တကယ်တော့ ဖတ်စာထဲကခရီးစဉ်အကြောင်း အပိုင်း(၂)
ကို မနှစ်ကတည်းက ကျွန်မရေးခဲ့သင့်သော်လည်း အကြောင်းကြောင့်မရေးဖြစ်ခဲ့။ ဒီနှစ်
facebook memory မှာ ကျွန်မသွားခဲ့သောခရီးစဉ်လေးပြန်ပေါ်လာမှ အမေရိကန်ပြည်ထောင်စု၊ မင်နီစိုးတား
(Minnesota) ပြည်နယ်မှ ဟိုးလ်ဒင်းဖို့ဒ် (Holdingford) အမည်ရသော မြို့ငယ်လေးကို အရောက်သွားခဲ့သည့်အကြောင်းရေးရန်
ကျန်နေပါသေးလားဟု သတိရသွားခဲ့သည်။ ကျွန်မ၏ မှတ်စုစာအုပ်သေးသေးလေးထဲက ပထမဆုံးနေရာကိုသွားကြည့်ခွင့်ရပြီး
နောင်ခြောက်နှစ်အကြာမှာ ဒုတိယမြောက်နေရာသို့ ကျွန်မ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင် ပြည်နယ်ပေါင်း
(၅၀) ရှိသည့်အနက် နိုင်ငံမြောက်ပိုင်းတွင်တည်ရှိသော မင်နီစိုးတားပြည်နယ်ကို တကူးတကသွားကြည့်ချင်အောင်
လှုံ့ဆော်ခဲ့သောပင်မရင်းမြစ်မှာ ‘ဂစ်ရစ်ဆင်ကိုင်လာ’ (Garrison Keillor) ရေးသားခဲ့သော
‘ပရေရီ (ဝေါဘီဂွန်) မြို့ငယ်ငယ် လွမ်းဘွယ်နေ့များ’ (Lake Wobegon Days) ဟူသော စာတစ်အုပ်ကြောင့်ဖြစ်သည်။
အဲ့သည်စာအုပ်လေးကို ကျွန်မ စတုတ္ထတန်းနှစ်မှာ အမေရိကန်သံရုံးမှဝန်ထမ်းတစ်ဦးဖြစ်သော
ကျွန်မ၏ဦးလေးတော်စပ်သူက အမေ့ကို လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ စာဖတ်ဝါသနာအရင်းခံရှိသော
ကျွန်မသည် နွေရာသီကျောင်းပိတ်ရက်တွင် စာအုပ်စင်ပေါ်မှ အမေလက်ဆောင်ရထားသော ‘အမေရိကန်သမ္မတဂျွန်အက်ဖ်ကနေဒီ၏ရုပ်ပုံလွှာ’
အတ္ထုပတ္တိနှင့် ‘ပရေရီမြို့ငယ်ငယ် လွမ်းဖွယ်နေ့များ’ စာအုပ်နှစ်အုပ်စလုံးကို စတင်မြည်းစမ်း
ဖတ်ကြည့်ခဲ့သည်။ အဲ့သည်အချိန်က ရုပ်ပြကာတွန်းများသာအဖတ်များပြီး ဘာသာပြန်စာအုပ်ကို
စစကိုင်ချင်းမို့ ကျွန်မအတွက် စာလေးပေလေးကြီးလိုဖြစ်နေရကား ဖတ်ရမသွက်သောကြောင့် နှစ်အုပ်လုံးကိုပြီးအောင်
ဆက်မဖတ်နိုင်ခဲ့။
Showing posts with label Essay. Show all posts
Showing posts with label Essay. Show all posts
ပဉ္စမတန်းနွေရာသီကျောင်းပိတ်ရက်မှာ ဝေါဘီဂွန်စာအုပ်ကို
ကျွန်မ ကြိုးစား၍ထပ်ဖတ်သည်။
အရင်ကထက် နဲနဲပိုဖတ်လို့ရလာသည်။ ဖတ်ရင်းဖတ်ရင်းနှင့် ကျွန်မ နှစ်ခြိုက်လာသည်။ ဆဌမတန်းကျောင်းပိတ်ရက်မှစ၍
နောင်နှစ်စဉ်နွေကျောင်းပိတ်ရက် ရောက်သည့်အခါတိုင်း ဂယ်ရစ်ဆင်ကိုင်လာ၏စာအုပ်ကို
ကျွန်မအမြဲဖတ်သည်။ သည်လိုနှင့် ‘ပရေရီမြို့ငယ်ငယ် လွမ်းဘွယ်နေ့များ’ စာအုပ်သည် ကျွန်မဖတ်ခဲ့ဖူးသမျှစာအုပ်အားလုံးထဲတွင်
အကြိမ်အရေအတွက်အများဆုံး စာရင်းဝင်သွားခဲ့သည်။ ကျွန်မက စာအုပ်ဖတ်နေရင်း တခစ်ခစ်ရယ်နေသဖြင့်
မောင်လေးကလည်း စိတ်ဝင်တစားရှိလာကာ သူပါ အဲ့သည့်စာအုပ်ကို လိုက်ဖတ်သည်။ သူလည်း သဘောကျသွားပုံပေါ်ပါသည်၊
သူနှစ်သက်ရာအခန်းများကို မကြာခဏ ရွေးဖတ်လေ့ရှိရုံသာမက သူအနှစ်သက်ဆုံးအခန်းကိုလည်း ခဲတံဖြင့်အမှန်ခြစ်
ခြစ်ထားခဲ့သည်။ စာအုပ်လေးခမျာ ကျွန်မတို့မောင်နှမနှစ်ယောက်လက်ထဲမှာပင်
အတော်ဟောင်းနွမ်းသွားခဲ့ရှာသည်။
တကယ်တော့
စာရေးဆရာဂယ်ရစ်ဆင်ကိုင်လာသည် ကျွန်မတို့ငယ်စဉ်က ရုပ်မြင်သံကြားတွင် လူကြိုက်များသော
ဇာတ်လမ်းတွဲတစ်ပုဒ်ဖြစ်သည့် ‘A Little House on the Prairie’ ၏ မူလပဲ့ကိုင်ရှင်ဖြစ်သည်။
၁၉၇၄ခုနှစ်တွင် အမေရိကန်နိုင်ငံတ၀ှမ်း ရေဒီယိုအသံလွှင့်ဇာတ်လမ်းအဖြစ် စီစဉ်တင်ဆက်ခြင်းကို
ပရိသတ်များအကြိုက်တွေ့သဖြင့် နောက်ပိုင်းတွင် ရုပ်မြင်သံကြားဇာတ်လမ်းတွဲအဖြစ် ဆက်လက်ထုတ်လွှင့်ရာ
တခဲနက်အောင်မြင်မှုရခဲ့ပြန်သည်။ ‘ဝေါဘီဂွန်နေ့များ’ စာအုပ်သည် သူရေးသားခဲ့သော ဇာတ်လမ်းများထဲမှ
ကောင်းနိုးရာရာကို စုစည်းပြီး စာအုပ်အဖြစ် ပြန်လည်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ မြန်မာဘာသာပြန်ဆရာ
‘မဟာမိ’ ၏ ပြန်ဆိုမှုအောက်တွင် စာအုပ်လေးသည် ဆေးစက်ကျရာအရုပ်ထင်သောဇာတ်ကောင်များနှင့်
ရုပ်လုံးကြွအသက်ဝင်ခဲ့ပြီး
စာအုပ်ထဲတွင်ဖန်တီးထားသော ဝေါဘီဂွန်မြို့နှင့်မြို့သူမြို့သားများကို သွားကြည့်ချင်စိတ်ပေါ်အောင်
