ငယ်ငယ်က သေခြင်းတရားဆိုတာ ကိုယ်နဲ့အဝေးကြီးလိုပါပဲ။ မိဘဆွေမျိုး မိတ်ဆွေသူငယ်ချင်းအားလုံး ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ ရှိနေကြတော့ ဒီတရားကို မေ့နေပါတယ်။ ကိုယ်ပထမဆုံးစပြီး သတိထားမိတာ ကိုယ်တို့မိသားစုနဲ့ နှစ်အိမ့်တစ်အိမ်ခင်ကြတဲ့ ဖေဖေနဲ့လည်း သူငယ်ချင်းကောင်း မိတ်ဆွေတစ်ယောက်ဖြစ်ခဲ့တဲ့ ကိုယ့်အသိ ဦးလေးတစ်ယောက် ဆုံးသွားတုန်းကပါ။ အဲဒီ့တုန်းက ကိုယ်က ခြောက်တန်း၊ မနက်စောစော စာထကျက်နေတုန်း သူဆုံးသွားတဲ့သတင်းကြားကြားချင်း ၀မ်းနည်းလို့ မျက်ရည်ဝဲခဲ့ရပါတယ်။ ကျန်ခဲ့တဲ့ ကလေးငယ် ၃ယောက်နဲ့ မိသားစုဝင်အတွက် စိတ်မကောင်း ဖြစ်ခဲ့ရတာလည်း တစ်ပိုင်းပါ။ အဲဒီ့နောက်ပိုင်းကစပြီး သေခြင်းတရားကို သတိထားခဲ့မိပါတယ်။ ရပ်ကွက်ထဲမှာ သက်ကြီးရွယ်အိုတွေ ကိုယ့်မျက်စိရှေ့က တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားတာ မြင်လာရပါတယ်။ ဟိုအိမ်က အဖွား၊ ဒီအိမ်က အဖိုး စသဖြင့်... မီးစာလည်းကုန် ကံလည်းကုန်လို့ လူ့ဘ၀ကို စွန့်ခွာသွားသူတွေ များပါတယ်။
ကိုယ်ဆယ်တန်းအောင်ပြီးနောက်ပိုင်း ဘကြီးတစ်ယောက်ဆုံးတယ်။ နောက်နှစ်အနည်းငယ်ကြာတော့ ကိုယ့်အဖိုး၊ နောက် နှစ်ဝမ်းကွဲ ဦးလေးနဲ့ အဒေါ် (ဆုံးသွားတဲ့ ဘကြီးရဲ့ ဇနီး)။ ဆုံးသွားတဲ့ အဲဒီ့ဦးလေးနဲ့အဒေါ်က မောင်နှမအရင်း၊ သူတို့ဆုံးတာ သုံးလပဲခြားတယ်။ (သူတို့မိဘ) ကိုယ့်အဖိုးလေးနဲ့ အဖွားလေးက ကိုးဆယ်ကျော်နေပြီ။ ခုထိသူတို့ အသက်ရှင်လျက် ရှိနေပါတယ်။ ဦးလေးနဲ့အဒေါ်ဆုံးတော့ ကိုယ်ကအဝေးမှာ။ သတင်းကြားတော့ အံ့သြ၀မ်းနည်း ဖြစ်ရပေမယ့် သူတို့တွေရဲ့ ကျန်းမာရေးအခြေအနေကို သိထားသူမို့ သိပ်မတုန်လှုပ်မိပါဘူး။ နောက်တော့.... သူ။ တလောက ကိုယ့်အဖွား နဲ့ အစ်ကိုဝမ်းကွဲ တစ်လပဲခြားပြီး ဆုံးပြန်တယ်။
မြတ်စွာဘုရားဟောကြားတော်မူတဲ့ အဘိဓမ္မာတရားတော်အရ သေခြင်းအကြောင်းလေးပါး ရှိပါတယ်။ (၁) အာယုက္ခယမရဏ = သက်တမ်းကုန်၍သေခြင်း၊ (၂) ကမ္မက္ခယမရဏ = ကံကုန်၍သေခြင်း၊ (၃) ဥဘယက္ခယမရဏ = သက်တမ်းနှင့်ကံ နှစ်ပါးစုံ ကုန်၍သေခြင်း၊ (၄) ဥပစ္ဆေဒကမရဏ = သက်တမ်းနှင့်ကံ နှစ်ပါးစုံ မကုန်သေးဘဲလျက် ဥပဃတကကံဝင်ဖြတ်၍ လတ်တလောသေခြင်းဟူ၍ သေခြင်း ၄-မျိုးရှိပါတယ်။ မြင်သာအောင် ဥပမာပေးတဲ့အခါ “ထွန်းညှိထားသော ဆီမီးသည် (၁) မီးစာကုန်ခြင်းကြောင့်လည်း ငြိမ်း၏။ (၂) ဆီကုန်ခြင်းကြောင့်လည်း ငြိမ်း၏။ (၃) မီးစာနှင့်ဆီ နှစ်မျိုးလုံး ကုန်ခြင်းကြောင့်လည်း ငြိမ်း၏။ (၄) မီးစာနှင့်ဆီ နှစ်မျိုးလုံး မကုန်သေးဘဲလျက် ရုတ်တရက် လေပြင်းတိုက်ခတ်သောကြောင့် သို့မဟုတ် တမင်ငြိမ်းသတ်သောကြောင့် ငြိမ်း၏” လို့ ဆိုပါတယ်။
