တစစနှင့် သိသိသာသာ စိမ့်အေးလာသောကြောင့် အနွေးထည်မှဇစ်ကို ဆွဲစေ့ရင်း သိပ်မကြာခင်ကမှ ဖျော်ထားသော မိုင်လိုပူပူကို တစ်ကျိုက်ငုံလိုက်သည်။ အလုံပိတ် လေအေးပေးစက်တပ် ရုံးခန်းထဲက ကွန်ပျူတာရှေ့ ထိုင်မိသော အချိန်များတွင် အပြင်ပတ်ဝန်းကျင်ကို မေ့လျော့သွားသည်က များသည်။ အခန်းထဲမှာ နဂိုပုံမှန်ထက် အေးနေပြီဆိုလျှင် မိုးအုံ့ကောင်း အုံ့နေနိုင်သည်။ ထို့ထက်ပို၍သိသိသာသာ အေးလာပြီဆိုလျှင်တော့ မိုးရွာနေတာ ဖြစ်ရမည်။ ကိုယ့်အထင်ကို အတည်ပြုပေးနိုင်သော သူမစိတ်ကြိုက်ရွေးထားသော Gmail နောက်ခံက Theme ကို ကြည့်လိုက်တော့ မိုးတွေရွာရုံမက လျှပ်စီးတွေကိုပါ တွေ့ရသည်။ ဒါဆို အပြင်မှာ မိုးရွာနေတာ သေချာသွားပြီ။
တော်ပါသေးရဲ့... ရုံးအလာမှာ မိုးမမိတာ။ ရုံးအသွား အိမ်ကထွက်ချိန် မိုးရွာနေလျှင်တော့ သူမစိတ် အနည်းငယ် အနှောင့်အယှက်ဖြစ်တတ်သည်။ မိုးဖွဲဖွဲဆိုလျှင်တော့ ကိစ္စမရှိ၊ မိုးသည်းပြီဆိုလျှင်တော့ ဘောင်းဘီရှည်အမြဲဝတ်သော ဖိနပ်အမြင့်စီးချင်သော်လည်း စီးမရသော သူမအဖို့ ဘောင်းဘီအောက်ဖျားပိုင်းနှင့်အတူ ခြေထောက်ကိုပါ မိုးရေစိုသွားသောကြောင့်ဖြစ်သည်။ ဒီတခါ မိုးမမိလိုက်ဘူးဟူသောအတွေးနှင့် ကျေနပ်သွားရင်း ရိုက်လက်စ ရုံးအီးမေးလ်ကို အပြီးသတ်ရန် ကီးဘုတ်ပေါ်လက်များတင်၍ ရွေ့ရှားလိုက်သည်။ မျက်လုံးများက ကွန်ပျူတာစကရင်ကို ကြည့်နေသော်လည်း သူမ၏ အတွေးစိတ်များသည် မိုးရွာနေပြီဟု သိလိုက်သည့်နှင့်တပြိုင်နက် ပစ္စုပ္ပန်မှာ ရှိမနေတော့။
ထို့နောက် အတွေးတို့သည် မိုးစက်မိုးပေါက်များနှင့်အတူ ....
