ရေမြေခြားက အဆောင်သားများ

Category: ,

တရုတ်ကျောင်းသားအများစုက အသံထွက်ခက်တဲ့ သူတို့နာမည်ကိုခေါ်ရလွယ်အောင်  အင်္ဂလိပ်နာမည် ပေးထားလေ့ ရှိပါတယ်။ ကိုယ်တို့အဆောင်က တိုနီလည်း ထိုနည်းလည်းကောင်းပေါ့။ တိုနီက တရုတ်လူမျိုးပီပီ ဒယ်အိုးတစ်လုံး၊ ယောက်မတစ်ချောင်းနဲ့ မီးဖိုခန်းမှာ အားပါးတရ ကြော်လှော် ချက်ပြုတ်လေ့ရှိပါတယ်။  သူက ပီဇာဟတ်မှာ အချိန်ပိုင်းလုပ်သူဖြစ်လို့ တခါတရံ အလုပ်အပြန်မှာ သူကိုယ်တိုင်ဖုတ်ထားတဲ့ ပီဇာယူလာပြီး ကိုယ်တို့ကို ကျွေးတတ်ပါတယ်။ တရုတ်ပြည် အရှေ့မြောက်ပိုင်း ဒါလီယန်မြို့ကလာတဲ့ တိုနီမှာ မိန်းကလေးသူငယ်ချင်း တော်တော် များပါတယ်။ သူနဲ့အဆင်ပြေပေမယ့် သူ့ဆီလာလည်တဲ့ တရုတ်မလေးတွေထဲက တစ်ယောက်နဲ့ ကိုယ်အစာမကြေ ဖြစ်ခဲ့ပါတယ်။ ဘယ့်နှယ် .. မိန်းကလေးဖြစ်ပြီး သူများနေတဲ့ အဆောင်လည်း လာလည်သေး၊ မမြင်အပ်တဲ့ သုံးပြီးသား လစဉ်သုံးပစ္စည်းကို ရေချိုးခန်းထဲက ကမုတ်ပေါ်မှာ တင်လိုတင်နဲ့။ အမှိုက်ပုံးလည်းရှိရဲ့သားနဲ့၊ အံ့သြဒေါသ ဖြစ်လိုက်ရတာ။ ကိုယ်လည်း စကားနဲ့မပြောချင်တော့ ရေချိုးခန်းနံရံမှာ စာရေးပြီး ကပ်လိုက်တယ်။ ပြည်မကြီးက တရုတ်မတွေ စည်းကမ်းမရှိဘူးရယ်လို့ တစ်ခါတည်း မှတ်ချက်ချပြီးသား ဖြစ်သွားပါတယ်။ ကိုယ့်တစ်ယောက်ထဲအမြင်လို့ မထင်လိုက်ပါနဲ့။ တစ်ခြားနိုင်ငံရောက် အဆောင်နေ ကိုယ့်သူငယ်ချင်းတွေလည်း ကိုယ်နဲ့မှတ်ချက်အတူတူပါ။ ကြော်လှော်ချက်ပြုတ်ပြီးရင် မီးဖိုခန်းကို သန့်ရှင်းရေးမလုပ်တာက အစ၊ ရေချိုးခန်းအိမ်သာ အသုံးအစွဲအဆုံး  complain တက်ချင်စရာတွေချည်းပါပဲ။

