ငယ်လက်ရာ (၂)

3

Category:

ဤနည်းလမ်းသာ

ဒေါ်မြမေသည် ငိုက်မျဉ်းနေသောမျက်စိကို အသာမှိတ်ပြီး ခန္ဓာကိုယ်ကို ခုတင်ပေါ်သို့ လှဲချလိုက်သည်။ တစ်နေကုန်တင်းထားသမျှ စိတ်တို့ကို ဖြေလျှော့လိုက်ပြီး အိပ်မည်ဟု စိတ်နှစ်လိုက်စဉ် နံဘေးမှ လင်တော်မောင်ဖြစ်သူ ကိုဘရွှေထံမှ အရက်နံ့ကို ရှူရှိုက်မိသောကြောင့် အိပ်ချင်စိတ်တို့ လွင့်ပြယ်သွားရသည်။

သက်ပြင်းမောတစ်ချက်ကို လေးတွဲစွာချလိုက်ပြီး နဖူးပေါ်လက်တင်လိုက်သည်။ အဆင်မပြေသော မိသားစုဘ၀တွင် ထွက်ပေါက်ရှာရန် အကောင်းဆုံးနည်းလမ်းမှာ မည်သည့်အရာနည်းဟု စဉ်းစားစရာလိုတော့မည်မထင်ပေ။ ဤအတွေးကို တွေးဖြစ်မိသည်မှာလည်း မကြာခဏပေ။

အဆင်မပြေသောမိသားစုဟု ခေါင်းစဉ်တပ်ရခြင်းမှာ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး စသည့် အရေးပေါင်းများစွာတို့တွင် အဆင်မပြေမှုတို့နှင့် ကြုံတွေ့နေရသောကြောင့်ဖြစ်သည်။ ကိုဘရွှေသည် ဘဏ်ခွဲတစ်ခုမှမန်နေဂျာ၊ ဒေါ်မြမေကမူ အစိုးရရုံးတစ်ရုံးမှ ၀န်ထမ်းတစ်ဦးသာဖြစ်သည်။ တစ်ပတ်စာဈေးဖိုးပင်မရှိသော သူမ၏လခနှင့် ကလေးသုံးယောက်၏ ပညာရေး၊ ကျန်းမာရေး အစရှိသည့်အရေးတို့တွင် အဘယ်ကဲ့သို့လုံလောက်အောင် သုံးစွဲနိုင်ပါမည်နည်း။ ဈေးဖိုးကရော။

ကိုဘရွှေ၏လခသည် သူ၏အရက်ဖိုး၊ စာရေးမလေးများအား ပေးရကြွေးရသော အဖိုးအခနှင့် သူကိုယ်တိုင်ပင် မလောက်ချင်။ ဒေါ်မြမေမှာ တခါတရံ အခြားသူများကပေးလာသော လပေးအထည်များကို အမြတ်တင်၍ ရုံးသို့လပေးဖြင့် တစ်ဆင့်ပြန်လည်ရောင်းချသည်။ ရုံးရှိအချို့သောသူများ၏ အခက်အခဲများပြေလည်စေရန် သူမတို့နေသောရပ်ကွက်အနီးအနားတွင် အိမ်ငှားပေးခြင်းဖြင့် ပွဲစားသဘောမှ ရသောပိုက်ဆံနှင့် ဈေးဖိုးသုံးရသည်ကများသည်။

ကလေးတွေကလည်း သိပ်မလိမ်မာချင်။ အကြီးမက အရွယ်ရောက်လာတော့ ၀တ်ချင်၊ စားချင်လာသည်။ လှချင်၊ ပချင်လာသည်။ သည်တော့ မအေကို ပူဆာစကားလေးစလာသည်။ မ၀ယ်ပေးနိုင်မှန်းသိလျှင် စိတ်ကောက်တတ်လာသည်။ မပေးနိုင်မှန်းသိလျက်နှင့်တောင်းကြသည်မှာ သားသမီးတို့၏ ၀တ္တရားတစ်ခုလို့များ အောက်မေ့ကြသလားမသိ။

တကယ်တော့ မိဘဆိုတာ သားသမီးတွေဘာလိုအပ်သလဲဆိုတာကို အမြဲမျက်စိဒေါက်ထောက်ကြည့်ကာ တတ်နိုင်သလောက် ဖြည့်စွမ်းပေးရသည်ချည်းဖြစ်သည်။ သားသမီးဆိုတာကလည်း မိဘက ငါတို့ကို ဘာများပေးနိုင်မလဲဆိုတာကိုသာ အမြဲမျှော်လင့်နေသူများဖြစ်သည်။