ကျွန်မကို ထူးခြားစွာ ဆွဲဆောင်နိုင်ခဲ့သည်။ စိတ်ကူးယဉ်ဝေါ်ဘီဂွန်မြို့သည် တော့တိုးကျန်စာအုပ်ထဲက
မီးရထားတွဲစာသင်ခန်းလို ပြင်ပမှာအမှန်တကယ် မတည်ရှိခဲ့သော်လည်း တစ်နေ့နေ့တစ်ချိန်ချိန်
ကျွန်မ အမေရိကန်ပြည်ထောင်စုသို့ရောက်ခဲ့လျှင် စာအုပ်ထဲကမြို့နှင့် အနီးစပ်ဆုံးတည်ရှိသည့်နေရာသို့
ရောက်အောင်သွားမည်ဟု ပြင်းပြသောဆန္ဒ ထိုစဉ်ကတည်းက ဖြစ်တည်ခဲ့သည်။
၂၀၁၈ခုနှစ်
စက်တင်ဘာလ ၂၂ ရက် ဆောင်းဦးပေါက်ရာသီတွင် Delta လေကြောင်းလိုင်းဖြင့် ၀ါရှင်တန်ဒီစီလေဆိပ်မှ
မင်နီစိုးတားပြည်နယ် မင်နီယာပိုလစ္စ်/စိန့်ပေါလ် လေဆိပ်သို့ ကျွန်မရောက်ရှိခဲ့သည်။ လေယာဉ်ပေါ်ရောက်ကတည်းက
လေယာဉ်စီးခရီးသည်များ၏ ထူးခြားသောရုပ်ဆင်းသဏ္ဍာန်ကို သတိပြုမိသည်။ အဲ့သည့်ခရီးစဉ်မတိုင်မီက
အမေရိကန်အရှေ့ခြမ်းမှနေ၍ ပြည်တွင်းလေကြောင်းလိုင်းအသီးသီးဖြင့်
အနောက်ဘက်ရှိကယ်လီဖိုးနီးယားပြည်နယ်နှင့် တောင်ပိုင်းရှိတက္ကဆက်ပြည်နယ်များကို ခရီးနှင်ခဲ့ဖူးသည်။
ထိုစဉ်အခါက ကျွန်မ၏ရှေ့နောက်ဝဲယာတွင် ထိုင်နေကြသော ခရီးသည်များ၏ အသားအရောင်မျက်နှာပေါက်များသည်
အာရှ၊ ဥရောပ၊ လက်တင်အမေရိက သွေးပေါင်းစုံနှောထားခြင်းခံရသော သူလိုကိုယ်လို အမေရိကန်ကပြားများ၏
ရုပ်ရည်များပင်။ မင်နီစိုးတားပြည်နယ်သို့သွားသောခရီးစဉ်တွင်မူ လေယာဉ်ပေါ်တွင်လိုက်ပါလာသောလူအများစုသည်
အသားဖြူလျော်လျော်၊ မျက်နှာနီစပ်စပ်နှင့် အအေးထူကဲသော ဥရောပမြောက်ပိုင်းမှ စကဲန်ဒီနေးဗီးယားနိုင်ငံသူနိုင်ငံသားများ၏
မျက်နှာမျိုးဖြစ်နေသည်။ အင်းလေ… အဲသည့်ပြည်နယ်ကို ပထမဆုံးအခြေချခဲ့သည်လူမျိုးများသည်
နော်ဝေးနိုင်ငံသားများဖြစ်သည်ဟု စာအုပ်ထဲမှာ ဖော်ပြထားသည် မဟုတ်ပါလား။
စက်တင်ဘာလ
၂၃ရက်တွင် စာရေးဆရာဇာတ်အိမ်ဖွဲ့တည်ရာ ဟိုးလ်ဒင်းဖို့ဒ်မြို့သို့ Google Map ၏ အကူညီဖြင့်
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့သည်။ မင်နီစိုးတားခရီးစဉ်မသွားခင် အင်တာနက်မှနေ၍
ဂယ်ရစ်ဆင်ကိုင်လာနှင့်သူ့စာအုပ်အကြောင်းရှာဖတ်ရင်း သူစိတ်ကူးဖြင့်
ဖန်တီးခဲ့သောမြို့သည် ဟိုးလ်ဒင်းဖို့ဒ်နှင့် အနီးစပ်ဆုံးတူညီကြောင်း တွေ့ရှိသွားခဲ့သည်။
စာအုပ်ထဲတွင်ပါသော မင်နီယာပိုလစ်္စ၊ စိန့်ပေါလ်၊ စိန့်ကလောက်၊ စိန့်ဂျိုးဇက်ဖ်၊ အေဗွန်၊
အယ်လ်ဘာနီ၊ ဖရီးပို့တ် မြို့များအားလုံးကိုလည်း ဂူဂဲလ်မြေပုံမှာ ကျွန်မရှာတွေ့သည်။
ဟိုးလ်ဒင်းသည်
အိမ်ခြေ(၃၀၀)ကျော်၊ လူဦးရေစုစုပေါင်း(၇၀၀)ခန့်သာရှိသော မြို့ငယ်လေးတစ်ခုဖြစ်သည်။ လူဦးရေ၏(၉၇)ရာခိုင်နှုန်းသည်
ဥရောပတိုက်မြောက်ပိုင်းမှဆင်းသက်လာသော လူဖြူမျိုးနွယ်စုများဖြစ်ကြသည်။ မြို့လေးကိုကားဖြင့်တစ်ပတ်ကြည့်ပြီး
သန့်စင်ခန်းဝင်ရန် ကုန်စုံဆိုင်လေးတစ်ဆိုင်ရှေ့မှာ ရပ်နားသည်။ ထိုကုန်စုံဆိုင်လေး၏အရောင်းကောင်တာတွင်
ရပ်နေသောလူငယ်လေးသည် စာအုပ်ထဲမှ ဂယ်ရီ့စကားဖြင့်ညွှန်းဆိုရလျှင် အမေရိကန်ပြည်ထောင်စုမြောက်ပိုင်းကိုကိုယ်စားပြုသော
ကျေးလက်တောသားအသွင်ကို သိသိသာသာဆောင်နေသည်။ အိမ်တစ်အိမ်ရှေ့တွင် နေပူစာလှုံနေသော အဖိုးအိုးတစ်ဦး၏
ခေတ်နောက်ပြန်ဆွဲသော မျက်လုံးများသည် တနယ်တကျေးကလာသော အာရှတိုက်သားကျွန်မကို စူးစမ်းသည့်အကြည့်ဖြင့်
ကြည့်နေသည်။ စာအုပ်ထဲမှာဖော်ပြထားသော ရာ့ဖ်ကုန်စုံဆိုင်နှင့် ဘန်ဆင်မော်တော်ကားရောင်းဝယ်ရေးဆိုင်များရှိလေမလားဟု
ကျွန်မရှာကြည့်သော်လည်း မတွေ့ခဲ့ပါ။
သို့သော် 'Gateway to Lake Wobegon' ဆိုသည့် ဆိုင်းဘုတ်ကြီးကိုတော့ ရှာဖွေတွေ့ရှိခဲ့ပါသည်။ ထိုဆိုင်းဘုတ်ရှေ့တွင်
ကျွန်မယူဆောင်သွားခဲ့သော မူရင်းနှင့်ဘာသာပြန်စာအုပ်နှစ်အုပ်ချပြီး အမှတ်တရ ဓာတ်ပုံရိုက်ခဲ့သည်။
ဟိုးလ်ဒင်းဖို့ဒ်မှအပြန် စိန့်ကလောက်မြို့တွင် နေ့လယ်စာဝင်စားခဲ့သည်။ စာအုပ်ထဲက တိုနီဟုအမည်ရသော
ဝေါဘီဂွန်မြို့သားဇာတ်ကောင်တစ်ဦးနှင့် ဂွတီးဂွကျသူ့ဆွေမျိုးတောသားတစ်အုပ် စိန့်ကလောက်မြို့သို့
ပထမဆုံးအကြိမ်ရောက်လာပုံအခန်းကို ပြန်လည်မြင်ယောင်ရင်းပြုံးမိသည်။ ကျွန်မ၏ ဝေါဘီဂွန်ခရီးစဉ်လေး
