13/03/07

Category:

မှတ်မှတ်ရရ အဲဒီ့နေ့က မိုးတွေရွာနေခဲ့တယ်...မောင်။

..........................................................................

(က)
ရုံးဆင်းချိန်ရောက်တော့ ပစ္စည်းတွေသိမ်းပြီး အံဆွဲထဲက အသံပိတ်ထားတဲ့ လက်ကိုင်ဖုန်းလေးကို ကြည့်လိုက်တော့ missed call တွေ တွေ့ရသည်။ သူမ ပြန်ခေါ်ကြည့်ပေမယ့် တစ်ဘက်မှ ဖုန်းပြန်ထူးသံမကြားရတာမို့ ဆက်မခေါ်တော့ဘဲ ဟင်လင်နဲ့အတူ ရုံးကထွက်လာခဲ့သည်။ အပြင်မှာ မိုးတွေသည်းထန်စွာ ရွာသွန်းနေသည်။ ရုံးဆင်းချိန်တိုင်း လူများပြည့်ကျပ်နေသော ကားမှတ်တိုင်က ခုလို မိုးသည်းညနေခင်းမှာ ခါတိုင်းထက်ပိုလို့ လူတွေအုံခဲနေသည်။ ဘတ်စ်ကားလာတော့ ဟယ်လင်နှင့်နှစ်ယောက်သား အပြေးအလွှားလုတက်ရင်း ကားနောက်ဆုံးက ခုံတန်းရှည်မှာ နှစ်ယောက်စလုံး နေရာရသွားသည်။

ဒီရုံးမှာ သူမအလုပ်စ၀င်တာ ငါးပတ်မျှသာရှိသေးသည်။ နိုင်ငံရပ်ခြားမှာ လူမျိုးခြားတွေနဲ့ ပထမဆုံးလုပ်ရတဲ့ လုပ်ငန်းခွင်မှာ သူမ မျှော်လင့်ထားသလောက် အဆင်ပြေ ပျော်ရွှင်မှုတွေ ရှိမနေခဲ့။ သူတို့ဓလေ့စရိုက်နဲ့ အံဝင်ခွင်ကျမဖြစ်သေးလို့ဖြစ်မှာပါလေလို့ ဖြေတွေးယင်း သက်ပြင်းမောတစ်ချက်ကို ဖြည်းဖြည်းညင်သာ ချလိုက်မိသည်။ ဟယ်လင်က သူမခံစားချက်ကိုနားလည်သူပီပီ အားပေးတတ်သည်။ နောက်နှစ်လသုံးလလောက်ဆို အဆင်ပြေ သွားမှာပါတဲ့။ ဟယ်လင်က သူမထက် တစ်လတိတိစောပြီး အလုပ်ဝင်သူဖြစ်၍ သူမ၏စီနီယာဟု ပြောလျှင်ရသည်။ စိတ်သဘောကောင်းပြီး ဖေးမကူညီတတ်သူ ဟယ်လင်နဲ့အတူ တွဲလုပ်ခွင့်ရတာကပင် သူမကံကောင်းသည်ဟု ဆိုနိုင်ပါသည်။

မိုးတွေရွာနေတာကြောင့်ရော၊ ရုံးဆင်းချိန်ဖြစ်တာကြောင့်ရောပေါင်းပြီး ကားလမ်းက ကြပ်နေသည်။  မှောင်မည်းနေတဲ့ ကောင်းကင်အောက်က မိုးသည်းတွေကြားထဲမှာ ကားကြီးကားငယ်တွေက တစ်ရွေ့ရွေ့သာ သွားနိုင်သည်။ ခါတိုင်း၁၅မိနစ်စီးလျှင် ရောက်ရမည့်ခရီးက အခုမိနစ်လေးဆယ်လောက် ကြာနေသည်။ စိတ်မြန်တတ်သောသူမက ခုလိုကြာကြာစီးရသည်ကို သိပ်စိတ်မရှည်ချင်။ ဟယ်လင်နှင့် စကားတွေပြောပြီး သွားရလို့သာ တော်တော့သည်။

မှတ်တိုင်ရောက်တော့ သူမတို့နှစ်ယောက်လုံးအတူဆင်းကြပေမယ့် သွားရမယ့်လမ်းက ဆန့်ကျင်ဘက်။ ဟယ်လင်က ဘူတာဘက်ဆက်သွားပြီး သူမက ထမင်းဆိုင်တန်းဘက်သွားကာ ဆာနေသော ၀မ်းဗိုက်ကို အရင်ဖြည့်လိုက်သည်။ စားပြီးတော့ အိမ်ကိုတန်းမပြန်ဖြစ်သေးဘဲ ဘတ်စ်ကားပေါ်တက်ပြီး သူမငွေစာရင်းဖွင့်ထားရာဘဏ်သို့ ခရီးဆက် ရပြန်သည်။ ဒီဘဏ်မှာဖွင့်ဖြစ်တာကလည်း မောင် အကြံပေးလို့ ဖွင့်ဖြစ်တာ။ ဒီနိုင်ငံမှာကျတော့ တစ်ခြားဘဏ်တွေလို နေရာတိုင်းမှာ ငွေထုတ်ငွေသွင်းစက်တွေ မရှိတော့ အနီးဆုံးဘဏ်ခွဲထိ သွားရလာရတာ အချိန်ပိုကုန်ပေမယ့် မောင့်ကြောင့်ရယ်လို့တော့ စိတ်မခုမိ။

