ခြေရာများနှင့်ခွဲခွာခြင်း

Category: , ,


စတုတ္ထရိပ်သာ ပေါ်မှာ သူမ အထပ်ထပ်လျှောက်လှမ်းခဲ့ဖူးသော ခြေရာများနှင့် ခွဲခွာရတော့မည်ဟူသော အသိက သူမရင်ကို ဆွေးမြေ့စေသည်။ တစ်ချိန်က သူမရေးခဲ့ဖူးသည့်အတိုင်း နေရာသစ် မပြောင်းမရွှေ့ချင်း သူမ စတုတ္ထရိပ်သာလမ်းပေါ်မှာပဲ နေထိုင်ခဲ့သည်။ သူမ သိပ်နှစ်သက်သော လမ်းမကျယ်ရဲ့ တစ်ဖက်တစ်ချက်စီမှာလည်း ပြောင်းလဲမှုတွေ ကိုယ်စီနှင့်။ မြက်ခင်းပြင်စိမ်းစိမ်းစိုစိုနှင့် ကွင်းပြင်ကျယ်ကြီးသည် ယခုတော့ ၀န်းခတ်ထားသော အဆင့်မြင့်လူနေတိုက်မြင့်စီမံကိန်းအဖြစ် အသွင်ပြောင်းသွားခဲ့သည်။ ယခင်က ရေညှိစိမ်းရောင် သန်းခဲ့သော ပလက်ဖောင်းကျောက်ပြားတို့နေရာတွင် အဖြူရောင်မပြယ်သေးသော အင်္ဂတေပလက်ဖောင်းအသစ်တို့ အစားထိုး နေရာယူခဲ့ပြီ။ စတုတ္ထရိပ်သာလမ်းတစ်လျှောက် သူမ ဓာတ်ပုံရိုက်ဖို့ ကြိုးစားသော်လည်း ပလက်ဖောင်းအသစ်ခင်းနေသော အလုပ်သမားတို့ရှိနေ၍ စိတ်တိုင်းကျ ရိုက်ခွင့်မရခဲ့ပါ။

အနှီခြင်္သေ့ကျွန်းငယ်ကလေးတွင် သူမ မက်မက်မောမော နှစ်ခြိုက်မိသည့် နေရာ အနည်းငယ်သာရှိသည်။ ထိုနေရာများသည် လူသိများသော အထင်ကရ နာမည်ကျော်နေရာများမဟုတ်ကြပါ။ သူမ ငါးနှစ်ဆက်တိုက်နေထိုင်ခဲ့သော စတုတ္ထရိပ်သာလမ်း၊ နောက်ပြီး ဘူတာရုံကဆင်းလျှင် အောက်ဘက်လှေကားကို ဆင်းမသွားဘဲ အနည်းငယ်တည့်တည့်လျှောက်ပြီးသည့်အခါ ဘယ်ဘက်ချိုး၍ ကားရပ်နားရာနေရာကို ဖြတ်ပြီး လျှောက်သွားရသော မြက်ခင်းစိမ်းများနှင့်ကုန်းမြင့်ပေါ်မှာရှိသော လမ်းကလေး။ ဟိုးယခင်ကတော့ ဒီလမ်းကလေးမှာ ကျောက်ပြားတစ်ချပ်ချင်းစီ ချထားခဲ့သည်။ သူမကျောင်းသူဘ၀တုန်းက ထိုကျောက်ပြားလေးများကို တစ်ခုစီကျော်နင်းပြီး လျှောက်လေ့ရှိသည်။ မကြာသေးမီကာလအတွင်းက အင်္ဂတေလမ်းသစ် ပြောင်းခင်းထားသည်ကို တွေ့ရသည်။ သူမက အစွဲအလန်းကြီးသူပီပီ အင်္ဂလမ်းသစ်ထက် ကျောက်ပြားလမ်းဟောင်းကို ပိုသဘောကျပါသည်။ ထိုကုန်းမြင့်လမ်းကလေးပေါ်မှာ ဖြတ်လျှောက်လျှင် သူမ နေထိုင်ရာ တိုက်တန်းလျားရှည်ကြီးကို မြင်ရသည်၊ သူမ နှစ်သက်သော စတုတ္ထရိပ်သာလမ်းကိုလည်း အပေါ်စီးမှ ကြည့်မြင်ခွင့်ရသည်။


