ညိုသို့

Category: , ,

နင်မှတ်မိသေးလား...

နင်နဲ့ငါ စတွေ့ပြီး ခင်မင်ခဲ့တဲ့ ၆တန်းနှစ်တုန်းက အတန်းတင်စာမေးပွဲကြီး မဖြေခင် နင်ပေးခဲ့တဲ့ ကစ်စ်မီကွစ် အပင်လေး ငါသေချာစိုက်ခဲ့ပြီး အိုးသုံးအိုးစာအထိ ပွားလာခဲ့တာ။ ၆တန်းနှစ် နွေရာသီ ကျောင်းပိတ်ရက်ကစလို့ နှစ်စဉ် နွေကျောင်းပိတ်ရက် ရောက်တိုင်း မေမြို့ကရောက်လာမယ့် နင့်ဆီကစာကို စောင့်မျှော်တတ်ခဲ့တာ။ စာထဲမှာ နင်ငါ့ကို မုန့်ပုံလေးတွေဆွဲပြီး ကျွေးခဲ့သေးတာလေ။ စာတွေပြန်ဖတ်ကြည့်တိုင်း ကြည်နူးပြုံးပျော်စရာပေါ့ဟာ။

၇တန်းနှစ်မှာ နင်က အ၀ါအသင်း ကိုယ်စားပြုပြီး စကေးအကြီးနဲ့ မြန်မာနိုင်ငံဆန်စပါးအထွက်နှုန်းပုံဆွဲရပြီး၊ ငါက အစိမ်းအသင်း ကိုယ်စားပြု တိုင်းနဲ့ပြည်နယ် ၁၄ခုပြ မြန်မာပြည်မြေပုံ  ဆွဲခွင့်ရလို့ ၀မ်းသာခဲ့တာ။  နောက်ပြီး သတင်းစာထဲမှာပါတဲ့ ငါတို့ရဲ့  childhood sweetheart ပုံအသီးသီးကို ဖြတ်ယူပြီး ကွန်ပါဘူးထဲ ထည့်ထားခဲ့တာ။ နင့်ကို စချင်တာနဲ့ ဖိတ်စာတစ်စောင်ရေးပြီး နောက်ခဲ့သေးတယ်။ သတို့သားနာမည်က မူကူဝေဆိုလား...ဘာလား :P

၈တန်းနှစ်မှာ နင်က ခြောက်ဘာသာဂုဏ်ထူးထွက်လို့ ပျော်ခဲ့ရပြီး ငါက ဘာသာစုံဂုဏ်ထူးမပါလို့ ၀မ်းနည်းခဲ့ရသေးတာ။ အဲဒီ့နေ့က နင့်အိမ်မှာ အုန်းနို့ခေါက်ဆွဲချက်ထားလို့ လိုက်စားခဲ့သေးတယ်။ ပြီးတော့  နင့်အိမ်မှာရှိတဲ့ မစန္ဒာရဲ့ (ပထမဆုံးအကြိမ်ထုတ်ဝေခဲ့တဲ့) မဂ္ဂဇင်းဝတ္ထုတိုများပေါင်းချုပ်စာအုပ်  ငါဖတ်ဖို့ ပေးလိုက်တယ်လေ။ နောက်ပိုင်း ငါတို့နှစ်ယောက် ပြောဖြစ်တဲ့အထဲမှာ မစန္ဒာရဲ့ပုဇွန်ကျားခုနစ်ကောင်အကြောင်း ပါလာရင် သဘောကျပြီး ရယ်ကြရသေးတာ။ 

၉တန်းနှစ်မှာ ငါတို့တွေ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားဘောလုံးပွဲကို တီဗွီကနေ ကြည့်ရှုအားပေးခွင့် ရခဲ့တယ်လေ။ တိုက်တိုက်ဆိုင်ဆိုင် ငါတို့နှစ်ယောက်လုံး အားပေးတဲ့အသင်း သွားတူနေပြီး ဗိုလ်လုပွဲမှာ ဒုတိယပဲရခဲ့လို့ စိတ်မကောင်းဖြစ်ခဲ့ရတာ နှစ်တွေတော်တော်ကြာခဲ့တယ်နော်။ နင်က ငါ့အတွက် ငါကြိုက်တဲ့ ဟောလီးဝုဒ်က မင်းသားငယ်လေးတစ်ယောက်ရဲ့ ပိုစတာဝယ်ပေးခဲ့ပြီး ငါကလည်း အီတလီအသင်းပိုစတာလေး နှစ်ခုဝယ်ပြီး နင့်ကို တစ်ခု ပေးလိုက်တယ်။ ပုံဆွဲတော်တဲ့နင် အမှတ်တရ ရေးဆွဲပေးခဲ့တဲ့ ကောင်မလေး ၃ယောက်ပုံကို ငါ ပလတ်စတစ် လောင်းပြီး သိမ်းထားခဲ့တယ်။ 

