြီ

 နွေဦးရဲ့ နေသာတဲ့နေ့မို့ ကမ်းခြေမှာ အပန်းဖြေလာတဲ့သူတွေ၊ ရေလှိုင်းစီးသူတွေ ရှိနေပါပြီ။

ကျယ်ပြောတဲ့ကောင်းကင်ပြာအောက် သမုဒ္ဒရာရေပြာထိစပ်နေတဲ့ ရှည်လျားလှပတဲ့ ကမ်းခြေမဲန်လေ

ရေလှိုင်းစောင့်ဆိုင်းနေကြသူများ

ဟော..ဟိုမှာ surfer တစ်ယောက်၊ ရိုက် ... ရိုက်.... အမြန်ရိုက်

မကြောက်နဲ့.... တစ်ခုခုဖြစ်ရင် သူတို့ လာကယ်လိမ့်မယ် 
Manly ကမ်းခြေအဆုံးကနေ ပြန်လှည့်မသွားဘဲ ဟိုဘက်မှာမြင်နေရတဲ့ ကမ်းခြေအသေးလေးအထိ မမောတမ်း လမ်းလျှောက် ခရီးဆက်ခဲ့ပါတယ်။

 နာမည်မေ့သွားတဲ့ ကမ်းခြေအသေးလေးပေါ်အရောက် ရေငုပ်လေ့ကျင့်ပြီး ပြန်တက်လာတဲ့သူတို့ကိုလည်း အလစ်မပေးပါဘူး။ ဘလော့ဂါဆိုတော့ တွေ့ရာ မှတ်တမ်းတင်တဲ့ အကျင့်ပါနေတာကိုး။

ကမ်းခြေတစ်ဆုံး လမ်းလျှောက်လို့ မောပြီ။ ပြန်ကြရအောင်။  တနင်္လာနေ့ပေမယ့် မေဒေး အလုပ်သမားရုံးပိတ်ရက်မို့ လူစည်တယ်ထင်ပါ့

 စင်မြင့်ဖျော်ဖြေပွဲတွေသာမက ဒီလို စင်အောက် ဖျော်ဖြေတင်ဆင်မှုတွေလည်း ရှိတယ်

Circular Quay သို့ အပြန်

 Sydney Opera House ရဲ့ ဒီဇိုင်းဟာ တစ်နေရာကကြည့်ရင် တစ်မျိုး၊ နောက်တစ်နေရာကနေကြည့်ရင် တစ်ဖုံ... မတူညီဘဲ ပုံသဏ္ဍာန်မျိုးစုံ ပေါ်ပါတယ်။ ထူးခြားလှပတဲ့ ဗိသုကာလက်ရာတစ်ရပ်ပါပဲ။ ဒါကြောင့်လည်း နာမည်ကျော်ပေတာကိုး။


  အနီးကပ် ရိုက်ချက်တစ်ချို့




အော်ပရာဟောက်စ်ကနေ လှမ်းမြင်ရတဲ့ circular quay ပါ။ ကမ္ဘာလှည့်ခရီးသွားတွေ အစည်ကားဆုံးနေရာတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။


Sydney Harbor Bridge နဲ့အတူ တွေ့ရတဲ့ လူစည်ကားလှတဲ့ Circular Quay ရဲ့ မြင်ကွင်းတစ်ရပ်။ အဲ့ဒီ့နေရာမှာ လမ်းလျှောက်ရတာကို ဇွန်သိပ်နှစ်ခြိုက်မိတာပါပဲ

 Harbor Bridge ဟာလည်း ခန့်ညားလှပတဲ့ ဗိသုကာလက်ရာမြောက် တံတားကြီးပါ။ ရထား၊ ကား၊ စက်ဘီးနဲ့ လူသွားလမ်း လေးမျိုးစလုံး မောင်းနှင်ခရီးသွားလို့ ရပါတယ်။ ဆစ်ဒီနီ မြောက်ပိုင်းနဲ့ မြို့ထဲကို ဆက်စပ်ပေးထားတဲ့ အဓိကကျတဲ့ တံတားကြီးတစ်ခုပါ။