ကိုယ့်အနီးပတ်ဝန်းကျင်မှာ ဆုံးပါးသွားတဲ့သူ အတော်များများက အကြောင်းလေးပါးထဲက ပထမသုံးပါးထဲမှာ အကျူံးဝင်ပါတယ်။ သူကလွဲလို့ပေါ့လေ...။ သူဆုံးပါးသွားတဲ့အကြောင်းက ကိုယ့်ကို တော်တော်လေး ထိတ်လန့် တုန်လှုပ်စေမိတာ အမှန်ပါ။ ဘ၀မှာ အစစအရာရာ လိုလေသေးမရှိအောင် ပြည့်စုံသူတစ်ယောက်ဟာ အရွယ်ငယ်ငယ်မှာ ရုတ်တရက်ဆုံးပါးသွားတာ ကိုယ်လက်မခံနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ အဲဒီ့တုန်းက ကိုယ်ဟာ ဘာသာတရားနဲ့ ပတ်သက်ပြီး အခုလောက်မသိခဲ့တာလည်း ပါတယ်။ လပေါင်းများစွာ ငိုကြွေးခဲ့ပြီး တမလွန် ဘ၀ရောက်နေသူကို တသသနဲ့ လွမ်းဆွတ်တမ်းတလို့ မဆုံးနိုင်ပါဘူး။ အလုပ်ကနေ အိမ်ပြန်ရောက်တာနဲ့ တီဗွီရှေ့ထိုင်ပြီး ပြသမျှ အစီအစဉ်တွေ ထိုင်ကြည့်၊ အိပ်မပျော်မချင်း ရေဒီယိုကလွှင့်တဲ့သီချင်းတွေ နားထောင်ပြီး လောကီနည်းလမ်းတွေနဲ့ မေ့ပျောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကျန်တဲ့အချိန်တိုင်းမှာ ဒီအကြောင်းတရားက ကိုယ့်စိတ်ကို လွှမ်းမိုး ကြီးစိုးနေတာပါပဲ။
လေးနက်မှန်ကန်တဲ့ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်သာ သိခွင့်မရခဲ့ယင် ကိုယ်ဟာ ဒီအချိန်ထိ ကြေကွဲဝမ်းနည်းမှုတွေ ခံစားနေရဦးမှာ သေချာပါတယ်။ အဘိဓမ္မာသင်တန်း တက်ပြီးသွားတဲ့နောက် သူ့ရဲ့ သေခြင်းတရားဟာ စတုတ္ထမြောက်အကြောင်းရင်းခံတယ်ဆိုတာ သိလာပါတယ်။ နောက်ပြီး အဘိဓမ္မာသင်ရင်းနဲ့ ဆရာမင်းတင်မွန် ပြောပြသွားတဲ့ ဥပမာလေးတစ်ခုက ကိုယ့်ကို နှလုံးသွင်း မှန်သွားစေပါတယ်။ အတိအကျ မမှတ်မိတော့တဲ့ ကိုယ့်မှတ်ဉာဏ်ကို ဒီနေရာမှာ တော်တော် စိတ်ပျက်မိပါတယ်။း( မူရင်းနဲ့ အနည်းငယ် လွဲမှားနေသည်ရှိသော် ခွင့်လွှတ်ပေးပါလို့ တစ်ခါတည်း တောင်းပန်ထားပါတယ်။