၁၀တန်းနှစ်မှာ ငါတို့တွေ အတူမထိုင်ခဲ့၊ ယူတဲ့ကျူရှင်တွေ မတူခဲ့ပေမယ့် ကျောင်းတက်မပျက်ဘဲ အပြင်ကျူရှင်ထက် ကျောင်းက ဆရာမတွေကို အားကိုးကြတာချင်းတော့ သွားတူနေခဲ့တယ်။ မြန်မာစာတော်ပြီး စာစီစာကုံး အရေးကောင်းရုံသာမက  ၁၀တန်းစာမေးပွဲမှာ မြန်မာစာကျူရှင်မယူဘဲ အမှတ် ၈၀ ရခဲ့တဲ့ နင့်အတွက် ငါတကယ်ပဲ ဂုဏ်ယူဝမ်းသာခဲ့တယ်။

အထက်တန်းကျောင်းက သူငယ်ချင်းအများစုက ၁၀တန်းအောင်ပြီးတဲ့နောက် အဆက်အသွယ်ပြတ်သွားပေမယ့် ငါတို့ မပြတ်ခဲ့ဘူးနော်။ နင်အိမ်အသစ် ပြောင်းတိုင်း ငါရောက်ခဲ့သလို၊ ငါဘယ်နိုင်ငံရောက်ရောက် နင့်ဆီက စာတွေ အမြဲရခဲ့တယ်။  ငါအိမ်နဲ့ခွဲပြီး ရေမြေခြားမှာ ပညာသင်ယူနေတုန်း စိတ်ဓာတ်ကျစရာတွေ ကြုံတဲ့အခါ နင်ရေးပေးလိုက်တဲ့  ငွေတာရီရဲ့ ထိပ်ဆုံးသို့ ကဗျာကို အမြဲသတိရရွတ်ဆိုပြီး ခွန်အားယူခဲ့ရတာ။

ငါရည်းစားရတာ အရင်ဆုံးသိခွင့်ရတဲ့ သူငယ်ချင်းက နင်၊ တစ်ခြားသူတွေ မမြင်နိုင်တဲ့ ငါ့ရင်ထဲက ခံစားချက် အစစ်အမှန်တွေ သိခွင့်ရခဲ့တာလည်း နင်ပါပဲ။ နင်ရယ် ငါရယ် ခံစားချက်တွေ အပြန်အလှန် ဖလှယ်ပြီး ရေးခဲ့ကြတဲ့ စာတစ်အုပ် ရှိခဲ့သေးတယ်နော်။

စာရေးစာဖတ်ဝါသနာပါခဲ့ကြတဲ့ ငါတို့နှစ်ယောက် စာအုပ်ကောင်းတွေ ဖတ်ရတဲ့အခါ အပြန်အလှန် ပေးဖတ်ကြသေးတယ်။ ဂျူးရဲ့အမှတ်တရကို ပြန်ရေးထားတဲ့ နီမင်းဆွေရဲ့ တောင်ဆီမှာမိုးတွေသည်းပါလို့ စာအုပ်ကို နင်ပေးဖတ်လို့ ငါဖတ်ဖူးလိုက်တယ်။ တော့တိုးကျန်စာအုပ် ငါအပိုင်ဝယ်ဖြစ်တဲ့အခါ နင့်ကို ပေးဖတ်ခဲ့တယ်။  ဖေမြင့်ရဲ့ နှလုံးသား အာဟာရနဲ့ စိန်မြေဧကပေါင်းများစွာ စာအုပ်တွေ ငါနင့်ကို လက်ဆောင်ပေးခဲ့သလို မြသန်းတင့်ရဲ့ ဘာသာပြန် တဂိုးဝတ္ထုတိုများ စာအုပ်ကိုလည်း  နင်ငါ့ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့တာ။ 