(ခ)
ဘဏ်ကပြန်ထွက်လာတော့ ဘတ်စ်ကားမစီးဘဲ ရထားနှင့်သာသွားတော့မည်ဟု ဆုံးဖြတ်ပြီး ဘူတာဆီ လျှောက်လာခဲ့သည်။ ဖုန်းမြည်သံကြားလို့ ကြည့်လိုက်တော့ အရင်အိမ်မှာအတူနေခဲ့သူ အန်တီ့ဆီက ဖြစ်နေသည်။ သူ့လေသံအတိုင်း “ဟေ့ ..... ညည်းအလုပ်မှာ အဆင်ပြေလား။”  “သိပ်အပြေကြီးမဟုတ်ဘူး..အန်တီ၊ လူတွေက တစ်မျိုးပဲ။ အမှန်အတိုင်းပြောရယင် သမီးမပျော်ဘူး။” “ဘာတွေပဲဖြစ်ဖြစ် အားတင်းထားသမီးရေ အားတင်းထား။” အန်တီနဲ့ဖုန်းပြောပြီးတော့ သူမမောင့်ကို လွမ်းဆွတ်စွာ တမ်းတမိသည်။ အင်းလေ...ရှေ့ဆက်ပြီး အလုပ်မှာ အဆင်မပြေ စိတ်ဆင်းရဲနေရဦးမယ်ဆိုရင် အလုပ်ထွက်ပြီး အိမ်ပြန်မှာပေါ့။ ဘာအရေးလဲ။ မောင့်ကိုလက်ထပ်ပြီး မောင့်ရင်ခွင်မှာပဲ တစ်သက်လုံး အေးအေးလူလူ ခိုနားတော့မယ်ဟု တွေးမိလိုက်တော့ သူမစိတ်ထဲ ဖြေသာသလိုရှိသွားသည်။

(ဂ)
ရထားလာတော့ များပြားလှသောလူအုပ်နှင့်အတူ သူမတိုးဝှေ့တွန်းတိုက်ပြီး ရထားတွဲပေါ်ရောက်အောင် တက်လိုက်ရသည်။ ရထားထွက်ပြီး သိပ်မကြာခင် ညနေက missed call ဖြစ်သွားသော မောင့်ညီဝမ်းကွဲဆီမှ ဖုန်းပြန်ဆက်လာ၍ သူမအပြေးအလွှားထူးလိုက်သည်။ “ဇေဇေ...နေ့လည်က ရုံးမှာဖုန်းအသံပိတ်ထားလို့ မင်းဆက်တာမသိလိုက်ဘူး။ အစ်မပြန်ခေါ်တော့လည်း မင်းက ပြန်မကိုင်ဘူး။” သူမ ပြောချင်တာတွေအရင်ပြောပြီးမှ ဇေဇေ့ဘက်ကဖြေသံကို နားစွင့်နေလိုက်သည်။ “အစ်မ........ကိုကိုပန်......ပြီ” ရထားသံနဲ့စကားသံတွေကြားမှာ စကားစုအပြည့်အစုံကို သူမ ကြားတစ်ချက် မကြားတစ်ချက်။  “ဘာလဲဇေဇေ...ဘာလဲ” “ကိုကိုပန်....ဆုံးပြီ... အစ်မ” သူမရုတ်တရက်ကြောင်သွားသည်။ ခဏကြာမှ  “ဟင်...ဘယ်လိုဖြစ်တာလဲ” “ကားအက်ဆီးဒင့်ဖြစ်တာ ပွဲချင်းပြီး....ညကဆုံးသွားတယ်တဲ့ အမေလှမ်းပြောတာ” “သြော်.... သူက ကားမောင်းကြမ်းတာကိုး”  ဒီ့ထက်ပိုပြီး သူမ မပြောနိုင်တော့။  ဖုန်းချလိုက်တော့ ရထားက သွားနေကျနှုန်းအတိုင်း တရိပ်ရိပ်ပြေးနေသည်။