အတော်အသင့် ပြည့်စုံခဲ့ပြီဟု ဆိုနိုင်ပါသည်။
ဂယ်ရစ်ဆင်ကိုင်လာသည်
အမေရိကားတိုက်/အမေရိကန်ပြည်ထောင်စုကို သူများနှင့်မတူသောအမြင်ဖြင့် ကြည့်တတ်မြင်တတ်အောင်
ကျွန်မကို မိတ်ဆက်ပေးခဲ့သည်။ ဝေါဘီဂွန်စာအုပ်ကြောင့် ကျွန်မအလယ်တန်းကျောင်းသူဘ၀ထဲကပင်
အမေရိကန်နိုင်ငံကို အကြိမ်ကြိမ်ရင်းနှီးခဲ့သည်။ ကမ္ဘာအရပ်ရပ်မှလူမျိုးပေါင်းစုံတို့
ပြောင်းရွှေ့အခြေချနေထိုင်ရာ နိုင်ငံကြီးတစ်နိုင်ငံသို့ ရောက်ရှိခဲ့သော မူလဇာတိဇစ်မြစ်ဘိုးဘွားများ၏
ခံယူချက်၊ သဘောထားတို့ကို စာအုပ်ထဲမှတဆင့် ကျွန်မဖောက်ထွင်းသိမြင်ခွင့်ရခဲ့သည်။ လက်ရှိတိုးတက်ထွန်းကားနေသောအခြေအနေနှင့်
ကွာဟဒွန်တွဲစွာတည်ရှိနေသော အမေရိကန်ပြည်ထောင်စု၏ လူသိမများလှသော သမိုင်းတစိတ်တပိုင်းကို
လေ့လာမှတ်သားခဲ့ရသည့်အတွက် ထိုစာအုပ်လေးဖတ်ခွင့်ရခြင်းကို ကျွန်မ ၀မ်းမြောက်ဝမ်းသာ
ဖြစ်မိပါသည်။
ကျွန်မရင်တွင်းမှာ အနှစ်အနှစ်အလလ ကိန်းအောင်းခဲ့သော
ဆန္ဒတစ်စုံကို အောင်မြင်စွာ အကောင်ထည်ဖော်ခွင့်ရခြင်းအတွက် ကြည်နူးပီတိ ဖြစ်ခဲ့ရသလို၊
ကျွန်မ ဖတ်(ခဲ့ဖူးသော)စာများထဲက ဒုတိယမြောက်နေရာဖြစ်သော အမေရိကန်ပြည်ထောင်စုမြောက်ပိုင်းရှိ
မင်နီစိုးတားပြည်နယ်က ဝေါဘီဂွန်တစ်ဖြစ်လဲ ဟိုးလ်ဒင်းဖို့ဒ်မြို့သို့ ဆိုက်ဆိုက်မြိုက်မြိုက်အရောက်သွားပြီး
ခြေချခွင့်ရခြင်းသည် ကျွန်မ၏အမေရိကားခရီးစဉ်ပန်ချီးကားတစ်ချပ်ကို ပိုမိုပြည့်စုံအောင်
ဆေးခြယ်ဖြည့်စွက်လိုက်သကဲ့သို့ပင် ရှိပါတော့သည်။
ဇွန်မိုးစက်
၂၂ စက်တင်ဘာ ၂၀၁၉
နေ့လယ် ၁နာရီး ၅၂မိနစ်
ဖတ်စာထဲက
ခရီး (၁)
ကုန်လွန်ခဲ့သော တစ်နှစ်ခွဲတာကာလအတွင်း ဖြစ်ပျက်သမျှ
အပြောင်းအလဲများနှင့် မတူညီသောဝန်းကျင်နေရာဒေသအသီးသီးက ကျွန်မဘ၀နေထိုင်မှုပုံစံကို သိသိသာသာ ပြောင်းလဲစေခဲ့သည်။
ဝန်ထမ်းဘ၀၊ ကျောင်းသူဘ၀ နောက်တော့ (အိမ်ထောင်မရှိသော) အိမ်ရှင်မဘ၀။ အလုပ်လုပ်စဉ်၊ ပညာသင်ယူစဉ်က
တစ်ပတ်မှာငါးရက်ရုံးတက်၊ ကျောင်းတက်ပြီး ကျန်သောအားလပ်ရက်မှာ ကျွန်မဆန္ဒရှိရာ၊ ၀ါသနာပါရာကိစ္စတွေကို
နောက်ဆံတင်းစရာမလိုဘဲ တစိုက်မတ်မတ် လုပ်ကိုင်နိုင်ခဲ့သည်။ ကျွန်မအသက် ၂၂နှစ်အရွယ်ကတည်းက
မိသားစုနှင့်ခွဲပြီး ရပ်ဝေးမြေမှာ တစ်ကိုယ်တည်းနေခဲ့သူမို့ ကိုယ့်အချိန်ကိုယ် အပြည့်အ၀ပိုင်သည့်
ဘ၀မျိုးမှာ ဆယ်စုနှစ်ကျော်ကြာအောင် အသားကျနေခဲ့ပြီ။
ခုတော့… ကျွန်မသည် ဟိုတုန်းကအဖြစ်နှင့်
လုံးလုံးလျားလျားဆန့်ကျင်ကာ နေ့စဉ်ရက်ဆက် လူမမာမိခင်နှင့် များပြားလှသော အိမ်မှုကိစ္စတွေကြား
ဗျာများနေရသည်။ မနက် ၇နာရီခွဲမှ ညအိပ်ရာဝင်ချိန်ထိ အလုပ်တွေ ဇယ်ဆက်သလို တစ်ခုပြီးတစ်ခုလုပ်ရင်း
နေ့ရက်တွေ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားခဲ့သည်။ ကျွန်မအတွက် အားလပ်ရက်သီးသန့်ဆိုတာမျိုးမရှိ။
ဒီလိုအခြေအနေကြားထဲက ကျွန်မ အချိန်ယူပြီး စာရေးဖို့ ကြိုးစားကြည့်သော်လည်း မအောင်မြင်သည်က
များပါသည်။
ကျွန်မ၏ တစ်နေ့တာအချိန်ဇယားကို ပြန်ကြည့်လိုက်တော့
မနက်ခင်းမှာ ဈေးဝယ်ထွက်ပြီး အိမ်ပြန်ရောက်လျှင် ဘုရားပန်းအိုးနှင့် သောက်တော်ရေများ
အသစ်လဲကပ်ပြီးသည်နှင့် မီးဖိုချောင်ဝင်ရသည်။ မနက်ဆယ်နာရီမှာ အိမ်သို့ဆွမ်းခံကြွသော
သံဃာအမှီ ချက်ပြုတ်ရသည်။ အပတ်စဉ် တနင်္လာနေ့လို ဆွမ်းချိုင့်ကပ်လှူသည့်ရက်မျိုးမှာ အိမ်ဆွမ်းအပြင်
ကျောင်းဆွမ်းအတွက် စတီးချိုင့်အကြီးငါးချိုင့်အပြည့်စာ ဆွမ်းနှင့်အချိုပွဲ အချိန်မီထည့်နိုင်အောင်
ချက်ပြုတ်စီမံရသည်။ မနက်စာချက်ပြုတ်ပြီး ဘုရားဆွမ်းတော်ကပ်ပြီးလျှင် အမေ့ကို ထမင်းကျွေးရသည်။
အမေထမင်းစားနေစဉ် သံပုရာရည်ဖျော်၊ အမေထမင်းစားပြီး သံပုရာရည်သောက်ချိန်မှာ လျှော်စရာအ၀တ်များကို
စက်ထဲထည့်ပြီး ပန်းကန်ခွက်ယောက်များဆေးကြောသည်။
၁၁နာရီလောက်မှာ ကျွန်မအမောဖြေရင်း သတင်းစာဖတ်သည်။
ပြီးတော့ ထမင်းစားသည်။ ထမင်းစားသောက်ဆေးကြောပြီး အရင်နေ့ကလှမ်းထားသော အ၀တ်ခြောက်များကိုရုတ်သည်။