ကမ္ဘာကျော် Opera House နဲ့ Harbor Bridge ကို Hyde Park ထဲကနေ လှမ်းရိုက်ထားတာပါ။ 


သြစတြေးလျရဲ့ မူလကနဦးတိုင်းရင်းသားမျိုးနွယ်စုဖြစ်တဲ့ အဘိုးရီဂျင်း လူမျိုးတစ်ဦးပါ။ သူတို့နဲ့အတူ အမှတ်တရ ဓာတ်ပုံရိုက်လို့ရပါတယ်။ အနယ်နယ်အရပ်ရပ်က ကမ္ဘာလှည့်ခရီးသွားတွေစုံတဲ့ circular quay လို နေရာမျိုးမှာ သူတို့ရဲ့ တူရိယာပြောင်းရှည်နဲ့အတူ တီးမှုတ်ဖျော်ဖြေနေတာကို တွေ့ရပါတယ်။ တောရဲတိရစ္ဆာန်သားကောင်တွေရဲ့ အသံတုတွေ ဖန်တီးနိုင်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သူတို့ရဲ့ ဂီတစီဒီတစ်ချပ်ကို ဒေါ်လာတစ်ဆယ်နှုန်းနဲ့ ၀ယ်ယူအားပေးနိုင်ပါသေးတယ်။

ဒါကတော့ လမ်းသွားလမ်းလာများကို သူ့နည်းသူ့ဟန်နဲ့ ဆွဲဆောင်ဖျော်ဖြေနေတဲ့ တစ်ကိုယ်တော်အော်စီရဲ့ one man road show ပါ။

အဲ့ဒီဘူဖောင်းအနီကို မျိုချပြနေတာပါ။  စိတ်ဝင်စားတာမို့ သူမျိုချပြီးတဲ့ အထိ စောင့်ကြည့်လိုက်ပါတယ်။

ဟယ်... တကယ် မျိုချပြတယ်။ ဘူဖောင်းတစ်ခုလုံး ၀င်သွားပါတယ်။ ပြီးရင် ပြန်ထုတ်ပြမယ်ဆိုလို့ ဆက်စောင့်ကြည့်တာ မထုတ်ပြဘဲ ပိုက်ဆံ အလှူခံသွားပါတယ်။ 

-------------------------------------------------------------------------------------------------------------------------------------

ဆစ်ဒနီ ခရီးစဉ်က မပြီးသေးလို့ ဆက်ရပါဦးမယ်။ အစက ပို့စ်တင်ဖို့အတွက် စုစုပေါင်း ပုံတစ်ထောင်ကျော် ရိုက်လာတဲ့အထဲက ၇၅ ပုံပဲ အကျဉ်းချုံးတင်ဖို့ ရွေးထားတာပါ။ ဒါပေမယ့် တင်ရင်းတင်ရင်းနဲ့ ရွေးထားတဲ့ ပုံတွေတင်မကဘဲ အခြားပုံတွေပါ တင်ချင်တာနဲ့ ထပ်ထည့်လိုက်တာ ခရီးက မှန်းတာထက် ရှည်သွားပါတယ်။  ဘော်ဘော်ကိုတီလို ပုံများများ စာနည်းနည်းနဲ့ အပိုင်းတွေ အများကြီး ဖြစ်သွားမလားလို့ စိုးရိမ်မိသေးတယ်။  :D ခရီးစဉ်ကို အရမ်းချုံ့ပြီးတော့လည်း မတင်ချင်ဘူး။ ဒီတော့ အားပေးသူများရှိရင် ဆက်တင်ပါ့မယ်။ ခုတော့ ဇွန်မိုးစက် ခါးညောင်းသွားလို့ နားပါဦးမယ်။



ဇွန်မိုးစက်

A Trip to Remember - 2

4

Category:

