လွန်ခဲ့သည့်တစ်ပတ်က ဟောပြောပွဲတစ်ခုအပြီး မေးခွန်းများကို ကျွန်မဖိတ်ခေါ်သောအခါ စာရွက်ပိုင်းလေးတွေ ကျွန်မဆီသို့ အများအပြားရောက်လာခဲ့သည်။ ထိုစာရွက်များထဲတွင် မေးခွန်းတစ်ခုက ဆရာမအကြိုက်ဆုံး စာအုပ်သုံးအုပ်ကို ပြောပြပါတဲ့။
သူက အကြိုက်ဆုံးဟုသာဆိုပေမယ့် ကျွန်မကိုယ်တိုင်၏ စာအုပ်တွေထဲကလား၊ ကျွန်မဖတ်ခဲ့သော စာအုပ်တွေထဲကလား မကွဲပြားပေ။ ထို့ကြောင့် နှစ်မျိုးလုံးဖြေလိုက်ပါသည်။
ကျွန်မစာအုပ်တွေထဲမှာ အကြိုက်ဆုံးရယ်လို့ တန်းစီလိုက်လျှင် ပါနေကျထုံးစံတွေပေါ့။ သုံးအုပ်ဟု ကန့်သတ် လိုက် သည့်အခါ စက္ကန့်ပိုင်းအတွင်း ရေတွက်ကြည့်ဖို့က တော်တော်ခက်ခဲပါသည်။ အခြားစာရေးဆရာများ၏ စာအုပ် တွေကတော့ ကြိုက်နှစ်သက်သည်မှာ များလွန်းလှသဖြင့် သုံးအုပ်ထဲရွေးဖို့ ပို၍ပင် ခက်သေးတော့သည်။ သို့သော် ကျွန်မအာရုံထဲရောက်သမျှ ရေတွက်ပြလိုက်သည်။ ကျွန်မခဏခဏဖတ်နေကျထဲက သုံးအုပ်ထဲပါမသွားဘဲ ကျန်နေသည့်စာအုပ်ပေါင်း နှစ်ဆယ်လောက်ကိုတော့ စိတ်ထဲက တောင်းပန်လိုက်ရသည်။
ကျွန်မရေရွတ်ပြသည့် စာအုပ်သုံးအုပ်မှာ တစ်ခုက ကျွန်မကို အ၀ါရောင်ရထားဝတ္ထုတို ရေးဖြစ်အောင် အာရုံဝင်စားမှုပေးခဲ့သည့် လူမှုရေးဆိုင်ရာပရဟိတစိတ်ကို လှုံ့ဆော်ပေးသည့် စာတစ်ပုဒ်ပါဝင်သည့် အက်ဆေးပေါင်းချုပ် စာအုပ်တစ်အုပ်၊ နောက်တစ်ခုက ဆင်းရဲမွဲတေခြင်းကို တိုက်ဖျက်ဇာတ်သိမ်းစေမည်ဟူသော ဟားဘတ်တက္ကသိုလ်ထွက် အမေရိကန် စီးပွားရေးပညာရှင်တစ်ဦး၏ စာအုပ်တစ်အုပ်နှင့် အမေရိကန်ပညာရှင်တစ်ယောက်ရေးသော မြန်မာနိုင်ငံမြောက်ဖျားစွန်းက နောက်ဆုံးရွာ၏အလွန်ဟူသော စာအုပ်တစ်အုပ်ဖြစ်ခဲ့သည်။ ထိုစာအုပ်သုံးအုပ်ကို ကျွန်မဘာကြောင့် ခဏခဏ ပြန်ဖတ်ဖြစ်သလဲဆိုသည်ကိုလည်း သူတို့အား ရှင်းပြခဲ့သည်။
ထိုစာအုပ်သုံးအုပ်လုံးသည် ကျွန်မအတွက် မျှော်လင့်ချက်တွေကိုပေးသည်။ ဆုံးဖြတ်ချက်တွေကိုပေးသည်။ စိတ်ဓာတ် ပျက်ပြားနေသော ကျွန်မကိုဆက်ရှင်သန်နိုင်ဖို့ ခွန်အားတွေပေးခဲ့သည်။ ဘာသာရပ်သုံးခုအတွက် မျှော်လင့်ခြင်း ခွန်အားသုံးမျိုး ဆိုပါစို့။
