ဘ၀နဲ့ဆန္ဒ

Category:

ပြီးခဲ့တဲ့အပတ်က နေ့လည်ထမင်းစားချိန်မှာ ရုံးက ကိုယ်နဲ့တစ်ဌာနတည်း လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ မြန်မာသူငယ်ချင်းက မေးလာပါတယ်။ ကိုယ့်လက်ရှိအနေအထားကို ကျေနပ်မှုရှိလားတဲ့။ ဟိုးအရင် ငယ်စိတ်မျိုးနဲ့ဆိုရင်တော့ ကျေနပ်မှု မရှိသေးဘူး၊ ဒါပေမယ့် ခုလောလောဆယ် စိတ်ထားအရ ဖြေရယင်တော့ ကျေနပ်ပါတယ်လို့။ သူက ခရစ်ယာန် ဘာသာဝင်ဖြစ်ပေမယ့် ကိုယ်က တရားသဘောနဲ့ ဆင်ခြင်မိလို့ ဒီလိုဖြေရကြောင်း ရှင်းပြတာကို လက်ခံ ပါတယ်။ 

သူကတော့ လက်ရှိအနေအထားကို ကျေနပ်မှုမရှိဘူးလို့ ပြောပါတယ်။ သူဆိုလိုတဲ့အနေအထားက ပညာ၊ အလုပ်အကိုင်၊ ၀င်ငွေနဲ့ ရာထူးကို ရည်ရွယ်တာပါ။ သူစင်္ကာပူရောက်ပြီး သုံးနှစ်အတွင်း (လစာတိုးနှုန်းသိပ်မများတဲ့) အလုပ် တစ်ခုတည်းမှာပဲ နေနေရတာရယ်၊ ဘွဲ့လွန်ဆက်မတက် ဖြစ်သေးတာရယ်တွေက အဓိကအချက်တွေပါ။ သူ့သူငယ်ချင်းတွေ ကျောင်းဆက်တက်လို့ ဘွဲ့တစ်ခုထပ်ရပြီး လစာကောင်းတဲ့ အလုပ်သစ်တွေမှာ နေရာကောင်း ရသွားတာကို လက်ရှိသူ့အနေအထားနဲ့ နှိုင်းယှဉ်ပြီး အားမလိုအားမရဖြစ်နေတာပါ။ ဒီရောက်ပြီးရင် တော်တော်များများက ကျောင်းပြန်တက်ပြီး ရာထူး၊ လစာပိုကောင်းတဲ့ အလုပ်တစ်ခုကို ပြောင်းကြတာက အစဉ်အလာတစ်ရပ်လို ဖြစ်နေတာ ကိုယ်မြင်ပါတယ်။ 

ကိုယ်ငယ်ငယ် (အသက် ၁၈၊ ၁၉နှစ်လောက်က) သိပ်ရည်မှန်းချက်ကြီးခဲ့တယ်။ ဖြစ်ချင်တဲ့၊ ဖြစ်လိုတဲ့ဆန္ဒတွေ သိပ်အားကြီးခဲ့တယ်။ အသက်ဘယ်လောက်ရောက်ရင် ဘာဖြစ်ရမယ်ဆိုတာမျိုးတွေ Plan ချခဲ့ဖူးတယ်။ မီလျံနာဖြစ်ချင်တဲ့ ဆန္ဒတောင် ရှိခဲ့ဖူးတာ။ တကယ်တမ်းလက်တွေ့ဘ၀မှာ ကိုယ်မျှော်လင့်ရည်ရွယ်သလို ဖြစ်မလာခဲ့ပါဘူး။ ကိုယ့်ဘ၀မှာ ကိုယ်ဆန္ဒရှိတဲ့အတိုင်း ဖြစ်လာတာနည်းပါတယ်။  အဲသလို ကိုယ့်ဆန္ဒအတိုင်းဖြစ်မလာတဲ့အခါ စိတ်ဓါတ်တွေကျခဲ့ရတယ်။ အရမ်းတက်ကြွ သွက်လက်ခဲ့သူ တစ်ယောက်လို့ မထင်ရအောင်ကို အေးဆေးသွားခဲ့ဖူးတယ်။ အလိုမကျမှုတွေကတော့ ရင်ထဲမှာ ကိန်းအောင်းနေတာပေါ့လေ။

