လွန်ခဲ့သော
၆ လခန့်က မမျှော်လင့်ဘဲ ကြည့်ရှုခဲ့ရသော မှတ်တမ်းရုပ်ရှင်ကား တစ်ခုထဲက မျက်ဝန်းတွေကို မြင်ယောင် နေမိသည်။ အပြုံးအရယ်မဲ့သော၊ မျှော်လင့်ချက်ကင်းမဲ့သော၊ ပိုင်ဆိုင်မှုတို့ ဘယ်တော့မှ
ပြန်မရနိုင်တော့သော၊ ချစ်ခင်သူများကို မျက်စိရှေ့မှောက် လက်တွဲဖြုတ်ခွဲခွာခဲ့ရသော၊
တစ်စုံတစ်ခုကို ဒေါသထွက် နာကြည်းနေသော၊ ယုံကြည်အားကိုးမှု ပျောက်ဆုံးနေသော၊ အားငယ်ဝမ်းနည်းသော
အနုတ်လက္ခဏာ ဆောင်သည့် မျက်လုံးများ…။
သူတို့ဘ၀ပြန်လည်ရပ်တည်ဖို့ကလွဲပြီး
ဘာတစ်ခုမှစိတ်ဝင်တစားမရှိခဲ့။ သူတို့ကို ကင်မရာတစ်လက်နှင့် မှတ်တမ်းယူနေမှန်း သိချင်လည်းသိမည်၊
သိချင်မှလည်း သိလိမ့်မည်ဖြစ်သော်လည်း ဟိုစဉ်အခါလို ဗွီဒီယိုကင်မရာအရိုက်ခံရသည့်အခါ
ဖြစ်ပေါ်လာသည့် ရိုးသားရှက်ဝံ့တတ်သော ပြုံးစစ မျက်နှာပေးများ တစ်ယောက်တစ်လေမှ မရှိခဲ့။
နင်တို့တတွေ ဒါကြီးကိုင်ပြီး ဘာလာလုပ်တာလဲဟူသော အတွေးမျိုးသာ ရှိချင်ရှိခဲ့လိမ့်မည်။
သူတို့အားလုံး၏ တူညီသော ခံစားချက်တွေက မျက်ဝန်းအစုံတိုင်းမှာ ထင်ဟပ်လို့နေသည်။ သူတို့၏
မျက်ဝန်းများ ကြည်လင်တောက်ပမှုမရှိ၊ မျက်ရည်တို့သာ စွတ်စိုရစ်ဝဲလျက် မရေရာသော အနာဂတ်ကို
မရဲတရဲ စိုးရိမ်စိတ်ဖြင့် လှမ်းမျှော်ပုံဖော်ဖို့ရာ လုံလောက်သော အားအင်တို့ မရှိခဲ့။
နေရာထိုင်ခင်း၊
အ၀တ်အစား၊ မိဘ၊ မောင်နှမ၊ သားသမီး၊ ဆွေမျိုးသားချင်း မိတ်ဆွေအားလုံး ညတွင်းချင်း ပျက်စီးဆုံးရှုံးဗလာကျင်း
ကျန်ရစ်ခဲ့သော သူတို့အားလုံး၏ မျက်လုံးများသည်လည်း တူညီစွာ အရောင်အဆင်းကင်းမဲ့ ဗလာကျင်းလျက်…။
ကြည့်ရှုခံစားမိသူ ကိုယ်တိုင်လည်း မဆည်နိုင်သော မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျနေမိခဲ့….။
---------------------------------------------------------------------------
ရသအလင်း
၆လပြည့်အထိမ်းအမှတ်ပွဲမှာ ပြသခဲ့တဲ့ “သည်မော်နိုင်” ရဲ့ “The Nargis” လို့ ခေါင်းစဉ်ပေးထားတဲ့
Documentary အမျိုးအစား ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင်ကားပါ။ မုန်တိုင်းဖြစ်ပြီးစ ၂၀၀၈
မေလ တစ်ပတ်ကနေ တစ်လအထိ အကူအညီတွေတောင် မရောက်နိုင်၊ မရောက်ခဲ့တဲ့ နေရာတွေအထိ ထဲထဲဝင်ဝင်
သွားရောက်ပြီး နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့၊ သောက်ရေသန့်တစ်ပုလင်းတောင် အကူအညီ မရခဲ့ကြရှာတဲ့၊
ကြေကွဲစရာကောင်းတဲ့ အသက်ရှင်ကျန်ရစ်ခဲ့သူ ရွာသူရွာသားတွေရဲ့ အဖြစ်မှန်တွေကို မေးမြန်းစုစည်းပြီး
ရိုက်ကူးထားခဲ့တာပါ။ ကိုယ်ထင်မှတ်ထားတာထက်ပိုပြီး အများကြီးဆိုးဝါးတဲ့အခြေအနေတွေ ကြုံတွေ့ခဲ့ရရှာတဲ့
သူတို့အဖြစ်တွေကို ကြည့်နေရင်းက မျက်ရည်လည်းကျရ၊ ၀မ်းနည်းဒေါသတွေလည်း ထွက်ရပါတယ်။
အခက်အခဲတွေကြားကနေ
