တိမ်တိုက်တစ်စုံနှင့်အတူ - ၂

Category:

မိန်းကလေးဟာ တိမ်တိုက်နဲ့အတူ အာတိတ်စက်ဝိုင်းဖြတ်သန်းသွားရာ စကန်ဒီနေးဗီးယားဒေသတစ်ခုဖြစ်တဲ့ နော်ဝေးနိုင်ငံမြောက်ပိုင်းကို ရောက်ရှိလာတယ်။ တိမ်တိုက်ဖြူက မိန်းကလေးကို ရွာငယ်တစ်ရွာနားမှာ ချပေးပြီး အင်အားဖြည့် အနားယူစေတယ်။ ညအချိန်ရောက်တဲ့အခါ  မိန်းကလေးဟာ စိတ်လှုပ်ရှားစွာနဲ့ သူမမြင်တွေ့ရမယ့်အရာကို မြေပြင်တစ်နေရာကနေ စောင့်ကြည့်နေတယ်။ သိပ်မကြာခင်မှာဘဲ နက်ပြာရောင်ကောင်းကင်ထက်မှာ လှပစွာတဲ့ ဖြာကျလာတဲ့ အစိမ်းရောင်အလင်းတန်းကို တွေ့ရတယ်။ 

လျှပ်စစ်အမှုန်လေးတွေ တစ်ခုနဲ့တစ်ခု အရှိန်ပြင်းစွာပွတ်တိုက်ထိတွေ့ပြီး ကမ္ဘာမြေရဲ့ သံလိုက်ဓာတ် ဆွဲငင်အားကြီးရာ မြောက်အရပ်ဆီကို ဦးတည်လာရာမှ ထွက်ပေါ်လာတဲ့ သဘာဝအလင်းရောင်ဖြစ်တယ်လို့ တိမ်တိုက်ဖြူက ရှင်းပြတယ်။ အစိမ်းရောင်အပြင် အခြားအရောင်တွေ ရောယှက်ဖြာဆင်း တတ်ကြောင်းကိုလည်း ပြောပြတယ်။ မိန်းကလေးတသက်မှာ ဒီလောက်လှပတဲ့ မြင်ကွင်းမျိုး မမြင်ခဲ့ဘူးလို့ မျက်တောင်မခတ်ဘဲ Northern Lights ကို အံ့သြမင်သက် ငြိမ်သက်စွာနဲ့ ကြည့်နေမိတယ်။ 


တကယ်တော့ သူမတစ်ယောက်တည်း မဟုတ်ခဲ့ဘူး။ ကမ္ဘာ့ဒေသအနှံ့အပြားကလူတွေလည်း သူမလိုပဲ သဘာဝတရားရဲ့ အံ့မခန်း ဆန်းကြယ်လှပတဲ့အရာကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခံစားဖို့ အဝေးကြီးကနေ လာကြည့်ကြတာကို တွေ့ရတယ်။ ခပ်လှမ်းလှမ်းက သူမရဲ့ တိမ်တိုက်ဖြူကို ကျေးဇူးတင်တဲ့ မျက်ဝန်းများနဲ့ မော့ကြည့်မိတယ်။ တိမ်တိုက်ဖြူက သူ့တာဝန်တစ်ခုကျေသွားသလို ၀မ်းမြောက်ပေါ့ပါးစွာနဲ့ လွင့်ကနဲ ပျံတက်ပြတယ်။

အရုဏ်ကျင်းချိန်မှာတော့ သူမတို့ တောင်ဘက်ကို ခရီးဆက်ခဲ့တယ်။ ဒီတစ်ခါ မိန်းကလေးဆန္ဒရှိတဲ့ နေရာတစ်ခုကို အရင်ပို့ပေးမယ်လို့ တိမ်တိုက်ဖြူက ဆိုတာကြောင့် သူမနေရာတစ်ခုကို ပြောလိုက်တယ်။ တကယ်တော့ ဥရောပတိုက်မှာ မိန်းကလေးသွားချင်တဲ့နေရာတွေ သိပ်များတယ်။ ဒါပေမယ့် နေရာအနှံ့ကို တိမ်တိုက်ဖြူက လိုက်ပို့ပေးနိုင်မှာ မဟုတ်ဘူး။ သူတို့မှာ အချိန်အကန့်အသတ်လည်း ရှိနေတယ်။ 

