Big Eater

Category:

ကိုယ်သိပ်ကြိုက်တဲ့ အင်္ဂလိပ်အစားအစာတွေထဲမှာ Jacket Potato က ထိပ်ဆုံးကပဲ။ မြန်မာလိုပြန်ရင် အာလူးဂျက်ကင်လို့ ပြန်ရမလား မသိဘူးနော်။ နောက် English Breakfast ကြိုက်တယ်။ အင်္ဂလိပ်  fish & chips ကြိုက်တယ်။ French fried လို ပါးပါးကျွတ်ကျွတ် အာလူးချောင်းမျိုး မဟုတ်ဘဲ အသားထူထူ အစိပ်ကြီးကြီး အာလူးချောင်းပေါ် ရှလကာရည်ဆမ်းပြီး စားရတာကို ကြိုက်တယ်။  အာလူးပေါတဲ့ နိုင်ငံဆိုတော့လည်း အာလူးကို ချေလိုက်၊ ကြော်လိုက်၊ ပြုတ်လိုက်၊ ဖုတ်လိုက်နဲ့ စုံနေအောင် စားကြတာပါပဲ။

တစ်ရက် အတန်းပြီးတော့ မြို့ထဲက ဈေးဆိုင်တွေလျှောက်ကြည့်ရင်း အမိုးပါတဲ့ တွန်းလှည်းလေးဆီက အနံမွှေးမွှေးလေးရဲ့ ဆွဲဆောင်အားကောင်းတော့ ဘာပါလိမ့်ဆိုပြီး သိချင်စိတ်ပေါ်တာနဲ့ သွားကြည့်မိတယ်။ သြော်... အာဗန်ထဲမှာ အလျူမီနီယံဖွိုင်လ်ထဲ ထည့်အုပ်ထားတဲ့ အာလူးအကြီးကြီးတွေကို နှစ်ခြမ်းခွဲပြီး အပေါ်က  ထောပတ်၊ ချိစ်၊ ပြောင်းဖူး၊ ကြက်သွန်နီ၊ အမဲသား၊ ကြက်သား..စသဖြင့် ကိုယ်ကြိုက်ရာ ထည့်စားတာပါ။ ထောပတ်က ပါပြီးသား ... ကျန်တာ ကိုယ်ကြိုက်ရာရွေးစားပေါ့။ အဲဒီ့မှာရောင်းတဲ့ ကြက်သားဟင်းက ကိုယ်တို့အရှေ့တိုင်းချက်လိုပဲ အနှစ်နဲ့၊ မဆလာနံ့ သင်းသင်းလေးတောင်ပါသေး... သိပ်ကောင်းတာပဲ။ နဂိုကတည်းက အာလူးကြိုက်သူမို့ ပထမဆုံးအကြိမ်အဖြစ် ၀ယ်စားကြည့်ပြီး သိပ်ကြိုက်သွားတာ။

