“မိန်းကလေး”
ခပ်အုပ်အုပ်ခေါ်သံတစ်ခုကြောင့် မိန်းကလေး အိပ်ပျော်ရာမှ နိုးလာခဲ့တယ်။ မျက်လုံးအစုံကို အားယူဖွင့်ကြည့်လိုက်တော့ ဘေးနားမှာ ဘယ်သူမှရှိမနေဘူး။ ခေါင်းရင်းဘက် ပြတင်းတံခါးရဲ့ အပေါ်နားဘက်မှာတော့ အဖြူရောင် တိမ်တိုက်တစ်စုံက သူမကို စောင့်ကြိုနေတယ်။
“အချိန်ကျပြီ၊ သွားကြရအောင်”
မိန်းကလေးက တစ်စုံတစ်ခုကို သတိရသွားပြီး ပြတင်းပေါက်ဘောင်ပေါ် တက်ရပ်လိုက်တယ်။ တိမ်တိုက်ထူထူက သူမအနားထိ ရွေ့လျားနိမ့်ဆင်းပေးလာတယ်။ မိန်းကလေးက နူးညံ့နွေးထွေးလှတဲ့ တိမ်စိုင်ထုထဲ သူမခန္ဓာကိုယ်တစ်ခုလုံး နစ်မြှုပ်သွားတဲ့အထိ တိုးဝင်လိုက်ပြီးတဲ့အခါ တိမ်တိုက်ဟာ အပေါ်မြင့်မြင့်ကို လွင့်ပျံထွက်ခဲ့တော့တယ်။
“အခုဘယ်ကိုသွားနေတာလဲဟင်” မိန်းကလေးက မ၀ံ့မရဲ စိတ်လှုပ်ရှားသံနဲ့ မေးလိုက်တော့ တိမ်တိုက်ဖြူက “တို့အရှေ့မြောက်ဘက်ကို အရင်သွားကြတာပေါ့၊ အဲဒီ့မှာ မင်းကြည့်ချင်တဲ့၊ စိတ်ဝင်စားတဲ့ နေရာတွေရှိတယ်”
တဖြည်းဖြည်းနဲ့ အေးစိမ့်လာတဲ့ လေထုဒဏ်ကို ကာကွယ်ဖို့ တိမ်တိုက်ဖြူက သူ့ရှိသမျှ တိမ်မျှင်တွေနဲ့ မိန်းကလေးကို အထပ်ထပ် ရစ်ပတ်ထွေးထုပ်လို့ အနွေးဓာတ်ပေးတယ်။ ဒီလိုနဲ့ မိန်းကလေးဟာ တိမ်တိုက်ထူထူနွေးနွေးထဲမှာ အိပ်ပျော်ရင်း လိုက်ပါသွားတယ်။
နေရောင်ခြည်ရဲ့ နွေးထွေးတဲ့အလင်းရောင်နဲ့အတူ မိန်းကလေး နိုးလာတော့ သူမရဲ့ တိမ်တိုက်ဖြူဟာ ဖြေးဖြေးချင်း ရွေ့လျားနေပြီး မြေထုကို မြင်နိုင်လောက်တဲ့ အမြင့်ပေမှာပဲ ရှိတော့တယ်။
“ခု ဘယ်ကိုရောက်နေပြီလဲဆိုတာ မင်းခန့်မှန်းကြည့်စမ်း”
မိန်းကလေးက အပေါ်စီးမြင်ကွင်းကို ပိုထင်ရှားအောင် မျက်လုံးနှစ်ဘက်ကိုပွတ်လို့ သေသေချာချာကြည့်ပြီး ဖြေလိုက်တယ်။
“အန်ကောဝပ်”
တိမ်တိုက်ဖြူက ကျေနပ်သွားပြီး မိန်းကလေးကို မြေပေါ်ချပေးလိုက်တယ်။ ဒါ ကမ္ဘာ့အရှေ့ခြမ်းမှာ မိန်းကလေး အသွားချင်ဆုံး နေရာတွေထဲက တစ်ခုပဲလေ။ မိန်းကလေး ပဉ္စမတန်းသမိုင်းဖတ်စာမှာ အန်ကောဝပ်အကြောင်း သင်ကြားခဲ့ရကတည်းက သွားချင်ခဲ့တာမဟုတ်လား။ ခုတော့ တိမ်တိုက်ဖြူကြောင့် သူမဆန္ဒပြည့်ဝခဲ့ပြီ။ အပျက်အစီး ယိုယွင်းမှုတွေကြားက အန်ကောဝပ်ကျောင်းတော်ကြီးရဲ့ ဗိသုကာလက်ရာတွေကို ကြည့်ရှုခွင့်ရတယ်။ အင်း… တစ်ခုတော့ ရှိတာပေါ့၊ သူမမှာ ကင်မရာမပါတော့ ဓာတ်ပုံရိုက်ခွင့်မရဘူး။ အို… အန်ကောဝပ် မပြိုကျမပျက်စီး တစ်စုံတစ်ရာ ကြီးကြီးမားမားမဖြစ်ခင်မှာ ကိုယ်တိုင်ကိုယ်ကျ ရောက်ခဲ့ပြီပဲ။ မိန်းကလေး စိတ်ကိုဖြေတွေးလိုက်တယ်။
