ဇွန်တွေ့ဖူးသမျှ
စလုံးအမျိုးသားတွေထဲမှာ သူဟာ စိတ်ထားအလွန်ရည်မွန်ပြီး စကားပြောရင် လည်း နူးညံ့ချိုသာ အေးဆေးတာမို့ အစက သူ့ကို ရုပ်ရည်ချောမော အရပ်အမောင်း ကောင်းတဲ့ gay တစ်ယောက်များ ဖြစ်နေမလား လို့တောင် ထင်မှတ်မှားခဲ့ဖူးပါတယ်။ သူအလုပ်မပြောင်းခင် ဇွန်နဲ့နှစ်ပတ်သာ
ဆုံတွေ့ လိုက်ရပေမယ့် သူဟာ လုပ်ဖော်ကိုင်ဖက်ကောင်း တစ်ယောက်မို့ မမေ့ခဲ့ပါဘူး။
သူနဲ့ဇွန်နေတဲ့
ရပ်ကွက်ကလည်း တူတာမို့ တစ်ခါတစ်လေ ရုံးအပြန် ရထားစီးတဲ့အခါ ဆုံတတ်ပါတယ်။ လမ်းသွားရင်း သူ့မိသားစုအကြောင်း ပြောပြတတ်တဲ့သူက ဇွန့်ထက် တစ်နှစ်ငယ်ပါတယ်။ သူက ပိုလီ ဒီပလိုမာ ကျောင်းဆင်းဖြစ်လို့
ဒီဂရီရထားတဲ့ ဇွန့်ကို အားကျတယ်လို့ ပြောပါတယ်။ တကယ်တမ်း သူက အလုပ် အလွန်ကြိုးစားသူ ဖြစ်တာကြောင့်
Business Development Executive တစ်ယောက်အနေနဲ့ ဇွန်တို့ ရုံးက ထွက်ပြီး နှစ်နှစ်အတွင်းမှာပဲ
Product Manager ဖြစ်သွားသူပါ။ သူအလုပ်ထွက်ပြီး နောက်ပိုင်း အပြင်မှာ သုံးကြိမ်လောက်ပဲ
ဆုံလိုက်ပေမယ့် မျက်နှာစာအုပ်မှာ မိတ်ဆွေအဖြစ် ရှိနေတဲ့သူ ကားဝယ်စီးတာ၊ ခရီးတွေသွားတာ၊
Fullerton မှာ မင်္ဂလာဆောင်တာတွေ အားလုံးကို သိနေခဲ့ပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့တစ်ပတ်က မျက်နှာစာအုပ်မှာ သူ့ status update ရုတ်တရက် တက်လာတဲ့အခါ ဖတ်လိုက်ရတဲ့သူအဖို့
အတော်လေး အံ့သြတုန်လှုပ်ရပါတယ်။ သူ့အမျိုးသမီးက သူ့ wall ကနေပြီး မနေ့နေ့လည်က သူငြိမ်းချမ်းစွာ ကွယ်လွန်သွားပြီး ဖြစ်တဲ့အတွက်
အသုဘရှုဖို့ အိမ်လိပ်စာပေးပြီး ရေးလိုက်တာပါ။ ကိုယ့်မျက်စိကို ကိုယ် မရုံနိုင် လောက်အောင်
အံ့အားသင့်ခဲ့ရတာ ဇွန်တစ်ယောက်တည်း မဟုတ်မှန်း အောက်က မှတ်ချက်တွေ တစ်ခုချင်း လိုက်ဖတ်ကြည့်မှ
သိရပါတယ်။
ပြီးခဲ့တဲ့
ဖေဖော်ဝါရီ ၁၄ရက်နေ့မှာမှ ကင်ဆာရှိမှန်း သိရပြီး နှစ်လခွဲအကြာမှာ ဆုံးသွားခဲ့တာပါ။
သူဆုံးသွားတဲ့အချိန်မှာ သူ့အိမ်ထောင်သက်က ၈လပဲ ရှိပါသေးတယ်။ များသောအားဖြင့် ကင်ဆာဆိုရင်
ခြောက်လတစ်နှစ်အထိ ခံကြပေမယ့် သူ့အတွက်တော့ သိပ်ကို မြန်သလိုပါပဲ။ သူ့လို လူကောင်း တစ်ယောက်ကို