မခြောက်သေးသောအ၀တ်များကို နေရာရွှေ့ပြီး လောလောလတ်လတ် လျှော်ပြီးသောအ၀တ်များကို ထုတ်လှန်းသည်။
လူမမာရှိသည့်အတွက် အ၀တ်လျှော်စရာတွေက နေ့တိုင်းရှိပါသည်။ မိုးများသော မိုးတွင်းဖြစ်သည့်အလျောက်
လှန်းထားသည့်အ၀တ်များ အချိန်တိုအတွင်းသွေ့ခြောက်ရန် မလွယ်ကူသည့်အတွက် အနည်းငယ်စိတ်ပျက်ရသည်။
ဒီလိုနှင့် မွန်းတည့်ကျော်သွားသည့်အချိန်မှာ
ထမင်းလည်းစောစားထား၊ အစားလည်းနည်းပြီး နှစ်နာရီခြားတစ်ခါလောက် စားတတ်သည့်အမေ့အတွက်
ထမင်းမဟုတ်သည့် အစားအသောက်တစ်ခုခု အသင့်ဖြစ်နေရန် ပြင်ဆင်ပေးထားရသည်။ အမေ့ခြေထောက်ပြန်လည်သန်စွမ်းပြီး
လမ်းပြန်လျှောက်နိုင်ရန်အတွက် နာရီဝက်လေးဆယ့်ငါးမိနစ်ခန့် လေ့ကျင့်ခန်းလုပ်ပေးပြီးချိန်တွင်တော့
ကျွန်မ ခေတ္တအိပ်စက်ပြီး အနားယူချင်စိတ်ပေါ်လာမြဲဖြစ်သည်။ နေ့လယ်ခင်းတစ်ရေးမှ မအိပ်ရလျှင်
ကျွန်မ နောက်ထပ်အိမ်အလုပ်များကို ဆက်လက်လုပ်ဆောင်နိုင်ရန် လုံလောက်သောအားအင်မရှိသည့်အတွက်
ခဏဖြစ်ဖြစ်တော့ မျက်စိမှိတ်လှဲလျောင်းရပါသည်။ ဧည့်သည်တစ်ဦးဦး သို့မဟုတ် လေ့ကျင့်ခန်းဆရာမရောက်သည့်
နေ့လယ်ခင်းမျိုးမှာတော့ ကျွန်မအိပ်ခွင့်မရတတ်ပါ။ တရေးတမောအိပ်ပြီးနိုးထသည့်အခါ အမေ့ကို
လက်ဖက်ရည်တိုက်၊ မုန့်ပဲသရေစာအနည်းငယ်ကျွေးပြီး ရေပတ်တိုက်ပေးရန် ပြင်ဆင်ရတော့သည်။
တစ်ကိုယ်လုံးကိုရေပတ်တိုက်သန့်စင်ပြီး
အိပ်ရာခင်းများလဲပြီးချိန်တွင် ညနေ ၄နာရီသို့မဟုတ် ၄နာရီခွဲရှိသွားပြီဖြစ်သည်။ ကျွန်မလည်း
နေ့ခင်းစာမုန့်စား၊ ကော်ဖီတစ်ခွက်ဖျော်သောက်ပြီး ၆၆ပုဒ်ပါသော ရွှေဥဒေါင်း၏ စုံထောက်ဝတ္ထုတိုပေါင်းချုပ်သစ်ထဲမှ
ကျဘမ်းတစ်ပုဒ်ကို ရွေးပြီးဖတ်သည်။ တစ်နေ့တာလုံးမှာ ကျွန်မပိုင်သော ထိုမိနစ်သုံးဆယ်စာ
အချိန်လေးသည် ကျွန်မအတွက်တော့ “ရွှေ” ဖြစ်သည်။
ညနေငါးနာရီထိုးသည့်အခါ မခြောက်သေးသော
အ၀တ်များကို နေရာရွှေ့၊ တံခါးများမပိတ်ခင် ပန်းပင်ရေလောင်း၊ ဘုရားမီးပူဇော်ပြီးသည်နှင့်တပြိုင်နက်
ညနေစာအတွက် ပြင်ဆင်ရတော့သည်။ အမေက အချဉ်ပါမှ ထမင်းမြိန်သည့်အတွက် ချဉ်ရည်ဟင်း ဒါမှမဟုတ်
အချဉ်အရသာရွှမ်းသော အသုပ်တစ်ခုခုပါအောင် အမြဲထည့်ရသည်။ အသားဟင်းနှင့် အရည်သောက်ကို မနက်ကတည်းက
နှစ်နပ်စာချက်ထားသော်လည်း အရွက်ကြော်နှင့် အသုပ်တစ်ပွဲကိုတော့ ညနေမှာ ထပ်ဖြည့်ရပါသည်။
၆နာရီထိုးလျှင် အမေ့ကို ညနေစာကျွေးပြီး ဆေးတိုက်ရသည်။ ၇နာရီထိုးလျှင် ကျွန်မရေချိုးပြီး၊
၇နာရီခွဲလျှင်တော့ ကျွန်မ တီဗီရှေ့ခဏထိုင်ကာ တစ်ရက်ကို ၁၀မိနစ်သာပြသော ဂျပန်ကားအတွက်
အချိန်ပေးပါသည်။ တီဗီကြည့်ပြီး ကျွန်မထမင်းစား၊ အိုးခွက်ပန်းကန်များဆေးကြောပြီး အမေ့ကို လေ့ကျင့်ခန်းနောက်တစ်ကြိမ်လုပ်ပေးရန်
အသင့်ပြင်ရသည်။
ည၈နာရီ၄၅မှာ ဆယ့်ငါးမိနစ်ခန့်ထုတ်လွှင့်သော
ဘီဘီစီမြန်မာပိုင်းသတင်းအစီအစဉ်ကို အပြေးအလွှားကြည့်ပြီး အမေ့အတွက် ညအိပ်ရာဝင်ဖို့ ပြင်ဆင်ပေးရသည်။
အမေ့ကို သနပ်ခါးလူးပေးပြီးနောက် အိပ်ရာထဲမှာ ဘုရားရှိခိုး၊ နတ်ပင့်၊ ပရိတ်ရွတ်၊ မေတ္တာပို့၊ အမျှဝေ၊
နတ်ပို့ အားလုံးပြီးချိန်သည် ည၉နာရီခွဲနှင့် ၁၀နာရီကြားမှာဖြစ်သည်။ ဘုရားရှိခိုးပြီးသည်နှင့်
ကုတင်ပေါ်မှဆင်းကာ အမေသောက်ဖို့ နွားနို့ပြေးကျို၊ ညလယ်စာအတွက် မုန့်အချို့နှင့်ပန်းသီးစိမ်းကို
မုန့်ဗူးများထဲမှာ အစီအရီထည့်ပြီး အမေ့ကို ပေးထားရသည်။ အမေညည ဆီးထသွားနိုင်ဖို့အတွက်လည်း
အမေမအိပ်ခင်မှာ ကြိုတင်ပြင်ဆင်ပေးရပါသေးသည်။ အားလုံးအဆင်သင့်မဖြစ်လျှင် အမေကောင်းကောင်း
အိပ်မပျော်ပါ။
ဤသို့ဖြင့် ကျွန်မ၏ တစ်နေ့တာဝတ္တရားများသည်
စောလျှင် ညဆယ်နာရီခွဲ နောက်ကျလျှင် ဆယ့်တစ်နာရီမှာ ပြီးဆုံးသွားတော့သည်။ မနက်ခင်းမှညရောက်သည်အထိ
ကြိုကြားအချိန်များတွင် ဖုန်းပြေးကိုင်ရခြင်း၊ ဧည့်သည်လာလျှင် ဧည့်ခံရခြင်း၊ မကြာခဏဆီးသွားတတ်သော
အမေ့ကို ဆီးတည်ပေးရခြင်း၊ ၀မ်းတည်ပေးရခြင်း၊ သန့်ရှင်းရေးလုပ်ပေးရခြင်း၊ တစ်နေ့နှစ်ကြိမ်သွေးပေါင်ချိန်တိုင်းပြီး
စာအုပ်ထဲမှာရေးမှတ်ခြင်း၊ သုံးရက်တစ်ခါ သွေးချိုစစ်ပေးခြင်း၊ တစ်နေ့တာအသုံးစရိတ်များ