ကင်ဘာရာက Parliament House နဲ့ War Memorial က ဓာတ်ပုံမှတ်တမ်းအချို့ကျန်နေသေးတာမို့  ဆက်တင်လိုက်ပါတယ်။ အောက်ပုံက ပါလီမန်အိမ်တော်ရာ ရှေ့မျက်နှာစာပါ။ ပြာလဲ့နေတဲ့ ကောင်းကင်ကျယ်နဲ့ တိမ်ဖြူဖြူတွေကို မြင်ရတာ ဇွန်သိပ်သဘောကျပါတယ်။ ကုန်းမြင့်ပေါ်မှာမို့ လေတိုက်ပြီး အေးနေလို့ ဓာတ်ပုံကို လက်တုန်တုန်နဲ့ ရိုက်ခဲ့ရပါတယ်။

 

 မာဘယ်လ်ကျောက်များနဲ့ ဖွဲ့စည်းအလှဆင်ထားတဲ့ ပါလီမန်အိမ်တော်ရာ မြေညီထပ်ပါ။
 

  လှေကားများကို တက်ပြီးတဲ့အခါ ကော်ရစ်ဒါတစ်လျှောက် ခေတ်အဆက်ဆက်က သြစတြေးလျပါလီမန်အမတ်များ၊ နိုင်ငံရေးနယ်ပယ်သြဇာလွှမ်းမိုးခဲ့သူများရဲ့ ပန်းချီ၊ ပန်းပုပုံများကို ပြသခင်းကျင်းထားပါတယ်။




အနောက်တိုင်းသားလူဖြူတို့က သြစတြေးလျသမိုင်းမှာ အရုပ်ဆိုးအကျည်းတန်စွာ ပြုမူဆောင်ရွက်ခဲ့တဲ့ 'Stolen Generation' အတွက် ဒေသခံ အဘိုးရီးဂျင်း (Aborigines) များရဲ့ မိသားစုဝင်နဲ့ဆွေမျိုးများကို တရားဝင် တောင်းပန်ထုတ်ပြန်ခဲ့တဲ့စာပါ။  ဇွန်မှတ်မိသလောက် ဒီအကြောင်းနဲ့ပတ်သက်ပြီး မငယ်နိုင်က သူ့ပို့စ်တစ်ပုဒ်မှာ ရေးခဲ့ဖူးပါတယ်။ Nicole Kidman နဲ့ Hugh Jackman တို့ ပါဝင်သရုပ်ဆောင်တဲ့ 'Australia' ဇာတ်ကားထဲမှာ လူဖြူတွေက အဘိုးရီးဂျင်းရဲ့ ကလေးတွေကို လိုက်ဖမ်း၊ မိဘနဲ့ အတင်းအကြပ်ခွဲထုတ်ပြီး ခရစ်ယာန်သာသနာပြုအဖွဲ့ထဲ သွတ်သွင်းခဲ့တာ၊ အချို့သောအနောက်နိုင်ငံတွေဆီပို့လိုက်တာ၊ သားသမီးမရှိတဲ့ လူဖြူတွေ မွေးစားဖို့ ပေးပစ်လိုက်တဲ့ Aborigines နဲ့ Stolen Generation အကြောင်း ရိုက်ပြထားတာကို ကြည့်ဖူးပါတယ်။





အမျိုးသမီးများရဲ့ အခန်းကဏ္ဍတစ်ရပ်

 ဒါကတော့ ပါလီမန်လွှတ်တော် အစည်းအဝေး ကျင်းပရာ ခန်းမကြီးပေါ့။



Parliament House ကနေ ဟိုးတစ်ဘက်မှာ လှမ်းမြင်နေရတာက War Memorial ပါ။

 ပါလီမန်အိမ်တော်ရာမှထွက်ပြီး အပိုင်း - ၁ မှာ ပါခဲ့တဲ့ ပန်းပြပွဲကို ဆက်သွားခဲ့ပါတယ်။

