ရက်စွဲများနှင့် ဖြတ်သန်းခြင်း

Category: ,

အချိန်အပိုင်းအစလေးများနှင့် ဖွဲ့စည်းတည်ဆောက်ထားသော ကျွန်မတို့ဘ၀တွင် ရက်စွဲများသည် မွေးဖွားသည်မှ သေဆုံးသည်အထိ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပတ်သက်လျက် ရှိကြသည်။

တစ်စုံတစ်ယောက်က ကျွန်မကို အမှတ်ရများဆုံး ရက်စွဲများအကြောင်း မေးလာပါလျှင် မွေးနေ့များဟုသာ ဖြေရပေမည်။ အမှန်တကယ်ပင် ကျွန်မချစ်ခင်ရသော မိသားစု၊ မိတ်ဆွေသူငယ်ချင်းအတော်များများ၏ မွေးနေ့ကို ငယ်စဉ်ကတည်းက မှတ်မိတတ်သည်။ မမေ့ဘဲ အမှတ်ရနေအောင် မှတ်သားထားသည့်အကျင့်ကလည်း ရှိသည်။ ဥပမာ ဒိုင်ယာရီစာအုပ်၏ ရှေ့ပိုင်းစာမျက်နှာတစ်ရွက်ရွက်မှာ ပါတတ်သော တစ်နှစ်စာ ပြက္ခဒိန်ပေါ်မှာ တစ်ယောက်စီ၏ မွေးနေ့ကို လအလိုက် ခဲတံဖြင့် ၀ိုင်းကာ မှတ်သားထားခြင်းမျိုးဖြစ်သည်။

တစ်ချို့မွေးနေ့တွေက အထူးတလည် မှတ်သားစရာမလိုဘဲ အလိုလို မှတ်မိနေတာမျိုးလည်း ရှိသည်။ ကျွန်မ လွန်ခဲ့သော ၁၁နှစ်က စင်္ကာပူရောက်စမှာ ခင်မင်ခဲ့သော အစ်မကြီးတစ်ယောက်၏ မွေးနေ့က ဒီဇင်ဘာ ၇ရက်။ သူနှင့်ကျွန်မ အမြဲအဆက်အသွယ်မရှိသော်လည်း သူ့မွေးနေ့ရောက်တိုင်း ကျွန်မ သတိတရ ဖုန်းကနေ လှမ်းနှုတ်ဆက်ဆုတောင်းပေးသည်ကို လက်ခံရရှိသောသူမက နှစ်တိုင်း အံ့သြသည်။ ပြီးခဲ့သော ၇ရက်နေ့က ကျွန်မကို ဖုန်းပြန်ခေါ်ပြီး ညည်းငါ့မွေးနေ့ကို မှတ်မိနေတယ်နော်ဟု ၀မ်းသာအားရပြောတော့ ကျွန်မ ပြုံးနေမိသည်။ တကယ်တော့ ကျွန်မတို့နှစ်ယောက် လူချင်းမဆုံကြသည်မှာ ၃နှစ်လောက်ပင်ရှိပြီ။ သူ့ကို ကျွန်မ အမြဲသတိမရသော်လည်း သူ့မွေးနေ့ရောက်လျှင်တော့ ထူးထူးခြားခြား သတိရတတ်သည်မှာ ကိုယ့်ကိုယ်ကိုပင် အံ့သြရသည်။

