နာမ်စား

Category: ,

ကိုအန်ဒီရဲ့ ဒီပို့စ် ကိုဖတ်ပြီး ရေးဖြစ်သွားတယ်လို့ ၀န်ခံပါရစေ။ ဘလော့ဂ်စရေးမယ်ဆိုကတည်းက ဘာနာမ်စားသုံးပြီး ရေးမလဲဆိုတာ တွေးမိပါတယ်။ အမျိုးသမီးဖြစ်နေတော့ ကျွန်မလို့သုံးတာ အသင့်တော်ဆုံးလို့ စဉ်းစားမိပေမယ့် အပြင်မှာ ကျွန်မလို့ ပြောနေမကျတော့ ကျွန်မဆိုတဲ့နာမ်စား သုံးပြီးရေးရမှာ တစ်မျိုးဖြစ်နေတယ်။ ကိုယ်လည်နေကျ ဘလော့ဂါမမတွေထဲမှာ “ကိုယ်” နဲ့ သုံးတာတွေ တွေ့ဖူးနေတော့ “ကိုယ်” ပဲ သုံးဖြစ်သွားတယ်။ အပြင်မှာ “ကိုယ်” လို့ သုံးနေကျတော့ မဟုတ်ဘူး။ ဘလော့ဂ်ရေးမှပဲ သုံးဖြစ်သွားတာပါ။

“ကိုယ်” သုံးတာနဲ့ ပတ်သက်ပြီး ကိုယ့်အရင်းနှီးဆုံးသူငယ်ချင်းက ပြောဖူးတယ်။ စာအရေးအသားနဲ့ ပတ်သက်ပြီး သိပ်ဝေဖန်စရာမရှိပေမယ့် နင် “ကိုယ်” လို့သုံးတာ ဖတ်ရတော့ တစ်မျိုးကြီးပဲတဲ့။ နဂိုရင်းနှီးပြီးသားသူအနေနဲ့ “ကိုယ်” လို့ဖတ်ရတာ တစိမ်းဆန်သွားမယ်ထင်တယ်လို့ ကိုယ်တွေးမိသေးတယ်။ အဝေးရောက် ကိုယ့်သူငယ်ချင်း ယောက်ျားလေး တစ်ယောက်ကလည်းပဲ ကိုယ်နာမ်စားသုံးတာနဲ့ ပတ်သက်ပြီး မေးဖူးတယ်။ ကိုယ့်အကြိုက်ပို့စ်မှာ ဇွန်လို့  ထည့်သုံးလို့ နင်က နင့်ကိုယ်နင် ဘာလို့ ဇွန်လို့ ထည့်ထည့်ပြောရတာလဲတဲ့။ သူက ကိုယ့်နာမည်ရင်းနဲ့ပဲ တစ်လျှောက်လုံး သိခဲ့ခင်မင်ခဲ့သူကိုး။ သူ့အတွက် ကိုယ် ဇွန်လို့သုံးတာ တစ်မျိုးဖြစ်နေပုံရတယ်။ ကိုယ်က သူ့ကို ပြန်ရှင်းပြရသေးတယ်။ pen name အနေနဲ့ သုံးတာပါလို့။ နောက်တစ်ချို့ပို့စ်တွေပေါ်မူတည်ပြီး သူမ၊ ကျွန်မလို့လည်း သုံးဖြစ်တယ်။ ဒါပေမယ့် မှတ်မှတ်ရရ ကျွန်မလို့သုံးခဲ့တာ ချစ်သူ့ဝိုင် ပို့စ်တစ်ပုဒ်တည်းပဲ။ အက်ဆေးတစ်ချို့နဲ့ ၀တ္ထုတိုမှာ  ကိုယ်၊ ကျွန်မ ထက် သူမနဲ့ သုံးဖြစ်တယ်။ စကားပြောပို့စ်အားလုံးလိုလို “ကိုယ်” လို့ သုံးဖြစ်တယ်။ စောစောက ကိုယ့်  male friend ကတော့ သူ့အမြင်ကို gtalk မှာ ဒီလိုပြောသွားတယ်။ “ငါကတော့ ကျမ ဆိုတာပဲ ကြိုက်တယ်။ အဖြောင့်ဆန်တယ်... ဘယ်ဘက်မှ မယိုင်ဘူးလို့ထင်တယ်” တဲ့။

အသက်အရွယ်လိုက် ကိုယ့်နာမ်စားတွေ ပြောင်းလဲသုံးနှုန်းရသလို (ကိုယ့်အတွက်) ရေးတဲ့ပို့စ်အပေါ်လိုက်ပြီး နာမ်စား ပြောင်းလဲမှုလေးတွေရှိပါတယ်။ comment ပေးဖြစ်ရင်တော့ ရီတာ့ ဆီမှာလွဲလို့ တစ်ခြားဘလော့ဂ်တွေမှာ ညီမ သို့မဟုတ် ဇွန် လို့ သုံးဖြစ်တာများတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကိုအန်ဒီ့ပို့စ်မဖတ်မိသေးခင် နှစ်ပတ်လောက်က ရီတာ့ကိုတောင် မေးကြည့်ဦးမယ်လို့။ ရီတာ အရင်က ကျွန်မလို့ နာမ်စားသုံးပြီး နောက်မှ ကိုယ်လို့သုံးဖြစ်သွားတာ ဘာကြောင့်လဲလို့။ ကိုအန်ဒီ့ပို့စ်ဖတ်မိတော့ ကိုယ်သိချင်တဲ့အဖြေကို ရီတာရဲ့ comment မှာ တွေ့လိုက်ရပါတယ်။း)