နောက်တစ်ခါ အဲလိုပဲဈေးသွားရင်း တွေ့ပြန်တော့ မနေနိုင်လို့ ၀ယ်စားမိပြန်ရော။ ကိုယ်နဲ့အတူ သူငယ်ချင်း နှစ်ယောက်လည်းပါတယ်။ ကိုယ်က အဲဒါစားလို့သိပ်ကောင်းကြောင်းပြောတော့ သူတို့လည်း စိတ်ဝင်စားပြီး ကိုယ်နဲ့အတူ လိုက်မှာတယ်။ ကိုယ့်အလှည့်ကျတော့ အရင်တစ်ခေါက်က ကြက်သားဟင်းတစ်မျိုးပဲ ထည့်စားဖူးတာ ဆိုတော့ ဒီတစ်ခေါက် အမဲသားကလွဲလို့ ကျန်တဲ့အစာတွေ အကုန်ထည့်ခိုင်းလိုက်တယ်။ ရောင်းတဲ့ လူကြီးကလည်း ထည့်ပေးပြီးတော့ ကိုယ့်ကို တစ်ခုလှမ်းပြောလိုက်တယ်။ ထုံးစံအတိုင်း ရောက်တာ သိပ်မကြာသေးသူမို့ အင်္ဂလိပ်လေသံအားလုံး နားမယဉ်သေးတော့ သူဘာပြောလိုက်မှန်း၊ မေးမှန်း မသိလိုက်ဘူး။ ဒါနဲ့ ကိုယ်က နောက်တစ်ခေါက် ထပ်မေးတော့ သူက ထပ်ပြောတယ်။ ကိုယ်နားမလည်သေးဘူး။ ကိုယ်လည်း ထပ်မေးရင် မကောင်းဘူးဆိုပြီး နားလည်သလိုလို၊ သူပြောတာ ဟုတ်သလိုလိုနဲ့ အင်း...ဆိုပြီး ထောက်ခံလိုက်တယ်။ ပြီးတော့မှ ကိုယ့်ဘေးက သူငယ်ချင်းကို  ပြန်မေးကြည့်တော့မှ "Are you a big eater?"  လို့ မေးတာတဲ့။ ကိုယ်လည်း နည်းနည်းတော့ ရှက်သွားတယ်။ သူပြောတာနားမလည်တာထက် အစားကြီးသူလို့ အထင်ခံသွားရတာကိုပါ။ :D နောက်တစ်ခါ အစားကြီးသူလို့ အပြောမခံရအောင် အပြင်မှာ ၀ယ်မစားဘဲ အာလူးအထုပ်လိုက်ဝယ်ပြီး အိမ်မှာပဲ ကိုယ့်ဖာသာ စိတ်ကြိုက် အစာတွေထည့်ပြီး လုပ်စားပစ်လိုက်တာပေါ့။ ဘာရမလဲ ဟွန်း ..... ။

ဒါလေးနဲ့ဆက်စပ်ပြီးတော့ ယူကေရောက်စမှာ ကြုံတွေ့ခဲ့ရတဲ့ listening skill အခက်အခဲလေးတွေကို သွားသတိရမိပါတယ်။ ကိုယ်တက်ရတဲ့ကျောင်းက Wales ပြည်နယ်မှာရှိတဲ့ University of Wales ပါ။ ဝေလပြည်နယ်ကပြောတဲ့ အင်္ဂလိပ်အသံထွက်က နည်းနည်းလေး ပိုမြန်ပါတယ်။ အင်္ဂလန်နိုင်ငံတွင်းမှာတောင် လန်ဒန်သူ လန်ဒန်သားတွေ ပြောတဲ့အသံထွက်နဲ့ အလယ်ပိုင်းကသူတွေ ပြောတဲ့အသံထွက် နည်းနည်းကွဲပါတယ်။  ကိုယ်တို့ရန်ကုန်နဲ့မန္တလေး လေယူလေသိမ်းကွဲပုံမျိုးပေါ့။ ကိုယ့်အတွက် တော်တော်လေးအားစိုက်ပြီး နားထောင်ရတာက Scottish တွေပြောတဲ့ အင်္ဂလိပ်စကားပါ။ တော်တော်မြန်ပြီး အသံဝဲပုံကလည်း တစ်မျိုးပါ။ သူတို့ပြောရင် ချက်ချင်းနားမလည်တာ များပါတယ်။ နောက်ပိုင်း Welsh တွေရဲ့ အသံထွက်ရော၊ English တွေရဲ့ အသံထွက်ရော နားလည်သွားပေမယ့် Scottish များ ပြောတဲ့အသံထွက်ကို ခုချိန်ထိ နားမယဉ်သေးပါဘူး။