နောက်ထပ် သူမ နှစ်သက်မိသော နေရာတစ်ခုကတော့ မြို့လယ်ခေါင်နားမှာဖြစ်သည်။ ထိုနေရာကို လွန်ခဲ့သော ဆယ့်နှစ်နှစ်က စတင်ရောက်ဖူးခဲ့ချိန်မှစပြီး နှစ်ခြိုက်သဘောကျသွားခြင်း ဖြစ်သည်။ တန်ဂျုန်ပါဂါးဘူတာရုံမှ ထွက်ပေါက် အက်ဖ်အတိုင်းလိုက်ပြီး စက်လှေကားဖြင့်တက်သွားလျှင် မြင်ရသော Capital Tower ရှေ့မျက်နှာစာက ရင်ပြင်ဖြစ်သည်။ သူမက ခေါ်ဆိုရလွယ်အောင် ရင်ပြင်ဟု ကိုယ့်ဖာသာ နာမည်တပ်လိုက်ခြင်းဖြစ်သည်။ ထိုနေရာကို သူမ အလွန်အမင်းနှစ်သက်ရသည့် အကြောင်းရင်းမှာ ရင်ပြင်တစ်ဘက်မှာ စနစ်တကျကန်ပြုလုပ်ပြီး မွေးထားသော ရွှေငါးများကြောင့်ဟုဆိုလျှင် မမှားပါ။ သူမ ကျောင်းတက်တုန်းက ရွှေငါးမွေးချိန် သိပ်မကြာသေး၍ထင်သည်၊ ငါးများ၏ အရွယ်အစားမှာ ခပ်သေးသေးဖြစ်သည်။ နောင်နှစ်အတန်ကြာပြီး သူမ ထိုနေရာသို့ တကူးတက သွားရောက်ကြည့်ရှုသည့်အခါ ငါးများ၏အရွယ်အစားမှာ သိသိသာသာ ကြီးမားနေသည်ကို တွေ့ရသည်။ ကန်ဘောင်အနီးက စက်လှေကားနှင့် ကပ်ရပ်မှာရှိသော ခုံတန်းလေး၏ ဘယ်ထောင့်စွန်းမှာ ထိုင်ရင်း သူမ ငါးများကို တငေးတမော ငေးကြည့်တတ်သည်။ စိတ်လိုလက်ရ ငါးတို့ကို ဓာတ်ပုံရိုက်တတ်သည်၊ ရှေ့က ရောင်စုံဘောလုံးသဖွယ် အလှဆင်ထားသော တိုင်များကြားမှာ ဖြာထွက်နေသောရေပန်းကိုကြည့်ရင်း အတွေးတွေ ဖြန့်ကျက်တတ်သည်။


သူမဘ၀တွင် ထူးခြားသော၊ ပုံမှန်မဟုတ်သော အပြောင်းအလဲများဖြစ်လေ့ရှိတိုင်း သူမ ထိုနေရာသို့ သွားရောက်တတ်သည်မှာ အလေ့တစ်ခုလိုဖြစ်ခဲ့သည်။ သူမ အလွန်နှစ်သက်သောနေရာတစ်ခုကို အမြဲမရောက်ဖြစ်သော်လည်း အပြောင်းအလဲတွေကြုံသောအခါမှ၊ နှစ်တွေခြားပြီးမှ တစ်ကြိမ်နှစ်ကြိမ်ရောက်ဖြစ်တာက လုံးဝမရောက်ဖြစ်သည်ထက်စာလျှင်တော့ သိပ်မဆိုးလှဟု နှစ်သိမ့်မိသည်။ သူမ ခြင်္သေ့ကျွန်းမှ မထွက်ခွာခင် ထိုနေရာလေးသို့ တကူးတက သွားရောက်ပြီး အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်သုံးခုလုံးကို ပြန်လှန်တွေးဆ မြင်ယောင်ကြည့်ခဲ့သည်။ ရောင်စုံရွှေငါးများကို တခုတ်တရ မှတ်တမ်းတင်ခဲ့သည်။ ရှေ့တူရူက သွားလာလှုပ်ရှားနေသော လူများကို ဝေဖန်ခြင်းကင်းသော မျက်လုံးဖြင့် ကြည့်မြင်ခဲ့သည်။ မိနစ်သုံးဆယ်ဟူသော အချိန်ကာလသည် သူမ စိတ်လိုလက်ရ အေးအေးဆေးဆေးထိုင်ချင်သော အကြိုက်ဆုံးနေရာတစ်ခုမှ ခြေလှမ်းပြင်ထွက်ခွာရန် တိုတောင်းလွန်းလှပါသည်။ သူမ မထချင်၊ ထချင်နှင့် မတ်တပ်ရပ်ပြီးသည့်အခါ ထိုင်ခုံလေးနှင့် အရောင်စုံငါးကြီးများကို နှုတ်ဆက်လိုက်သည်။