ပညာရေးနှင့်ပတ်သက်လျှင်တော့ ဒေါ်မြမေတတ်နိုင်သလောက် ဖြည့်စွမ်းပေးသည်။ အလှအပ၊ အသုံးအဆောင်များနှင့် ပတ်သက်လျှင်တော့ မသိချင်ယောင်ဆောင်၊ ဆူပူအော်ငေါက်ရသည်။ အလတ်ကောင်ကတစ်မျိုး၊ ဒီကောင်က ဖအေနှင့်တူချင်ချင်ရယ်။ ထစ်ခနဲဆို စိတ်တိုဒေါသထထွက်နှင့်။ ကျောင်းမှာလည်း မကြာခဏ စကားများကြ၊ ထိုးကြကြိတ်ကြနှင့်။

အငယ်ဆုံးသားလေးကတော့ လိမ္မာရှာပါသည်။ ဒါပေမယ့် ကျန်းမာရေးကမကောင်း၊ မကြာခဏချောင်းဆိုး၊ ရင်ကြပ်၊ အပူတက်ချင်သလို ဖြစ်လေ့ရှိသည်။ မွေးကင်းစကပင် ချူချာသည်။ သူ့ကိုကျောင်းသာပို့ရသည်။ စိတ်မချရ။ အလတ်ကောင်ကိုလည်း စိတ်မချရ။ တော်တော်ကြာရန်ပွဲဖြစ်လို့ ဆရာမခေါ်တွေ့မှာကိုလည်း စိတ်ကုန်လှပြီ။ အကြီးမကိုတော့ စိတ်ပူရသည်မှာ တစ်ခြား။ ဒီအရွယ်က စိတ်ကစားတတ်သည့်အရွယ်ဆိုတော့ သူငယ်ချင်းမကောင်းလျှင် သူများမြှောက်ပင့်ပါသွားလျှင်မလွယ်။

ဒီတော့ ဒေါ်မြမေခမျာ စီးပွားရေးအတွက်သာမက သားသမီးရေးအတွက်ပါ ပူနေရသည်။ အသက်က ၄၀ကျော်ရုံမျှသာရှိသေးသော်လည်း အတွေးများနှင့်သောကတို့ ကြီးစိုးနေသောကြောင့် ဆံပင်များပင်ဖြူနေပြီ။ အပေါ်ယံဆိုလျှင် မသိသာပေမယ့် အတွင်းပိုင်းရှိဆံပင်များ အတော်ဖြူနေပြီဖြစ်သည်။

သူမ ကိုဘရွှေကိုလက်ထပ်တုန်းက ယခုလိုပုံစံမျိုးမဟုတ်ခဲ့။ ဟိုစဉ်ကတော့ ကိုဘရွှေမှာ ရုပ်ရည်ကလဲရှိ၊ ပညာတတ်ဘွဲ့ရ စာရေးတစ်ယောက်လည်းဖြစ်၊ ကိုယ့်ကိုလည်း နှစ်လိုဟန်ပြခဲ့တော့ သြော်… ငါ့အတွက်တော့ တစ်ဘ၀စာ အားကိုးထိုက်မှာပဲလေဟု ထင်ခဲ့သမျှ အခုတော့ အဖတ်တောင် ဆယ်ယူစရာမရှိတော့ပေ။

ပထမကလေးတစ်ယောက်ရကစကတော့ သိပ်မဆိုးသေး။ နောက်မှရာထူးတက်လာ၊ အပေါင်းအသင်းကလည်းများလာနှင့် အသောက်အစားပါ များလာသည်။ ထိုစဉ်တုန်းက ဒေါ်မြမေသည် ယောက်ျားအပေါ် အထင်ကြီးလေးစားစိတ်အခံဖြင့် မပိတ်ပင်မတားမြစ်ခဲ့။ သူ့ရာထူးနှင့် ဒီလောက်တော့ အလိုက်အထိုက်ရှိမှာပေါ့လေဟုသာ ထင်ခဲ့သည်။ နောက်တော့ ရုံးက စာရေးမလေးများကိုပါ ကျွေးရမွေးရ၊ ပေးရကမ်းရနှင့် အလုပ်တွေပိုလာသည်။ ထိုစဉ်က ဒေါ်မြမေအကြီးအကျယ်ပေါက်ကွဲခဲ့သော်လည်း သူကတော့ သွေးအေးလွန်းလှသည်။

ကြာတော့လည်း ဒေါ်မြမေသဘောပေါက်လာသည်။ ပြောလည်းအပိုပဲဆိုတာ သိလာသည်။ ဒါကြောင့် ဘာမှဆက်မပြောတော့။ ကွဲမည်ကွာမည်ဆိုလျှင်လည်း ကလေးတွေနောင်ရေးက ရှိသေးသည်။ ဒါကြောင့်ပင် သူမပေးလျှင်နေ၊ မကျွေးလျှင်နေ ကိုယ့်ကိုဒုက္ခမပေးရင်ပြီးရောဟူသောသဘောဖြင့် စိတ်ထား၍ နေခဲ့ရသည်မှာ ကြာလှပြီလေ။

