ဆယ်ကျော်သက်အရွယ် နွေရာသီကျောင်းပိတ်ရက်တစ်ခုမှာ သူ့ကို စတွေ့ဖူးတယ်။ အမှတ်မထင် တီဗွီကလာတဲ့ သတင်းထဲမှာ ဆံပင်အလယ်ခွဲနဲ့ ချစ်စရာကောင်လေးတစ်ယောက် လေယာဉ်ပေါ်ကနေ ဆင်းလာတဲ့ ပုံရိပ်တစ်ခုကိုမြင်ပြီး ကလေးစိတ်နဲ့ နှစ်သက်မိသွားတယ်။ နောက်တစ်နေ့ သတင်းစာထဲမှာပါလာတဲ့ သူ့ပုံလေးကို ကတ်ကြေးနဲ့ သေချာ ကိုက်ယူပြီး သိမ်းထားတယ်။ ကျောင်းတွေပြန်ဖွင့်တဲ့အခါ ကိုယ့်ကွန်ပါဘူးလေးထဲမှာ သူ့ပုံလေးကို အမြဲထည့်ထားခဲ့တာ စာသင်နှစ်ကုန်သွားတဲ့ အထိပါပဲ။
သူနဲ့ပတ်သက်တဲ့ သတင်းတွေကို သူ့မိခင်အသိုင်းအ၀ိုင်းနဲ့ နီးစပ်မှုရှိတဲ့ အစ်မ၀မ်းကွဲတစ်ယောက်ဆီကနေ နားစွင့်တယ်။ အိမ်အလည်လာတဲ့အစ်မကို သူ့အကြောင်းလေးတွေ ကိုယ်မေးကြည့်တယ်။ သူ့ရဲ့မြန်မာနာမည်က ဘယ်လို၊ သူက ထန်းလျက်ကြိုက်တယ် စသဖြင့် သိရသလောက် ကိုယ်ကမှတ်သားထားတယ်။ သူနဲ့ပတ်သက်ပြီး သီးသန့် စာအုပ်လေး တစ်အုပ်မှာ ရေးထားတာတွေရှိတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန် အင်္ဂလန်ရောက်ခဲ့ရင် သွားတွေ့မယ်ဆိုပြီး စာအုပ်ထဲမှာ ရေးထားခဲ့ဖူးသေးတယ်။
အသက်တွေ တဖြည်းဖြည်းကြီးလာတဲ့အခါ သူ့အကြောင်း အတွေးနဲ့စိတ်ကူးတွေ တဖြည်းဖြည်းလျော့ပါးလာပြီး သူ့ကို မေ့သွားတယ်။ ဒါပေမဲ့ တခါတခါ သတိရမိရင် သူဘယ်ရောက်နေပြီး ဘယ်လိုဘ၀ကို ရင်ဆိုင်ဖြတ်သန်းနေသလဲဆိုတာကို စိတ်ဝင်စားမိ၊ တွေးမိတတ်တယ်။ သူ့အစ်ကို အိမ်ထောင်ပြုသွားတဲ့အကြောင်း ကြားရတယ်။ သူလူဆိုးကလေး ဖြစ်သွားတယ်လို့ တစ်ယောက်ယောက်က ကိုယ့်ကို ပြောဖူးသေးတယ်။ အဲသည့်သတင်းကြားတုန်းက Google မှာ ရှာကြည့်လိုက်သေးတယ်။ သူ့အကြောင်းထက် သူ့အစ်ကိုအကြောင်းပဲ တွေ့ရတယ်။
တစ်မနက်လုံး အလုပ်တွေကြားနစ်နေတဲ့ကိုယ် နေ့လည်ထမင်းစားချိန်အပြီး gmail ကိုဝင်ကြည့်တော့ သူငယ်ချင်းက လင့်ခ်တစ်ခုပို့ထားတယ်။ ဖွင့်ကြည့်လိုက်တဲ့အခါ အနှစ်နှစ်ဆယ်နီးပါးလောက် မတွေ့မြင်ခဲ့ရတဲ့ သူ့ကို ကွန်ပျူတာ မျက်နှာပြင်ပေါ်ကတဆင့် ပြန်တွေ့လိုက်ရတယ်။ ကိုယ်ဟာ သတင်းတွေဖတ်ရင်း၊ ပုံတွေကြည့်ရင်း ၀မ်းနည်းဝမ်းသာ ခံစားချက်တွေ တပြိုင်တည်း ခံစားနေမိတယ်။ သူလူဆိုးကလေးဖြစ်ခဲ့တာ ဟုတ်ချင်ဟုတ်မှာလို့ အခုမြင်ရတဲ့ သူ့ပုံရိပ်ကို ကြည့်ပြီး တွေးလိုက်မိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိခင်ဖြစ်သူ လွတ်မြောက်တာနဲ့ တွေ့ဆုံနိုင်ဖို့ ဘန်ကောက်ကို ကြိုတင်ရောက်ရှိနေခဲ့တဲ့ သားတစ်ယောက်ရဲ့ မျှော်လင့်ချက်က ဘယ်လောက်ကြီးမား ဆန္ဒပြင်းပြခဲ့လိမ့်မလဲဆိုတာ ကိုယ်ခံစားကြည့်နေမိတယ်။
သူ့ကို မြင်ရတဲ့အခါ ကိုယ်ကလေးဘ၀က သဘောကျနှစ်သက်မိသူတစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာထက် အများအတွက် မျှော်လင့်ချက်ရောင်ခြည်တွေ တောက်ပစေတဲ့ အမေတစ်ယောက်ရဲ့မေတ္တာကို တောင့်တခဲ့တဲ့ သားတစ်ယောက်အနေနဲ့ပဲ မြင်မိတော့တယ်။ ကမ္ဘာတစ်ဖက်ခြမ်းစီမှာ အသက်ရှင်ရက်ရှိနေပါသော်လည်း ဆယ်စုနှစ်ကြာမှ ပြန်လည်ဆုံတွေ့ခွင့်ရတဲ့ အမေနဲ့သားအတွက် အတိုင်းမသိ ၀မ်းသာကြည်နူးရင်း မျက်ရည်များတောင် ၀ဲခဲ့မိပါတယ်။
ဇွန်မိုးစက်
(သတင်းဖတ်ပြီးကတည်းက တစ်နေ့လည်ခင်းလုံး ဒီအကြောင်းပဲ ခေါင်းထဲရောက်နေတယ်။ တကယ်လို့များ ကိုယ့်ရဲ့ childhood sweetheart သာ တစ်ခြားတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ကိုယ်ဘယ်တော့မှ ချရေးဖြစ်မှာ မဟုတ်ဘူး။ ခုတော့ တိုက်ဆိုင်သွားတာရော၊ ကိုယ်ခံစားမိသွားတာရောပေါင်းပြီး တိမ်တိုက်နဲ့ ခရီးမဆက်ဖြစ်ဘဲ ဒီအကြောင်းရေးမိသွားတယ်)
ညီမရေ... ညီမရေးထားသလိုပဲ... မိခင်ဖြစ်သူ လွတ်မြောက်တာနဲ့ တွေ့ဆုံနိုင်ဖို့ ဘန်ကောက်ကို ကြိုတင်ရောက်ရှိနေခဲ့တဲ့ သားတစ်ယောက်ရဲ့ မျှော်လင့်ချက်က ဘယ်လောက်ကြီးမား ဆန္ဒပြင်းပြခဲ့လိမ့်မလဲဆိုတာ ခံစားကြည့်နေမိတယ်... အမလဲ အဲလိုပဲ ခံစားရင်း ကြည်နူးရင်း ဝမ်းသာ ဝမ်းနည်းဖြစ်နေခဲ့တယ်...
သားအမိနှစ်ယောက် လေဆိပ်မှာလက်ချင်းဆုပ်ထားတဲ့ ပုံတွေကိုကြည့်ရင်း ပီတိဖြစ်မိတယ်။ ကောင်လေးက လက်စသတ်တော့ ဇွန် တဖက်သတ်ကြိုက်ခဲ့တဲ့သူကိုး.. :p
ပုံတွေမြင်ပြီး မျက်ရည်ပါဝဲတယ် ..း( စိတ်ထဲလဲတမျိုးကြီးပဲ .. ဒါတောင် ကိုယ်က အပြင်လူနော် .. ကာယကံရှင်တွေသာဆိုရင် ...