ကိုယ်အလုပ်ဝင်ကာစအချိန်ကလည်း ကိုယ့်ထက်ဝင်ငွေကောင်းသူတွေကိုကြည့်ပြီးအားကျ၊  ကိုယ့်ကိုယ်ကို အားငယ် ခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက တရားသဘောတွေကို ခုလောက် မသိမမြင်ခဲ့တာကြောင့်ပါ။ အခုတော့ ကိုယ်ဘယ်သူနဲ့မှ မယှဉ်တော့ အားငယ်တာတို့ စိတ်ဓါတ်ကျတာတို့တွေ မဖြစ်တော့ဘူး။  လစာကောင်းတဲ့သူဆိုရင်တော့ မုဒိတာ ပွားမိပါတယ်။ ကိုယ့်လက်ရှိအနေအထားအရတော့ ကိုယ်ဟာ သာမန်ပါပဲ။ ကိုယ့်မှာ ဘွဲ့လွန်မရှိ၊ လစာလည်း အသင့်အတင့်၊ ရာထူးလည်းမကြီးပါဘူး။ ဒါပေမယ့် ခုအသက်အရွယ်မှာ သင့်တင့်လျောက်ပတ်တဲ့ တရားသဘောတွေ နှလုံးသွင်း ဆင်ခြင်နိုင်သူတစ်ယောက် ဖြစ်ရတာကိုပဲ အတိုင်းထက်အလွန် ကိုယ်ကျေနပ်ပါတယ်။ ကိုယ့်မိသားစုကို အထောက်အပံ့ပေးနိုင်တယ်။ သူငယ်ချင်းမိတ်ဆွေတွေကို တတ်စွမ်းသလောက် အကူအညီပေးတယ်။ ကောင်းမှု ကုသိုလ်တွေ တတ်နိုင်သလောက်ပြုတယ်။   အဲလိုလေး နေခွင့်ရလို့ ကျေနပ်ပါတယ်။

ပုထုဇဉ်ပီပီ ကိုယ့်မှာလည်း ဆန္ဒတွေရှိတာပေါ့လေ။ လောကီရေးအရ ဆန္ဒတွေချပြရယင်တော့ မဆုံးနိုင်ပါဘူး။ ဘွဲ့လွန်တစ်ခု ထပ်ယူချင်တယ်။ လစာပိုကောင်းကောင်းရချင်တယ်။ အသက်အရွယ်အလိုက် ရာထူးကြီးကြီးလိုချင်တယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ပြီး ကြွယ်ဝချမ်းသာ အောင်မြင်ချင်တယ်။ အဲလိုပေါ့လေ...သေသည်အထိ မဆုံးတဲ့ ဆန္ဒတွေ။ ဒါတွေ ပြည့်စုံအောင် လုပ်နေယင်းကနေပဲ လူ့ဘ၀ကို အနှေးနဲ့အမြန်စွန့်ခွာရတော့မှာ။ သတိသာမရှိခဲ့ရင် နောက်ဘ၀မှာ အပ္ပါယ်လေးဘုံကို သွားရဦးမှာ။ အဲဒါကို တွေးမိလိုက်ရင်ပဲ ကိုယ့်ရဲ့အလိုဆန္ဒ (လောဘ) တွေ  အလိုလို အားနည်း သွားပါတယ်။ မကြီးပွား မတိုးတက်ချင်တဲ့စိတ် မရှိလို့တော့ မဟုတ်ပါဘူး။ တစ်ဘ၀စာအတွက်ပဲ အာမခံချက်ပေးမယ့် လောကီပညာဥစ္စာကို တော်ရုံအတိုင်းအတာတစ်ခုအထိ ရှာဖွေပြီး တစ်သံသရာလုံးစာ အထောက်အပံ့ပေးမယ့် လောကုတ္တရာပညာကို ရှာမှီးချင်စိတ်က ပိုများနေလို့ပါ။ ဒါပေမယ့် ကိုယ့်မှာ ကြည့်ရှုစောင့်ရှောက် လှူဒါန်းပေးကမ်းဖို့ရာ ဆန္ဒတွေရှိနေပြန်တော့ လောကီပညာစီးပွားဥစ္စာကို ထိုက်သင့်သလောက်တော့ ရှာရပါဦးမယ်။

ဘ၀နဲ့ဆန္ဒ တစ်ထပ်တည်းကျ မနေခဲ့ပေမယ့် အရာရာကို မြတ်ဗုဒ္ဓရဲ့ တရားတော်အတိုင်း နှလုံးသွင်းလို့ လက်ရှိဘ၀လေးကို အတိုင်းအတာတစ်ခုအထိ ကျေနပ်ကြောင်း ကိုယ်ပြောဖြစ်ခဲ့ပါတယ်။


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

Comments ( 15 )