ဒါတွေပြန်တွေးရသည်မှာလည်း အပ်ကြောင်းထပ်နေပြီ။ မတွေးဘဲနှင့်လည်း ခေါင်းထဲဝင်လာသည်မှာ ခဏခဏ။ ဒါကြောင့် စိတ်သောကတွေနှင့်သာ ရင်းနှီးနေရသော ဒေါ်မြမေသည် သောကမှန်သမျှ ကင်းဝေးချင်သည်။ ပူပန်မှုတို့ ကုန်ဆုံးချင်သည်။ ဒီတော့နည်းလမ်းကဘာလဲ။ ပူပင်သောကတွေနှင့်ကင်းဝေးသည့်နည်းလမ်းသည် တရားဓမ္မရှာဖွေအားထုတ်ခြင်းပင်ဖြစ်သည်။ တရားဓမ္မသည် ရှာဖွေနိုင်လျှင် ဘ၀တစ်ခုလုံးကို ငြိမ်းအေးစေသည်ကို ဒေါ်မြမေသိပါသည်။ သို့ပေမယ့် သံယောဇဉ်ဟူသော အမျှင်တန်းကိုတော့ ပြတ်အောင် မဖြတ်နိုင်။

ဒါကြောင့် လောကီရေးရာကိုစွန့်ခွာပြီး လောကုတ္တရာထဲဝင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပေ။ ကိုယ်အသက်ရှင်သမျှ ကာလပတ်လုံး ဒီသား၊ ဒီသမီးတွေအတွက်၊ လူမှုစီးပွားရေးအတွက် ပူပန်နေရဦးမည်သာဖြစ်သည်။ ထို့ကြောင့် ဒေါ်မြမေဆန္ဒရှိသောနည်းလမ်းမှာ သေခြင်းတရားဟူသော ထာဝရအိပ်စက်ခြင်းနည်းလမ်းသာဖြစ်သည်။

သေခြင်းတရား၏နောက်ကွယ်တွင် ဘာတွေရှိနိုင်မလဲဆိုတာတော့ ဒေါ်မြမေ သေချာမပြောနိုင်။ ဒါပေမယ့် ဒီခန္ဓာကိုယ်ကို စွန့်လွှတ်ရသည်နှင့်အမျှ ပူပင်ကြောင့်ကြစိတ်တို့လည်း ပျောက်ကွယ်မှာ သေချာသည်။ တမလွန်မှာ ငြိမ်းအေးဖို့ဆိုတာ ယခုလက်ရှိဘ၀နှင့် သက်ဆိုင်ကြောင်း ဒေါ်မြမေသိပါသည်။ သို့သော် စိတ်ပင်ပန်းသည်နှင့်အမျှ သေခြင်းတရားဆိုတာကို ရင်ဆိုင်ဖို့ သတ္တိတွေရှိလာသလိုပင်။

မိမိငယ်စဉ်ကတော့ သေဆုံးခြင်းဟူသော စကားစုကို အလွန်ပင်ကြောက်ခဲ့သည်။ လက်တွေ့သေဖို့မပြောနှင့် စိတ်ကူးထဲသေကြည့်လျှင်တောင် သေရမှာကို နှမြောလှသည်။

လွန်ခဲ့သောနှစ်အစိတ်တုန်းက ဒေါ်မြမေခေါ် မမြမေသည် စိတ်ကူးထဲတွင် သေကြည့်ဖူးသည်။ ထိုစဉ်ကမူ မမြမေ၏ စိတ်ကူးထဲတွင် သူမသေဆုံးသောအခါ သူမ၏ မိဘဆွေမျိုးများ၊ မိတ်ဆွေမောင်နှမများသည် သူမဘေးတွင် ၀ိုင်းအုံလျက်ရှိသည်။ ထို့နောက် “မမြမေက ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာဖြစ်လို့များ သေသွားရရှာပါလိမ့်” “ဒီကောင်မလေး အသက်ရှိစဉ်က လိမ်လိမ်မာမာပါပဲ” “သူ့ခမျာ လူ့ဘ၀ကို ငယ်ငယ်ရွယ်ရွယ်နဲ့ စွန့်ခွာသွားရရှာတယ်” “သူတမလွန်မှာရော ငြိမ်းအေးရဲ့လား” စသည့် စကားစုပေါင်း မြောက်မြားစွာတို့အား ပြောဆိုကြရင်း သူမအား ၀မ်းနည်းမဆုံးသော မျက်လုံးများဖြင့် ကြည့်နေကြသည်ဟု မမြမေ ထင်မြင်မိသည်။

သို့သော် ထိုစဉ်က မမြမေသည် ထိုအကြည့်၊ ထိုအပြောတို့ကို မခံချင်သောကြောင့်သာ သေဖို့ သတ္တိမရှိခြင်း၊ သေခြင်းတရားကို ရင်မဆိုင်ရဲခြင်းဖြစ်ရမည်။ ယခုမူ…