Excel sheet ထဲမှာ စာရင်းမှတ်ရင်း လစဉ်ကျန်းမာရေးအသုံးစရိတ်ကို ထေမိကာမိရန် အခြားနေရာများတွင်
ဘယ်သို့ဘယ်ပုံ ခြိုးခြံချွေတာနိုင်ရန် နည်းလမ်းရှာကြံစဉ်းစားရခြင်း၊ အမေ့ကို ဆေးရုံဆေးခန်းသွားပြရန်၊
ဆရာဝန်များနှင့် အပတ်စဉ်ချိန်းဆိုရန် ကြိုတင်စီစဉ်ရခြင်း ဒါတွေအားလုံး မပျက်ကွက်ရအောင်
ကျွန်မတစ်ယောက်တည်း နေ့စဉ်လုပ်ဆောင်နေခဲ့တာဖြစ်သည်။
ကျွန်မအတွက် ကိုယ်ပိုင်အချိန်ဟုဆိုနိုင်သည့်
အိပ်ရာဝင်ခါနီးအချိန်မှာတော့ ကျွန်မပင်ပန်းပြီး အရမ်းအိပ်ငိုက်နေပြီဖြစ်သည်။ အရေးကြီးသောအီးမေးလ်များပြန်ဖို့အတွက်
အလွန်တရာနှေးကွေးလှသော အင်တာနက်ကို စိတ်မရှည်စွာစောင့်ရင်း မျက်လုံးတစ်စုံကို အတင်းပြူးထားရပါသည်။
ဒီလိုအချိန်ဇယားဖြင့် တစ်ပတ်ခုနစ်ရက် နားရက်မရှိ ပုံမှန်လည်ပတ်နေရသူ ကျွန်မအဖို့ စာရေးချိန်
ဘယ်မှာ ရှိနိုင်ပါမည်နည်း။
ဒါတောင် အဖေနှင့်မောင်လေးက သူတို့အ၀တ်သူတို့လျှော် မီးပူတိုက်ပြီး၊
အဖေက မနက်၎နာရီခွဲမှ၇နာရီခွဲအထိ အမေ့ဝေယျာဝိစ္စတာဝန်ယူပြီး နံနက်စာကို စီစဉ်ပေး၍ ကျွန်မနဲနဲခံသာရသည်။ ဒါပေမယ့် ဟိုအရင်ကလို အပတ်စဉ် မီးပူမတိုက်နိုင်၊
အိမ်သန့်ရှင်းရေးကို စိတ်ရှိသလောက် အပြည့်အ၀မလုပ်နိုင်သေးသည့်အတွက် ကိုယ့်ကိုယ်ကိုအားမရ။
အိမ်သို့အလည်လာသော ကျွန်မ၏ ဦးလေးတစ်ယောက်ကတော့ သမီးက တစ်ယောက်တည်းနဲ့ အရာရာကို ထောင့်စေ့အောင်လုပ်ချင်တာကိုးဟု
မှတ်ချက်ပေးသည်။ သူပြောတာလည်း ဟုတ်နေသည်။ ကျွန်မသူငယ်ချင်းတစ်ယောက် သူ့အဒေါ်ခြေကျိုးတုန်းက
ခြောက်လလောက် အိမ်လုံးကျွတ်လူကုန် မနားရအောင် ပင်ပန်းကြကြောင်း၊ ကျွန်မအိမ်မှာလူပိုမရှိဘဲ
တစ်ယောက်တည်း အမေ့ကိုပြုစုရင်း အိမ်အလုပ်လုပ်နေသည်မှာ အံ့သြစရာကောင်းကြောင်းပြောမှ
ဘယ်လိုခွန်အားတွေနှင့် ငါလုပ်နိုင်နေတာပါလိမ့်ဟု ကျွန်မ ကိုယ့်ကိုယ်ကို သတိချပ်မိ၊
အံ့အားသင့်မိရပါသည်။
တကယ်တော့ ကျွန်မတစ်ယောက်တည်း ငါးလဆက်တိုက်
သည်လောက်လုပ်နိုင်ခြင်းမှာ အချိန်စီမံခန့်ခွဲမှုကောင်းလွန်း၍ဖြစ်သည်။ နောက်ပြီး ကျွန်မက ဘယ်အရာကိုမဆို မြန်မြန်သွက်သွက် လုပ်တတ်သည့်အကျင့်ရှိသောကြောင့်လည်း ဖြစ်ပါလိမ့်မည်။ ဒီလိုအခြေအနေမျိုးမှာမှ
ကျွန်မက စာရေးချိန်ကို ကျောက်ခဲရေညှစ်ထုတ်သလို ညှစ်ပြီးယူချင်နေခြင်းသည် ကိုယ့်ကိုယ်ကို
မညှာတာရာ ကျလွန်းမှန်းသိနေပါသည်။ နင်ရူးနေပြီလားဟု တစ်စုံတစ်ယောက်က ဝေဖန်ခဲ့လျှင်လည်း
ဟင့်အင်း… ကျွန်မစာမရေးရရင်သာ ရူးသွားနိုင်တာ၊ စာရေးနိုင်သရွေ့ရူးမှာမဟုတ်ဘူးဟု ပြန်ပြောမိမှာ
သေချာသည်။
တကယ်လည်း ကျွန်မ ရေးချင်သောစာ မရေးရသည့်အခါ၊
စာရေးချိန်မရသည့်အခါ နေမထိထိုင်မသာဖြစ်၍ နေလို့မကောင်းသလိုပင် ခံစားရသည်။ ငယ်ငယ်က လွန်းထားထားနှင့်
အင်တာဗျူးတစ်ခုကို မဂ္ဂဇင်းတစ်အုပ်မှာ ဖတ်ရသည့်အခါ စာရေးခြင်းနှင့် ပတ်သက်ပြီး ကျွန်မက
စာမရေးရလျှင် လက်တွေဘာတွေတောင် တုန်လာတတ်တယ်ဟု ဆရာမက ပြန်ဖြေသည်ကို နဲနဲပိုသည်ဟု ကျွန်မ ထင်ခဲ့မိသည်။ ခုချိန်မှာတော့ ကျွန်မက အောင်မြင်ကျော်ကြားသော စာရေးဆရာမတစ်ယောက်
မဟုတ်သည့်တိုင် ကျွန်မ၀ါသနာပါသော စာရေးခွင့်မရဘဲ အိမ်အလုပ်တွေနှင့် အချိန်ကုန်ဆုံးသွားလျှင်
ကျွန်မရူးသွားနိုင်သဖြင့် ဆရာမ မပိုကြောင်းကို ကျွန်မ နားလည်ခံစားတတ်ခဲ့ပြီဖြစ်သည်။
ကျွန်မမွေးနေ့အတွက် ပို့စ်ရေးတုန်းက
ကျွန်မအိပ်ချိန်ထဲမှယူပြီး ရေးခဲ့ရသည့်အတွက် နောက်တစ်နေ့မှာ ကျွန်မအိပ်ရေးမ၀ဘဲ အပင်ပန်းပိုခဲ့ရသည်။
ကျွန်မ စာမဖြစ်ဖြစ်အောင် ရေးချင်လျှင်တော့ ကျွန်မအနားယူချိန်၊ အိပ်ချိန်တွေထဲက ဖဲ့ယူပြီးရေးမှရမည်။
တလောက ကျွန်မ သတင်းစာအတွက် ဆောင်းပါးရေးရင်း အချိန်လွန်သွားသဖြင့် အမေ့ကို ရေပတ်တိုက်ပေးဖို့
ပျက်ကွက်ခဲ့ရသည်။ အဲသည်လို လုပ်ဆောင်နေကျ ၀တ္တရားတစ်ခု အပျက်ကွက်ခံပြီး ရေးလျှင်တော့လည်း
ရနိုင်သည်ပေါ့။
တကယ်တော့ ကျွန်မရေးချင်သောစာတွေ အများကြီးရှိနေသည်။
ကျွန်မလွမ်းဆွတ်နေမိသော အင်ဒိုရာညနေခင်းအကြောင်းတွေ၊ ကျွန်မတွေ့ဆုံခဲ့ရသော အာရှနဲ့အရှေ့အလယ်ပိုင်းက
သူငယ်ချင်းအသစ်အကြောင်းတွေ၊ ညို့ကိုပြောပြချင်တဲ့ ခရီးစဉ်တစ်ခုအကြောင်းတွေ၊ နောက်ပြီး
သတင်းစာအတွက် ဆောင်းပါးတွေ၊ အပျိုစင်မဂ္ဂဇင်းအတွက် လစဉ် အခန်းဆက် ခရီးသွားဆောင်းပါးတွေ
… အများကြီးရေးဖို့ ရှိနေပါသေးသည်။ ရေးနိုင်ဖို့ကိုလည်း အားထုတ်ရပါမည်။
တစ်ခုပဲရှိသည်၊
ကျွန်မ ရေးချင်သောစာတွေ အားလုံးအတွက် အေးအေးဆေးဆေး အချိန်ပေးပြီး မရေးနိုင်သေးတာဖြစ်သည်။
ဆရာမဂျူးက အေးအေးဆေးဆေး စာဖတ်ဖို့ မကြာခဏကြွေးကြော်မိသော်လည်း ဝေးနေဆဲဖြစ်ကြောင်း ဆောင်းပါးတစ်ပုဒ်မှာ
ရေးခဲ့ဖူးသလို ကျွန်မသည်လည်း အေးအေးဆေးဆေး စာရေးနိုင်ဖို့ ဆန္ဒပြင်းပြနေသော်လည်း အကောင်အထည်ဖော်ဖို့ရာ
အဝေးကြီးဝေးနေဆဲဖြစ်ကြောင်း လတ်တလောဖြတ်သန်းရသော အခြေအနေက သက်သေထူနေပါသည်။
လောလောဆယ်မှာတော့
စာရေးချင်သည့် ဆန္ဒကို မချိုးနှိမ်နိုင်၍ အနားယူချိန်မှာ မယူဘဲ စာရေးနေမိသည့်ကိုယ်ကိုယ်ကို
အပြစ်မတင်မိတော့ပါ။
အေးအေးဆေးဆေး စာရေးနေသည့် ကျွန်မပုံရိပ်ကို
စိတ်ကူးထဲမှာ မြင်ယောင်တမ်းတရင်း အေးအေးဆေးဆေး စာရေးဖြစ်ခဲ့သောအချိန်များကို ကျွန်မ
လွမ်းနေမိပါသည်။
ဇွန်မိုးစက်
၂၈-၇-၂၀၁၄
ညနေ ၄နာရီ၂၀မိနစ်
၂၈-၇-၂၀၁၄
ညနေ ၄နာရီ၂၀မိနစ်
ကောင်းကင်ပြာသည် ကျွန်မအတွက် အဆုံးမသတ်နိုင်သော
ပန်းချီကားတစ်ချပ်ဖြစ်သည်၊ အပြီးသတ်ရေးဖွဲ့ဖို့ ခဲယဉ်းသည့် ကဗျာတစ်ပုဒ်ဖြစ်သည်။
အဲ့သည် ပြာလွင်သော ကောင်းကင်ထက်မှာ
ကြိုတင်မမြင်နိုင်သော ကျွန်မ၏အနာဂတ်ရှိသည်၊ ကြိုးစားပြီးမေ့ပစ်သော အတိတ်၏အရိပ်တချို့ရှိသည်။
ပစ္စုပ္ပန်တည့်တည့်မှာတော့ အနားသတ်မဲ့သော ကောင်းကင်ပြာကို ကျွန်မ ရပ်ကြည့်မျှော်ငေးနေမိသည်။
ကောင်းကင်ပြာကို ဘယ်အရွယ်ကတည်းက
စတင်နှစ်ခြိုက်သဘောကျခဲ့မှန်း အတိအကျ မမှတ်မိတော့သော်လည်း ကျွန်မ ပတ်ဝန်းကျင်ကို လေ့လာခံစား
တတ်သိနားလည်ချိန်မှစပြီး မီးရထား၊ ကား၊ သင်္ဘောများနှင့် ခရီးသွားခွင့်ကြုံသည့်အခါတိုင်း
လမ်းတလျှောက်လုံး ကောင်းကင်ပြာနှင့် ဖြူလွလွတိမ်တိုက်တွေကိုပဲ ကျွန်မ မရိုးနိုင်စွာ
မျက်စိတဆုံး လိုက်ကြည့်မိတတ်သည်။ စိတ်ကူးအတွေးတွေ ဖြန့်ကျက်မိတတ်သည်။ ကျွန်မအတွက်တော့
ကောင်းကင်ပြာက စိတ်ကူးပင်လယ်နှင့်တူပြီး တိမ်စိုင်တိမ်လိပ်ဖြူတွေကတော့ ထိုအတွေးစိတ်ကူးများကို နီးစပ်အကောင်အထည်ဖော်ဖို့ ထပ်ဆင့်အတောင်တပ်၊ ရွက်လွှင့်ပေးသည့် စိတ်ကူးလှေနှင့်တူပါသည်။ တိမ်တိုက်ဖြူကိုစီးပြီး
ကျွန်မ ကမ္ဘာတစ်လွှားလျှောက်သွားနိုင်သည်။ မျက်စိဖြင့် တပ်အပ်မမြင်နိုင်သော ကောင်းကင်ပြာထက်က
နတ်ဘုံနတ်နန်းသို့လည်း ရောက်ရှိ ခရီးနှင်နိုင်သည်။ ကောင်းကင်ပြာနှင့် ဖြူဖွေးသောတိမ်တောင်တို့ကို
မြင်ရသည့်အခါတိုင်း ကလေးဘ၀ကလိုပင် စိတ်ကူးတည့်ရာ လျှောက်တွေးသည့်နောက်ကို ကျွန်မ အတားအဆီးမရှိ
လိုက်သွားချင်နေဆဲဖြစ်သည်။
ကောင်းကင်ပြာသည် ကျွန်မ၏ စိတ်အတွေးအာရုံများကို
တဒင်္ဂအားဖြင့် ရပ်တန့်မိန်းမောစေနိုင်သည့် အစွမ်းသတ္တိရှိကြောင်း လွန်ခဲ့သော လအနည်းငယ်အတွင်း
ကျွန်မ ပိုသိလာရသည်။ ကျွန်မစာကြည့်နေရင်း ညာဘက်ပြတင်းမှ ကြည်စင်သော ကောင်းကင်ပြာကို
မြင်ရလျှင် စာဆက်မကြည့်နိုင်ဘဲ တခဏလောက်တော့ ငြိမ်သက်သွားရမြဲဖြစ်သည်။ ကျောင်းအသွားလမ်းမှာ
ကောင်းကင်ပြာကို တမေ့တမောကြည့်ရင်း လမ်းလျှောက်မိသည့်အတွက် တစ်ကြိမ်မက ခလုပ်တိုက်မိတတ်သည်။
ကျောင်းစာကြည့်တိုက်မှာ စာဖတ်နေရင်း မှန်ပြတင်းမှ ပြာလဲ့နေသော ကောင်းကင်ကို လှမ်းမြင်ရလျှင်
ဖတ်လက်စစာအုပ်ကိုချပြီး ဝေဟင်မှာ ပျံသန်းနေသော လေယာဉ်များနှင့် ကောင်းကင်ပြာထဲ မိနစ်အနည်းငယ်
လွင့်မျောတိုးဝင်မိပြန်သည်။
တစ်ခါက အဝေးပြေးကားနှင့် သုံးနာရီကြာ
သွားရမည့် ခရီးတစ်ခုမှာ လမ်းတစ်လျှောက်ဖတ်ရန် ကျူတိုရီရယ်နှင့်ပတ်သက်သော ဆောင်းပါး
ဆယ်စောင်လောက် ကျွန်မ ယူသွားခဲ့သည်။ တကယ်တမ်း အသွားအပြန် စုစုပေါင်း ခြောက်နာရီခရီးမှာ
ကျွန်မ ဆောင်းပါးတစ်စောင်သာ ဖတ်ဖြစ်ခဲ့သည်။ လမ်းခရီးတစ်လျှောက်လုံးနီးပါး ကျယ်ပြောပြာလွင်သည့်