ဆုံးရှုံးရတဲ့အခါ ကျန်ရစ်ခဲ့သူ အားလုံးက နှမြောတသ စိတ်မကောင်း ဖြစ်ရပါတယ်။ သူက ရောက်တဲ့နေရာမှာ
စိတ်ထားကောင်းသူ အဖြစ်၊ အလုပ်အလွန်ကြိုးစား တာဝန်သိတတ်သူ တစ်ယောက်အဖြစ် အသိအမှတ်ပြု ခံရတဲ့သူမို့
သူအလုပ်ဝင်ခဲ့ဖူးသမျှ လုပ်ငန်းခွင်က လူတွေအားလုံး သူ့အသုဘကို လာကြည့်ကြပါတယ်။
အသက်အရွယ်၊
ရာထူး၊ ငွေကြေးဥစ္စာ အတန်အသင့် ပြည့်စုံပြီး အိမ်ထောင်တစ်ခု ထူထောင်ပြီးကာစ သူလိုလူရွယ် တစ်ယောက်
လူ့လောကထဲကနေ ထွက်သွားပြန်ပါပြီ။ သေခြင်းတရားဆိုတာ အချိန်မရွေး၊ အရွယ်မရွေး၊ ရှောင်လွှဲလို့
မရနိုင်တဲ့ သင်္ခါရသဘောမှန်း သိနေပါရက်နဲ့ ကိုယ်နီးစပ်တဲ့ အသိုင်းအ၀ိုင်းမှာ တစ်ခါပြန်ကြုံရတဲ့ အခါတိုင်း
အံ့သြတုန်လှုပ်မှု ဖြစ်ရပြန်ပါတယ်။ နေ့စဉ်ညတိုင်း ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ
အချိန်လေး အတွင်းမှာ လူတွေသေဆုံးသွားတာ ဘယ်နှစ်ယောက်များ ရှိနေပြီလဲလို့ တွေးမိပါတယ်။
အသက်ရှင်ခိုက် အချိန်လေးမှာ ကုသိုလ်စိတ်လေး တတ်နိုင်သမျှ သတိထားမွေးဖို့ ခုတလော အတ္တကြီးပြီး အလွယ်တကူ စိတ်တိုနေတတ်တဲ့ ကိုယ့်ကိုယ်ကို သတိပေးရင်း မှတ်သားဖူးတဲ့ “မနာပ ဒါယီ ဆရာတော်”
ရဲ့ သံဝေဂလင်္ကာလေးနဲ့ နိဂုံးချုပ်လိုက်ပါတယ်။
“ဘယ်အရွယ်မှာ၊ ဘယ်ရောဂါဖြင့်
ဘယ်ရပ်ဒေသ၊ ဘယ်ကာလ၌
သေကြရမည်၊ မသိနိုင်တာ ဓမ္မတာတည်း။
သေပြီးတစ်ဖန်၊ ပြန်ဖြစ်ပြန်လည်း
ဖြစ်ရာဘ၀၊ ဘုံဌာနကို
ကြိုတင်တိကျ မသိရ၍
တိကျသေချာ၊ ခုချိန်ခါ၌
ကောင်းမှုအစု၊ ကြိုးစားပြုလော့။”
ဇွန်မိုးစက်
တနေ့ က အိမ်နီးချင်းတစ်ယောက် ဆုံးသွားတယ်။
အခုတလော သေခြင်းအကြောင်းတွေ မကြာခဏ
တွေးနေမိတယ်။
သံဝေဂလင်္ကာလေး အတွက်ကျေးဇူးတင်ပါတယ်။
ဂရုစိုက်နော်ဇွန်
သေခြင်းတရားနဲ့ ပတ်သက်ရင် ဘယ်လိုပဲ သိထားသိထား၊ အခုလို မထင်မှတ်တဲ့သူ၊ မထင်မှတ်တဲ့ အချိန် ထွက်သွားရတာမျိုး ကြုံရရင် အမြဲလိုလိုပဲ တုန်လှုပ် ကြရပါတယ်၊ သိပြီး ၂ လခွဲအတွင်းတဲ့...၊ အရမ်းမြန်လွန်းတယ်နော်၊ ပစ္စုပ္ပန် တည့်တည့်မှာ အကောင်းဆုံး အသက်ရှင်ဖို့ သတိတရား ရမိပါတယ် မဇွန်...။