“မိန်းကလေး”
တိမ်တိုက်ဖြူရဲ့ ခေါ်သံအဆုံး မိန်းကလေး လန့်နိုးလာတယ်။ “တို့ရောက်လုပြီ။ ဟိုးမှာ မြင်နေရတဲ့ ကျွန်းရှည်မျောမျောလေးကို တွေ့လား။ အဲဒါ လောင်းအိုင်လန်ပဲ”
မိန်းကလေးက အိပ်မှုံစုံမွှားဖြစ်နေသေးလို့ တိမ်တိုက်က အရှိန်ပြင်းပြင်းနဲ့ အောက်ကိုဆင်းချလိုက်တော့မှ အောက်က သမုဒ္ဒရာရေပြင်ကျယ်ကို မြင်လိုက်တဲ့အခါ ကြောက်စိတ်နဲ့ မျက်စိကျယ်သွားတယ်။
အို… မြောက်အမေရိကတိုက်ရဲ့ အရှေ့ဘက်ကို ရောက်ခဲ့ပြီပဲ။ ဒီတခါ မိန်းကလေးပြောစရာမလိုဘဲ တိမ်တိုက်ဖြူက သူမသွားချင်တဲ့နေရာတွေကို လိုက်ပြပေးမယ်ဆိုတာ သိနေတယ်။
လောင်းအိုင်လန်ကနေ မက်ဟက်တန်ကို ဆက်ထားတဲ့ ဘရွတ်ကလင်းတံတားပေါ်ကနေ ဖြတ်သန်းခိုက်မှာ ပျော်လွန်းလို့ မိန်းကလေးရင်တွေခုန်လာတယ်။ စာပေနဲ့ရုပ်ရှင်တွေထဲမှာသာ ရင်းနှီးခဲ့တဲ့ ကမ္ဘာကျော်တံတားကြီးကို မျက်ဝါးထင်ထင်မြင်တွေ့ရတော့ မိန်းကလေးဟာ ၀မ်းသာပျော်ရွှင်နေတယ်။ ဒါတင်ဘယ်ကဦးမလဲ… တိမ်တိုက်ဖြူက မိန်းကလေးကို အင်ပါယာစတိတ်အဆောက်အဦရဲ့ ဟိုးအပေါ်ဆုံးထိအောင် ခေါ်ဆောင်သွားပြီး နယူးယောက်မြို့တော်ကို အပေါ်စီးကနေ ကြည့်ခွင့်ရအောင် စွမ်းဆောင်ပေးခဲ့သေးတယ်။ နာမည်ကျော် ပဉ္စမရိပ်သာလမ်းနဲ့ အလယ်ပန်းခြံမှာလည်း လမ်းဆင်းလျှောက်ခွင့်ရခဲ့တယ်။ မိန်းကလေးအတွက် မြင်မြင်သမျှ အရာအားလုံးဟာ တက်ကြွဆန်းသစ်နေတယ်။ နယူးယောက်ကနေ မထွက်ခွာခင်မှာ တိမ်တိုက်ဖြူက လစ်ဘာတီရုပ်ထုရှိရာ လစ်ဘာတီကျွန်းပေါ်ကနေ ပျံလွင့်ပြီးမှ အနောက်မြောက်ကို ဦးတည်လိုက်တယ်။
မိန်းကလေးအတွက် မကြည့်မဖြစ်နေရာတစ်ခုကို တိမ်တိုက်ဖြူက ခေါ်ဆောင်သွားပေးတယ်။ သဘာဝတရားက လက်ဆောင်ပေးထားတဲ့ ကမ္ဘာ့အလှဆုံးရေတံခွန်များစာရင်းဝင်ရာ “နိုင်ဂရာ” ဆီကိုပေါ့။ မိန်းကလေးဟာ အမေရိကန်နဲ့ ကနေဒါနှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ နိုင်ဂရာရေတံခွန်ရဲ့အလှကို ရှုစားရင်း တပြိုင်တည်းမှာပဲ ကောင်းကင်ပြာအောက်က အွန်တေရီယိုရေကန်အလှမှာလည်း နစ်ဝင်ခံစားနေတယ်။ ပထ၀ီဝင်ဘာသာရပ်မှာ ကျက်မှတ် သင်ကြားခဲ့ရတဲ့ မြောက်အမေရိကတိုက်ရဲ့ ရေကန်ကြီးငါးခုထဲက တစ်ခုကို ကိုယ်တိုင်မြင်တွေ့ခွင့်ရတဲ့အတွက်လည်း ပီတိဖြစ်နေတယ်။ “ဟိုမှာ မြင်နေရတာ ကနေဒါနိုင်ငံရဲ့အကြီးဆုံးမြို့ တိုရွန်တိုလေ၊ အွန်တေရီယိုပြည်နယ်ရဲ့ မြို့တော်လည်းဖြစ်တယ်” တိမ်တိုက်က မိန်းကလေးသိအောင် ပြောပြပေးတယ်။ “ကျွန်မတို့ ကနေဒါဘက်ကိုတော့ မသွားနိုင်တော့ဘူးနော်” “ဟုတ်တယ်… တို့တတွေ အနောက်ဘက်ကမ်းခြေတိုင်အောင် သွားရဦးမှာလေ” မိန်းကလေးက စောဒကမတက်တော့ဘဲ တိမ်တိုက်ဖြူခေါ်ဆောင်ရာသာလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။
မိန်းကလေးက မပြောပေမယ့် တိမ်တိုက်ဖြူဟာ မြောက်အမေရိကမှာ မိန်းကလေးသွားရောက်ကြည့်ရှုချင်တဲ့ အဓိကနေရာတွေကို ဦးစားပေး ပို့ဆောင်ပေးခဲ့တယ်။ ဥပမာ- မိန်းကလေးအကြိုက်စာအုပ်တွေထဲကနေ ကျွမ်းဝင်နေတဲ့ မတ်ခ်တွိမ်းရဲ့ မြစ်ကြီးမစ္စစ္စပီနဲ့ ဂယ်ရစ်ဆင်ကိုင်လွှာရဲ့ ပရေရီမြက်ခင်းလွင်ပြင်ကျယ် အပေါ်ကနေ ဖြတ်သန်းပြီးမှ အလက်စကားပြည်နယ်ကို သွားတယ်။ မိန်းကလေးဟာ တိမ်တိုက်ဖြူက အနောက်ဘက်ကမ်းခြေကို အရင်မသွားဘဲ အလက်စကားဘက်ကို သွားတာကြောင့် အံ့အားသင့်နေမိတယ်။ ဒါပေမယ့် တိမ်တိုက်ဟာ အကြောင်းမဲ့သက်သက်နဲ့တော့ အလက်စကားကို မသွားလောက်ဘူးဆိုတာသိလို့ ဘာကြောင့်လဲ မမေးတော့ဘဲ နှုတ်ဆိတ်ပြီးသာ လိုက်ခဲ့တယ်။
တိမ်တိုက်ဖြူဟာ အလက်စကားပြည်နယ် အစွန်းထိအောင်ရောက်အောင် အပေါ်ဝေးဝေးက လွင့်ပျံပြီးမှ မိန်းကလေးကို ပြောပြတယ်။ “မင်းသိလား… ဟိုးအရင်ရှေးနှစ်သန်းပေါင်းများစွာက ဥရောပတိုက်နဲ့မြောက်အမေရိကတိုက်ဟာ ကုန်းမြေတဆက်တည်းဖြစ်ခဲ့တယ်။ ရေခဲခေတ်အပြီးမှာ ရေခဲတွေပျော်ကျပျက်စီးပြီး ပင်လယ်ရေမျက်နှာပြင် တက်လာတာနဲ့အမျှ ကုန်းမြေနှစ်ခုဟာ ကွဲကွာသွားတယ်။ ဒီနေရာဟာ ဥရောပနဲ့ မြောက်အမေရိက နှစ်တိုက်ရဲ့ ကုန်းမြေအစပ်ဖြစ်ခဲ့ဖူးတာ မင်းကိုပြချင်လို့”
“တဆက်တည်း အလက်စကားပြည်နယ်အကြောင်းလည်း ပြောပြမယ်။ ပြည်နယ်ပေါင်း၅၀နဲ့ ဖွဲ့စည်းထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဧရိယာအကြီးဆုံးနဲ့ လူဦးရေအနည်းဆုံးနေထိုင်တဲ့ပြည်နယ်ဟာ အလက်စကားပဲ။ ကုန်းမြေအရလည်း တစ်ခြားပြည်နယ်တွေနဲ့ ဆက်စပ်မှုမရှိဘူး။ တကယ်တော့ အလက်စကားဟာ အရင်က ရုရှပိုင်နယ်မြေတစ်ခုဖြစ်ခဲ့တယ်၊ ၁၈၆၇ခုနှစ်မှာ ရုရှအင်ပါယာထံကနေ အမေရိကန်က ၀ယ်ယူလိုက်ပြီးတဲ့နောက်မှာမှ အမေရိကန်ပြည်ထောင်စုရဲ့ ၄၉ခုမြောက်ပြည်နယ်ဖြစ်လာခဲ့တာ”