တကယ်တော့ ဤကျွန်းလေးပေါ်တွင် သူမ မရောက်ဖူးသေးသည့် နေရာသစ်၊ဟောင်းများ များစွာ ကျန်နေပါသော်လည်း သူမ အချိန်ပေး သွားရောက်လည်ပတ်ဖို့ မစဉ်းစားခဲ့မိပါ။ သူမ နှစ်သက်သဘောကျသော နေရာဟောင်းများ၌သာ သူမ၏ ခြေလှမ်းများ ထပ်ခါထပ်ခါ လှမ်းရခြင်းကို ကျေနပ်ပါသည်။ ယခုအချိန်မှာတော့ ထိုခြေရာများနှင့် သူမ ခွဲခွာရတော့မည်။ အမှတ်ထင်ကျန်ရစ်သော သူမ၏ ခြေရာများကိုသာမက၊ သူမနှင့်အတူ လျှောက်လှမ်းခဲ့ဖူးသော ချစ်ခင်သူများ၏ ခြေရာများနှင့်လည်း အချိန်ကာလတစ်ခုအထိတော့ သူမ ခွဲခွာရဦးမည်။ လမ်းဟောင်းပေါ်က ခြေရာများကို လမ်းသစ်မှာချနင်းလျှောက်လှမ်းရန် သူမ အားယူဆွဲနှုတ်လိုက်သည့်အခါ အလွမ်းများနှင့်အတူ ဘယ်ဘက်ရင်အုံက ဆစ်ခနဲ နာကျင်သွားခဲ့ပါသည်။


ဇွန်မိုးစက်

Comments ( 9 )

နေသားကျနေတဲ့နေရာတစ်ခုကိုခွဲရမယ်ဆိုရင် ကျမလည်း
လွမ်းတတ်တယ်။
ဇွန် တနေ့ ကျရင်ကျမတို့  ကျွန်းလေးပေါ်မှာ ပြန်ဆုံ
ချင်ဆုံကြအုံးမှာပါ။

တတိယ အကြိမ်မြောက် ...
အနာကျင်ဆုံးပဲ

မဇွန်နဲ့ ထပ်တူ ဝမ်းနည်းမိပါတယ်.. :(

နှင်းဖူး

အီဖေကိုယ် ကတော့ ရုံး၎ရက်ပိတ်တယ်
စင်ကာပူစတုတ္ထရိပ်သာဆီ လည်လည်ပြန်မယ်
ဟက်ဟက်... :D

သတိရနေမှာပါ ညီမလေး ဇွန်

ရွှေငါးလေးတွေဆီကိုမမျှော်လင့်ဘဲရောက်ဖူးခဲ့တယ် ။ မဇွန်ပိုစ့်ဖတ်ပြီး ပြန်တောင်သွားချင်လာပြီ ။ သံယောဇဉ်ဆိုတာ တယ်လဲခက်ပါလားနော်..။ သတိရနေမှာပါ မဇွန်

သတိရနေမယ် ညီမ... Do keep in touch... :-)

ဒီလောကမှာတော့ ဒီလိုပဲ တွေ့ကြုံ၊ ဆုံကွဲနဲ့ ရှည်လျား၊ ထွေပြား၊ မနေမနား သွားနေကြရမှာပဲ ထင်ပါရဲ့ ညီမလေးရေ...၊ ဆုံတွေ့ကြတာဟာ ခွဲခွာခြင်းရဲ့ အစပဲလို့ ပြောနိုင်သလို ခွဲလိုက်ရတာ ဟာလည်း ပျော်ရွှင်စွာနဲ့ နောက်တစ်ကြိမ် ပြန်ဆုံဖို့ အစပျိုးလိုက်တာ ဖြစ်နိုင်တာပဲ မဟုတ်လား...၊ ကျန်းကျန်းမာမာနဲ့ သတိတရ ရှိနေဖို့က အရေးအကြီးဆုံး ပါပဲလေ...။

(ပို့စ်တင်ပြီး နောက်တစ်ရက်မှာ ဖတ်ဖြစ်ပေမယ့် ကွန်မန့်ကိုတော့ အခုမှပဲ လာပေးဖြစ်တော့တယ် ဇွန်ရေ...)း)

အပြင်မှာ မမြင်ဖူးပေမဲ့ ၊ ဖဘ ပုံပဲ မြင်ဖူး၊ ဘလော့က စာတွေပဲ ဖတ်ဖူးပေမဲ့ သတိရနေမှာပါ