C for Convenience

Category:


 

လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက တိုက်ရှေ့က ကုန်းမြေမြင့်မှာ ယာယီအမိုးနဲ့လျှောက်လမ်းတွေ ခင်းနေတာ သတိထားမိပါတယ်။ တစ္တေကြီးပွဲပြီးချိန်မှာ တစ်ခုခုပြုလုပ်ကျင်းပဖို့အတွက် လုပ်နေကြတာလို့ပဲ စိတ်မှာထင်ထားတာပါ။ ယာယီလှေကားထစ်နှစ်ခုလည်းတွေ့တော့ ဘာအတွက်များလဲလို့ တွေးလိုက်ပါသေးတယ်။

ဒီတစ်ပတ် စနေတနင်္ဂနွေမှာ Clementi နဲ့ Jurong East ကြား MRT Service မရှိပါဘူး။ (လက်ရှိ  Platform တွေမှာ တိုးချဲ့ပြင်ဆင်မွမ်းမံမှုတွေ ပြုလုပ်ဖို့အတွက်ပါ) တိုက်ဆိုင်စွာနဲ့ ကိုယ်ကလည်း စနေနေ့မှာ Jurong East ကို ကိစ္စတစ်ခုနဲ့ သွားဖို့ရှိနေတယ်။ MRT မရှိတော့ ဘတ်စ်နဲ့ပဲသွားမယ်လို့ စိတ်ကူးပြီး မီးပွိုင့်စောင့်ရင်း ကားဂိတ်ရှိရာကို သွားမယ်ပြင်တုန်း ကိုယ်တို့တိုက်ရှေ့မှာ SMRT နှစ်စီးတွဲ Bus တွေ တစ်စီးပြီးတစ်စီး လာရပ်နေတာ သတိပြုမိတာနဲ့ သေချာ ကြည့်လိုက်တော့မှ Jurong East ကို သွားတဲ့ Free Shuttle Bus တွေ ဖြစ်နေပါပေါ့လား။ ဒါနဲ့ ဒီဘက်ကပွိုင့်ကို ပြန်ကူးပြီး SMRT bus ပေါ်တက်လိုက်ခဲ့တယ်။

ရထားနဲ့ သွားရင် ၄ မိနစ်စာပဲ စီးရတဲ့ ခရီးက ဘတ်စ်နဲ့ကျတော့ မိနစ်၂၀လောက်စီးရပါတယ်။ Commonwealth Ave ကနေ Clementi Road၊ West Coast Road နဲ့ Science Center Road  တို့ကိုဖြတ်ကျော်ပြီး J.E MRT ကိုသွားတာပါ။ MRT နားရောက်ခါနီးရင် traffic ရှိတာကြောင့် အချိန်နဲနဲ ပိုကြာပါတယ်။ Service disruption ဖြစ်နေပေမယ့် မြောက်မြားစွာသော ခရီးသွားပြည်သူတွေ သွားရေးလာရေး အဆင်ပြေပြေရှိစေဖို့ စနစ်တကျ စီစဉ်ပေးထားတာ ချီးကျူးကျေနပ်စရာပါ။


Jurong East MRT ကနေ Clementi MRT အထိ သယ်ယူပို့ဆောင်ပေးဖို့ ခုလိုကားတွေက အဆင်သင့် စီတန်းစောင့်ဆိုင်းလို့

နှစ်ရက်စာအတွက် ယာယီလုပ်ထားပေးတဲ့ အမိုးနဲ့လျှောက်လမ်းပေါ်က ခရီးသွားပြည်သူများ

ဘတ်စ်အစင်းပေါင်း ၇၀ကျော်က သုံးမိနစ်မခြား ဆိုက်ရောက်ပြီး ခရီးသည်တွေကို အခမဲ့ အပို့အကြိုလုပ်ပေးပါတယ်။ စနေနေ့ကတော့ ကိုယ့်အဖို့ လိုရာခရီးကို အသွားအပြန် တစ်ပြားတစ်ချပ်မှ မကုန်ကျဘဲ အရောက်သွားနိုင်ခဲ့လိုက်ပါတယ်။ :P

စင်္ကာပူမှာ ကိုယ်သိပ်သဘောအကျဆုံးတစ်ခုက လမ်းပန်းဆက်သွယ် သွားလာရေး အဆင်ပြေချောမွေ့မှုပါ။ ခုလို service shutdown ဖြစ်ခဲ့ရင်တောင်မှ အခြားတစ်ဖက်ကနေ အဆင်ပြေအောင် လုပ်ပေးထားတာတွေ မကြာခဏ သတိပြုမိပါတယ်။ ရထားတွေ သိပ်ကြပ်နေတဲ့အခါမျိုးမှာ ရထားအလွတ်တစ်စင်းလုံး လွှတ်ပေးတာမျိုး၊ ရုံးတက်ချိန် မြေအောက်မှာ ရထားတွေ တစ်စုံတစ်ခု ချို့ယွင်းမှုကြောင့် ဆက်မသွားနိုင်ဘဲ ရပ်သွားတဲ့အခါ သက်ဆိုင်ရာ ကားမှတ်တိုင်ကို ဘတ်စ်ကားတွေအရောက်လာပြီး သယ်ယူပို့ဆောင်ပေးတာမျိုးတို့ကို လိုအပ်သလို အဆင်ပြေအောင် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ စီစဉ်ပေးပါတယ်။