အကျဉ်းချုပ်က ဘုရင်ကြီးတစ်ပါးရဲ့ စုံစုံမက်မက် ချစ်မြတ်နိုးတော်မူရတဲ့ အဂ္ဂမဟာဒေ၀ီမိဖုရားကြီး ဆုံးပါးသွားတော့ ဘုရင်ကြီးမှာ ပူဆွေးသောကရောက်ပြီး မစားနိုင်မအိပ်နိုင် ပြုနေကျ ကုသိုလ်တွေ မပြုနိုင်ဖြစ်ရပါတယ်။ မြတ်စွာဘုရားက အကြောင်းအကျိုးသိမြင်တော်မူပြီး တန်ခိုးတော်နဲ့ ကြည့်လိုက်တော့ ဆုံးသွားတဲ့ မိဖုရာကြီးဟာ နန်းတော်ဝင်းထဲမှာပဲ နောက်ချေးပိုးထိုးကောင်အမဖြစ်နေပြီး ဘုရင်ကြီးကိုလည်း သတိမရတော့ဘဲ ချေးပိုးထိုးအထီး သူ့ယောကျာ်းနဲ့ ပျော်မွေ့ နေပါတယ်။ တန်ခိုးတော်နဲ့ သူ့ကို ခေါ်မေးတော့ အခုသူ့ယောကျာ်း ချေးပိုးထိုးအထီးအတွက်ဆို ဘုရင့်ကြီးရဲ့ လည်မျိုကိုဖောက်ပြီး သွေးစုတ်ပေးဖို့ ၀န်မလေးပါဘူးတဲ့။ အဲဒီမှာပဲ ဘုရင်ကြီးလည်း အကျွတ်တရားရသွားပါတယ်။ နောက်ချေးပိုးထိုးဘ၀မှာ ပျော်နေတဲ့ မိဖုရားကြီးကို မေ့နိုင်သွားပြီး ပြုမြဲကုသိုလ်တွေ ဆက်ပြုနိုင်သွားတယ်။
အကျဉ်းချုပ်က ဘုရင်ကြီးတစ်ပါးရဲ့ စုံစုံမက်မက် ချစ်မြတ်နိုးတော်မူရတဲ့ အဂ္ဂမဟာဒေ၀ီမိဖုရားကြီး ဆုံးပါးသွားတော့ ဘုရင်ကြီးမှာ ပူဆွေးသောကရောက်ပြီး မစားနိုင်မအိပ်နိုင် ပြုနေကျ ကုသိုလ်တွေ မပြုနိုင်ဖြစ်ရပါတယ်။ မြတ်စွာဘုရားက အကြောင်းအကျိုးသိမြင်တော်မူပြီး တန်ခိုးတော်နဲ့ ကြည့်လိုက်တော့ ဆုံးသွားတဲ့ မိဖုရာကြီးဟာ နန်းတော်ဝင်းထဲမှာပဲ နောက်ချေးပိုးထိုးကောင်အမဖြစ်နေပြီး ဘုရင်ကြီးကိုလည်း သတိမရတော့ဘဲ ချေးပိုးထိုးအထီး သူ့ယောကျာ်းနဲ့ ပျော်မွေ့ နေပါတယ်။ တန်ခိုးတော်နဲ့ သူ့ကို ခေါ်မေးတော့ အခုသူ့ယောကျာ်း ချေးပိုးထိုးအထီးအတွက်ဆို ဘုရင့်ကြီးရဲ့ လည်မျိုကိုဖောက်ပြီး သွေးစုတ်ပေးဖို့ ၀န်မလေးပါဘူးတဲ့။ အဲဒီမှာပဲ ဘုရင်ကြီးလည်း အကျွတ်တရားရသွားပါတယ်။ နောက်ချေးပိုးထိုးဘ၀မှာ ပျော်နေတဲ့ မိဖုရားကြီးကို မေ့နိုင်သွားပြီး ပြုမြဲကုသိုလ်တွေ ဆက်ပြုနိုင်သွားတယ်။
ကိုယ်လည်း ဘုရင်ကြီးလိုပဲ အဲဒီ့ဇာတ်ကြောင်းနားထောင်ပြီး အဆုံးမှာ အသိတရားကလေး ရသွားတယ်ဆိုပါတော့။ သေပြီးသူက တမလွန်မှာ ရောက်ရာအရပ်မှာ ပျော်မွေ့နေမှာပါပဲ။ ဒါကို ကိုယ်က ဘာလို့ထပ်တလဲလဲ သူ့အကြောင်းတွေ တွေးပြီး ၀မ်းနည်းနေရမှာလဲ။ သူက ဘ၀သစ်တစ်ခုမှာ ပျော်မွေ့နေပြီး ကိုယ့်ကိုသတိရတော့မှာမှ မဟုတ်တာ။ ဒီလိုနဲ့ ကိုယ်ရဲ့စိတ်ကို နှလုံးသွင်း ဖြေသိမ့်လိုက်နိုင်ပါတယ်။ ကိုယ့်မိသားစုပြီးတဲ့နောက် ကိုယ့်ဘ၀ရဲ့ အရင်းနှီးဆုံးသူတစ်ယောက် ဥပစ္ဆေဒက ကံထိုက်ပြီး ဆုံးပါးသွားခြင်းမှာ ကိုယ်ဟာ အရင်ကထက်ပိုပြီး သတိသံဝေဂတွေ အများကြီး ရလိုက်ပါတယ်။ ကိုယ်နဲ့ရင်းရင်းနှီးနှီးမရှိသူတွေ ကွယ်လွန်တော့ ထူးကဲပြီး မခံစားရ၊ သံဝေဂ မရခဲ့ပေမယ့် ကိုယ့်အရင်းအချာ မိတ်ဆွေချစ်ခင်သူတွေ ဆုံးပါးသွားချိန်မှာတော့ ဒီမမြဲတဲ့တရားကို ဆင်ခြင်မိပြီး အရင်ကလို အမှုမဲ့အမှတ်မဲ့ မနေဖြစ်တော့ပါဘူး။