ကောင်းပါတယ်။

အမရယ် အမစာလေးဖတ်ပြီးအမကိုလေးစားမိတာအမှန်
ပါ။တစ်ဘဝတွက်ပဲမစဉ်းစားပဲ နောင်သံသရာတွက်ပါ
ထည့် စဉ်းစားလို့ လေ။ ဘလော့ ကာတွေ မှာ ဒီလိုလေး
စားစရာကောင်တဲ့ စိတ်ဓါတ်လေးတွေ့  စိတ်ထဲမှာတရား
ကိန်းအောင်းတာလေးတွေ တော်တော်များများတွေ့ ရ
တယ်နော်
သာယာချမ်းမြေ့ပါစေနော်
မိုး

ဇွန်ရေ အမ စဉ်းစားမိနေတာလေးက
ငယ်တုန်းမှာ မသိတော့ မိုက်မိတာလေးတွေရှိတာပေါ့နော်။
ကြီးလာတော့ သိသင့်သလောက် သိလာတယ်၊ တပြိုင်နက်ထဲမှာပဲ မသိသေးတာတွေ အများကြီးပါလားလို့လည်း သိလာပြန်တယ်။ ကိုယ် မသိသေးတာတွေ မလုပ်နိုင်တာတွေအတွက် အသက်သာကြီးလာတယ် အလကားပဲ ဘာမှ အသုံးမကျဘူး...လို့ ကိုယ့်ကိုယ်ကို ရန်လုပ်နေမယ် ဆိုရင်တော့ အရှုံးပေါ် အရှုံးဆင့်ပြီ
ကိုယ့်ကိုယ်ကို ဆုံးမနေရတာလေ..
နို့မို့ရှိ ခဏခဏ တိုက်ပေါ်က ခုန်ချချင်မိလို့...
(ဒါကြောင့် အထပ်နိမ့်နိမ့်မှာပဲနေတယ်)

:)
ညီမရောလို့ စဉ်းစားမိသွားတယ်
လိုအင်ဆန္ဒတွေကတော့ ရှိနေဦးမယ် .. အလွန်အကျွံမဖြစ်ဖို့ပဲ အရေးကြီးတာပါနော် ..း)
သူ့နေရာနဲ့ သူပေါ့ ..

ှုဟုတ်ပါတယ်။ ကျနော်လည်း ဒီ အောက်က link က
အမရပူရမြို့ မဟာဂန္ဓာရုံ ဆရာတော်
အရှင်ဇနကာဘိဝံသ ဟောကြားတဲ့ အခြေပြုပဌာန်းတရားတော်များဆိုတာကို နာပီးတဲ့နောက် စိတ်တွေ အတော်ထားတတ်နေပီ။ အားလုံးလည်းသိပီးသားပါ။ လောကီ၊လောကုတ် ၂ ဖြာ အကျိုးများတဲ့တရားတော်တွေပါ။

၁၉၇၃ ခုနှစ် ဧပြီလ (၉)ရက်နေ့မှ (၂၅)ရက်နေ့အထိ
နေ့စဉ်နံနက်ခင်းသြ၀ါဒပြီချိန်
ဟောကြားတော်မူခဲ့သော
အခြေပြုပဌာန်းတရားတော်များ
http://www.dhammadownload.com/AshinJanakabhivamsa-mp3.htm

ပညာရသွားပြီ။
ကျေးဇူးပါ အစ်မ။

ကောင်းပါ့ ညီမ ဇွန်ရေ....:)

ရတာ မလိုတာလား
လိုတာ မရတာလား
ကိုယ်လိုနေတာ ကိုယ်မသိတာလား
ကိုယ်သိနေတာတွေ မလိုချင်တာလား

အဲဒါတွေ အကုန်လုံးစုဖြစ်နေတာလား

ဘာမှန်းမသိပဲ
ဆန္ဒတွေ အတ္တတွေနဲ့ ပူလောင်နေတာတော့ အမှန်ပေါ့ ဇွန်

ဘယ်အထိ အပူလောင်နေရဦးမလည်းးးး

သံသရာ....
သံသရာ....

အဖန်ဖန် အထပ်ထပ်ကျင်လည်ရာ ဘ၀ အစဉ် တဲ့..