ဟိုအရင်တုန်းကတော့ ကျွန်မက အခြားသူတွေ၏ မွေးနေ့ကို မှတ်မိသလိုမျိုး ကျွန်မ၏ မွေးနေ့ကိုလည်း သူငယ်ချင်းတွေက သတိရတာမျိုး ဖြစ်စေချင်ခဲ့သည်။ အရင်းနှီးဆုံးသူငယ်ချင်းစာရင်းဝင် တစ်ယောက်ယောက်က မမှတ်မိလျှင်တော့ ကျွန်မ စိတ်ဆိုးချင်သည်။ မျက်နှာစာအုပ်ခေတ်မှာတော့ မွေးနေ့ သတိပေး အီးမေးလ်များ ရောက်တတ်သည်မို့ အလုပ်များပြီး မေ့တတ်သူများပင်လျှင် အလွယ်တကူ ဆန္ဒပြုဆုတောင်းဖို့ သတိရသွားတတ်သည်။ မွေးနေ့ကိုသတိမရဘဲ နှုတ်ဆက်ဖို့မေ့လျှင် ကျွန်မလို စိတ်ဆိုးစိတ်ကောက်ချင်သူများရှိကြောင်း မတ်ခ်ဇုက်ကာဘက်က သိနေပုံရသည်။

မွေးနေ့မဟုတ်သည့် အချို့သောရက်စွဲများကိုလည်း ကျွန်မက မှတ်မှတ်ထင်ထင် ရှိတတ်ပြန်သည်။ တစ်ခါတုန်းက ကမာရွတ်မှာ ဖြစ်ပွားခဲ့သည့် ၉တန်းကျောင်းသူလေး အသတ်ခံရသော နိုဝင်ဘာ ၃၀ရက်လိုမျိုး။ ကျွန်မ ဘွဲ့ယူသောနေ့က အောက်တိုဘာ ၃၁ရက်၊ ကျွန်မချစ်သူဖြစ်လာမည့်သူနှင့် ပထမဆုံး ဆုံတွေ့သောနေ့က ဇူလိုင် ၂၂ရက်၊ ကျွန်မ ပထမဆုံးနိုင်ငံရပ်ခြားသို့ ထွက်ခွာသောနေ့က သြဂုတ်လ ၂၄ ရက်၊ ကျွန်မ ချစ်သူနှင့် နောက်ဆုံးတွေ့ဆုံခဲ့သောရက်က ဇန်န၀ါရီ ၁၁ရက်… စသည့်ရက်စွဲများသည် ကျွန်မ အထူးတလည် မှတ်သားထားခြင်းမျိုးမဟုတ်ဘဲ အလိုလို မှတ်မိနေတာမျိုးဖြစ်သည်။

မွေးနေ့မွေးရက်များကို အမှီပြုပြီး ကိန်းဂဏန်းနံပါတ်များသည်လည်း လူအတော်များများကြားတွင် အရေးပါကြပြန်သည်။ ဥပမာ ၇ရက်နေ့မွေးသောသူများသည် ကံကောင်းတတ်ကြပြီး၊ ၉ရက်နေ့ ဖွားမြင်သူများကျတော့ လှုပ်ရှားရုန်းကန်ရသော ဘ၀ကို ပိုင်ဆိုင်ရတတ်သည်ဟု အဆိုရှိကြသည်။ အနောက်တိုင်းလူမျိုးများအတွက် ၁၃ရက် ဒါမှမဟုတ် ဂဏန်းနံပါတ် ၁၃ သည် ကံမကောင်းခြင်းများကို သယ်ဆောင်လာသည်ဟူသော အယူရှိကြပြီး တရုတ်လူမျိုးများအတွက်တော့ ၈ ဂဏန်းသည် ကံကောင်းခြင်းနံပါတ်တစ်ခုဟု ယုံကြည်ကြပြန်သည်။ သို့သော် လူတစ်ဦးတစ်ယောက်ချင်းစီအတွက် ကံကောင်းခြင်းနံပါတ်များကတော့ ထပ်တူမကျနိုင်ပါ။

ကျွန်မကိုယ်တိုင် ရက်စွဲနံပါတ်များအပေါ် အယုံကြည်အစွဲလန်း သိပ်မရှိသော်လည်း ကျွန်မဘ၀မှာ အရေးပါသည်ဟု ထင်ရသော ပြောင်းလဲမှုကြားက တူညီတိုက်ဆိုင်မှုတွေ ရှိနေသော ခုနှစ်ကိန်းဂဏန်း ရက်စွဲတစ်ချို့အပေါ်မှာတော့ စိတ်ဝင်တစား ရှိပါသည်။