“ကျွန်မကို မြေထဲပင်လယ်ဒေသက စစ္စလီကျွန်းကို လိုက်ပို့ပေးပါ။ ဒါပေမဲ့ အခုတောင်ဘက်ကို ဖြတ်သန်းတဲ့အခါ ဘရပ်ဆဲလ်မြို့မှာ တစ်ထောက်နားပေးပါ” လို့ မိန်းကလေးက တောင်းဆိုလိုက်တယ်။ တိမ်တိုက်က အံ့သြတဲ့ လေသံနဲ့ “ဘရပ်ဆဲလ်မှာ ဘာရှိလို့လဲ မိန်းကလေး”  လို့ ပြန်မေးတယ်။ “ကျွန်မအချစ်တော် ရုပ်ပြဇာတ်ကောင်လေး တင်တင် မွေးဖွားရာ မူလဇာတိကို သွားကြည့်ချင်လို့ပါ” မိန်းကလေးရဲ့ အဖြေအဆုံး တိမ်တိုက်ဖြူဆီက သဘောကျစွာနဲ့ ရယ်မောသံထွက်လာတယ်။ “ကောင်းပြီ၊ မင်းဆန္ဒအတိုင်းဖြစ်စေရမယ်” လို့ပြောပြီး တောင်ဘက်အရပ်ကို ဦးတည် လွင့်ပျံလိုက်တယ်။ 

ဘရပ်ဆဲလ်မှာ မိန်းကလေးဆန္ဒအတိုင်း တစ်ထောက်နားပြီးတဲ့အခါ မြေထဲပင်လယ်ဒေသကို ဆက်လက်ခရီးနှင်ခဲ့တယ်။ ခရီးတစ်လျှောက် မြင်ကွင်းတွေက သိပ်လှလို့ မိန်းကလေးဟာ ပျော်ရွှင်ကြည်နူးနေတယ်။ ပြင်သစ်ဒေသတစ်ဝိုက်က ၀ိုင်ထုတ်လုပ်ထွက်ရှိရာ စီရရီအတန်းလိုက် စပျစ်ခင်းတွေ၊ လှပတဲ့သဲသောင်ပြင်နဲ့ လူအများအပန်းဖြေအနားယူရာ ပင်လယ်ကမ်းခြေပေါ်ကနေလည်း ဖြတ်သန်းသွားတယ်။ 

လမ်းတလျှောက် ကြည့်စရာတွေများနေတဲ့ မိန်းကလေးဟာ စစ္စလီကျွန်းကို ရောက်သွားမှန်း တိမ်တိုက်ဖြူပြောမှ သိတော့တယ်။ တိမ်တိုက်ဖြူက ကျွန်းပေါ် ဖြည်းဖြည်းချင်း နိမ့်ဆင်းရင်း  “မင်းဘာကြောင့် ဒီနေရာကို လာချင်ရသလဲဆိုတာ ငါသိပြီ” လို့ ပြောတယ်။ ကောင်းကင်ပြာပြာက အုပ်မိုးထားပြီး ပင်လယ်ပြာနဲ့ဝန်းရံထားတဲ့ စစ္စလီကျွန်းရဲ့ အလှဟာ မြင်သူတိုင်းရဲ့ အာရုံကို ဆွဲဆောင်ညှို့ငင်ယူလိုက်တာ အရာအားလုံးကို မေ့လောက်တဲ့ အထိပါပဲ။