ဂရိနိုင်ငံမြောက်ပိုင်း ကိုဇားနီးမြို့ကနေ အင်္ဂလန်နိုင်ငံမှာ အီတလီစာလာသင်တဲ့ ဂျော်ဂျီ ခေါ် ဂျော့်ခ်ျက (သူ့ မိသားစုနာမည်အပါအ၀င် နာမည်ရင်းကရှည်ပြီး ဖတ်ရခက်လို့ ဂျော်ခ့်ျလို့ပဲ အတိုကောက်ခေါ်ပါတယ်) ဂရိစာက အခက်ဆုံးလို့ ဆိုပါတယ်။ နေမကောင်းရင် ဆေးမသောက်ဘဲ သဘာဝအတိုင်းပဲနေတတ်သူ၊ Godfather နဲ့ ဂျက်လီပါတဲ့ အက်ရှင်ကားတွေ သိပ်ကြိုက်ပြီး ထပ်ပြန်တလဲလဲကြည့်တတ်သူ မျက်လုံးညိုညို ဆံပင်ညိုကောက်ကောက်နဲ့  ဂျောခ့်ျက အင်္ဂလိပ်စာကို အသံလေးလေးဝဲ၀ဲနဲ့ ပြောတတ်သူပါ။  ဂရိစာမှာ အေကို အာလို့ အသံထွက်တော့  သူတစ်ခုခု ကျေနပ်အားရနှစ်သက်ပြီဆို amazing ကို အာမေးဇင်း အာမေးဇင်းလို့ အသံကျယ်ကြီးနဲ့ အော်လေ့ရှိပါတယ်။ ဒါကြောင့် သူတို့အခေါ်မှာ အေသင်မဟုတ်ဘဲ အာသင်ဖြစ်ကြောင်း ကိုယ်မှတ်သားလိုက်ရပါတယ်။ သူ့အဖို့ အင်္ဂလိပ်စာ လေ့လာသင်ယူနေဆဲဖြစ်လို့ တစ်ချို့စကားလုံးတွေ သိပ်မကြွယ်ဝသေးတော့ it looks delicious လို့ ပြောရမယ့်အစား it's beautiful လို့ ပြောတတ်သူပါ။ အင်္ဂလိပ်စာက လွယ်မယောင်နဲ့ ခက်ကြောင်းလည်း ပြောတတ်ပါသေးတယ်။ သူ့အစ်ကိုကြီးက အီတလီနိုင်ငံ မီလန်မြို့မှာ အလုပ်လုပ်ပါတယ်။ သူ့ကို အင်္ဂလန်မှာ ကျောင်းလိုက်အပ်၊ အိမ်ရှာပေးပြီး အစစအရာရာ ပံ့ပိုးထောက်ပံသူပါ။

ဂျော့ခ်ျလည်း အီတလီဘာသာနဲ့ ကျောင်းပြီးတဲ့အခါ  အီတလီမှာပဲ အလုပ်လုပ်မယ်လို့ ရည်ရွယ်ထားပါတယ်တဲ့။ ဂျော်ခ့်ျရဲ့မိဘများက ဂရိနိုင်ငံမှာ အသီးအရွက်နဲ့ပန်းတွေ ရောင်းချသူဆိုပေမယ့် အလယ်အလတ်လောက်ရှိမယ်လို့ ကိုယ်မှန်းလို့ရပါတယ်။ သူကလည်း ချွေတာတတ်သူပါ။ ဒါတောင်သူတို့က အီးယူနိုင်ငံသားတွေမို့ ကိုယ်တို့အာရှတိုက်က ကျောင်းသားတွေထက် ကျောင်းလခအများကြီး ပိုသက်သာပါတယ်။ ချက်စားဖို့ အိုးပဲလိုလို၊ ခရီးထွက်ဖို့ အနွေးထည်ပဲလိုလို ဘာမဆို ဂရိအိမ်ကိုပဲ လှမ်းမှာတတ်သူပါ။ အရှေ့ဆုံး အခန်းမှာနေတဲ့ကိုယ်က သူ့ပစ္စည်းတွေ လာသမျှ စာပို့သမားဆီက ဒိုင်ခံယူပေးရသူပါ။ Pasta နဲ့ Spaghetti တစ်လှည့်စီ ချက်စားပြီး ပထ၀ီဝင်ဘာသာရပ်မှာ ကျွမ်းကျင်သူ ဂျော်ဂျီက မြန်မာနိုင်ငံကို မသိရကောင်းလားဆိုပြီး သူ့ကိုယ်ကိုယ်သူ မကျေမနပ်ဖြစ်လိုက်သေးတာ။ ကျောင်းပိတ်ရက်မှာ ဂရိကို ခါတိုင်းလိုလေယာဉ်နဲ့မပြန်ဘဲ အီတလီကတစ်ဆင့် မြေထဲပင်လယ်တစ်လျှောက် သင်္ဘောစီးပြီး  ပင်လယ်ပြာပြာထဲက သူတို့နိုင်ငံရဲ့ လှပတဲ့ ကျွန်းတွေကို ရှုစားရင်းပြန်မယ်လို့ ကိုယ့်တို့ကို ပြောခဲ့ပါတယ်။ နောက်နှစ်ဥရောပဖလားမှာ ဂရိကဗိုလ်စွဲသွားတော့ ကိုယ်သူ့ကို သတိရမိပါတယ်။ သူသိပ်ပျော်နေမှာပဲလို့။