ပန်းပြပွဲမှာ ဓာတ်ပုံတွေ တစ်ဝရိုက်၊ နေ့လည်စာစားပြီးမှ War Memorial ကို ထွက်ခဲ့တော့ နေ့လည်စောင်းနေပါပြီ။ ပြတိုက်အ၀င်မှာ မိုးက ရွာနေတာမို့ အ၀င်ဝကနေ ဓာတ်ပုံမရိုက်ခဲ့လိုက်ရပါဘူး။ အောက်ပုံက ပြတိုက်ထဲ ၀င်ပြီးမှ တွေ့ရတာပါ။ ဘေးနံရံနှစ်ဘက်လုံးမှာ ကမ္ဘာ့စစ်မှာ ပါဝင်ခဲ့တဲ့ နိုင်ငံအမည်များ အသီးသီးကို ရေးထိုးထားပါတယ်။


 Burma လို့ အရင်က ခေါ်ဝေါ်သုံးစွဲခဲ့တဲ့ မြန်မာနိုင်ငံလည်း အပါအ၀င်ပါ။ သစ်ပင်ဘေးကပ်ရပ်ညာဘက်က Syria ဖြစ်ပြီး သူ့ဘေးက  Burma ပါ။ အောက်က မြင်ရတဲ့ ကန်ထဲမှာတော့ အကြွေစေ့တွေ ပစ်ထားတာ ဖွေးလို့။ အင်္ဂလန်နိုင်ငံ Bath မြို့က ရှေးဟောင်းရောမရေနွေးကန်မှာလည်း ဒီလိုပဲ နိုင်ငံစုံက ပိုက်ဆံနဲ့အကြွေတွေ ပစ်ထည့်ထားတာ မြင်ခဲ့ဖူးတာကို သွားသတိရမိပါတယ်။

စစ်ပွဲဝင် သြစတြေးလျနိုင်ငံအကြောင်း တစေ့တစောင်း

ဒီပြတိုက်မှာလည်း ကြည့်စရာတွေ များပေမယ့် စုံအောင် မရောက်ခဲ့ပါဘူး။ စစ်ဝတ်စစ်စားတွေ၊ သေနတ်တွေ၊ တိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ စစ်ဗိုလ်စစ်သားတွေရဲ့ ပုံနဲ့တကွ သူတို့အကြောင်းလေးတွေကို အတူယှဉ်တွဲရေးသား ပြသထားပါတယ်။ ကြည်း၊ ရေ၊ လေ ကဏ္ဍအလိုက် အခန်းတွေ သီးခြားခွဲပြီး ကြည့်နိုင်ပါတယ်။

ဒီစာကတော့ အပေါ်က ဂျာမန်စစ်သားတစ်ယောက်ဆီက ဖမ်းဆီးရမိတဲ့သေနတ်နဲ့ ပတ်သက်ခဲ့တဲ့အကြောင်းတစ်စွန်းတစ်စပါ။

ကြည်းတပ်ပြခန်းထဲက မြင်ကွင်းတစ်ခု။

စစ်ပွဲမှာ အသက်ပေးကျဆုံးသွားသူများရဲ့ အမည်များကို ရေးထိုးဖော်ပြထားတာပါ။ ကွယ်လွန်သွားတဲ့ ကိုယ့်ဘိုးဘေးဆွေမျိုးများအတွက် အမှတ်တရ ဂုဏ်ပြုပန်းပွင့်လေးတွေ စိုက်လို့ရပါတယ်။ တကယ်တော့ ချစ်စရာပန်းနီနီလေးတွေက သက်သက်အလှဆင်ထားတာ မဟုတ်ဘူးဆိုတာ အနီးရောက်မှ သိပါတော့တယ်။

ဒါက War Memorial ကနေ စောစောက သွားခဲ့တဲ့ Parliament House ကို ပြန်လှမ်းရိုက်ထားတာပါ။

စစ်သမိုင်းပြတိုက်ကအထွက် ၀င်းကျယ်ကြီးထဲမှာ မြင်ရတဲ့ ချစ်စရာ ယုန်လေးတွေ...


အပိုင်း - ၃ မှာ ဆစ်ဒနီခရီးစဉ်ကို ဆက်ပ့ါမယ်။


ဇွန်မိုးစက်