လူတွေအများကြီးကို ပေးမသိတတ်တဲ့ နင့်မွေးနေ့ကို ငါသိခွင့်ရခဲ့တဲ့အတွက် တကယ်ပဲ ၀မ်းသာမိခဲ့တယ်။ နယုန်လပြည့်နေ့မှာ မွေးတဲ့ငါရယ်၊ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်မှာ မွေးတဲ့နင်ရယ် နှစ်ယောက်လုံး မြန်မာမွေးနေ့ကို အရေးထားခဲ့ကြတာချင်းလည်းတူလို့ ငါတို့အတွက် တစ်လမှာ မွေးနေ့နှစ်ရက်ဖြစ်နေတာ။ 

သူငယ်ချင်းရေ... ပြီးခဲ့တဲ့ နင်ရဲ့အင်္ဂလိပ်လိုမွေးနေ့မှာ အလုပ်တွေရှုပ် စိတ်တွေရှုပ်နေတဲ့ငါက နင့်အတွက် ဘာမှ သေသေချာချာ ဆုမတောင်းပေးလိုက်ရဘူး၊ မွေးနေ့လက်ဆောင်လည်း မပေးဖြစ်ခဲ့ဘူး။ အဲဒီ့အတွက် နင် ငါ့ကို နားလည်ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။ 

အခုဒီစာလေးကတော့ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်မှာ ကျရောက်တဲ့ နင့်မွေးနေ့အတွက် အမှတ်တရပေါ့ဟာ။ 

မင်္ဂလာရှိသောမွေးနေ့မှသည် ဘ၀တစ်လျှောက်လုံး စိတ်ချမ်းသာပျော်ရွှင်ပြီး ဆန္ဒအိပ်မက်များကို မလျှော့သော ဇွဲ၊ လုံ့လ၊ ၀ီရိယတို့ဖြင့် အကောင်အထည်ဖော်နိုင်ပါစေ။း))


နင့်ရဲ့အချစ်ဆုံးသူငယ်ချင်း
ဇွန်မိုးစက်

Comments ( 7 )

သီတင်းကျွတ်လမှာ မွေးတဲ့သူတွေဟာ...
ခင်ဖို့ကောင်းတယ်း)


ညို့အတွက် မွေးနေ့အမှတ်တရကို
ဇွန်နဲ့အတူ ဆုတောင်းသွားပါတယ်

တသားတည်း ဖြစ်ခဲ့ကြ၊ ဖြစ်နေကြဆဲ သူငယ်ချင်း နှစ်ယောက်....။

ညီမဇွန် ညိုလေးကို ဟက်ပီးဘာ့ဒ်ဒေးလို့ ပြောပေးပါနော်၊

သူငယ်ချင်း နှစ်ယောက် တသက်လုံး ခုလိုပဲ ချစ်ခင် ခိုင်မြဲကြပါစေ

ဒီလို စိတ်တူ ကိုယ်တူ သူငယ်ချင်းမျိုးရှိတာ ၀မ်းသာစရာပေါ့။ ရင်ဘတ်မိတ်ဆွေဆိုတာ ဘ၀မှာ သိပ် မပေါများလှပါဘူး။ ဒါကို တန်ဖိုးထားပြီး ချစ်စကို ရှည်ပါစေ ညီမရေ..

အလှူမှာ တွေ့ခဲ့တဲ့ ဇွန့် သူငယ်ချင်းလေးလား။
မင်္ဂလာ မွေးနေ့ ဖြစ်ပါစေ။

ညို့ အတွက်ဆုတောင်းပေးလိုက်ပါတယ်။
ပျော်ရွှင်ချမ်းမြေ့ ပါစေလို့  ...ပြောပေးပါရှင်။

ဟက်ပီးဘာ့ဒ်ဒေးပါ မမညိုလေး....နောက်ကျသွားလို့ဆောတီး။ :D

တစ်နေ့လုံး ဘုန်းကြီးကျောင်းမှာ အလုပ်များနေခဲ့တာ ည ၁၂ နာရီထိုးခါနီးမှ ကွန်ပျူတာဖွင့်တော့ ကိုယ့်ရဲ့ စာတိုက်ပုံးထဲမှာ link လေးတစ်ခုက မွေးနေ့လက်ဆောင် ပါဆယ်ထုပ်လေးလို ရောက်နေတယ်။ ဖွင့်ကြည့်လိုက်တော့ ငွေပေးဝယ်မရဘဲ နှစ်ပေါင်းများစွာရက်မှရတဲ့ သံယောဇဉ်ကြိုးတွေနဲ့ ချည်နှောင်ထားတဲ့ လက်ဆောင်လေး။ လက်ဆောင်ပေးတဲ့ သူငယ်ချင်းရော ဆုတောင်းပေးတဲ့သူတွေပါ သိပ်ကျေးဇူးတင်ပါတယ် :)