သြော်… ငါသေသွားရင် လူမှုဒုက္ခအပေါင်းကနေ ကင်းဝေးမှာပဲ။ ထာဝရငြိမ်းချမ်းခြင်းရပါရဲ့၊ လင်ယောက်ျားရဲ့ လျစ်လျူရှုမှုကိုလည်း ဂရုစိုက်စရာ မလိုတော့ဘူး။ သူ့ဟာသူဘာဖြစ်နေနေ၊ ငါမရှိလဲ သူ့အတွက်ဘာမှထူးမှာမဟုတ်ဘဲ။ ငါမရှိလဲ… ဒါပေမယ့် ငါမရှိရင် ဒီကလေးတွေ ဘယ်လိုများ နေထိုင်စားသောက်ကြမှာပါလိမ့်။ ဖအေကလည်း အားအားရှိမူးမယ်၊ ပျော်မယ်၊ ပါးမယ်နဲ့ သူ့ကလေးတွေတောင် သတိရမှာ မဟုတ်ပါဘူး။

ခက်တာက အကြီးမလေး အပျိုဖော်ဝင်စအရွယ်မှာ အမေမရှိဘူးဆိုရင် မတော်တရော်နဲ့များ တွေ့သွားရင်ဒုက္ခ။ အမေမရှိဘူးဆိုပြီး တစ်ယောက်ယောက်ကများ… အမယ်လေး ရင်လေးစရာပါလားနော်။ ဖအေကလည်း မကောင်းတော့ခက်တာပဲ။

အလတ်ကောင်က မဟုတ်မခံစိတ်ရှိပေမယ့် သူ့မောင်နှမအတွက်ဆို အနစ်နာခံချင်စိတ်ရှိတယ်။ တော်တော်ကြာ ပညာဆက်မသင်ဘဲ အလုပ်လုပ်လို့ ပညာတစ်ပိုင်းတစ်စနဲ့ ပညာမတတ်ဖြစ်ဦးမယ်။ အငယ်လေးကိုရော ဘယ်သူက ကြည့်မှာလဲ။ သူ့အစ်ကို၊ အစ်မရှိတယ်ဆိုဦးတော့ အခုမှ ကျောင်းနေစအရွယ်ရှိသေးတာ။ သူ့ကျန်းမာရေးကလည်း ရှိသေးတယ်။

ဖအေက ကောင်းလာပြီပဲ ဆိုပါဦးတော့၊ သမီးမိန်းကလေးပဲဖြစ်ဖြစ်၊ သားယောက်ျားလေးပဲဖြစ်ဖြစ် ဆယ်ကျော်သက်အရွယ်မှာ မိခင်နဲ့ကင်းကွာတာ မကောင်းဘူး။ အဖေဆိုတာ စီးပွားရှားဖို့ပဲတတ်တာ၊ သားသမီးအကောင်းအဆိုးကျတော့ အမေနဲ့မှပိုပြီးသင့်တော်တာ။ ငါစိတ်ညစ်လို့ သေတယ်ဆိုရင်တောင် ဒီကလေးတွေကို စိတ်ချလက်ချထားပြီး အသေဖြောင့်နိုင်မှာ မဟုတ်ဘူး။ ဒီလိုတွေးရတာလည်း တစ်ကိုယ်ကောင်းဆန်ရာ ကျပါတယ်။ ကိုယ့်ယောက်ျားအတွက် မကြည့်နဲ့ဦး။ အဓိကကတော့ ကိုယ့်ကလေးတွေအတွက်ပဲကြည့်လေ။ ငါသေလို့တော့ မဖြစ်သေးပါဘူး။

လူရယ်လို့ဖြစ်လာမှတော့ တွေ့ကြုံရတဲ့ဒုက္ခကို ရဲရဲရင်ဆိုင်ရုံပဲရှိတာပေါ့။ ကိုယ်က မိဘတစ်ယောက်ဖြစ်နေမှတော့ အရာရာကို စိတ်ညစ်နေရုံနဲ့ မပြီးသေးပါဘူး။ သားသမီးဆိုတာကလည်း မိဘကသေချာဆုံးမတတ်ရင် လိမ္မာမှာပဲ။ ကိုယ်က အမေဆိုတော့ အကျိုးသင့်၊ အကြောင်းသင့်နဲ့ သူတို့နားဝင်အောင်၊ နားလည်အောင် ပြောဆိုတတ်ရင် ရမှာပဲလေ။

ခုလိုချိန်တွင် ဒေါ်မြမေ သေဖို့စိတ်ကူးမရှိတော့ပေ။ သတ္တိမရှိလို့တော့ မဟုတ်ပါဟု ဒေါ်မြမေငြင်းချင်သေးသည်။ သတ္တိဆိုတာကလည်း အခြေအနေ၊ အကြောင်းအရာပေါ်မူတည်၍ ပျောက်ကွယ်သွားနိုင်တာပဲ မဟုတ်လား။ ရှိစေတော့။