ပြောပြီးနောက် ကျွန်မချက်ခြင်းသတိရသွားသဖြင့် ရယ်မောလျက်ထပ်ပြောလိုက်မိသည်။ “ရသစာပေကို ဖတ်ဖို့ရော ဖန်တီးဖို့ရော အလွန်မြတ်နိုးတဲ့ကျွန်မ အခုရွေးလိုက်တဲ့ စာအုပ်သုံးအုပ်မှာ နှစ်အုပ်က ရသမဟုတ်တဲ့ စာတွေဖြစ်နေတာ အံ့သြစရာလဲကောင်း၊ ရယ်စရာလဲ ကောင်းပါတယ်”
ကျွန်မ ဘာကြောင့်ဝတ္ထုကဗျာတွေကို မရွေးလိုက်မိသလဲ။ တကယ်ဆို ကျွန်မ မနက်မနက်မှာ အိပ်ရာမှမထခင် ဖတ်ဖို့ချထားသည့် စာအုပ်တွေ လေးငါးအုပ်တွင် အခုထိဖတ်မပြီးသေးသည့် တရုတ်အမေရိကန်စာရေးဆရာမ အေမီတန်၏ Saving Fish from Drowning ၀တ္ထုပါသည်။ ပြင်သစ်သို့ ပြောင်းရွှေ့သွားသည့် တရုတ်စာရေးဆရာ၏ ပြင်သစ်လိုရေးသားထုတ်ဝေခဲ့သည့် အင်္ဂလိပ်ဘာသာပြန် ဘောလ်ဇက်နှင့်အပ်ချုပ်သည်မလေးဟူသော ၀တ္ထုစာအုပ် ကျွန်မဖတ်ပြီးသွားသော်လည်း အနီးအနားမှာ ရှိနေသေးသည်။ ထိုစာအုပ်တွေကို ကျွန်မကြိုက်ပါသည်။ ဘာကြောင့် ကျွန်မ ထိုစာအုပ်တွေကို ထည့်မရေတွက်မိပါလိမ့်။
ဟောပြောပွဲအပြီး ညမှာ ကျွန်မကိုယ့်ကိုယ်ကို ဆင်ခြင်မိတော့ ကျွန်မသည် ရသစာပေကို မျှဝေမိသည်ထက် ရသမဟုတ်သော စာပေကို မျှဝေမိနေသည်က များနေပါလား။
တစ်နေ့တစ်နေ့ ကျွန်မဖတ်သောစာတွေကို ခွဲခြားကြည့်လျှင် ရသစာပေထက် ရသမဟုတ်သောစာတွေက ရာခိုင်နှုန်းပိုများနေသည်ကို တွေ့ရသည်။ ဖတ်ရှုနှုန်းနှစ်ခု၏ ကွာခြားချက်က သိပ်တော့မများလှသေးပါ။ ကျွန်မစာအုပ်စင်တွင်ထားပြီး ခဏခဏထုတ်ဖတ်သော စာအုပ်များတွင် ကဗျာစာအုပ်တွေက သုံးလေးအုပ်ပါနေသည်ကို သတိထားမိသည်။ ၀တ္ထုတိုတွေလည်း လေးငါးအုပ်ပါ။ သို့သော် အိပ်ရာဘေးမှာ စီကာစဉ်ကာ ပတ်လည်ဝိုင်း နေသည့်အများစုက ရသမဟုတ်သော စာများနှင့် ဖတ်ရလွယ်ကူသော သတင်းအပြည့်ပေးသော အပတ်စဉ်ထုတ် ဂျာနယ်များဖြစ်နေသည်။
လွန်ခဲ့သည့် သုံးလေးလအတွင်း ဖတ်ပြီးသွားခဲ့သည့် စာအုပ်တွေကို ပြန်စဉ်းစားကြည့်လိုက်သည်။
သဘာဝပတ်ဝန်းကျင်နှင့် အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ် စာအုပ်စာတမ်းတွေ။