ကိုထိန်လင်းသာ မြန်မာပြည်မှာ မင်းသားလုပ်ရင် အတော် အောင်မြင်လောက်တယ်။ တကယ့်ကို ဝိုင်းဝိုင်းလည်ပဲ။ (ဟို ဘလော့ဂါ အစ်မကြီး တစ်ယောက် ရှိသေးတယ်။ :P )
သူ့မှာ ကလေးနှစ်ယောက်ရှိတယ်မဟုတ်လား jasmineနဲ့ jamie တဲ့။
.ဟိုကောင်လေး.ဇက်တီ. နင်အတင်းတုတ်တာ ငါမြင်တယ်နော်.. လင်မယားရန်ဖြစ်အောင်လာလုပ်နေတယ်။ တို့က ရိုးရိုးပါကွယ် အဟဲဟဲ။
မမွန်
ဟုတ်လား မမွန်... Jasmine ဆိုတဲ့ သမီးလေးရှိတာ သိလိုက်တယ်။ Jamie တော့ မသိဘူး။ မမွန်က သတင်းပိုစုံတော့ မမွန်ကိုပဲ မေးတော့မယ်။း)
သြော်....ငါ့အစ်မက ဂလိုကိုးးးးးး....ဟဟဟ
ဂျင်းလည်းအတူတူပါပဲ။ သူတို့သားအမိတွေ့ဆုံတဲ့ပုံတွေကိုကြည့်ပြီး
ကြည်နူးပျော်ရွှင်မိပါတယ်။
ဟုတ်တယ်နော် ဓါတ်ပုံကြည့်ပြီး မျက်ရည်ဝဲမိတယ်။
သားမိတွေကို ထပ်ပြီးမကွဲမကွာနေစေချင်လိုက်တာ။
ဆုတောင်းပေးတိုင်းသာပြည့်ရင်သိပ်ကောင်းမှာပဲနော်။
မမနော် မမ ဟွန့်ဟွန့်
ps: ဒီနေ့ဘုရားပေါ်ဓါတ်ပုံမှာသားမိတွေကြည့်ရတာ ရင်ထဲအေးချမ်းလိုက်တာ
အပိုသတင်း (ကော်လံကတုံးလေး အဖြူရောင်လေးနဲ့)
းP မြန်မာလိုလေးကျက်သရေရှိတာမမရယ်။
ဇွန်နော် ကလေးစိတ်နဲ့ နှစ်သက်မိသွားတယ် ဆိုပဲ...ဟဟ၊ ခုတော့လည်း ကြည့်ရတာ လူကောင်း လူရည်မွန်လေးတယောက် ဖြစ်မှာပါဟယ် ။ ပုဆိုးလေးနဲ့ဆိုတော့ အေးချမ်းသိမ်မွေ့နေတယ်။ သားအမိရဲ့ အပြုံးတွေကို ကြည့်ရတာနဲ့တင် အပျော်တွေ ကူးစက်လှပြီ...
စိတ်ကူးထဲကလူတယောက် ကို ၀မ်းသာခြင်းတွေနဲ့ 
ပြန်တွေ့ ရတာ ပျော်စရာပါ။
ပုံတွေကြည့်ပြီး မျက်ရည်ကျမိတယ်။ မိသားစုတွေ
ပျော်ရွှင်စွာပြန်စုံကြည့်ပြီး စိတ်လှုတ်ရှားမိပါတယ်။
သူချောတာ အဘိုးကို မမီဘူး။
=)
ဇွန်..
အရှည်ကြီး ဆွဲရေးလိုက်ရင် .. ဆိုတွေးမိသွားတယ်။
ဖတ်ရတာ မ၀လို့ပါကွယ်..
မမရေးထားတာ ကြည်နူးနှစ်သက်စရာလေး...
ထပ်တူတွေးတောခံစားရပါတယ်။