(ဃ)
ဟင့်အင်း.....မောင်မရှိတော့ဘူးဆိုတာ သူမ မယုံချင်ဘူး။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ မောင်နဲ့ဖုန်းပြောလိုက်ရသေးတာ။ မယုံချင်ဘူး...သူမတစ်ခေါင်းလုံး ငြင်းဆန်မှုတွေနှင့် ပြည့်နှက်သွားသည်။ ရင်တစ်ခုလုံး ဗလာကျင်းသွားသည်။ ဒါအိပ်မက်တစ်ခုမဟုတ်ဘူးဆိုတာလည်း သူမတပ်အပ်သိနေသည်။  သတိလက်ကျန်နဲ့ သူမဆင်းရမယ့်ဘူတာ ရောက်လို့သာ ဆင်းခဲ့သည်။  ပတ်ဝန်းကျင်တစ်ခုလုံး ဘာဖြစ်နေလဲ သူမ သတိမထားမိခဲ့။ မျက်ရည်ကျဖို့ သူမသတိရမနေခဲ့။ ဟောဒီ့ ကမ္ဘာမြေကြီးပေါ်မှာ မောင်မရှိတော့ဘူးဆိုတဲ့ အသိကလွဲလို့ သူမ ဘာကိုမှမသိခဲ့။ အသက်မဲ့ခြေလှမ်းတွေနဲ့အတူ ကားဂိတ်ဆီအသွား စိုစွတ်အေးမြသော အထိအတွေ့ကြောင့် သူမရုတ်တရက် သတိပြန်ဝင်လာသည်။ မိုးတွေရွာကောင်းနေဆဲပါလား။


အဲဒီ့နောက်...

အဲဒီ့နောက်တော့ ...... သူမမျက်ဝန်းမှာ မျက်ရည်တို့ စိုစွတ်နေခဲ့ပြီ။


ဇွန်မိုးစက်


Comments ( 11 )

အဲ့ဒီနေ့က မိုးတွေ တကယ် ရွာနေခဲ့တာ တဲ့လား ဇွန် ရယ်..ဖတ်လိုက်ရတာ....း(

ခုတလော စိတ်မခိုင်ပါဘူး ဆို...

စိတ် မကောင်း ဖြစ်သွားတယ် အမရေ
တကယ်ကြီးလား။

အင်တာဗျူး က သံလွင်ဟီးရိုးနဲ့ ဗျူးထားတာဗျ။

ချစ်ခင်ရသူတွေ ရုတ်တရက် ကျမနဲ့ အဝေးကို ထွက်သွားမှာ တွေးပြီး စိုးရိမ်ဖူးတယ်။
တနေ့ တော့ကြုံရမှာပါပဲဆိုပြီး စိတ်ထဲတွေးထားရတယ်။

ဇွန်ရေ မိုးက ညှိုးတတ်လေသလား... တခါတလေ ကိုယ့်တယောက်ထဲကို ကွက်ရွာတတ်သလိုပဲနော်။
မိုးရေနဲ့ မျက်ရည် အပြိုင် ဖြိုင်ရတဲ့ အဖြစ်မျိုး လူသားတိုင်း ကင်းဝေးကြပါစေ

မေ့ထိုက်ရာလို့လည်း မဆိုလိုပါဘူး…….
မေ့လိုက်ပါလို့လည်း မတိုက်တွန်းချင်ဘူး…….
မေ့မရတာတော့ နာကျင်တတ်တယ်…….
မေ့ဘ၀မှာတော့ ဒဏ်ရာဖြစ်ဆဲ။

စိတ်မကောင်းလိုက်တာ ညီမလေးရယ်။

ဘ၀ဆိုတာ ငယ်ငယ်ကလို မရိုးရှင်းတော့ဘူး။ ခံစားတတ်ပြီ ဆိုကတည်းက ခံစားလိုက်ရတဲ့ နှလုံးသားတွေခမျာ ကြာလာတာနဲ့အမျှ ပင်ပန်းလှပါတယ်။ စစ်မှန်အေးမြတဲ့ ထွက်ပေါက်တခုကို ရနိုင်ရပါစေလို့ ကိုယ်တို့အားလုံးအတွက် ဆုတောင်းသွားတယ်နော်။

မေတ္တာဖြင့်

ဝတ္ထုလား..တကယ်လားဟင်..ဘာပဲဖြစ်ဖြစ် တော်တော်ဝမ်းနည်းစရာကြီး.....အဲလိုတွေဖတ်ရတာ ငိုချင်တယ်...း((

ရင်ထဲမှာ နာကျင်နေမိတယ်...

ချစ်ခြင်းနဲ့ခွဲခွာလိုက်ရခြင်းက အထီးမကျန်ပါဘူး
ငါ့ ညီမရယ်....

ဒီလိုပဲ.....ဝေးမယ့် တစ် နေ့ ကို
အမေ့မေ့အလျော့လျော့ပျော်နေမိကြတာ.....

ဒဏ်ရာတွေနဲ့ ငါ့ညီမ ချမ်းသာနိုင်ပါစေတော့.......

ချစ်ခင်စွာ

း(
တကယ်ကြီးလား အစ်မရယ်
ခုမှ ဖတ်ရတယ်
း((
ဟူးးးးးးးးး မလွယ်ပါလားနော် ...

ဇွန် ညီမလေးးးးး