ပြီးတော့ တိမ်တိုက်ကိုစီးပြီး နောက်ထပ်ခရီးဆက်ဖို့ ထွက်ခဲ့တယ်။ သိပ်မကြာခင်မှာဘဲ ကျောက်တုံးကြီးတွေနဲ့ စိမ်းလဲ့နေတဲ့ ပင်လယ်ရေပြင်ပေါ် ဖြတ်သန်းသွားနေတာကို မိန်းကလေး သတိပြုမိတယ်။ အောက်ကိုစေ့စေ့မကြည့်ရဲဘဲ ပြုတ်ကျသွားမှာကို စိုးရိမ်စိတ်ပေါ်နေတဲ့ သူမကို တိမ်တိုက်က တင်းကြပ်စွာထွေးပိုက်ထားပြီး မကြောက်ပါနဲ့လို့ပြောတယ်။ “ဖြေကြည့်ပါဦး ဒါဘယ်နေရာလဲ” တဲ့။ “အင်း…” ဒီတစ်ခါတော့ သူမ စောစောကလို ခပ်မြန်မြန် မဖြေနိုင်သေးဘဲ စဉ်းစားနေတယ်။ ပြီးမှ “ဖူးခက်လား” လို့ သိပ်မသေချာတဲ့ အသံစွက်ပြီး ပြောလိုက်တယ်။
တိမ်တိုက်က မဟုတ်ဘူးလို့ ခပ်တိုးတိုးပြောတော့ မိန်းကလေး မျက်မှောင်ကျုံ့ပြီး စဉ်းစားတယ်။ သြော်…သိပြီ ဟလောင်ဘေး လို့ ၀မ်းသာအားရ ပြောလိုက်တယ်။ ဟုတ်ပါရဲ့ ဟလောင်ပင်လယ်အော်ပေါ်ရောက်နေမှပဲ။ မိန်းကလေး ပျော်သွားတယ်။ တိမ်တိုက်က ကျောက်တုံးမြင့်မြင့်ချွန်ချွန်ထိပ်နားမှာ ရပ်နားရင်း မိန်းကလေးကျေနပ်တဲ့အထိ ကြည့်စေပြီးတဲ့အခါ အပေါ်ကိုပျံတက် ခရီးဆက်ခဲ့တယ်။
ဒီတခါတော့ တနံတလျားရှည်လျားပြီး ကြီးမားကျယ်ပြောတဲ့ ကုန်းမြေကို ဖြတ်သန်းရတယ်။ အအေးဒဏ်ကြောင့် ခပ်မှိန်းမှိန်းဖြစ်နေတဲ့ မိန်းကလေးကို တိမ်တိုက်က လှုပ်နှိုးပြီး တစ်စုံတစ်ခုကိုပြတယ်။ “မင်းတွေ့လား… ဟိုးမှာ... လကမ္ဘာပေါ်ကနေတောင် လှမ်းမြင်ရတဲ့ လူသားတို့ရဲ့အစွမ်းနဲ့တည်ဆောက်ခဲ့တဲ့ တစ်ခုတည်းသော မဟာတံတိုင်းကြီးကို ကြည့်လိုက်ပါဦး”
မိန်းကလေးက “အို… ဟုတ်ပါရဲ့ သိပ်ပြီးကြီးမားခံ့ထည်ရှည်လျားလိုက်တဲ့ မဟာတံတိုင်းကြီးပါလား” “ကျွန်မ အဲ့ဒီပေါ်မှာ လမ်းလျှောက်ခွင့်ရချင်လိုက်တာ” မိန်းကလေးက မ၀ံ့မရဲ တောင်းဆိုကြည့်တယ်။ “ကောင်းပြီလေ… ခဏတော့ မင်းကိုလျှောက်ခွင့်ပေးမယ်။ ငါတို့မှာ အချိန်သိပ်မရဘူး၊ သွားရမယ့်နေရာတွေ အများကြီးရှိသေးတယ်” “ဟုတ်ကဲ့ ကျွန်မ နားလည်ပါတယ်”