နောက်ပြီး ကိုယ်တို့အများဆုံးကြုံတွေ့ရတဲ့ အသံထွက်ပြဿနာက A နဲ့ E၊ B နဲ့ P၊ D နဲ့ T ပါ။ P ကို  “ပီ” လို့ပဲ အသံပေါ့ပေါ့လေး ပြောလိုက်ရင် “ဘီ” လို့ ထင်တတ်ပါတယ်။ “တီ” လို့ stress မပါဘဲဒီအတိုင်းပြောရင် “ဒီ” လို့ ထင်ပြန်ရော။ ကိုယ့်အသိတစ်ယောက် စာတိုက်မှာ ပါဆယ်သွားပို့တော့ ပါဆယ်လို့ပြောတာ နားမလည်ဘူး။ သူကလည်း “ပီ” ကို “ဖီ”၊ “ပါ” ကို “ဖာ” လို့ အသံထွက်ဖို့ မ၀ံ့တော့ လက်နဲ့ချရေးပြလိုက်တော့မှပဲ သြော်.. parcel ကို ပြောတာဆိုပြီး နားလည်သွားတာ။ ကိုယ့်နာမည်မှာလဲ A တို့ D တို့ပါတော့ ကိုယ်ပုံမှန်အသံနဲ့ပြောလိုက်ရင် အမြဲမှားလို့ သူတို့လို stress ထည့်ပြီး၊ “တီ” ကို “ထီ”၊ “ပီ” ကို  “ဖီ” လို့ အသံထွက်မှပဲ ချက်ခြင်းနားလည်တယ်။ ကိုယ်က အကျင့်တွေပါပြီး ခုချိန်ထိ  ပီကို ဖီလို့ ထွက်မိတော့  ဒီကလူတွေ နားမလည်ပြန်ဘူး။ အဲတာနဲ့ ပြန်လျှော့ပြီး ပီလို့ပဲ ပြန်အသံထွက်ရတယ်။  အင်္ဂလိပ်စကားပြော နိုင်ငံတွေဖြစ်ပေမယ့်  နိုင်ငံအလိုက် လေယူလေသိမ်းတွေ ကွဲတဲ့အလျောက် ပြောတဲ့သူ၊ နားထောင်တဲ့သူတွေကလည်း နိုင်ငံအလိုက် လိုက်ပြီး ကွဲကွဲပြားပြား နားထောင်၊  လိုက်ပြောနေရတော့တာ ပေါ့လေ။

သြော်... ဒါနဲ့ အာလူးဂျက်ကင်လည်း sg ပြန်ရောက်ပြီးမှ တစ်ခါမှ လုပ်မစားဖြစ်တော့ဘူး သိလား။ လိုသလောက် အရွယ်ကြီးကြီး အာလူးမရတာကတစ်ကြောင်း၊ အိမ်မှာ အာဗန်မရှိတာကတစ်ကြောင်းမို့ ဒီပို့စ်လေးရေးပြီးပဲ အလွမ်းဖြေလိုက်တယ်။ :(


Big Eater
ဇွန်မိုးစက်

Comments ( 12 )

အမလဲ အာလူး ကြိုက်တယ် ညီမရေ.. မတည့်တာဆို ကြိုက်မိတဲ့ ကိုယ့်ကိုယ်ကိုပဲ ဆင်ခြင်နေရတယ်။ Big eater အဖွဲ့လဲ ၀င်ပါရစေ..:)

အစ်မရေ .. လုပ်ကျွေးပါလားဗျို့ ..
အာလူးဆိုကြိုက်တယ်
စားချင်တယ် ..း))

မရေးးးးးး
စားချင်သွားပီ အားလူကြိုက်တယ် ရန်ကုန်မှာ တိုးတိုးအာလူးကြော်မစားရမနေနိုင်သူပေါ့ ။
အားလုံးကြီးကြီးရရင်ဝယ်ထားမယ် လုပ်ကျွေးဖို့ ကအမတာဝန်နော်း)
သာယာချမ်းမြေ့ပါစေနော်
မိုး

ကိုယ်လည်းအာလူးကြို့်တယ်၊
ကေအက်ဖ်စီက အာလူးချောင်းကြော်ပျော့ပျော့လေးပေါ်မှာ ချီးစ်လေးနဲ့ ကြက်သွန်မှိတ်စမ်းဖြူးထားတာ သိပ်ကြိုက်တယ်။