၁၂ရက် ၁၂လ ၂၀၁၂ခုနှစ်သည် ကျွန်မအတွက်တော့ သာမန်ရိုးစင်းသော နေ့ကလေးတစ်နေ့ဖြစ်သော်လည်း MRCP Part II ဖြေဆိုမည့် ကျွန်မသူငယ်ချင်းတစ်ယောက်အတွက် စိတ်လှုပ်ရှားစရာကောင်းသောနေ့ ဖြစ်သည်။ လက်ထပ်မင်္ဂလာပွဲဆင်နွှဲကြမည့် သတို့သား သတို့သမီးတို့အတွက် ရင်ခုန်ပျော်ရွှင်ရသော နေ့ရက်ဖြစ်သော်လည်း ကွာရှင်းပြတ်စဲမည့် ဇနီးမောင်နှံတို့အတွက် စိတ်ထိခိုက်ရသောနေ့ဖြစ်သည်။ ဤကမ္ဘာမြေပေါ်သို့ လူသားငယ်လေးတစ်ဦး ရောက်ရှိလာမည့်နေ့ ဖြစ်သလို ချစ်ခင်သူများကို ခွဲခွာမည့် တစ်စုံတစ်ယောက်၏ နောက်ဆုံးနေ့ရက်လည်း ဖြစ်နိုင်သည်။  

ကျွန်မတို့ဘ၀တစ်လျှောက် ဖြတ်သန်းခဲ့သော အမှတ်တရ ရက်စွဲများပေါ်က အရောင်မတူ သဏ္ဍာန်ကွဲသည့် အရိပ်များသည် သက္ကရာဇ်များတိုး၍ ပြက္ခဒိန်စာရွက်များ ဖြဲဆုတ်ခြင်းခံရသည့်တိုင် စိတ်နှလုံးမှတ်ဉာဏ်မှာ အလိုလို စွဲထင်ကျန်ရစ်နေဦးမှာဖြစ်သည်။


ဇွန်မိုးစက်
 ----------------------------------------------------------------------------------------------------------------------
၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၁၂ရက် အတွက် တီတင့်ရဲ့ တဂ်ပို့စ်လေးပါ။ ရေးဖို့အစီအစဉ်မရှိဘဲ မနက်က AAB ရဲ့ status မှာတွေ့လို့ ခုည ၁၀နာရီမှ ကောက်ရေးဖြစ်သွားတာပါ။ အမှတ်တရ ရေးဖြစ်သွားအောင် သတိတရ တဂ်လှန့်ဆော်သြော်ပေးတဲ့ အန်တီတင့်ကို ကျေးဇူးတင်ပါတယ်။း)

Comments ( 6 )

ဇွန် ရက်စွဲတွေ အများကြီးကို မှတ်မိနေတယ် ဆိုတာကို ဒီဘလော့ဂ် ပေါ်က မိသားစုဝင်တွေရဲ့ မွေးနေ့ဆုတောင်းပို့စ်၊ သူငယ်ချင်းရဲ့ မွေးနေ့ဆုတောင်းပို့စ်၊ Someone special နဲ့ ပတ်သက်တဲ့ ရက်တွေ အကြောင်းပို့စ် စတာတွေကို ဖတ်ကတည်းက သိခဲ့ရတာ..၊ ပြီးတော့ ဒီဇင်ဘာလ ၁ ရက်နေ့က နှုတ်ခွန်းဆက် ဆုတောင်းလေးကလည်း ဒီအသိကို ထပ်ပြီး ခိုင်မာ စေခဲ့တယ်...၊း)

ိအဖြစ်အပျက်တွေ၊ လူပုဂ္ဂိုလ်တွေ အပေါ်မှာ လေးလေးနက်နက်၊ အာရုံသတိ အပြည့်နဲ့ ဆက်ဆံတတ်သူ ဖြစ်လို့ ရက်စွဲတွေကိုလည်း အခုလို မှတ်မိနေတာ ဖြစ်မယ် ထင်တယ်နော်...။