သူမသည် ဤကမ္ဘာမြေသို့ မိုးနှင့်အတူ ရောက်လာခဲ့သည်။ ၀ဿန်ကာလ မိုးကျသည်နှင့် သူမအသက်တစ်နှစ်ကြီးခဲ့သလို အတန်းတွေလည်း တစ်နှစ်ပြီးတစ်နှစ် တက်ခဲ့ရသည်။ အတန်းသစ်မှာ သူငယ်ချင်း အဟောင်း၊ အသစ်များနှင့်အတူ သင်ခန်းစာသစ် အတွေ့အကြုံသစ်များကိုယူရင်း ညနေကျောင်းဆင်းမိုးရွာချိန်သည် သူမအတွက် သိပ်ကို ပျော်စရာ ကောင်းခဲ့သည်။ အတန်းငယ်ငယ်က မိုးကာအင်္ကျီဝတ်ရင်း မိုးရေထဲ လမ်းလျှောက်ရသည်ကို နှစ်သက်သည်။ ရေများဝပ်နေသော လမ်းမပေါ်မှာလျှောက်ရတာကို သဘောကျသည်။ ခြံဝက ရေမြှပ်နေသော တံတားမှာ ခြေမချော်သွားအောင် ဖြည်းဖြည်းချင်းစမ်းနင်းပြီး ဖြတ်လျှောက်ရသည်ကို ပျော်သည်။ တချို့သောမိုးရွာသည့်ရက်များမှာ ဖေဖေ၊ မောင်လေးတို့နှင့်အတူ ခြံထဲဆင်းပြီး မိုးရေချိုးရသည်ကို ကြည်နူးသည်။
မိသားစုစုံလင်စွာနှင့် မြိန်ရည်ရှက်ရည် စားခဲ့ရသည့် မိုးရာသီညနေထမင်းဝိုင်းအကြောင်း အတွေးရောက်သွားတော့ ဖျတ်ခနဲ မျက်ရည်ဝဲသွားသည်။ ငါးပုဏ္ဏားကြော်နှပ်၊ ငါးဇင်ရိုင်းအိုးကပ် ပင်စိမ်းအုပ်ကို တညင်းသီး တို့စရာ ငပိထောင်းဖြင့် ဖေဖေ့အကြိုက် မေမေက အရသာရှိရှိချက်ထားပေးသည်။ သူမအကြိုက် ဖလံတောင်ဝှေးကြော်နှင့် ဇရစ်ရိုးကင်ပွန်းချဉ် ဟင်းရည်ကိုလည်း တွေ့ရသည်။ မိုးအေးအေးမှာ ထမင်းပူပူ ဟင်းပူပူကို မိသားစု စုံစုံညီညီဖြင့် စားခဲ့ရသော အချိန်များသည် သူမအတွက် ဘယ်သောအခါမျှ မမေ့နိုင်စရာကောင်းလောက်အောင် နွေးထွေးချိုမြိန်လွန်းလှသည်။
ရေမြွေပေါသော သူမတို့အရပ်ဒေသတွင် မိုးရွာသောအခါ ရေစီးနှင့်အတူ ရေမြွေများ ခြံထဲအိမ်ထဲသို့ ရောက်လာတတ်သည်ဟု ပြောလေ့ရှိကြသော်လည်း သူမတို့အိမ်ထဲသို့ ၀င်လာတာ တခါမျှ မကြုံဖူးခဲ့။ တစ်ခုသော မိုးရာသီမှာတော့ မြွေပေါက်စသေးသေးတစ်ကောင်ကို ခြံထဲတွင် တစ်ခါတွေ့ဖူးလိုက်သည်။ မိုးရွာချိန် စာအုပ်ဖတ်ပြီး အိပ်ရာထဲ စောင်ခြုံကွေးရခြင်းကိုလည်း ဘယ်အရာနှင့်မျှ မလဲနိုင်အောင် မက်မော တွယ်တာခဲ့ရသေးသည်။
သူမ၏ အတွေးစိတ်ကူးများသည် မိုးနှင့်အတူ စီးမျောနေပြီး တစ်ချိန်က သူမ ချမရေးဖြစ်ခဲ့သော စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်ထဲက ဇာတ်ကောင်တွေဆီ ရောက်သွားပြန်သည်။ မိုးရွာထဲမှာ တွေ့ဆုံကြသော ကောင်လေးနှင့် ကောင်မလေး အကြောင်း။ သူတို့နှစ်ယောက်လုံး၏ နာမည်မှာ မိုးပါသည်။ မိုးပါအောင်လည်း သူမက တမင်စိတ်ကူးပြီး ပေးထားတာဖြစ်သည်။ တိုက်ဆိုင်စွာပင် သူမစာတွေရေးပြီး မဂ္ဂဇင်းတိုက်ကို ပို့တော့မည်ဆိုတော့ ကလောင်ရွေးရင်း အဲဒီ့ထဲက ကောင်မလေးနာမည်ကို သတိရသွား၍ သူ့နာမည်နှစ်လုံး ဆွဲယူသုံးလိုက်ရာမှ ဇွန်မိုးစက် ဖြစ်သွားသည်ကို အမှတ်ရရင်း ပြုံးလိုက်မိသည်။ အဲသည့်နောက်မှာ မိုးနှင့်အပြိုင်ငိုခဲ့ဖူးသော ကောင်မလေးတစ်ယောက်အကြောင်းဆီ အတွေးဝင်အသွား....။
“တူတူ”
ဖုန်းမည်သံကြောင့် သူမအတွေးနယ်မှ ရုန်းထွက်သွားပြီး အလုပ်စားပွဲပေါ်မှ တယ်လီဖုန်းကို ကောက်ကိုင်လိုက်သည်။
"Hello"
"Can I speak to ....?"