လောလောဆယ်တော့ ဒေါ်မြမေသည် သူမ၏ ပူပင်သောကများကင်းဝေးစေရေးအတွက် ထာဝရမဟုတ်သော တခဏအိပ်စက်ခြင်းနည်းလမ်းကိုသာ ရွေးချယ်ရမည်မှာ အသေချာဆုံးပင်ဖြစ်တော့သည်။

ဇွန်မိုးစက်
-----------------------------------------------------------------------------------------------------------------------
၂၀၀၀ပြည့်နှစ်လွန်ကာလတစ်ခုက မြတ်မိခင်စာပေပြိုင်ပွဲမှာ ခပ်တည်တည်နှင့် ၀င်ပြိုင်ခဲ့တဲ့ စာမူကလေးပါ။ ပြိုင်ပွဲဝင်စာမူဖြစ်လို့ တကူးတက ကွန်ပျူတာနဲ့ စာစီဖို့ အပ်ခဲ့တာ၊ ဘယ်စာအုပ်တိုက်ကိုမှ မပို့ဖူးသေးကြောင်း ၀န်ခံကတိပြုလွှာရေးပြီး လက်မှတ်ထိုးခဲ့တာတွေ မှတ်မိနေပါသေးတယ်။ ခုနေပြန်ဖတ်ကြည့်တော့ အရေးအသားထက် ဟိုတုန်းက စာရေးခိုက်မှာ ရှိခဲ့တဲ့ ကိုယ့်အတွေးလေးကို ပြန်သဘောကျပြီး ပြုံးနေမိပါတယ်။း)

ငယ်လက်ရာ (၁)

7

Category:


 

ယွန်းစုငယ်၏ စိတ်ကူးဆန္ဒများ


“တံခါးကို သေချာသော့ခတ်ထား။ ဘယ်သူလာလာဖွင့်မပေးနဲ့။ မေမေပြန်လာရင် ဘဲလ်နှစ်ချက်တီးလိုက်မယ်။ ရေနွေးအိုးတည်ထားတာဆူရင် မီးပိတ်ပြီး ဓာတ်ဘူးထဲထည့်ထား။ ကြားလား”

“ဟုတ်”

“သြော်… အိမ်ရှေ့မှာနေပူလာရင် အပင်တွေကို နောက်ဖေးရွှေ့ဖို့ မမေ့နဲ့ဦး။ အ၀တ်တွေခြောက်ရင်လဲ သိမ်းလိုက်ဦး။ မှာတာတွေ မမေ့နဲ့နော်။”

“အင်းပါ”

မေမေက တံခါးပေါက်နားမှာရပ်ရင်း အမှာတော်ခြွေနေတာမို့ “စု” ငြိမ်နေရသည်။

“ကဲ… တံခါးသော့ခတ်တော့”

စုက သော့ခတ်ပြီး ၀ရန်တာမှ ထွက်ကြည့်လိုက်သည်။ စုတို့အခန်းက အပေါ်ဆုံးခြောက်လွှာမြောက်လေ။ မေမေ့ကိုကြည့်ပြီး စု အိမ်ထဲ ပြန်ဝင်လာခဲ့သည်။

ပြီးတော့မှ အခန်းထဲဝင်၊ ဗီရိုကိုဖွင့်ကာ မချုပ်ရသေးသော အကျီစများကိုယူ၊ မကြာသေးခင်ကမှ ဖေဖေပို့လိုက်တဲ့ ဒေါက်မြင့်ဖိနပ်ကိုစီး၊ အ၀တ်စများကို ကိုယ်ပေါ်တွင် ပုံစံအမျိုးမျိုးတင်၍ လမ်းလျှောက်လိုက်သည်။

“အင်း…ဒီလိုဆိုတော့ ငါက ဘယ်ဆိုးလို့လဲ” ဟု မှန်ထဲ လှည့်ပတ်ကြည့်ရှုရင်း ဘာသာ ရေရွတ်လိုက်သည်။

စုကတော့ ခုလို ဒေါက်ဖိနပ်မြင့်မြင့်ကိုစီး၊ ပြီးတော့ ဟန်ပါပါနဲ့ ကြွကြွရွရွလေး လမ်းလျှောက်ရသော ဖက်ရှင်မယ်လေးတွေကို အားကျသည်။ အထူးသဖြင့် ပြင်သစ်နိုင်ငံက ဖက်ရှင်မယ်လေးတွေဆိုရင် အရမ်းစတိုင်လ်ကျပြီး အရမ်းကြည့်ကောင်းတာပဲ။ အရပ်တွေကလည်း အမြင့်ကြီးပဲ။ နောက်တစ်ခါ ဖေဖေ့ဆီစာရေးရင် ဒီ့ထက်မြင့်တဲ့ဖိနပ် ပို့ပေးဖို့ မှာရဦးမယ်။