ကောင်းကင်ကို တငေးတမောကြည့်ရင်း ကျွန်မလိုက်ပါသွားသောကြောင့်ဖြစ်သည်။
တလောကလည်း စိတ်ဖိစီးမှုလျှော့ချရန်
အိမ်နှင့် မဝေးလှသော ကမ်းခြေသို့ သွားဖြစ်သည့်အခါ ပြာလွင်တည်ငြိမ်သောကောင်းကင်ပြင်ကိုသာ
ငေးမော့ကြည့်သောအချိန်များခဲ့သဖြင့် ပင်လယ်ရေနှင့်ထိတွေ့ဖို့ပင် ကျွန်မမေ့လျော့သွားခဲ့သည်။
ကင်မရာထဲမှ ပုံရိပ်များ ကွန်ပျူတာထဲသို့ ပြောင်းထည့်သည့်အခါ ကျွန်မရိုက်ယူခဲ့သော ပုံအတော်များများမှာ
ကောင်းကင်ပြာတို့၏ ပုံရိပ်များဖြစ်နေကြောင်း ကျွန်မ အံ့သြစွာ တွေ့ရှိသိလိုက်ရပြန်သည်။
တခါတရံ ကောင်းကင်ပြာအောက်က ကမ္ဘာ့တောင်ခြမ်းတစ်နေရာမှာ
ကျွန်မတစ်ယောက်တည်း စိတ်အားငယ်မိသည့်အခါ၊ ခွဲခွာပေးဆပ်ခဲ့သော အရာများနှင့် ကျွန်မ၏
ဆုံးဖြတ်ချက်တို့ မှန်ကန်ထိုက်တန်ရဲ့လားဟု အတွေးဝင်မိသည့်အခါ ကျွန်မတွေဝေသွားခဲ့သော်လည်း
ပြာလဲ့သောကောင်းကင်ကို မြင်ရသည့်တခဏမှာတော့ ထိုအတွေးတို့ေ၀၀ါးလွင့်ပြယ်သွားခဲ့ပါသည်။
အခိုက်အတန့်ဖြစ်ကောင်းဖြစ်လိမ့်မည်၊
သို့ပေမယ့် ကြည့်လိုက်တိုင်း ကျွန်မချစ်သော ကောင်းကင်ပြာကို အမြဲတစေ ကြည်ကြည်စင်စင်
မြင်ရသော နေရာတစ်ခုမှာ ရောက်ရှိနေသည့်အတွက် အတိုင်းအတာတစ်ခုအထိ ကျေနပ်မိကြောင်း ကျွန်မ၀န်ခံပါသည်။
ပြာလွင်ကြည်စင်သော ကောင်းကင်ကို လှမ်းမော့ကြည့်ရင်း
မြန်မာပြည်မှာ ရှိစဉ်တုန်းက ကြည့်ဖူးသော ဂျပန်ဇာတ်လမ်းတွဲတစ်ခုက ကျွန်မအတွေးထဲ ဖျတ်ခနဲ
ဝင်လာခဲ့သည်။ ငယ်စဉ်ကလေးဘ၀မှာကွဲကွာပြီး အတန်ကြာမှ ပြန်လည်တွေ့ဆုံသော အဖေနှင့်သမီးကြားက
အဆင်မချောလှသော ဆက်ဆံရေး၊ အဖုအထစ်၊ အဖြစ်အပျက်တို့ကို မိဘမေတ္တာနှင့်ယှဉ်ပြီး ရိုက်ပြသွားသော အခန်းဆက်ဇာတ်လမ်းတွဲဖြစ်သည်။ သမီးဖြစ်သူက ၀မ်းနည်းသည့်အခါတိုင်း ကောင်းကင်ကို မော့ကြည့်တတ်သော
အကျင့်ရှိသည်။ အဲသည်လိုမော့ကြည့်တတ်အောင် သင်ပေးခဲ့သူမှာ ဖခင်ဖြစ်ကြောင်း အစောပိုင်းဇာတ်လမ်းတွဲတစ်ခု၏အဆုံးမှာ
လှပစွာ ပြသသွားခဲ့သည်ကို ကျွန်မ မှတ်မိနေဆဲဖြစ်သည်။ မိခင်ဖြစ်သူနှင့် တရားဝင်လမ်းခွဲသည့်နေ့မှာ
ငိုရှိုက်နေသည့်သမီးငယ်ကို အားမငယ်ဖို့၊ ၀မ်းနည်းမျက်ရည်ကျမိသည့်အခါ ကောင်းကင်ပြာကို
မော့ကြည့်အားတင်းဖို့ ဖခင်က မှာကြားသွားခဲ့သည်။
ကောင်းကင်ပြာကြောင့် ကျွန်မစိတ်တွေ
ကြည်နူးရသည်။ ကျွန်မအတွေးတွေ လွင့်မျောပျံသန်းခွင့်ရသည်။
ကောင်းကင်ပြာကြောင့်ပင် ကျွန်မ စာတစ်ပုဒ်ရေးဖွဲ့ဖြစ်သည်။
ပြီးတော့… ကောင်းကင်ပြာကို မော့ကြည့်ပြီး
ကျွန်မ၏ မျက်ရည်များကို သိမ်းဆည်းတတ်ခဲ့ပြီ ဖြစ်သည်။
ဇွန်မိုးစက်
စတုတ္ထရိပ်သာ ပေါ်မှာ သူမ အထပ်ထပ်လျှောက်လှမ်းခဲ့ဖူးသော
ခြေရာများနှင့် ခွဲခွာရတော့မည်ဟူသော အသိက သူမရင်ကို ဆွေးမြေ့စေသည်။ တစ်ချိန်က သူမရေးခဲ့ဖူးသည့်အတိုင်း
နေရာသစ် မပြောင်းမရွှေ့ချင်း သူမ စတုတ္ထရိပ်သာလမ်းပေါ်မှာပဲ နေထိုင်ခဲ့သည်။ သူမ သိပ်နှစ်သက်သော
လမ်းမကျယ်ရဲ့ တစ်ဖက်တစ်ချက်စီမှာလည်း ပြောင်းလဲမှုတွေ ကိုယ်စီနှင့်။ မြက်ခင်းပြင်စိမ်းစိမ်းစိုစိုနှင့်
ကွင်းပြင်ကျယ်ကြီးသည် ယခုတော့ ၀န်းခတ်ထားသော အဆင့်မြင့်လူနေတိုက်မြင့်စီမံကိန်းအဖြစ်
အသွင်ပြောင်းသွားခဲ့သည်။ ယခင်က ရေညှိစိမ်းရောင် သန်းခဲ့သော ပလက်ဖောင်းကျောက်ပြားတို့နေရာတွင်
အဖြူရောင်မပြယ်သေးသော အင်္ဂတေပလက်ဖောင်းအသစ်တို့ အစားထိုး နေရာယူခဲ့ပြီ။ စတုတ္ထရိပ်သာလမ်းတစ်လျှောက်
သူမ ဓာတ်ပုံရိုက်ဖို့ ကြိုးစားသော်လည်း ပလက်ဖောင်းအသစ်ခင်းနေသော အလုပ်သမားတို့ရှိနေ၍
စိတ်တိုင်းကျ ရိုက်ခွင့်မရခဲ့ပါ။
အနှီခြင်္သေ့ကျွန်းငယ်ကလေးတွင် သူမ မက်မက်မောမော
နှစ်ခြိုက်မိသည့် နေရာ အနည်းငယ်သာရှိသည်။ ထိုနေရာများသည် လူသိများသော အထင်ကရ နာမည်ကျော်နေရာများမဟုတ်ကြပါ။
သူမ ငါးနှစ်ဆက်တိုက်နေထိုင်ခဲ့သော စတုတ္ထရိပ်သာလမ်း၊ နောက်ပြီး ဘူတာရုံကဆင်းလျှင် အောက်ဘက်လှေကားကို
ဆင်းမသွားဘဲ အနည်းငယ်တည့်တည့်လျှောက်ပြီးသည့်အခါ ဘယ်ဘက်ချိုး၍ ကားရပ်နားရာနေရာကို ဖြတ်ပြီး