"Yes, I am speaking"
"...... ........ .........."
"Okay, can you connect to my PC using remote support icon, so that I can take a look."
အဲဒီ့နောက်တွင်တော့ သူမ၏ အတွေးစိတ်များသည် အတိတ်ကာလ နေ့ရက်များကို လွန်မြောက်သွားပြီး ပစ္စုပ္ပန်တည့်တည့်ကို ပြန်လည်ရောက်ရှိသွားသည်။
အပြင်မှာ မိုးတို့စဲသွားပြီထင်သည်၊ ရုံးခန်းတွင်းမှ အအေးဒဏ်သည် သိသိသာသာလျော့ကျသွားပြီ၊ သူမ၏ Gmail နောက်ခံ Theme သည်လည်း နက်မှောင်ရာမှ ပြာလဲ့ခဲ့ပြီ။
ဇွန်မိုးစက်
(အမသက်ဝေရဲ့ တဂ်ပို့စ်လေးပါ။ အလုပ်တွေများပြီး မအားမလပ်ဖြစ်နေတာကြောင့် ခုမှရေးဖြစ်ပါတယ်။
တော်တော်ကြာ တရားစခန်းမှာ တရားထိုင်နေတုန်း… ဟယ် အမသက်ဝေရဲ့ တဂ်ပို့စ်မရေးသေးဘူးဆိုပြီး ကြောင့်ကြစိတ်ပေါ်လာမှာစိုးလို့ ဒီညနေ ရုံးက ပြန်ရောက်ရောက်ချင်းပဲ ထိုင်ရေးလိုက်ပါတယ်။ :D
အမရေ…မိုးရွာချိန်ဆို ဇွန့်မှာ တခြားအတွေးတွေထက် ဒီစာထဲမှာ ရေးခဲ့တဲ့အတွေးတွေကပဲ ထပ်တလဲလဲဝင်ရောက်နေလို့ အဲဒါကိုပဲ ချရေးလိုက်ပါတယ်။ အမ ကျေနပ်ရဲ့လား မသိဘူး။)
ဖတ်လို့ ကောင်းတယ်၊
ဝတ္ထုများ ဆက်အုံးမှာလားလို့၊
ဖတ်ကောင်းပါတယ်။ မိုးရွာတဲ့ အချိန်ဆို ငယ်ငယ်က သိပ်ပျော်တယ်။ မိုးအေးအေးနဲ့ ကွေးလို့ ကကောင်း၊
ဖားအော်သံတွေ၊ မိုးစက်သံတွေ၊ အတွေးလှလှတွေ...
အခုဒီမှာတော့ မိုးရွာရင် ပိုအေးတယ်လို့ ခံစားမိတယ်။
စိုစိုစွတ်စွတ်နဲ့  ငယ်ငယ်ကလို ကဗျာမဆတ်တော့သလို ပါပဲ။
♫♫ ဒီလို မိုးသည်းထဲမှာ တွေ့ခဲ့ရတဲ့ ကောင်မလေးတယောက်ကို ♪♪
အကြင်နာတွေ အကုန်အစင် စုစည်းကာ ချစ်မိလို့...♪
ဒီမိုး ဒီမိုး ဒီမိုး သည်းတဲ့ နေ့တွေ
ဒီမိုး ဒီမိုး ဒီမိုး သည်းတဲ့ ညတွေ
ရှည်လွန်းတယ်...♪
လက်တွေ့ဆန်လွန်းတဲ့ ညီမဇွန်ရဲ့ အတွေးလေး ဖတ်လို့ကောင်းနေတာပါပဲ။ မိုးရွာချိန် ရုံးမှာ တွေးတဲ့ အတွေးလေးပေါ့။ ဖြတ်စရာရှိတာတွေ အကုန်သာ ဖြတ်ခဲ့ ညီမရေ....စိတ်ချလက်ချ တရားဝင်နော် သာဓု ၃ကြိမ် ကြိုခေါ်သွားတယ်...