“အို..ဟုတ်လား…ကျွန်မ ဒီအကြောင်းတွေ မသိခဲ့ဘူး။ ကျွန်မစိတ်ထဲမှာလည်း အလက်စကားဟာ အမေရိကန်ရဲ့ ပြည်နယ်တစ်ခုဖြစ်နေပေမယ့် အခြားပြည်နယ်တွေနဲ့ မတူဘဲ တစ်ခုခု ကွဲပြားခြားနားနေတယ်လို့ ခံစားနေရတာ။ ခုလိုသိရအောင် တကူးတက ပို့ဆောင်ပေး၊ သမိုင်းကြောင်းပြောပြပေးတဲ့ တိမ်တိုက်ဖြူကို ကျေးဇူးသိပ်တင်တာပဲ”
အဲဒီ့နောက်မှာမှ တိမ်တိုက်ဖြူဟာ အလက်စကားကပြည်နယ်ကနေမှ တောင်ဘက်တည့်တည့်ကို လွင့်ပျံပြီး အနောက်ဘက်ကမ်းခြေဒေသကို အရောက်သွားတယ်။ အနောက်ဘက်ကမ်းခြေက လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အထင်ကရမြို့တွေဖြစ်တဲ့ ဆန်ဖရန်စစ္စကိုနဲ့ လော့စ်အိန်ဂျလိစ်မြို့တွေပေါ်ကနေ ဖြတ်သန်းသွားတယ်။ မိန်းကလေးကျေနပ်အောင် Golden Gate အမည်ရတဲ့ နာမည်ကျော် ဆန်ဖရန်စစ္စကို တံတားကြီးပေါ်ကနေလည်း ဖြတ်သန်းပေးတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ကုန်းတွင်းပိုင်းခရီးကို အရီဇိုးနားပြည်နယ်က ဂရင်းကင်ညွန်မှာ အဆုံးသတ်တယ်။ မိန်းကလေး အနှစ်နှစ်အလလကတည်းက အရောက်သွားဖို့ ဆန္ဒရှိခဲ့တဲ့ နေရာတစ်ခုဆိုတာ တိမ်တိုက်ဖြူက သိနှင့်နေတယ်။ မိန်းကလေးဟာ သူ့မျက်စိရှေ့အောက်မှာ ကော်လိုရာဒိုမြစ်ဟာ ဂရင်းကင်ညွန်ကိုဖြတ်ပြီး လှပဝေ့၀ိုက်စွာ စီးဆင်းနေပုံကြည့်ပြီး သိပ်ကို ကျေနပ်ပျော်ရွှင်နေတယ်။ သူမပျော်နေတာကိုကြည့်ပြီး တိမ်တိုက်ဖြူကလည်း လိုက်ပျော်နေတယ်။ ဂရင်းကင်ညွန်ရဲ့အလှနဲ့လိုက်ဖက်ညီစွာ ခြံရံထားတဲ့ ကောင်းကင်ပြာထဲမှာ သူ့မိတ်ဆွေ တိမ်မျှင်တစ်ချို့ကိုတွေ့ရလို့ ၀မ်းသာအားရနဲ့ နှုတ်ဆက်လိုက်သေးတယ်။ ဂရင်းကင်ညွန်ရဲ့ အမျိုးသားပန်းခြံမှာ တစ်ညတာနားခိုပြီးနောက် အနောက်ဘက်ကမ်းခြေကနေ မိုင်ပေါင်း ၂,၀၀၀ ကျော်အကွာ ပစိဖိတ်သမုဒ္ဒရာ အတွင်းမှာရှိတဲ့ ပြည်နယ်၅၀ထဲက နောက်ဆုံးပြည်နယ်ဖြစ်တဲ့ ဟာဝိုင်အီကို လာခဲ့တယ်။