ခုလောလောဆယ် ကိုယ်ကြုံတွေ့နေရတဲ့ နာမ်စားပြဿနာက တစ်မျိုး။ ကိုယ့်ဘလော့ဂ်ကတစ်ဆင့် ခင်မင်ကြသူများက ဇွန်၊ မဇွန်ဆိုပြီး ကိုယ့်ကို ခေါ်ကြတယ်။ အဲ...ကိုယ်က ဖုန်းပြောရင်ဖြစ်စေ၊ အပြင်မှာတွေ့လို့ ပြောမိရင် ကိုယ့်နာမည်ရင်းကိုပဲ ထည့်ပြောတာအကျင့်ပါနေတော့ တစ်ဖက်က ပြောသူနဲ့ ဒီဘက်က ကိုယ့်မှာ စည်းဝါးမကိုက်ဘဲ တစ်ခုခုလွဲနေသလို ခံစားနေရတာပဲ။ အိမ်မှာဖုန်းလာလို့  မဇွန်ရှိလားလို့ တစ်ဖက်ကမေးရင် အိမ်ကညီမလေးတွေ ချက်ချင်းမဖြေနိုင်ဘဲ ကြောင်ကြောင်သွားလို့ မေးသူက နာမည်ရင်းပြောင်းမေးရတယ်။ သူတို့မပြောနဲ့ ကိုယ်တောင် ဖုန်းထူးလိုက်လို့ တစ်ဘက်က ဇွန်လားဟင်.. မဇွန်လားဟင်... လို့မေးလာရင် ကြောင်တတ်သေးတယ်။ ပြောနေမှ မကျဘဲကိုး။ ဒီတော့ အလိုက်အထိုက်ဖြစ်အောင် ကိုယ့်ကို ဇွန်မိုးစက်လို့ သိထားတဲ့ ဘလော့ဂါမိတ်ဆွေ သူငယ်ချင်းတွေနဲ့ တွေ့ရင် ကိုယ့်ကိုယ်ကို ဇွန်လို့ပြောတတ်အောင် ကျင့်ယူထားရမယ့်ပုံပဲ။ နာမည်ရင်းနဲ့ သိထားသူများနဲ့တွေ့တော့ နာမည်ရင်းနဲ့ပြောပေါ့နော်။ နာမ်စားနှစ်မျိုးနဲ့ “ကိုယ်” ပေါ့လေ။း)

အမျိုးသားဘလော့ဂါဖြစ်ရတာ ဒီနေရာမှာ တစ်ပန်းသာသွားပြန်တာပဲ။ “ကျွန်တော်” နာမ်စား တစ်ခုတည်းနဲ့တင် ပြီးရော။


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

Comments ( 10 )

စာရေးတာပဲလေ၊ စိတ်စေရာပေါ့။

:D
ညီမတော့ တော်တော်လေး အကျင့်ရနေပြီ .. :D

:)

ကိုယ်တော့ ရှေ့ပိုင်းမှာ ကျွန်မနဲ့ရေးထားတာတွေ ပြန်ဖတ်မိရင် ကိုယ့်ဘာသာ အူကြောင်ကြောင်နိုင်နေတယ်ချည်း ထင်တယ်။ (သူများရေးတဲ့ "ကျွန်မ" တွေကို မဖြစ်ပါဘူး။ အများအားဖြင့် သတိတောင် မထားမိဘူး)

Myanmar Books Catalogue မှာ မနှစ်က ရေးတော့ ရေးခဲ့သမျှတွေမှာ ကျွန်မ နဲ့ပဲ ရေးခဲ့တာ။ ပြန်ဖတ်ရင် လုံးဝ မကြိုက်တော့ဘူး။ အဲဒီ နာမ်စားသုံးပြီး ရေးခဲ့တဲ့ post တွေမှာ စကားလုံးတိုင်းက ပေါ့တော့တော့ ကြောင်တောင်တောင်လို့ပဲ ခံစားရတယ်။ အဲဒါနဲ့ blog ပေါ် ပြောင်းတင်တော့ နာမ်စားတွေ အကုန် ပြောင်းပစ်မိတယ်။ တကယ်တော့ သုံးထားတဲ့ တခြားစကားလုံးတွေကိုပါ ပြောင်းချင်တာ။ ဒါပေမဲ့ နေပါစေတော့ အဲဒီတုန်းက ရေးခဲ့တဲ့အတိုင်းပဲ လို့ ထားလိုက်တယ်။

ဟိဟိ သေချာသွားပြီ မမအိမ်ကအမတွေကြောင်ကြောင်သွားတာ မိုးကြောင့်ဖြစ်ရမယ် ။
သာယာချမ်းမြေ့ပါစေနော်
မိုး

ကလင်...ကလင်...ကလင်...
ဟယ်လို မဇွန်ရှိလားဟင်??? :P


ဂျင်ဂျင်း

သတိထားမိတယ် အမတို့က ဇွန်လို့ပြော ညီမက နာမည်ရင်းလေး ထည့်ထည့်ပြောနဲ့....ဘာဖြစ်ဖြစ် အိုကေနေတာပါပဲ...
အဆင်ပြေသလို သုံးမိတာပါပဲဟယ်....