ကျေနပ်ပါတယ် ညီမရယ်... ဖတ်လို့လဲ သိပ်ကောင်းပါတယ် ညီမ ညွှန်းတဲ့ ပိုစ့်လေးကိုလဲ သွားဖတ်ပြီးပါပြီ... အလုပ်တွေ များတဲ့ကြားက ရိပ်သာသွားခါနီးအချိန်မှာ ရေးပေးခဲ့တာ ကျေးဇူးတင်ပါတယ်...။
မိုးရွာချိန်တွေဟာ အများအားဖြင့်တော့ လူတွေရဲ့စိတ်အတွေးတွေကို ရီဝေမူးရစ်စေတယ်...။ အဲဒါကို သတိထားလိုက်မိပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည် တည့်မတ်လိုက်တဲ့ အခါကျမှ ကိုယ့်စိတ်အတွေးတွေက ပစ္စုပ္ပန်တည့်တည့်ကို ပြန်ရောက်လာတတ်တယ်...။
ကျန်းမာ ချမ်းသာစွာနဲ့ အေးအေးချမ်းချမ်း တရားအားထုတ်နိုင်ပါစေလို့ ဆုတောင်းလိုက်တယ်... ညီမပြုခဲ့သမျှ ဒါန၊ သီလနဲ့ ပါရမီ ကုသိုလ်တွေကို ရိပ်သာက ပြန်လာရင် အမျှ ပြန်ဝေပေးပါနော်...း))
အမရေးးး
ခုတလော မိုးလည်းအိမ်ကထမင်းစားဝိုင်းလေးကို အရမ်းသတိရနေတာ ငါးပုဏ္ဏားကြော်နှပ်၊ ငါးဇင်ရိုင်းအိုးကပ် ဖလံတောင်ဝှေးကြော်နှင့် ဇရစ်ရိုးကင်ပွန်းချဉ် ဟင်းရည်ကိုလည်း စားချင်မိပါတယ်။
ဘဝ တွေကြောင်းစဉ်းစားမိရင် တကယ်ပဲမျက်ရည်ဝဲမိပါတယ်။
သာယာချမ်းမြေ့ပါစေရှင်း
မိုး
“မိုးရွာချိန် စာအုပ်ဖတ်ပြီး အိပ်ရာထဲ စောင်ခြုံကွေးရခြင်းကိုလည်း ဘယ်အရာနှင့်မျှ မလဲနိုင်အောင် မက်မော တွယ်တာခဲ့ရသေးသည်။ ”
ကွက်တိ ဒက်ထိတူပါ၏။း))
ချစ်တဲ့
ဂျင်း
ဒီမှာလေ မိုးရွာရင် မိုးခါးတို့ မိုးမိပြီပဲ
အမြဲတမ်း ထီးမဆောင်တတ်လွန်းလို့ .. မိုးဖွဲဖွဲဆိုလို့ကတော့ ပြေးပြီသာမှတ် .. ခြေတလှမ်း ကုဋေတသန်း :P (အဲ့လို မိန်းကလေး ပီသတာ)
မိုးခါး
ဒီရောက်တော့ မိုးရွာတော့မယ်ဆိုတာနဲ့ ပထမဆုံးတွေးမိတာ "အိမ်မှာ အဝတ်တွေ လှန်းထားခဲ့မိသလား ???" ဆိုတာ
=D
ဇွန်မိုးစက်ရဲ့ အတွေးလေး ဖတ်လို့ကောင်းတယ်...။
လက်တွေ့ကျတယ်....။ ရိပ်သာမှာ အေးအေးချမ်းချမ်း တရားအားထုတ်နိုင်ပါစေ ညီမ...။ သာဓုသုံးကြိမ်ခေါ်ပါတယ်နော်...။
ခင်တဲ့
မိုးငွေ့