ဒီတခါ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်တော့ မိန်းကလေးဟာ အရင်ကလောက် မကြောက်ရွံတော့ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ လိုက်ပါလာတယ်။ ခရီးတစ်လျှောက်မှာလည်း သူမကပဲ စကားတွေပြောလာတယ်။ မိန်းကလေးက သူမ လက်ထပ်ဖြစ်တဲ့အခါ ပျားရည်ဆမ်းခရီးကို ဟာဝိုင်အီမှာပဲ ထွက်ချင်တယ်ဆိုတဲ့ အကြောင်းလည်းပါတယ်။ တိမ်တိုက်ဖြူက “ဟာဝိုင်အီကျွန်းစုလေးတွေက သိပ်လှပါရဲ့။ ဒါပေမဲ ငါတော့ အဲဒီ့ကျွန်းတွေပေါ်မှာ ကြာကြာမနေရဲဘူး၊ တော်ကြာမီးတောင်ပေါက်ကွဲတာနဲ့ တိုးနေမှာစိုးလို့” လို့ ပြန်ပြောတယ်။ တိမ်တိုက်ဟာ သူကြောက်တယ်ဆိုပေမယ့် တကယ်တမ်းကျွန်းပေါ်ရောက်တဲ့အခါ မိန်းကလေးကို တစ်နေရာပြီးတစ်နေရာ စိတ်ရှည်ရှည်နဲ့ လိုက်ပြပေးတယ်။ မိန်းကလေးဟာ ဟာဝိုင်အီရောက်ပြီးတဲ့အခါ တစ်ချိန်ကျရင် သူမအတွက် honeymoon destination က Hawaii ဆိုတာ ပိုပြီးသေချာသွားတယ်။
မြောက်အမေရိကတိုက်ခရီးကနေ စိတ်ဝင်စားစရာတွေပြည့်နှက်နေတဲ့ တောင်အမေရိကတိုက်ဆီကို ပစိဖိတ်သမုဒ္ဒရာ ဖြတ်ပြီးသွားတဲ့အခါ သူမတို့ရဲ့ခရီးရှည်ဟာ တစ်ဝက်ကျော်သွားခဲ့ပြီ။ မိန်းကလေးဟာ ဟိုး…ပစိဖိတ်သမုဒ္ဒရာထဲက ထူးဆန်းတဲ့ လူမျက်နှာနဲ့ ကျောက်ရုပ်အကြီးကြီးတွေရှိတဲ့ ချီလီနိုင်ငံပိုင် အီစတာကျွန်းကို သွားချင်ပေမယ့် တိမ်တိုက်ဖြူရဲ့ သူမကို သယ်ဆောင်နိုင်အားဟာ အကန့်အသတ်ရှိတာကြောင့် အဲဒီကိုသွားဖို့ မတောင်းဆိုတော့ဘဲ သူမဆန္ဒကို ချိုးနှိမ်လိုက်တယ်။ တိမ်တိုက်ဖြူ ဒီတစ်ခါ ဦးတည်ပျံလွင့်တဲ့နေရာက ကမ္ဘာ့ရှားပါးသတ္တ၀ါမျိုးစိတ်တွေ၊ ဧရာမ လိပ်ကြီးတွေရှိတဲ့ အီကွေဒေါနိုင်ငံပိုင် ဂါလာပါဂိုးစ်ကျွန်းစုများဆီကို…။
ဆက်ပါဦးမည်။
ဇွန်မိုးစက်
အပေါ်က Grand Canyon နဲ့ Colorado River ပုံကို Google Image ကနေပဲ ယူသုံးထားပါတယ်ရှင်။
ရေးထားပုံလေးကို သဘောကျတယ်။
ဆက်ဖတ်နေမှာပါ။
ညီမရေ....၁ ၂ ၃ တခါတည်း ဖတ်သွားတယ်။ အဲသလို ကမ္ဘာအနှံ ခရီး တကယ်သွားရရင် ကောင်းမှာ:)
ဆက်ပါဦး။
ဆက်လက်လိုက်ပါနေဆဲပါ.....
တိမ်တိုက်လေးက အလားစကားကနေ.. ဆန်ဖရန်ကို ကျော်သွားတယ်.. မလေးဆီကို ၀င်ချင်ဘူးတဲ့..
ဇွန်က ကမ္ဘာ့ပထဝီကို စိတ်ဝင်တစား ချစ်ပုံရတယ်။
ဟုတ်တယ် ရီတာ။း)
New York...
Concrete jungle where dreams are made of... ဆိုတဲ့ သီချင်းလေး သတိရတယ်... အလည်ရောက်ချင်တဲ့နေရာထဲမှာ New York ပါတယ်...