ညီမပြောတာမျိုးတော့ စားဖူးဘူး။

ကိုယ်လဲ အာလူးကြိုက်...
စိတ်လိုလက်ရရှိတဲ့သူတွေနဲ့ဆိုရင် အာလူးလည်း အရမ်းဖုတ်တတ်တယ်။

ပုံ
potato eater

မမချိုရေ... စိတ်ဝင်စားရင် လုပ်စားကြည့်ပါလား။း)

မိုးခါးနဲ့ မိုး - kitchen facility ပြည့်စုံရင် လုပ်ကျွေးမယ်။ ;)

အစ်မပြုံး - sg မှာ jacket potato ရောင်းတာ ဇွန်လည်း မတွေ့မိသေးဘူး။ :-/

ရီတာ - ဇွန်လည်း ရီတာနဲ့အတူ တစ်ခါလောက် အေးအေးဆေးဆေးတွေ့ပြီး အာလူးဖုတ်ချင်ပါတယ်။း)

အာလူးကြိုက်တဲ့သူတွေများတော့ အာလူးချစ်သူများအသင်း ဖွဲ့လို့ရပြီ။ အသင်းနာမည်ကို big eater လို့ပဲ ပေးလိုက်တော့မယ်။ :)

ကျနော်က အာလူးကို စွဲစွဲလန်းလန်းမဟုတ်ဘူး။

ဒါပေမယ့် jacket potato ကို ကြိုက်တယ်။


မိုက်ခရိုဝေ့ ထဲ (၅)မိနစ်လောက်ထည့်။ ထွက်လာရင် cheddar cheese ကို အာလူးထက်ခြမ်းခွဲပြီး ထောပတ်လေးသုတ် ညှပ်ထားရင် အရမ်းကြိုက်တာ။

အဟားး ဝလာမယ့် အစားတွေ။


အာလူးကို အာဗန်ထဲ ထည့်ကြော်တာ အရမ်းကြိုက်တယ်။ CY မှာနေတုန်းက သံပုရာရည်နဲ့ နယ်ပြီး ကြော်တာ။ အရမ်းစားကောင်းတယ်။

ဒါနဲ့ စကားမစပ် ကျနော်လဲ University Of Wale က အဝေးသင် ပထမနှစ်ပြီးမှ ဒီရောက်လာတာပဲ။

ဟိုက လေယူလေသိမ်းကိုနားယဉ်လာတာ ငါးနှစ်ဆိုတာ့ ဒီက လေယူ လေသိမ်းက ကျနော်အင်္ဂလိပ်စကား မတတ်သလိုခံစားနေရပြီး။


း)



အိမ်လာလည်ရင် မဇွန်ကြိုက်တဲ့ အာလူးစတိုင် လုပ်ကျွေးမယ်။ အိမ်မှာမိုက်ခရိုဝေ့ရှိတယ်။

ဒါပေမယ် အခုတော့ ပျက်နေတယ်။း)

အာလူး...စားချင်စိတ်တောင်ပေါ်သွားပြီ။
အရင်က အာလူးတွေ အမျိုးမျိုးလုပ်ရောင်းတဲ့ဆိုင်မှာ
လုပ်ဖူးတယ်။ အလုပ်ပြီးရင် တမျိုး မဟုတ် တမျိုး
ယူစားလို့ ရတော့ ....ဇိမ်တွေ့ ခဲ့ဖူးတယ်။

I agree that you are a big eater. :D

Gyin Gyin

သိတယ်လေ...သူများတွေ ဗိုက်ပြည့်တုန်းရှိသေး ညနေတခေါက် အသုတ်လေး နောက်တပွဲလောက် စားချင်တယ် ဆိုကတည်းက ...အစားပုပ်လေးမှန်း သိပြီးသား....:)

စားချင်တယ်...

စားချင်တယ်....

အာလူးကြိုက်တဲ့သူထက် အာလူးဖုတ်တဲ့သူက ပိုများမယ်ထင်တယ်...

းဝ)