မိန်းကလေးဟာ ကျွန်းပေါ်မှာ ခြေစုံရပ်၊ အသက်ကို ၀၀ရှူသွင်းပြီး ပြာလဲ့နေတဲ့ ကောင်းကင်ပြင်နဲ့ တဆက်တည်းရှိသယောင် ထင်မှတ်မှားရတဲ့ ပင်လယ်ပြင်ကို တမေ့တမော ငေးကြည့်နေမိတယ်။ “ဒီကျွန်းက လှရုံတင် မကဘူး၊ ကျွန်းပေါ်ရှိတဲ့လူတွေကလည်း စိတ်သဘောကောင်းပြီး အသက်ရှည်ကြတယ်တဲ့” မိန်းကလေးက သူကြားဖူးနားဝရှိသမျှ တိမ်တိုက်ကို ပြန်ပြောပြတယ်။ “ဟုတ်လိမ့်မယ် သူတို့က သံလွင်ဆီထွက်တဲ့အရပ်ဆိုတော့ ဘာစားစား သံလွင်ဆီပဲ ထည့်သုံးကြတာ အကြောင်းတစ်ရပ် ဖြစ်မှာပေါ့” တိမ်တိုက်ဖြူပြန်ပြောတာကို မိန်းကလေးက သဘောကျစွာနဲ့ ပြုံးတယ်။ 

“မြေထဲပင်လယ်ထဲက ဂရိပိုင်ကျွန်းတွေလည်း သိပ်လှတယ်လို့ ပြောကြတယ်နော်” “ဟုတ်တယ်… ငါတို့ နောက်ခရီးရှည်တစ်ခု မဆက်ခင် ဂရိကျွန်းဘက်ကို ခဏဖြတ်သွားကြည့်မယ်လေ” ပြီးရင် မြေထဲပင်လယ်ကထွက် အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ပြီး အမေရိကတိုက်ကို သွားကြမယ်” အမေရိကတိုက် ဆိုတဲ့ အသံကြားရရင်ပဲ မိန်းကလေးဟာ သိပ်ကို စိတ်လှုပ်ရှားသွားတယ်။ ပျော်လည်း ပျော်သွားတယ်။ သိပ်မကြာခင် အချိန်အတွင်းမှာပဲ တိမ်တိုက်ဖြူက သူမကို အလွှာလွှာ အထပ်ထပ်ရစ်ပတ်လို့ သမုဒ္ဒရာကိုဖြတ်ပြီး မြောက်အမေရိကတိုက်ဆီ လွင့်ပျံထွက်ခဲ့တော့တယ်။ 

ဆက်ပါဦးမည်။


ဇွန်မိုးစက်


Northern Lights ပုံကို Google Image ကနေ ယူသုံးထားပါတယ်။

Comments ( 6 )

ငါ့အစ်မက စာရေးကောင်းတော့ ဂျင်းတောင် စာဖတ်ရင်းနဲ့ တိမ်တိုက်ဖြူထဲက မိန်းကလေးဖြစ်သွားသလိုပဲ။း)


တစ်နဲ့နှစ်တစ်ခါတည်းပေါင်းဖတ်သွားတယ်။

မမစာထဲကလို တိမ်တွေကိုစီးခွင့်ရရင်
သိပ်ကောင်းမှာပဲနော်
ပျော်စရာကြီးနေမှာ ဟီဟီးးးးးးးး

သာယာချမ်းမြေ့ပါစေရှင်း
မိုး

မဇွန်
မရောက်တာလည်းကြာပါပြီ၊ ရောက်ရောက်ချင်း တိမ်တိုက်ထဲပါသွားလို့ ပျော်ပျော်ကြီးလျှောက်ကြည့်မိတယ်။ ခက်တာကပြန်ဆင်းလို့မရဘူးလေ၊ တိမ်တိုက်ကပြန်မပို့ပေးသေးဘူး..ဟိဟိ။ ဆက်တင်ပါဗျိုး မျှော်နေမယ်...

နော်ဝေးရဲ့ Northern light ကို ရှာကြည့်လိုက်အုံးမယ်၊
ဆက်သွားပါဦး
:)

ဇွန်နဲ့ အတူတောင်လိုက်လည်ချင်လာပြီ...

အဲဒီလို တကယ်သွားရရင် သိပ်ကောင်းမှာပဲ...း))