တိုင်းမ်စ်မဂ္ဂင်းဇင်းကိုပဲကြည့်။ စိမ်းလန်းသောအိပ်မက်များတဲ့။ အာရှ၏လေထုရေထုညစ်ညမ်းမှုတွေ ယိုယွင်းမှုတွေထဲမှ ဖောက်ထွက်ကာ သန့်စင်အောင် ကြိုးစားဆောင်ရွက်လိုက်သော တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ဝန်၏ အောင်မြင်မှုတွေအကြောင်းဖတ်ရသည်။ ဆိုးလ်မြို့လယ်ခေါင်မှာ ညစ်ညမ်းနေခဲ့သော ချွန်ဂေးချုန်းချောင်းကို ပြန်သန့်စင် လိုက်ခြင်းဖြစ်သည်။
နောက်ပြီး ကမ္ဘာ့ဒုတိယအစိမ်းလန်းဆုံးနိုင်ငံဖြစ်သည့် ဆွီဒင်နိုင်ငံမှာ ဇီဝဓာတ်ငွေ့ဖြင့် မောင်းနှင်မည့် ရထားတွဲများ အကြောင်းပါဝင်သည်။ ၂၀၂၀ခုနှစ်တွင် ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်နိုင်ရမည်ဟု ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ အမျိုးသမီးဝန်ကြီး မိုနာဆာလင်က စီမံကိန်းအကြောင်း ထုတ်ဖော်ပြောခဲ့သည်။
“အဲဒီအချိန်မှာ အိမ်တိုင်းမှာ အပူပေးစနစ်အတွက် လောင်စာဆီမလိုအပ်တော့ဘူး။ မော်တော်ကားတွေမှာလည်း ဓာတ်ဆီမလိုအပ်တော့ဘူး။ တစ်ခြားရွေးချယ်စရာတွေ ရှိလာတော့မယ်” ဟု သူမက ကြေငြာခဲ့သည်။ လုပ်နိုင်ပါ့မလား။ ဆွီဒင်နိုင်ငံက လုပ်နိုင်ပါလိမ့်မည်။ ၁၉၇၀ ခုနှစ်တုန်းက အရှေ့အလယ်ပိုင်း အကြပ်အတည်းမတိုင်မီ ဆွီဒင်သည် သူ့လောင်စာစွမ်းအင်အသုံး၏ ၇၇ ရာခိုင်နှုန်းကို ရေနံမှ ရခဲ့သည်။ ၂၀၀၃ခုနှစ်တွင် စက်မှုလုပ်ငန်းများ အလွန်တိုးတက် ထွန်းကားလာသော်လည်း ရေနံပေါ်မှီခိုမှုက ၃၄ ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့သည်။ ဆွီဒင်နိုင်ငံသည် သူ့သဘာဝ အရင်းအမြစ်များအပေါ် စီမံကွပ်ကဲမှု ကောင်းမွန်ခဲ့၏။
“ကျွန်မတို့မှာ ရေအားလျှပ်စစ်အတွက် နေရာတွေအများကြီးရှိတယ်။ ဇီဝစွမ်းအင် (Biomass) တွေရှိတယ်။ လေစွမ်းအင်အတွက် နေရာတွေအများကြီးရှိတယ်” ဟု ၀န်ကြီးက ပြောခဲ့သည်။

သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သော သိပ္ပံနည်းပညာတွေက အားတက်စရာပါလား။ သူများနိုင်ငံတွေမှာ အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြတာမြင်ရတော့ အားကျမိသည်။ သူတို့ခေါင်းဆောင်တွေကလည်း သူများ နိုင်ငံရေးခေါင်းဆောင်တွေ တွေးတောင်မတွေးမိသည့် ဥပဒေတွေကို ထုတ်ပြန်ဆောင်ရွက်ခဲ့သတဲ့။ လောင်စာနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုများအတွက် အခွန်ကောက်ခြင်းဖြစ်သည်။ အိမ်တွေကားတွေမှာ ရေနံလောင်စာ အသုံးကို တစ်ခြားအသစ်ပြန်ဖြည့်စွမ်းအင်များနှင့် အစားထိုးရန် စဉ်းစားလာကြသည်။ တစ်ချို့တွေက အခွန်အတွက် ညည်းညူကြသည်။ သို့သော် အများစုသော ဆွီဒင်နိုင်ငံသူနိုင်ငံသားများသည် ကမ္ဘာကြီးကို ကယ်ဆယ်ပေးဖို့ တက်ကြွစွာ ကူညီလိုစိတ်ရှိကြသည်ဟုဆိုသည်။
ဘယ်လောက်များအားကျဖို့ကောင်းလိုက်ပါသလဲ။ ဆွီဒင်သည် အပင်စွန့်ပစ်ပစ္စည်းမှရသော ဇီဝဓာတ်ငွေ့နှင့် အီသနောတို့ဖြင့် ရေနံလောင်စာ ကို အစားထိုးနေပြီ။ တစ်နိုင်ငံလုံးတွင် အခြားလောင်စာစွမ်းအင်တို့ကို ဆိုင်တွင်ဖွင့်လျက် ရောင်းချအသုံးပြုနေကြသည်။ မော်တော်ယာဉ်တွေ၏ ၁၃ ရာခိုင်နှုန်းမှာ ဇီဝဓာတ်ငွေ့သုံးတီထွင်မှုအသစ်များဖြင့် ကားများဖြစ်ကြသည်။ နိုင်ငံ၏ဒေသဆိုင်ရာ အုပ်ချုပ်သူတွေကလည်း နိုင်ငံသားတို့ အတူပူးတွဲပါဝင်နိုင်မည့် ရည်မှန်းချက်တွေကို ချမှတ်အကောင်အထည်ဖော်ကြသည်တဲ့။ အိမ်တွေမှ စွန့်ပစ်သည့် အောဂဲနစ်အမှိုက်များ၊ စိုက်ပျိုးခင်းတို့မှ အော်ဂဲနစ်အမှိုက်များဖြင့်ထုတ်ယူသော ဇီဝဓာတ်ငွေ့ကိုသုံးကာ ကားတွေမောင်းနှင်ပြီးဖြစ်သည်။
ထိုသတင်းမျိုးတွေက ကျွန်မအနီးတွင် တ၀ဲလည်လည်ရှိနေကြသည်။ ရသစာပေတွေက ကောက်ကိုင်ပြီးလျှင် ခဏအတွင်းပြန်ချထားလို့မရ။ နောက်ပြီး ကျွန်မက ၀တ္ထုဖတ်လျှင် အချိန်ယူချင်သည်။ အေးအေးဆေးဆေးဖတ်ချင်သည်။ နောက်နေ့၊ နောက်တစ်ပတ်၊ နောက်လ စသည့် တာဝန်တွေ ချိန်းဆိုမှုတွေနှင့် ကျွန်မ၀တ္ထုဖတ်လို့ ရမည်မထင်။ သို့သော် အခုအချိန်မှာတော့ ၀တ္ထုကို လုံးချင်းတွေလည်း တစ်ချီတည်းဖတ်ဖို့ အချိန်မရပေမယ့် နံနက်ခင်းလေးတွေ ညအိပ်ရာဝင်ချိန်လေးတွေမှာ ဖတ်နေဆဲပါ။
အရင်တုန်းကလို ခရီးထွက်ပြီး အေးအေးဆေးဆေးစာဖတ်နိုင်သည့် ကာလတွေကို လွမ်းမိသည်။ သို့သော်တကယ်တော့ ကျွန်မတို့မှာ ကုန်ဈေးနှုန်းနှင့် စီမံထိန်းသိမ်းမှုအတွက် ပူပန်နေရုံသာမက အချိန်ကာလတွေလည်း ရှားပါးလာခဲ့ပြီ။