ရအောင်သွားရောက်ရိုက်ကူးပြီး သေသေချာချာ တည်းဖြတ်ထုတ်လုပ်ခဲ့တဲ့ ကိုသည်မော်နိုင်နဲ့အဖွဲ့ကို
တကယ်ပဲလေးစားချီးကျူးမိပါတယ်။ “The Nargis” ကားကို မင်းထင်ကိုကိုကြီး ရိုက်ကူးခဲ့တဲ့
“အင်းသီး” ထက်ကို ပိုကြိုက်ပါတယ်။ ဇာတ်လမ်းကို ကြိုတင်ပြင်ဆင်ပြီး ရိုက်ကူးခဲ့တာ မဟုတ်ပေမယ့်
ရိုက်ကူးထားတဲ့အထဲက မှတ်တမ်းတွေကိုပဲ အစအဆုံး စုစည်းချိတ်ဆက်ပြီး ပြသသွားတာ အရမ်းကောင်းပါတယ်။ တစ်ချိန်က ရွာရှိခဲ့ဖူးတယ်ဆိုတာကို ကျိန်ပြမှယုံရမယ့် ဟင်းလင်းပြင်ဖြစ်ခဲ့ရတဲ့ မြစ်ကမ်းနံဘေးနုန်းရွှံ့မြေမှာ
အရောင်မဲ့ မျက်ဝန်းတွေနဲ့ ကလေးမလေးတစ်ယောက် ဟိုးအဝေးကို လှမ်းမျှော်ကြည့်နေခဲ့တဲ့ ဇာတ်သိမ်းခန်းကလည်း အဓိပ္ပာယ်အများကြီး ဆောင်ပါတယ်။
မြန်မာလူမျိုး အနုပညာရှင်တစ်ယောက်အနေနဲ့ ဖန်တီးခဲ့တဲ့ နိုင်ငံတကာကို ပြသနိုင်တဲ့ အဆင့်မြင့်တဲ့
မှတ်တမ်းရုပ်ရှင်ကားမို့ ကျေနပ်ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် အဲဒီ့ကားကြည့်ပြီးကတည်းက နာဂစ်မုန်တိုင်း ဒဏ်ခံခဲ့ရတဲ့
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက ရိုးသားတဲ့ ရွာသူရွာသားတွေရဲ့ အရာင်မဲ့မျက်လုံးတွေနဲ့ ဟင်းလင်ပြင်ဖြစ်ခဲ့ရတဲ့
သူတို့တတွေရဲ့ပုံရိပ်နဲ့ ဘ၀ကို ဘယ်လိုမှ မေ့မရခဲ့ပါဘူး။ လေးနှစ်ကြာခဲ့ပေမယ့်၊ လူတွေက
သူတို့ကို ကူညီစောင့်ရှောက်ဖို့ မေ့သွားကောင်းမေ့သွားကြပေမယ့် သူတို့တတွေကတော့ အိပ်မက်ဆိုးတွေ ထပ်တလဲလဲမက်ရင်း ခက်ခဲကြမ်းရှလှတဲ့ ဘ၀တွေကို ကြိုးစားရှင်သန် ရုန်းကန်နေကြရဦးမှာပါ။
ဇွန်မိုးစက်
ပျောက်နေတယ်ရယ်လို့ စိတ်ထဲကအမှတ်မထင်ဖြစ်နေလို့ ဒီနေ့ပဲ ညနေပိုင်းက ဝင်ကြည့်ဖြစ်သေးတယ်။
အဲ့ဒီအချိန်တွေအကြောင်းကို ပြန်တွေးရင် ဝမ်းနည်းမျက်ရည်ကျစမြဲပဲ။ တတ်နိုင်သလောက်ဝေမျှလှူဒါန်းဖြစ်ခဲ့ပေမယ့် မလောက်ငှလောက်ဖူးဆိုတဲ့အသိက အလှူကို ဒါနမမြောက်လောက်အောင် အမြဲခြောက်လှန့်နေခဲ့တာ။
တခေါက်တကျင်း သွားကြည့်ပြီး လိုအပ်တာလေး ဖြည့်ဆည်းပေးချင်ရဲ့လို့လည်း အမြဲဖြစ်မိတယ်။
တနေ့ပေါ့လေ...
မေ့ချင်သူတွေက မျက်စိရှေ့မှောက်လည်း မမြင်ကြဘူးတဲ့။ မမေ့နိုင်သူတွေကတော့ မမြင်ရလည်း ရင်နာနေရဆဲ၊ ရေးနေဆဲ၊ အရောက်သွားနေကြဆဲ ... ။
ဟုတ်ပါတယ် မဇွန်မိုးစက်ရေ၊ နာဂစ်ပြီးကတည်းက အဖြစ်အပျက်တွေ အများကြီး ဖြစ်သွားခဲ့တယ်၊ ၄ နှစ် ကြာသွားခဲ့ပြီ ဆိုပေမယ့် အဲဒီတုန်းက ပုံရိပ်တွေက အခုထိကို ခြောက်လှန့်နေတုန်း ပါပဲ၊ ဒီဖြစ်ရပ်ကြီးရဲ့ ပြင်ပက လူတောင် အခုလို ခံစားရရင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်၊ ပတ်သက်ခဲ့ရသူတွေ အဖို့ ဘယ်လိုများနေမယ်ဆိုတာ မတွေးရဲအောင်ပါ၊ ဘယ်လိုမှ ပြန်မထနိုင်တော့အောင် တစ်ဘဝလုံးစာ ကျိုးကြေခဲ့ရသူတွေ အတွက် ရင်ထဲမှာ ဘယ်လိုမှ မကောင်းဘူးဗျာ...။