စုသည် ဖက်ရှင်မယ်များအတိုင်း လမ်းလျှောက်ရင်း “အခုနေများ ငါ့ပုံစံကို တစ်ယောက်ယောက်ကမြင်ပြီး ကြော်ငြာရိုက်ဖို့ကမ်းလှမ်းလာရင် ဘယ်လိုဆုံးဖြတ်ရမလဲ” ဟု တွေးလိုက်သေးသည်။

“အင်း… ကြော်ငြာတစ်ခုရိုက်ရင် အ၀တ်စားဖိုးတွေ၊ ဖိနပ်ဖိုးတွေ ကုန်ရမှာ။ ဒါပေမယ့် ရမယ့်ပိုက်ဆံကလည်း မနည်းပါဘူးလေ။ အကျီအမျိုးမျိုးဝတ်၊ ဖိနပ်အမျိုးမျိုးကိုစီးပြီး အိုက်တင်လုပ်ရတာ သိပ်တော့မခက်ပါဘူး။” ထို့နောက်စုသည် တီဗွီမှလာသော ကြော်ငြာများကို သူမရသလောက် သီချင်းဆို၍ ကြော်ငြာတွေတစ်ခုပြီးတစ်ခု မပြီးနိုင် မစီးနိုင်လုပ်တော့သည်။ ထက်ထက်မိုးဦး၊ မေသန်းနု၊ နန္ဒာလှိုင် စသူတို့၏ကြော်ငြာတွေ တစ်ခုမကျန် သူမ အမျိုးမျိုးလုပ်ကြည့်သည်။

အံမယ် ငါ့အသံနဲ့ဆိုရင် သီချင်းဆိုရင်တောင်ဖြစ်သေး။ စုသည် သီချင်းဆိုခြင်းကိုလည်း ၀ါသနာပါသူဖြစ်ရာ အဆိုတော်လုပ်ရင်ကောင်းမလားဟု စဉ်းစားမိသည်။ ထို့နောက် သူမသည် မှန်တီခုံပေါ်မှဘီးကိုယူ၍ သီချင်းအမျိုးမျိုးကို သီဆိုကျူးရင့်လေတော့သည်။

သူမ ရသမျှ ဟေမာနေ၀င်း၊ ပိုးဒါလီသိန်းတန်၊ ထူးအိမ်သင် စသော အဆိုတော်များ၏ သီချင်းများ ကုန်သလောက်ရှိသွားမှ သီချင်းဆိုခြင်းအမှု ပြီးစီးလေသည်။

“ဘယ်နှနာရီ ရှိပြီလဲ မသိဘူး။ ဟင်…ဆယ့်တစ်နာရီတောင် ထိုးတော့မှာပါလား။” စုသည် ထိုအခါမှ အပင်များကို နောက်ဖေးရွှေ့ဖို့ သတိရလေသည်။

စုသည် ၀ရန်တာသို့ အပြေးလေးထွက်၍ အပင်များကို အိမ်နောက်ဖေးသို့ သယ်ယူလေသည်။ “တစ်လက်စတည်း အ၀တ်တွေပါ သိမ်းလိုက်မှနဲ့ တူတယ်။” စုသည် အကျီများကို စုသိမ်းရင်း အိမ်ရှေ့တိုက်ကို အမှတ်မထင်ကြည့်လိုက်ရာ စုတို့နှင့် မျက်နှာချင်းဆိုင်အခန်းမှ ကောင်လေးတစ်ယောက် သူ့ကို အံ့သြသလိုပုံစံနှင့် ကြည့်နေလေသည်။ “ဟောတော့” ဟု သူမပါးစပ်မှရေရွတ်၍ အိမ်ထဲအမြန်ပြန်ဝင်လာရလေသည်။

ကြည့်မှာပေါ့၊ စုကိုယ်ပေါ်မှာ အ၀တ်စတွေ ပုံစံအမျိုးမျိုးနဲ့ ဖရိုဖရဲဖြစ်နေတာကိုး။ ပြီးတော့ ဒေါက်ဖိနပ်ကလည်း စီးထားသေးတာ။ စုကိုမှ မကြည့်ရင် ဘယ်သူ့ကို သွားကြည့်မလဲ။ “မဖြစ်သေးပါဘူး၊ ဒီအ၀တ်တွေရော၊ ဖိနပ်ပါ ပြန်သိမ်းမှပါပဲ။ မေမေပြန်လာရင် ဆူခံထိနေဦးမယ်။”

စုသည် အ၀တ်များ၊ အကျီစများကို ဗီရိုထဲထည့်နေရင်း ငါ့လိုတီဗွီမှာလဲ ကြော်ငြာတွေရိုက်၊ သီချင်းလည်းဆိုတဲ့ “ယွန်းစုငယ်” ကို ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းလာရင် ဘယ်လိုငြင်းရပါ့မလဲဟု စိတ်ကူးလိုက်လေသည်။