လျှောက်သွားရသော မြက်ခင်းစိမ်းများနှင့်ကုန်းမြင့်ပေါ်မှာရှိသော လမ်းကလေး။ ဟိုးယခင်ကတော့
ဒီလမ်းကလေးမှာ ကျောက်ပြားတစ်ချပ်ချင်းစီ ချထားခဲ့သည်။ သူမကျောင်းသူဘ၀တုန်းက ထိုကျောက်ပြားလေးများကို
တစ်ခုစီကျော်နင်းပြီး လျှောက်လေ့ရှိသည်။ မကြာသေးမီကာလအတွင်းက အင်္ဂတေလမ်းသစ် ပြောင်းခင်းထားသည်ကို တွေ့ရသည်။
သူမက အစွဲအလန်းကြီးသူပီပီ အင်္ဂလမ်းသစ်ထက် ကျောက်ပြားလမ်းဟောင်းကို ပိုသဘောကျပါသည်။ ထိုကုန်းမြင့်လမ်းကလေးပေါ်မှာ
ဖြတ်လျှောက်လျှင် သူမ နေထိုင်ရာ တိုက်တန်းလျားရှည်ကြီးကို မြင်ရသည်၊ သူမ နှစ်သက်သော
စတုတ္ထရိပ်သာလမ်းကိုလည်း အပေါ်စီးမှ ကြည့်မြင်ခွင့်ရသည်။
နောက်ထပ် သူမ နှစ်သက်မိသော နေရာတစ်ခုကတော့
မြို့လယ်ခေါင်နားမှာဖြစ်သည်။ ထိုနေရာကို လွန်ခဲ့သော ဆယ့်နှစ်နှစ်က စတင်ရောက်ဖူးခဲ့ချိန်မှစပြီး
နှစ်ခြိုက်သဘောကျသွားခြင်း ဖြစ်သည်။ တန်ဂျုန်ပါဂါးဘူတာရုံမှ ထွက်ပေါက် အက်ဖ်အတိုင်းလိုက်ပြီး
စက်လှေကားဖြင့်တက်သွားလျှင် မြင်ရသော Capital Tower ရှေ့မျက်နှာစာက ရင်ပြင်ဖြစ်သည်။
သူမက ခေါ်ဆိုရလွယ်အောင် ရင်ပြင်ဟု ကိုယ့်ဖာသာ နာမည်တပ်လိုက်ခြင်းဖြစ်သည်။ ထိုနေရာကို
သူမ အလွန်အမင်းနှစ်သက်ရသည့် အကြောင်းရင်းမှာ ရင်ပြင်တစ်ဘက်မှာ စနစ်တကျကန်ပြုလုပ်ပြီး မွေးထားသော
ရွှေငါးများကြောင့်ဟုဆိုလျှင် မမှားပါ။ သူမ ကျောင်းတက်တုန်းက ရွှေငါးမွေးချိန် သိပ်မကြာသေး၍ထင်သည်၊
ငါးများ၏ အရွယ်အစားမှာ ခပ်သေးသေးဖြစ်သည်။ နောင်နှစ်အတန်ကြာပြီး သူမ ထိုနေရာသို့ တကူးတက
သွားရောက်ကြည့်ရှုသည့်အခါ ငါးများ၏အရွယ်အစားမှာ သိသိသာသာ ကြီးမားနေသည်ကို တွေ့ရသည်။
ကန်ဘောင်အနီးက စက်လှေကားနှင့် ကပ်ရပ်မှာရှိသော ခုံတန်းလေး၏ ဘယ်ထောင့်စွန်းမှာ ထိုင်ရင်း
သူမ ငါးများကို တငေးတမော ငေးကြည့်တတ်သည်။ စိတ်လိုလက်ရ ငါးတို့ကို ဓာတ်ပုံရိုက်တတ်သည်၊
ရှေ့က ရောင်စုံဘောလုံးသဖွယ် အလှဆင်ထားသော တိုင်များကြားမှာ ဖြာထွက်နေသောရေပန်းကိုကြည့်ရင်း
အတွေးတွေ ဖြန့်ကျက်တတ်သည်။
သူမဘ၀တွင် ထူးခြားသော၊ ပုံမှန်မဟုတ်သော
အပြောင်းအလဲများဖြစ်လေ့ရှိတိုင်း သူမ ထိုနေရာသို့ သွားရောက်တတ်သည်မှာ အလေ့တစ်ခုလိုဖြစ်ခဲ့သည်။
သူမ အလွန်နှစ်သက်သောနေရာတစ်ခုကို အမြဲမရောက်ဖြစ်သော်လည်း အပြောင်းအလဲတွေကြုံသောအခါမှ၊
နှစ်တွေခြားပြီးမှ တစ်ကြိမ်နှစ်ကြိမ်ရောက်ဖြစ်တာက လုံးဝမရောက်ဖြစ်သည်ထက်စာလျှင်တော့
သိပ်မဆိုးလှဟု နှစ်သိမ့်မိသည်။ သူမ ခြင်္သေ့ကျွန်းမှ မထွက်ခွာခင် ထိုနေရာလေးသို့
တကူးတက သွားရောက်ပြီး အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်သုံးခုလုံးကို ပြန်လှန်တွေးဆ မြင်ယောင်ကြည့်ခဲ့သည်။
ရောင်စုံရွှေငါးများကို တခုတ်တရ မှတ်တမ်းတင်ခဲ့သည်။ ရှေ့တူရူက သွားလာလှုပ်ရှားနေသော လူများကို
ဝေဖန်ခြင်းကင်းသော မျက်လုံးဖြင့် ကြည့်မြင်ခဲ့သည်။ မိနစ်သုံးဆယ်ဟူသော အချိန်ကာလသည်
သူမ စိတ်လိုလက်ရ အေးအေးဆေးဆေးထိုင်ချင်သော အကြိုက်ဆုံးနေရာတစ်ခုမှ ခြေလှမ်းပြင်ထွက်ခွာရန်
တိုတောင်းလွန်းလှပါသည်။ သူမ မထချင်၊ ထချင်နှင့် မတ်တပ်ရပ်ပြီးသည့်အခါ ထိုင်ခုံလေးနှင့် အရောင်စုံငါးကြီးများကို
နှုတ်ဆက်လိုက်သည်။
တကယ်တော့ ဤကျွန်းလေးပေါ်တွင် သူမ မရောက်ဖူးသေးသည့်
နေရာသစ်၊ဟောင်းများ များစွာ ကျန်နေပါသော်လည်း သူမ အချိန်ပေး သွားရောက်လည်ပတ်ဖို့ မစဉ်းစားခဲ့မိပါ။
သူမ နှစ်သက်သဘောကျသော နေရာဟောင်းများ၌သာ သူမ၏ ခြေလှမ်းများ ထပ်ခါထပ်ခါ လှမ်းရခြင်းကို
ကျေနပ်ပါသည်။ ယခုအချိန်မှာတော့ ထိုခြေရာများနှင့် သူမ ခွဲခွာရတော့မည်။ အမှတ်ထင်ကျန်ရစ်သော သူမ၏ ခြေရာများကိုသာမက၊
သူမနှင့်အတူ လျှောက်လှမ်းခဲ့ဖူးသော ချစ်ခင်သူများ၏ ခြေရာများနှင့်လည်း အချိန်ကာလတစ်ခုအထိတော့
သူမ ခွဲခွာရဦးမည်။ လမ်းဟောင်းပေါ်က ခြေရာများကို လမ်းသစ်မှာချနင်းလျှောက်လှမ်းရန် သူမ
အားယူဆွဲနှုတ်လိုက်သည့်အခါ အလွမ်းများနှင့်အတူ ဘယ်ဘက်ရင်အုံက ဆစ်ခနဲ နာကျင်သွားခဲ့ပါသည်။
ဇွန်မိုးစက်
Subscribe to:
Posts
(
Atom
)