စနေတနင်္ဂနွေရောက်ပြီဆိုရင် အက်ဒ်လို့ အတိုကောက်ခေါ်တတ်တဲ့ အက်ဒ်ဝုဒ်ရဲ့  အင်္ဂလိပ်မ၀၀လေး ရောက်လာပါပြီ။ သူမကလည်း အက်ဒ်နဲ့အတူ အင်္ဂလန်တောင်ပိုင်းက ကိုယ်သိပ်ကြိုက်တဲ့  ရွှေဝါရောင် daffodils ပန်းတွေ လှိုင်လှိုင်ပွင့်ရာ ၀ိုက်ကျွန်းငယ် (Isle of Wight) ကပါ။ ခက်တာက အက်ဒ်ကောင်မလေးက မီးဖိုထဲဝင်ရင်  တွေ့ရာအိုးခွက်ပန်းကန် ဆွဲပြီးယူသုံး၊ ချက်ပြုတ်ပြီးရင်လည်း  ဘယ်တော့မှ ချက်ခြင်းမဆေးပါဘူး။ ရေချိုးဇလုံထဲမှာသာ အမွှေးအကြိုင်တွေ ဖယောင်းတိုင်မီးတွေ အကျအနထွန်းပြီး နာရီနဲ့ကြာအောင် ဇိမ်ယူချိုးတတ်တာ၊ တစ်ခြားသန့်ရှင်းရေးတော့ ဘာမှမလုပ်သလောက်ပါပဲ။ တစ်ရက်တော့ ကိုယ့်ပစ္စည်းတွေယူသုံးပြီး နှစ်ယောက်စလုံး သူတို့ကျွန်းကို ပြန်သွားပါတယ်။ တကယ်တော့ မီးဖိုချောင်ထဲက cabinet တွေမှာ ကိုယ့်အကန့်နဲ့ကိုယ် ပစ္စည်းတွေအားလုံး သီးခြားစီထားကြတာပါ။ ဒါပေမယ့် အားနေတဲ့အိုးကိုပဲ အလွယ်တကူ ယူသုံးကြတော့ အမြဲပုံမှန်ဆေးကြောပြီး သုံးဖို့အသင့်ဖြစ်နေတဲ့ ကိုယ့်ဒယ်အိုး၊ ပန်းကန်တွေ ပါပါသွားတာ။ သုံးပြီးဘေစင်မှာ  ပြန်မဆေးခဲ့ဘဲ ဒီအတိုင်းထားသွားတာ ကိုယ်တော်တော် စိတ်ဆိုး ဒေါသဖြစ်မိပါတယ်။ တစ်ရက်နဲ့ပေါ်မလာ၊ နှစ်ရက်နဲ့ပေါ်မလာ၊ ကိုယ်လည်း လုံးဝမဆေးဘဲ သူတို့ပြန်မလာမချင်း ဒီတိုင်းထားလိုက်တယ်။ လေးရက်မြောက်နေ့ကျမှ ပေါ်လာတယ်။ ကိုယ်စိတ်ဆိုးနေကြောင်း တိုနီပြောလိုက်လို့ ကိုယ့်ကိုတောင် သူက ပြန်စိတ်ဆိုးချင်သေးတယ်။ နောက်မှ ကိုယ့်ကိုလာတောင်းပန်ပြီး ပြန်ဆေးပေးပါတယ်။ ကိုယ်လည်း ပြောလိုက်တယ်။ သုံးတာသုံးပါ၊ ဒါပေမယ့်ပြီးရင်တော့ အဲလိုပစ်စလတ်ခတ် မထားခဲ့ပါနဲ့လို့။  အင်္ဂလိပ်လူမျိုးတွေဟာ သိပ်ကိုစည်းကမ်းရှိပြီး ယဉ်ကျေးတဲ့လူမျိုးတွေလို့ ငါသိထားတာနဲ့ တစ်ခြားစီပဲလို့ စိတ်ဆိုးဆိုးနဲ့ ပြောလိုက်တယ်။ ဒီတော့ ကိုရွှေအင်္ဂလိပ်က ဘာပြောတယ်ထင်လဲ။ သူက ကျွန်းသားမို့ မြို့ကလူတွေလောက် မယဉ်ကျေးပါဘူးတဲ့။ ကိုယ်လည်း သြော်... လို့ တစ်ခွန်းပဲ ပြောဖြစ်လိုက်တယ်။ နောက်ပိုင်း ကိုယ့်ပစ္စည်းတွေ ဘယ်တော့မှ ယူမသုံးတော့ပါဘူး။