အရင်က မြို့အပြင်ခရီးသွားမှ လက်ဆွဲအိတ်ထဲ စာအုပ်တွေ ကောက်ထည့်ကာ ခရီးတစ်လျှောက်နှင့် တစ်ခြားမြို့၏ ဧည့်သည်ဘ၀ဖြင့် စာအုပ်တွေ ဖတ်ကောင်းလှသော ကျွန်မသည် ခုအခါ မြို့ထဲတစ်နေရာရာ အသွားမှာပင် စာအုပ်တစ်ခုခုကို အိတ်ထဲမှာ ထည့်ထားသည့် အကျင့်ကို ရခဲ့ပြီ။ တစ်ခုခုကို စောင့်နေသည့် ဆယ်မိနစ် ဆယ့်ငါးမိနစ်အချိန်မှာ စာအုပ်ကိုကောက်ကိုင်ပြီး ဖတ်နေလိုက်လျှင် လေးငါးမျက်နှာ ပြီးသွားလည်း မနည်းပါဘူးဟု စိတ်ကို လျှော့ချတတ်လာသည်။
ကျွန်မ သယ်သယ်လာတတ်သည့် စာအုပ်တွေကို ပြန်ဆန်းစစ်မိတော့ အေမီတန်ကို မသယ်ယူခဲ့။ ဂျပန်စာရေးဆရာ ကင်ဇာဘူရိုအိုအေး၏ တိတ်ဆိတ်သောငိုသံ မသယ်ယူခဲ့။ ခပ်ပါးပါးစာအုပ် ပြီးတော့ တစ်ခုဖတ်ပြီးချထားကာ နောက်တစ်နေရာမှာတွေ့သည့် စာမျက်နှာကောက်လှန်လို့ အဆင်ပြေသည့် စာအုပ်တွေကို သယ်မိသည်။ အဲဒါကတော့ Scientific American တို့၊ Time တို့၊ ပြည်တွင်းမှာထုတ်ဝေသော The Waves မဂ္ဂဇင်းတို့၊ ချင်းတွင်း မဂ္ဂဇင်းတို့ဖြစ်သည်။
လုံးချင်းဝတ္ထုတစ်ပုဒ်လောက် ပင်ပင်ပန်းပန်းရေးပြီးသွားတိုင်း ကျွန်မခဏခဏကြွေးကြော်လေ့ရှိပြီး အကောင်အထည် မဖော်နိုင်သော စကားတစ်ခွန်းရှိပါသည်။
“တော်ပြီ။ ငါ အခုအချိန်ကစပြီး တစ်လတိတိ စာဆိုလို့ ကကြီးတစ်လုံးတောင် မရေးတော့ဘူး။ နားထားမယ်”
စာမရေးဘဲ ဘယ်လိုနေလို့ရပါ့မလဲ။ အလွန်ဆုံး စာမရေးဘဲနေလို့ရလျှင် တစ်ပတ်ပေါ့။
အဲသည်လိုပဲ ရသ၀တ္ထုတွေ ဖတ်ချင်လွန်းလို့ ဟိုစာအုပ်ဝယ်လာ သည်စာအုပ်ဝယ်လာနှင့် ကြွေးကြော်မိတာ ခဏခဏ။
“တစ်ခါလောက်တော့ ဘာတာဝန်မှမပါဘဲ စိတ်အပန်းဖြေခရီးလေး တစ်ပတ်လောက်ထွက်ပြီး ဘာမှမလုပ်ဘဲ အိပ်လိုက်စားလိုက်နဲ့ စာတွေချည်း တစ်အုပ်ပြီးတစ်အုပ် ဖတ်နေလိုက်ဦးမယ်”
အဲသည်လို ရေရွတ်မိတာလည်း အကြိမ်မနည်းလှတော့ပါ။ အခုချိန်ထိတော့ ဝေးနေဆဲသာဖြစ်သည်။
ဂျူး
ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