တိမ်တိုက်က မိန်းကလေးကို တံတိုင်းကြီးပေါ် လျှောက်လို့ရတဲ့အမြင့်ပေထိ ချပေးလိုက်တယ်။ မိန်းကလေးက တံတိုင်းပေါ်ခြေချလိုက်တာနဲ့ တပြိုင်နက် ပျော်ရွှင်ဝမ်းမြောက်ခြင်းအတိနဲ့ ပြေးလျှောက်သွားတယ်။ တိမ်တိုက်ဖြူက ခပ်လှမ်းလှမ်းမှာ သွားရပ်ပြီး စောင့်ကြိုပေးနေတယ်။ မိန်းကလေးက ကျေနပ်အားရစွာနဲ့ တိမ်တိုက်ကို ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်တယ်။
“ဒီတခါ တို့ခရီးဝေးဝေးသွားရမယ်။ မင်းအိပ်ပြီး လိုက်ခဲ့တော့။ ငါတို့ ဆိုက်ဘီးရီးယားရေခဲဒေသကို ဖြတ်ကျော်ပြီး ဥရောပမြောက်ပိုင်းစွန်းဒေသကို သွားမယ်။ အဲဒီ့မှာ မင်းကို ပြစရာတစ်ခုရှိနေတယ်။ အအေးဒဏ်အတွက်တော့ မင်းမပူပါနဲ့။ ငါ့မှာ မင်းကိုလုံခြုံနွေးထွေးအောင်ထားနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိနေတာ မင်းယုံတယ်မဟုတ်လား” မိန်းကလေးက အချိန်မဆိုင်းဘဲ ခေါင်းညိတ်ပြလိုက်တယ်။ “ကောင်းပြီ…သွားကြစို့”
တိမ်တိုက်က အရှိန်မြှင့်ပြီး အပေါ်မြင့်မြင့်ရောက်အောင် လွင့်တက်လိုက်တယ်။ မိန်းကလေးက တိမ်တိုက်ထူထူထဲ သူမခေါင်းလေးပါ ပုဝင်ပြီး တစ်ကိုယ်လုံး ကျုံ့ထားလိုက်တယ်။ ရေခဲဒေသမရောက်ခင် ကုန်းမြင့်ချိုင့်ဝှမ်း တောင်တန်းတွေသာမက မြစ်နီ၊ မြစ်ဝါ၊ ကန္တာရဒေသတွေကိုလည်း ဖြတ်ကျော်ခဲ့သေးတယ်။ ကြီးမားစိမ်းလန်းတဲ့ မွန်ဂိုဒေသရဲ့ မြက်ခင်းလွင်ပြင်ပေါ် ဖြတ်သန်းအပြီးမှာတော့ ရေခဲတမျှ အေးစက်လွန်းတဲ့လေတွေတိုးတာ သူမခံစားရတယ်။ အေးလွန်းလို့ မလှုပ်ရဲအောင်ဘဲ။ တိမ်တိုက်ဖြူဆီက ပိုမိုတဲ့ အနွေးဓာတ်တွေ သူမကိုယ်ထဲ စီးဝင်လာတယ်။ မျက်လုံးတွေကို မှေးစင်းလိုက်ပြီး သိပ်မကြာခင်မှာဘဲ မိန်းကလေး အိပ်မောကျသွားတယ်။ တိမ်တိုက်ဖြူကတော့ အရှိန်ပြင်းပြင်းနဲ့ လွင့်ပျံနေတုန်းပဲ…။
ဆက်ပါဦးမည်။
ဇွန်မိုးစက်
တိုက်တိုက်ဆိုင်ဆိုင်ဗျာ.. ထမင်းစားနေကြတုန်းက အန်ကော့ဝပ်ကို ဒီဇင်ဘာမှာ သွားကြမယ်ဆိုပြီး တိုင်ပင်နေတာ။ တိုက်ဆိုင်ပုံများ။
မဇွန်စာရေ အရမ်းကောင်း။ ဆက်ရန်ကို စောင့်နေမယ်။
တကယ်ဖြစ်ရင် ကောင်းမှာ..။
ဗီဇာလဲ မလို၊ လေယာဉ်ခလဲ မကုန်..။ :P
ကောင်းလိုက်တာ
အဲလိုသာသွားခွင့်ရရင်
း))
ချစ်စရာ စာစုလေးတခုပဲ...
တိမ်တွေအကြောင်း ဖတ်ရရင် အလိုလိုကို ချစ်နေတာ...ဆက်ရန်တွေ မျှော်နေမယ်နော်...
*** စာနဲ့လိုက်ဖက်မယ်ထင်တာလေးတခု
Facebook မှာ ပို့ထားတယ်...
တိမ်တွေပေါ် အဲလိုလိုက်လို့ ကိုယ်သွားလိုရာ သွားချင်လိုက်တာကွယ်..
အတွေးအရေးလှတယ် ညီမ၊
တိမ်တိုက်နဲ့ အတူ...ကျမဆီဝင်လာလည်ပါနော်။