ကိုယ်နဲ့တစ်ဆောင်တည်း အတူမနေရပေမယ့် သူနဲ့တစ်ဆောင်တည်းအတူနေတဲ့ ဂျာမန်ကျောင်းသား တစ်ယောက် ကိုလည်း ကိုယ်သတိထားမိပါတယ်။ ကိုယ်သွားလည်တဲ့အခါ သူကို့ကြည့်လိုက်ရင် အမြဲလို အနွေးထည် ထူထူဝတ်၊ မာဖလာစည်းထားတတ်သူပါ။ သူ့ကိုကိုယ်မေးကြည့်တော့ အင်္ဂလန်က ရာသီဥတုက သိပ်အေးတယ်။ နေလည်းမရှိဘူး။ ဂျာမနီမှာ အေးပေမယ့် နေရောင်ပိုရတယ်။ "no sun in England, more sun in Germany" လို့ ပြောလိုက်ရင် ကိုယ်က သဘောကျပြီး ပြုံးရပါတယ်။ ဂျာမန်ကျောင်းသားတွေဟာ ကိုယ်ထင်ထားတာထက်ကို အများကြီး ဖော်ရွေသဘော ကောင်းပါတယ်။

တစ်နှစ်တာအချိန်ကာလအတွင်းမှာ ဆုံတွေ့ခင်မင်ရသူတွေဖြစ်ပေမယ့် သူတို့နဲ့ပတ်သက်သမျှ အဆိုးအကောင်းတွေက ကိုယ့်မှတ်ဉာဏ်ထဲမှာ အမှတ်တရနဲ့ ရှိနေတုန်းပါပဲ။ 'Gags for Laugh' ကို ကြည့်ရတဲ့အခါ ကယ်ရိုလင်းကို သတိရမိသလို 'My Big Fat Greek Wedding' ကြည့်မိတဲ့အခါ ဂျော်ခ့်ျကို သတိရမိ ပြန်ပါတယ်။ ကမ္ဘာငယ်လေးထဲကထွက်ပြီး ပညာသင်ယူခွင့်ရရုံထက် ကိုယ်မသိသေးတဲ့   ဓလေ့စရိုက်မျိုးစုံနဲ့ လူမျိုးအဖုံဖုံ တွေ့ဆုံခွင့်ရခဲ့လို့ ကိုယ်ကျေနပ်ပါတယ်။ အခုဆိုရင် အားလုံးဟာ မတူညီတဲ့ တိုင်းပြည်အသီးသီးမှာ ကိုယ်ပိုင်ဘ၀တွေ လျှောက်လှမ်းဆောက်တည်လို့ တိုက်ဆိုင်မှုရှိတဲ့အခါ  အဆောင်နေ ကျောင်းသားဘ၀လေးတွေကို လှမ်းအမှတ်ရနေကြလိမ့်မယ်လို့ ကိုယ်ယုံကြည် ပါတယ်။


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

Comments ( 9 )

ဖတ်လို့ အရမ်းကောင်းပါတယ်။ ရှိသေးရင် ထပ်ရေးပါအုံး

wow nice essay, good to read

ကျွန်းသားမို့ မြို့ကလူတွေလောက် မယဉ်ကျေးပါဘူးတဲ့

ဟားဟား ညီမဇွန်ရေ တော်တော် ခိုင်လုံတဲ့ အကြောင်းပြချက်ပါပဲ...။ အဆောင်နေရတာ ပျော်စရာ၊ စိတ်ညစ်စရာ၊ ခုလိုဝေးသွားတော့မှ လွမ်းမောစရာလေး ဖြစ်ကျန်ရစ်တာနော်....