အက်ဆေးtype လေးတွေဆို ကျွန်မနဲ့ရေးရတာ ပိုအားရသလိုပဲ။ နာမ်စားအသုံးနဲ့ ပတ်သတ် လို့ ကွဲပြားတဲ့ အမြင်လေးတွေ ဖတ်ရတာ ကိုအင်ဒီကိုရော ဇွန်ကိုရော ကျေးဇူး။

ဇွန် ရေ...ဇွန် ကို ဘလော့ထဲ မှာသာ ဇွန်လို့ ခေါ်ပေမဲ့ အပြင် ခေါ်တဲ့ နာမည် လေးကိုပဲ မမ ရင်းနှီး မိတယ်၊

ကိုယ်ကိုတိုင်လဲ ကျမ ဆိုတဲ့ အသုံး အနှုန်းကို စာရေးတော့ သာ ထည့်ရေးပေမဲ့ အပြင်မှာ လုံးလုံး မသုံးဖြစ်ပါဘူး၊ ကိုယ် ဆိုတာရယ် မမ ပြောနေကျ စကားတွေ မောင်သီဟ စာတွေ ထဲ ရေးသလို ယူ နဲ့အိုင် ပေါ့၊ တမင် ပြောတာတော့ မဟုတ်ဘူး၊ မမ တူမ လေးတွေ ငယ်ငယ် ထဲက သူတို့တက်တဲ့ ကျောင်းက ပြောတဲ့ အတိုင်း အိမ် မှာပြောရင်း ပြောနေကျ ဖြစ်နေတာရယ် မမ က အိမ်မှာ ပြောရင် ကျနော် ဆိုတာရယ် ကို စာရေးတဲ့ ထဲကျ ဘယ်လိုမှ အဆင်မပြေ လို့ ကိုယ် တို့ ကျမ တို့ နဲ့ ရေးရတာပဲ၊ စာဖတ်သူတွေ နားလည် အဆင်ပြေရင် ပြီးမယ် ထင်တာပါပဲ၊

အဟက် ရေးချင်တာတွေ လာရေးတာ ကွန်မန့် တောင် ရှည် သွားတယ် ၊ ဇွန် စာတွေလဲ အမြဲ အသစ် တင်တာနဲ့ ရောက်ပါတယ် ၊ တခါတလေ ကွန်မန့် မရေးဖြစ်တာပါ၊ စိန် ရောက်တယ် ကွန့်မန့် ရေးတယ် ဆို မမ ပါတယ် လို့ မှတ်ထားပေးနော်....

ချစ်တဲ့

မမပြာ

အလကား.. သူပျင်းတာ..

စာကိုဖတ်ပြရသေးတယ်.. အိပ်ယာပေါ်မှာ ကွမ်းလေး တမြုံ့ မြုံ့နဲ့ ငြိမ်နားထောင်နေတာလေ။


အားလုံးသိတဲ့အတိုင်း

ကျနော်ကတော့ ကိုယ့်ထက်ကြီးတဲ့သူကို သားနဲ့ ပြောတာ..

အိမ်မှာဆိုတော့ သားကြီးက နေ သကြီးဖြစ်ရော

တက္ကသိုလ်တက်တော့ ကျနော်ဖြစ်လာတာပဲ။

ခုတော့ ကျနော်ပေါ့.. :)

မလေးတော့.. "မလေး" "ကျမ" "ကိုယ်" စုံနေတာပါပဲကွယ်..
ဆောင်းပါးဆို "ကျမ" ရေးတာများတယ်
ရင်းနှီးစေလိုတဲ့ အသံထွက်ချင်ရင်.. "မလေး"..
ကိုယ့်ဟာကိုယ် ပြန်ပြောတဲ့ ပိုစ်ဆိုရင်တော့ "ကိုယ်" ပေါ့..

မုဒ်ပေါ်မှာမူတည်ပြီး သူ့ဟာသူဖြစ်ကုန်တာပါပဲ။
စာတစ်ပုဒ်မှာတင် တစ်ခါတစ်လေဆို..သုံးလေးမျိုးဖြစ်ချင်ဖြစ်နေလိုက်သေးတယ်..

ဇွန်ပြောသလို ယောင်္ကျားလေးတွေက ပိုအဆင်ပြေတယ်နော်..
ကျနော်ပဲပေါ့။