------------------------------------------------------------------------------------------------------------------------
(၂၀၀၆ခုနှစ်၊ အောက်တိုဘာလ ၂၆နှစ်ပြည့် သိပ္ပံမဂ္ဂဇင်းအထူးထုတ်မှာပါတဲ့ (ကိုယ်ကိုယ်တိုင် ဆရာမဆီက သွားတောင်းခဲ့တဲ့) ဆောင်းပါးလေးပါ။ ကိုယ့်ဆီမှာ မဂ္ဂဇင်းရှိနေလို့ ပြန်ရိုက်ပြီး တင်ပေးလိုက်ပါတယ်။ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်
ခုတလော မမ လဲ ဂျူး တွေပဲ ဖတ်မိနေတယ်..ပြန်တင်ပေးတာ ကျေးဇူးပါ ညီမလေး..း)
ဖတ်ခဲ့ဖူးတယ်။
"“တော်ပြီ။ ငါ အခုအချိန်ကစပြီး တစ်လတိတိ စာဆိုလို့ ကကြီးတစ်လုံးတောင် မရေးတော့ဘူး။ နားထားမယ်”"
အဲဒီနေရာရောက်တော့ သတိရသွားတယ်။
ဒါပေမဲ့ သိပ္ပံမဂ္ဂဇင်းထဲ မဟုတ်ဘဲ တခြားဆောင်းပါးစုတွေ ရောထုတ်တဲ့ထဲကများ ဖတ်မိလားမသိဘူး။ သိပ္ပံမဂ္ဂဇင်းကတော့ ဖတ်ခဲမိလို့ပါ။
သိုင်းကယူတင်ပါတယ်
ကြိုက်စ်
ကျနော်က ဂျူးရဲ့ အကြိုက်ဆုံးစာအုပ်ကိုပြောမယ်။
အမှတ်တရ ပဲ
စုစုထွေး ကိုဘယ်တော့မှ မမေ့ဘူး။
မမ..ညီမလေး စာလာဖတ်တယ်...ဂျူးကတော့ ညီမလေးရဲ့ အကြိုက်ဆုံးသော၊ အနှစ်သက်ဆုံးသော စာရေးဆရာမပါပဲ...ဂျူးရေးတဲ့ ဘယ်လိုအရာမျိုးကို မဆို မလွတ်တမ်းဖတ်ချင်တယ်...အခုလိုမျှဝေပေးတဲ့ အတွက် မမကိုကျေးဇူးတင်တယ်နော်...လင့်ခ့်လေးယူသွားတယ် မမ...ရုံးပိတ်ရက်မှ အေး၂ဆေးလာမွှေဦးမယ်...
ချစ်ခင်လေးစားစွာဖြင့်
ညီမလေး
အင်ကြင်း
ဂျူးရဲ့ ဒီစာကို မဖတ်ရသေးဘူး။
ကျေးဇူးနော်။
မရေးးးးးးးးးး
မမနဲ့ မတူတာက မိုးတစ်ခါမှ ၀တ္ထုစာအုပ်မဖတ်ဖူးတာပဲ
ဒါကြောင့် လည်းစာရေးမကောင်းတာနေမှာ
အမ ဖတ်ချင်တဲ့ စာအုပ်တွေကို အေးအေးဆေးဆေးဖတ်နိုင်ပါစေ နော်
မိုး
ဆရာမ ဂျူးကို ညီမလည်း ကြိုက်တယ်
ခုစာလေးကို မဖတ်ဘူးသေးဘူး .. ခုမှ ဖတ်ရတာ .. ရှဲ့ရှဲ့း))
အိမ်လာလည်ဦးနော်
အမ ဘယ်နေ့အားလဲ စနေတနင်္ဂနွေ လာလေး))
ဒီတပတ် စနေတော့ ညီမ အလုပ်သွားရမယ် ..း((
နေ့ဝက် ..
ဘာစားချင်လဲ လုပ်ကျွေးမယ်လေ .. :P ယုံကြည်ရင် .. :D
မမ...အသစ်တွေ့လို့လာတာ...ရှိလည်းရှိဘူး...ပြန်သိမ်းထားတာလား...
မဖတ်ဖူးသေးဘူး...း))
ကျေးဇူး ညီမ..