ကြောက်နေမိတယ်..။
ကြောက်နေမိရုံပေါ့.....ညီမလေးရေ

အခွင့်အရေးကိုစောင့်လေ၊ ပေါ်လာရင်ရအောင်ယူကြည့်၊ မရရင်လဲစိတ်မပျက်နဲ့၊ နောက်တစ်ခါ၊ အဲလိုအဲလိုနဲ့……..
ကိုယ်တစ်ယောက်ထဲ မဟုတ်ဘူးဆိုတာ သိလာတယ်၊

စိတ်ကလေး အဲဒီလို ထားနိုင်တာ တနည်းပြောရရင် လိုချင်စိတ်တွေကို ကိုယ်ရှိန်သတ်နိုင်တာ ၊ ရောင့်ရဲ့တာဟာ ငြိမ်းချမ်းမှုတခုပါပဲ ညီမလေး။
အဲဒီလိုမျိုး နေနိုင်ရင် ဘ၀မှာ အေးချမ်းတာ အမှန်ပဲ။

ဖတ်ရတာ စိတ်ချမ်းသာလိုက်တာ။

မRita ပြောသလိုပဲ။ ဖတ်ရတာ စိတ်ချမ်းသာလိုက်တာ အမရယ်..

ဖြစ်ချင်တာက ဆန္ဒ
ဖြစ်နေတာက ဘဝ
ဖြစ်နိုင်တာက စ.......

ဇွန်.. အင်း ဟုတ်တယ်၊ တရားသဘောနဲ့ ကြည့်ရင်တော့ ဘာမှမဖြစ်တော့ပါဘူး၊ ဒီလိုပြောလို့ ကိုယ်က တရားတွေ ဘာဝနာတွေ သိပ်လိုက်စား သိပ်နားလည်တယ်လည်း မဟုတ်ပါဘူး၊ ဖြေတွေးတွေးတာကိုတော့ ကောင်းကောင်း ကျွမ်းကျင်တယ်၊ တခုခု အလိုမကျရင် အဲဒီအတွက် အဖြေရှာရာမှာ နေ့ဝက်မကြာဘူး၊ စိတ်ကပြေရော။ ဆိုတော့ သူများတွေ တော်လိုက်တာ ကိုယ့်ထက် ဘယ်လောက်တောင် သာသွားပြီ စသဖြင့် သိစိတ်က ယှဉ်နေတဲ့တချိန်တည်းမှာ ဩော် ဘယ်သူကတော့ ဘယ်လောက်တောင် ပင်ပန်းရုန်းကန် နေရဆဲပါလား သူ့ထက်စာရင် ငါက အများကြီးသက်သာတာပေါ့ ဆိုပြီးလည်း မသိစိတ်က ဖြေတွေး တွေးနေတတ်တယ်၊ ဒါပေမဲ့ တခါတလေ အဲဒီ မသိစိတ်ကို အားမလို အားမရဖြစ်မိတာ အမှန်ပဲ၊ လူက ဖိအားမရှိရင် တိုးတက်ဖို့ခက်တယ် ဆိုတာ ယုံထားတဲ့အလျောက် အကျိုးအကြောင်း တိုက်ဆိုင်လို့ပဲဖြစ်စေ မတော်တဆပဲဖြစ်စေ တမင်တကာပဲဖြစ်စေ ကိုယ့်ကိုကိုယ် ဖိအားတခုခု သက်ရောက်နေစေချင်တယ်။ မနေ့ကလည်း သူငယ်ချင်းတချို့နဲ့ဆုံတယ်၊ သူတို့ထဲက ရှေ့လမှာ လက်ထပ်တော့မယ့် ကောင်မလေးရဲ့ ခင်ပွန်းလောင်းဟာလည်း လူတော်တစ်ယောက်၊ သူတို့အကြောင်း နားထောင်နေရင်း ကိုယ့်မှာလည်း ဖိအား အလိုလို ဝင်လာတယ်၊ ဒီလို ဖိအားမျိုးက ကောင်းတယ်လို့ ထင်မိတာပဲ။ အင်း၊ ရေးရင်း ရေးရင်း ဘယ်ရောက်ကုန်ပြီလဲ မသိတော့ဘူး၊ ခွင့်လွှတ်ပါဇွန်။

လူက ဖိအားမရှိရင် တိုးတက်ဖို့ခက်တယ် ဆိုတာ ယုံထားတဲ့အလျောက် အကျိုးအကြောင်း တိုက်ဆိုင်လို့ပဲဖြစ်စေ မတော်တဆပဲဖြစ်စေ တမင်တကာပဲဖြစ်စေ ကိုယ့်ကိုကိုယ် ဖိအားတခုခု သက်ရောက်နေစေချင်တယ်။..အမလဲ TZA ရဲ့ အဲဒီ comment လေးကိုထောက်ခံတယ်..ကျန်တာတွေတော့ ဇွန်ပြောသလို ကိုယ့်ရဲ့လက်ရှိဘ၀ကိုကျေနပ်အောင်နေတတ်ဖို့မှ..စိတ်ချမ်းသာပြီးခုဘ၀ရော..သံသရာမှာပါကောင်းမှာပါ.