သတ်မှတ်ရက်စွဲတိုင်းဟာ လက်တွေ့ဖြစ်ရပ်ပေါ်မူတည်ပြီး လူသားအားလုံး ပျော်ရွှင် ကြည်နူး ပူဆွေး ဝမ်းနည်း ခံစားမှုအမျိုးမျိုးကို ခံစားနေရတာအမှန်ပဲ ဇွန်ရေ။
တဂ်ပို့စ်လေးကို တစ်ခမ်းတစ်နားရေးပေးတာ ကျေးဇူးပါနော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဇွန်ရေနီကတော့မမှိတ်မိဘူးသိလား ဇွန်ကမှတ်မိတယ်..

ရေးထားတာ လရိပ်နဲ့တူသလိုလို။ ရင်းနှီးတဲ့သူတွေရဲ့မွေးနေ့ကို စိတ်ထဲက အလိုလိုမှတ်မိနေတတ်သလို ကိုယ့်ကို လာပြောဖို့ မေ့နေရင်လဲ စိတ်ဆိုးချင်မိတယ်။ ခုနောက်ပိုင်းတော့ ခံနိုင်ရည်ရှိလာပြီ။ အသက်ကြီးတော့ ရင့်ကျက်လာပြီပေါ့လေ။ :P
တော်တော်များများတူနေတယ်ကွယ်။ မွေးနေ့များတူနေလားမသိ။ အောက်ဆုံးရောက်လေ ပိုဖတ်လို့ကောင်းလေ။

အစ်ကိုညီလင်းသစ်... ဇွန်က အစွဲအလန်းကြီးတတ်သူမို့ ရက်စွဲတွေကို မှတ်မိတာလည်း ဖြစ်နိုင်ပါတယ်။

တီတင့်ရေ... တကယ်ဆို ဇွန်က ဒီ့ထက်ပိုပြီး ရှည်ရှည်လေး ရေးချင်တာပါ။ ညည့်နက်သွားလို့ အရမ်းအိပ်ငိုက်သွားတာနဲ့ နဲနဲတိုသွားတယ်။ :D

မဒီရေ... ဇွန်မေ့နေတဲ့၊ မေ့ထားတဲ့ ရက်စွဲတွေလည်း အများကြီးပါကွယ်။

လရိပ်ပြောသလို အသက်ကြီးတော့ ပိုရင့်ကျက်လာတာ အမှန်ပါပဲ။း) လရိပ်က ဘယ်နေ့မွေးတာလဲ။ ဇွန့်မွေးနေ့က ဇွန်လ ၉ရက်ပါ။


မမဇွန်ရေ...မိုးနတ်လဲ ရက်စွဲတွေကို အထူးတလည် အလွတ်ကျက်ထားစရာမလိုပဲ မှတ်မိနေတတ်တဲ့သူပါ..
ဒီနေရာလေးမှာ မနဲ့အတော်တူတယ်နော်...ဒါပေသိ..
မပြောသလို မေ့နေတဲ့ မေ့ထားတဲ့ ရက်စွဲတွေလဲ မိုးနတ်မှာ အများကြီးရှိနေတာပဲလေ.....
ဟုတ်တယ်...အကိုညီလင်းပြောသလို မရေးတဲ့စာတွေ
ကို မိုးနတ်ဖတ်ရကတည်းက မက အမှတ်အသားလဲကောင်းသလို ဇွဲနပဲလဲကြီးတယ်ဆိုတာ မိုးနတ်ကောင်းကောင်းကြီး
သတိထားမိတယ်...ကောင်းသောအလေ့အကျင့်လေးနဲ့ စိတ်ဓါတ်ပါပဲမရေ...အားကျမိပါတယ်..
ချစ်တဲ့ မိုးနတ်