(ကျွန်းသားမို့ မြို့ကလူတွေလောက် မယဉ်ကျေးပါဘူးတဲ့။)

ကိုယ်လည်း အတော် သဘောကျမိတယ်။ အဲဒီဆင်ခြေကို... တော်တော်တော့ ပွင့်လင်းသားပဲ။
:D

ဖတ်လို့တကယ်ကောင်းတယ် မမ...ကုန်ပြီလား...အတွေ့အကြုံတွေ ကျန်ဦးမယ် ထင်ပါတယ်...ရှိသေးရင် မျှဝေပေးပါဦးနော်...

ချစ်ခင်လေးစားတဲ့
ညီမလေး
ဂျင်ဂျင်း

ဇွန် ပို့စ်လေး ဖတ်ပြီး ကျောင်းတက်တုန်းက သူငယ်ချင်းတွေ သတိရသွားမိတယ်။
ပထမနှစ်စ တုန်းကပေါ့ ရှမ်းပြည်လို အေးချမ်းတဲ့ဒေသကနေ ရန်ကုန်လို ပူအိုက်တဲ့နေရာမှာ စာလာသင်ရတော့ အတန်းထဲမှာ ချွေးဒီဒီကျကြရှာတဲ့ သူတို့အဖြစ်။ လက်ကိုင်ပုဝါလောက်နဲ့ သုတ်မနိုင်ရှာတော့ တဘက်ပုဝါတွေကို ဆောင်ထားကြရတော့တာ...။
မသီတာက ပဲများပြီး ခေါင်းစည်းပုဝါစည်းတာကို နောက်ချင်တော့
သူတို့က မျက်နှာသုတ်ပုဝါကြီးတွေ ခေါင်းပေါင်းပေါင်းကြတယ်း)

အာ ... ပို့စ်ကောင်းတွေ အများကြီးတင်ထားတာပဲ။ ဖတ်ရင်းနဲ့ အရှိန်တက်လာပြီ... ရှေ့ဆက်သွားလိုက်ဦးမယ်။ ကျေးဇူးပဲ မဇွန်ရေ၊ စာမဖတ်ဖြစ်တာကြာလို့ ဘာလိုအပ်နေမှန်းမသိတာ၊ ခုလို ပေါ့ပေါ့ပါးပါး ကောင်းကောင်းလေးတွေ ဖတ်ရတော့ သိပ်ပြီး စိတ်ကျေနပ်သွားမိတယ်လေ။

Coral Reef ရဲ.စာတွေကိုအရင်ကတခါမှမဖတ်ဖူးခဲ.ပါဘူး။
အခု ၀ီရှီမီဘလော.ဂ်ကနေတဆင်. “ရေခြားမြေခြားကအဆောင်သားများ”ကိုပထမပို.စ်ကိုဖတ်ဖူးတာပါ။
အလွန်စိတ်ဝင်စားဖို.ကောင်းပါတယ်၊ ဖတ်လို.လဲကောင်းပါတယ်၊အဲ.လိုမျိုးတွေရှေ.ဆက်များများရေးနိုင်ပါစေနော်။
ကိုယ်ရေးကိုယ်တာအကြောင်းအရာတွေ၊ ဘာမှအရေမရအဖတ်မရတာတွေထက်စာရင်အဲ.လို ရေခြားမြေခြားက ကိုယ်တိုင်ကြုံတွေ.ရတဲ. အတွေ.အကြုံလေးတွေကိုရေးပြထားတာ ဗဟုသုတလဲရစေပါတယ်။

အမှတ် မထင် ရောက်လာတယ်။ ဖတ်ကြည့် တယ်။ ပို့စ် တခု ကနေ တခု ဖတ်မိအောင် ဆွဲခေါ်သွား တယ်။