အံမယ် ရုပ်ရှင်ရိုက်ဖို့ကိုလည်း စုက ၀ါသနာပါတာပဲ။ မင်းသမီးဆိုတာ အခန်းကဏ္ဍ အမျိုးမျိုးကနေ သရုပ်ဆောင်ရတယ်ဆိုတော့ ဆရာဝန်လဲ လုပ်ရမှာပဲ။ အင်ဂျင်နီယာလဲ ဖြစ်ရမှာပဲ။ ဆရာမကော လုပ်ဦးမလား။ အကုန်ဖြစ်တာပါပဲလေ။ မင်းသမီးဖြစ်မှတော့ ကျရာအခန်းကနေ ပီပီပြင်ပြင် သရုပ်ဆောင်ရမှာပဲ။ ပြီးတော့အကယ်ဒမီဆုပေးပွဲကို ဟီးလ်မြင့်မြင့်ချွန်ချွန်လေးစီးပြီး ကြွကြွကလေးတက်ရောက်။ ပျော်စရာကောင်းလိုက်တာနော်။

ဒါပေမယ့် မင်းသားတွေရဲ့ အဖက်ကိုခံရမှာဆိုတော့… မဖြစ်သေးပါဘူး။ ပြီးတော့ ကိုယ်က သူများခိုင်းတာလုပ်ရမှာဆိုတော့… သိပ်မလုပ်ချင်ဘူး။ ဒါရိုက်တာဆိုရင်တော့ အပိုင်ပဲ။ ကိုယ်ကြိုက်တဲ့ ၀တ္ထုမှန်သမျှ ရုပ်ရှင်ရိုက်။ ကိုယ်ကြိုက်တဲ့ မင်းသားမင်းသမီးတွေကို ဇာတ်ကောင်လုပ်ခိုင်း။ ဟာ… မကောင်းပါဘူး၊ မင်းသမီးလဲ မလုပ်ဘူး။ ဒါရိုက်တာလဲ မလုပ်ဘူး။ စာရေးဆရာမပဲ လုပ်တော့မယ်။

ဟုတ်တယ်… စာရေးဆရာမသာဖြစ်ရင် သိပ်ကောင်းမှာပဲ။ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒမှန်သမျှ စာထဲထည့်ရေးလိုက်။ ကိုယ်နှစ်သက်တဲ့ပုံစံတွေနဲ့ ဇာတ်ကောင်ဖန်တီး။ ပြီးတော့ “ယွန်းစုငယ်” ဆိုတဲ့ ကလောင်တပ်ပြီး နိုင်ငံကျော်စာရေးဆရာမဘွဲ့ကို ခံယူ။ ဘယ်လောက်ကောင်းလိုက်မလဲနော်။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ စုက စာရေးပျင်းတယ်။

သြော်… အခုမှပဲ ကိုယ့်အရည်အချင်းကို သတိရတော့တယ်။ စုက ကဗျာစပ်တာ သိပ်တော်တာ။ ကျောင်းမှာဆို သူငယ်ချင်းတွေကို ခဏခဏ ကဗျာစပ်ပေးတယ်။ ဒါပေမယ့် ကာရန်တော့ မညှိတတ်ဘူး။ အနုပညာနဲ့ပတ်သက်ရင် ပုံဆွဲတာလည်း ၀ါသနာပါတာပဲ။ ကိုယ်သိပ်ကြိုက်တဲ့ မင်းသားတစ်ယောက်ပုံကို ပုံတူဆွဲပြီး သူငယ်ချင်းတွေကို ကြွားလိုက်ရရင် သိပ်ကောင်းမှာပဲနော်။ အဲဒါကြောင့် ပန်းချီလည်း ဆွဲတတ်ချင်သေးတာ။ အကုန်ပါပဲလေ။

တကယ်တမ်းကျတော့ ပညာတတ်ဖြစ်တာ အကောင်းဆုံးပါပဲလေ။ စုသာ ဆရာဝန်ဖြစ်မယ်ဆို ပါရဂူဘွဲ့ကိုတောင် ယူချင်သေး။ “ဒေါက်တာ ယွန်းစုငယ်” ဆိုရင် အရမ်းကို ဂုဏ်ရှိမှာပဲနော်။ ဒါပေမယ့်လေ စုက သရဲတော့ ကြောက်တယ်။

အင်ဂျင်နီယာဆိုရင်တော့ တိုက်တွေအများကြီးဆောက်ပြီး ကန်ထရိုက်ဆွဲလိုက်မယ်။ အဲဒါဆိုရင် တစ်လတစ်လ ၀င်ငွေက မနည်းဘူးနေမှာ။ ဒါပေမယ့် ဆောက်လုပ်ရေးအင်ဂျင်နီယာဆိုရင်တော့ အသားမည်းမှာ သေချာတယ်။ တော်တော်ကြာ “ယွန်းစုငယ်” ကနေ “ယွန်းစုမည်း” ဖြစ်သွားဦးမယ်။ ဒါဆိုရင်တော့ ဗိသုကာအင်ဂျင်နီယာပဲ လုပ်တော့မယ်။