ဘူတာကနေ အိမ်အရောက် လျှောက်လမ်းနဲ့ အမိုးတွေ မထားပေးလည်း ရပါတယ်။ ဒါပေမဲ့ နေပူမိုးရွာဒဏ်ကလွတ်ပြီး သွားလာရလွယ်ကူအောင် လုပ်ထားပေးတာပါပဲ။ အမိုးမရှိတဲ့ ကုန်းကျော်တံတား အတော်များများကိုလည်း အမိုးတွေတပ်ဆင်ပေးတာ တွေ့ရပါတယ်။ အမိုးမတပ်ပေးလည်း ရတာပါပဲ။ နေပူမိုးရွာတဲ့အခါ လူတွေက ထီးဆောင်းပြီး သွားမှာပါပဲ။

ဒါပေမဲ့... ဒါပေမဲ့ပေါ့လေ... အခွန်ကောက်ထားတဲ့၊ CPF တွေဖြတ်ထားတဲ့ ၀င်ငွေထဲကနေပဲ တိုင်းပြည်အတွက်၊ တိုင်းပြည်ထဲမှာ သွားလာနေထိုင်သူ လူများအားလုံးအတွက် အဆင်ပြေလွယ်ကူ သက်တောင့်သက်သာရှိအောင် ပါးနပ်တဲ့အစိုးရပီပီ လုပ်ပေးသင့် လုပ်ပေးထိုက်တာတွေ လုပ်ပေးနေတာကတော့ အတိုင်းအတာတစ်ခုအထိ ကျေနပ်ကျေးဇူးတင်စရာ ကောင်းပါတယ်။ 


ဇွန်မိုးစက်

Comments ( 6 )

(အခွန်ကောက်ထားတဲ့၊ CPF တွေဖြတ်ထားတဲ့ ၀င်ငွေထဲကနေပဲ တိုင်းပြည်အတွက်၊ တိုင်းပြည်ထဲမှာ သွားလာနေထိုင်သူ လူများအားလုံးအတွက် အဆင်ပြေလွယ်ကူ သက်တောင့်သက်သာရှိအောင် ပါးနပ်တဲ့အစိုးရပီပီ လုပ်ပေးသင့် လုပ်ပေးထိုက်တာတွေ လုပ်ပေးနေတာကတော့ အတိုင်းအတာတစ်ခုအထိ ကျေနပ်ကျေးဇူးတင်စရာ ကောင်းပါတယ်။)

that's absolutely right, Zun.
ကိုယ်တွေကလည်း ကိုယ်လာခဲ့တဲ့နေရာနဲ့ပဲ ယှဉ်မိတာကိုး။

တို့ပြည်မှာလည်း ငွေစက္ကူတွေ တရားမ၀င်ကြောင်း ကြေညာတုန်းက၊ အဆင်ပြေမှုရှိအောင် ဆိုပြီး
ကျောင်းသားတွေ အိမ်အပြန် ကားတွေ၊ ရထားတွေ၊ လေယာဉ်ပျံတွေတောင် အခမဲ့ စီစဉ်ပေးလို့ ကိုဧရာတို့ အလကားစီးခဲ့ရဖူးပါသတဲ့ ဇွန်ရေ

အဲဒီပိတ်ဆို့မှုလေးကြောင့် ကိုယ်တို့တွေ အမောကြီးမော၊ အနာကြီးနာသွားခဲ့တာပေါ့ကွာ၊ ဖားသားကြီးနဲ့ မားသားကြီးတို့ လေယာဉ်လက်မှတ် ဆုံးခဲ့တာပေါ့ကွာ၊ ဟင်း။

အော်....ဒီလောက် အဆင်ပြေလွယ်ကူ သက်တောင့်သက်သာရှိအောင် လုပ်ပေးထားတာတောင် နိုင်ငံကြီးသားပီသစွာနဲ့ လမ်းဘေးမှာ အအေးဗူးအခွံကို ဒီအတိုင်းချထားပစ်ခဲ့တဲ့လူက ရှိသေးတယ်....ဟင်းဟင်း ....ပြောမပြောချင်တော့ပါဘူး

မပြောချင်တော့ပါဘူး မဇွန်ရေ .. ရွှေပြည်ကြီး အကြောင်းကိုတော့ ..

သွားလာရေး လွယ်ကူအောင် လူတွေ သက်သာအောင် လုပ်ပေးတတ်တာ ဒီအစိုးရရဲ့ ကောင်းကွက် တခုပဲ ထင်ပါရဲ့ .. တွေးပေးတတ်တယ် .. စီစဉ်ပေးတတ်တယ် .. တာဝန်ယူတတ်တယ်ပေါ့ ..

ကောင်းကွက်တခုမှ ရှိအောင် မလုပ်တတ်သူတွေကတော့ .. မပြောတော့ဘူးနော် .. အကုသိုလ်များလို့ .. ခုတောင် တွေးရင်း ဒေါသက ထွက်ချင်နေပြန်ပါပြီ .. :D

sometimes.. I feel Its too much... and waste a lot of money... you can see the lights at Orchard Road... That's enough.....I don't want to comment anymore..Maymadi