လူတစ်ယောက် မွေးလာတာနဲ့အမျှ သေခြင်းတရားဆိုတာ အနှေးနဲ့အမြန်ဆိုသလို မလွဲမသွေ ကြုံရဦးမှာပါ။ အသက်ကြီးလာတာနဲ့အမျှ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်မျက်စိအောက်မှာ ထွက်ခွာသွားသူတွေ အရေအတွက် ပိုများလို့သာ လာပါတယ်။ ဒီလိုမြင်ရကြားရတဲ့အခါတိုင်း မမြဲတဲ့တရားသဘောတွေကို ဆင်ခြင်နှလုံးသွင်းမိလို့ အသိလေးတွေ ကပ်ထားနိုင်မယ်ဆိုရင် ကိုယ်တိုင်ကြုံတွေ့ရတဲ့အခါ ကြီးစွာသော ထိတ်လန့်တုန်လှုပ်မှု၊ ပူဆွေးသောက ဗျာပါဒတွေမှ အထိုက်အလျောက် ကင်းဝေးနိုင်ကြမယ်ဆိုတာကို ပြောပြချင်ပါတယ်။
ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်
ကျမ်းကိုး - ဗုဒ္ဓအဘိဓမ္မာ အနှစ်ချုပ် (ဒေါက်တာမင်းတင်မွန်)
good.
ရေးပြထားတာ ကောင်းတယ်ဗျာ...
သံဝေဂတရား ရစေပါတယ်...
စောစာစီးစီး လာရောက် ဖတ်မှတ်သွားတယ် မမ...
ညီမလေး
ဂျင်ဂျင်း
အခုတလော တိုက်တိုက်ဆိုင်ဆိုင်ပဲ
သေခြင်းတရားနဲ့ ဆိုင်တဲ့ ပိုစ့်တွေကို
စာမျက်နှာ အတော်များများမှာ ဖတ်ရတယ်၊
သေရမှာကို ကြောက်နေတဲ့
ကိုယ့်ကို အသိတရား ရစေတာတွေချည်းပဲ။
သေခြင်းတရားကို ရင်ဆိုင်ဖို့ ကြောက်ကြသူတွေချည်း ပါပဲနော်....ပြင်ဆင်ရအုံးမယ် ညီမဇွန်ရေ...ခုနေ သေရင်တော့ ဘလော့ဂ်တစ္ဆေ ဖြစ်မှာပဲ ဟားဟား...:)
ကောင်းပါတယ်ဇွန်။ ရတဲ့အချိန်လေးမှာ မမြဲတဲ့တရားကို
ဆင်ခြင်နှလုံးသွင်းထားသင့်ပါတယ်။
ဦးဇင်းရှိတုန်းက သေရမှာကြောက်တဲ့ ၀က် ကလေးအကြောင်း ပြောပြသွားတယ်။
အသက်ရှင်နေတုန်း ရတဲ့အချိန်လေးတွေမှာ ကောင်းတာလေးတွေ (ဒါန၊သီလ၊ဘာဝနာ) ကြိုးစားလုပ်ရမှာ...ဟုတ်ပါရဲ့  တခါတလေ သတိ
လွတ်သွားပြန်ရော။
ကြုံခဲ့တာတွေ အများကြီးရှိလာခဲ့ပေမယ့်...
နောက်ထပ် ကြုံလာရင် လို့ စဉ်းစားကြည့်မိတယ်။
သေခြင်းတရားဆိုတာ
မ၀တ်ဆင်ရသေးတဲ့ ၀တ်စုံတစ်စုံပါပဲ
ရှင်သန်နေထိုင်ခြင်းကတော့
ဆာလောင်မှုတွေဖိသိပ်ထည့်လာတဲ့
ခရီးဆောင်အိပ်တစ်လုံး..ဖြစ်နေခဲ့.......
ပစ္စပ္ပုန်ပေါ်..ရပ်ရင်း..အဲလိုတွေးကြည့်မိဖူးတယ်..
ဒီပို့ ကို အကြိုက်ဆုံးပဲ