ပြီးတော့လေ စုက သိပ်ပြီး ကျွမ်းကျင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လည်း ဖြစ်ချင်သေးတယ်။ လုပ်ငန်းရှင် မဖြစ်ရင်တောင်မှ နာမည်ကြီးကုမ္ပဏီတစ်ခုမှာ သိပ်တော်တဲ့ အတွင်းရေးမှူးမလေးတစ်ယောက်ဖြစ်ဖြစ်ပေါ့။ ဘာသာခြားစကားသုံးလေးမျိုးလောက် ကျွမ်းကျင်ပြီး ဘယ်အရာမဆို ကွန်ပျူတာလေးနှိပ်ပြီး အလုပ်လုပ်ချင်တယ်။ အဲဒါဆိုရင် ဘယ်မှာ ပင်ပန်းမှာလဲနော့။ ဦးနှောက်အသုံးပြုပြီး မပင်မပန်းဘဲ လုပ်ချင်ရင်တော့ ဘွဲ့နှစ်ခုလောက်ရမှ ဖြစ်မှာ။

“ဘွဲ့” ဆိုမှ သတိရတယ်။ ကြည့်စမ်း… စုက ဘွဲ့တစ်ခုမပြောနဲ့။ မနေ့တစ်နေ့ကမှ ဆယ်တန်းဖြေထားတာပဲ။ ဟုတ်ပါရဲ့။ မေမေကတော့ အနည်းဆုံး ဒီလေးငါးလုံးလောက်မှ မပါရင်တော့ အသိပဲတဲ့။ စုက ဒီလောက်လည်း မညံ့ပါဘူး။ စု သူငယ်ချင်းတွေကတော့ ဘယ်လိုနေမလဲမသိ။ စုကတော့ စာမေးပွဲကို နည်းနည်းမှ သတိမရ။ ဘာပဲဖြစ်ဖြစ်ပေါ့ ခုလိုကျောင်းရက်ရှည်ပိတ်ချိန်မှာ စိတ်ဆင်းရဲစရာတွေ မတွေးချင်ပေါင်။ စိတ်ညစ်စရာတွေ့ရင်လည်း တွေ့တဲ့အချိန်မှပဲ စိတ်ညစ်တော့မယ်။ အခုနေတော့ ပျော်ပျော်နေလိုက်ဦးမယ်။ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေမှန်သမျှ စိတ်ကူးထဲမှာ ဖြစ်ကြည့်ရဦးမယ်။

ဒါပေမယ့် လောလောဆယ်တော့ ရေနွေးအိုးဆူနေလို့ မီးသွားပိတ်ရဦးမယ်။ ဘယ်အချိန်ထဲက ဆူနေတာလဲ မသိဘူး။ ရေခန်းတာလည်း တစ်ဝက်လောက်ပဲ ကျန်တော့တယ်။ မေမေပြန်လာရင် ဘယ်လိုဆင်ခြေပေးရမလဲ မသိဘူး။

“ဟော… ဘဲလ်နှစ်ချက်တီးသံကြားတယ်။ မေမေပြန်လာပြီနဲ့တူတယ်။ ဒုက္ခပါပဲ” စုသည် အိမ်ရှေ့သို့သွားရင်း မေမေ့ကိုဘယ်လို ဆင်ခြေပေးရပါ့မလဲဟု အပြေးအလွှားစဉ်းစားရလေတော့သည်။

ဇွန်မိုးစက် 

--------------------------------------------------------------------------------------------------------------------------------------------
လွန်ခဲ့တဲ့ ၁၇၊ ၁၈နှစ်လောက်က ရေးခဲ့တဲ့ ပထမဆုံး ၀တ္ထုတိုလေးပါ။ စာရေးတာနှင့်ပတ်သက်ပြီး စိတ်ဆန္ဒပြင်းပြချိန်ဖြစ်နေတော့ ဒီလို (အရွေးမခံရမယ့်) စာမျိုးလေးကိုတောင် မဂ္ဂဇင်းတိုက်ကို မျှော်လင့်တကြီး သွားပို့ခဲ့တာပါ။ စာအသစ်မရေးဖြစ်တာလည်းကြာ၊ ဘလော့ဂ်လေးလည်း ဖုန်တက်နေတာနှင့် အသင့်စာစီပြီးသား ငယ်လက်ရာ စာဟောင်းတစ်ပုဒ်ကို အမှတ်တရအဖြစ် တင်လိုက်ပါတယ်။ အရွေးမခံရတဲ့၊ ပြိုင်ပွဲမှာ ဘာဆုမှမချိတ်ခဲ့တဲ့၊ ဘယ်စာအုပ်တိုက်ကိုမှ မပို့ဖြစ်တဲ့ ငယ်လက်ရာ စာဟောင်းလေးတွေ ရှိပါသေးတယ်။ အားပေးတဲ့ စာဖတ်သူများရှိခဲ့ရင် ဆက်တင်ဖြစ်မလား မပြောတတ်ဘူး။ :D