အရောင်များနှင့်ကျွန်မ

Category:

ငယ်ငယ်က ကျွန်မအကြိုက်ဆုံး ဘာအရောင်လဲဟု တစ်စုံတစ်ယောက်က မေးလာလျှင် အ၀ါရောင်ဟုသာ ကျွန်မဖြေလေ့ရှိသည်။ အမှန်တကယ်လည်း အ၀ါရောင်ကို နှစ်သက်သည်။ သို့သော် သူငယ်တန်းမှ ဆယ်တန်း ရောက်သည် အထိ ၀ါ၊ စိမ်း၊ နီ၊ ပြာ လေးရောင်ဖြင့် ဖွဲ့စည်းထားသော အသင်းလေးသင်းတွင် ကျွန်မကြိုက်သော အရောင်ဖြင့် ဖွဲ့စည်းထားသည့် အ၀ါအသင်းတွင် နှစ်ကြိမ်သာ အသင်းဝင်ဖြစ်ခဲ့ဖူးသည်။  အနီနှင့်အပြာအသင်းတွင် တစ်ကြိမ်စီကျခဲ့ပြီး ကျန်သောနှစ်များအားလုံး အစိမ်းအသင်း၏ အဖွဲ့ဝင်သာ ဖြစ်ခဲ့သည်။

အရောင်များ၏ အဓိပ္ပာယ်တစ်ခုချင်းစီနှင့် ပတ်သက်ပြီး ကျွန်မသေချာမသိပါ။ အတန်းတိုင်းတွင် တစ်ပတ်တစ်ချိန်ပါသော ပန်းချီသင်ကြားရေးဆွဲချိန်မှ ပန်းချီဆရာ ပြောပြခဲ့သလောက်သာ ကျွန်မ မှတ်မိသည်။ အနီရောင်က ရဲရင့်တောက်ပ သတ္တိရှိခြင်းကို ဆောင်သည်။ ခရမ်းကတော့ အလွမ်းတဲ့။ ဆရာက ... “မင်းတို့ အဖြူနဲ့အစိမ်း ဘာလို့ဝတ်ထားတာလဲ သိလား၊ ဆရာပြောပြမယ်... အဖြူဆိုတာ သန့်ရှင်းစင်ကြယ်ခြင်း အဓိပ္ပာယ်ဆောင်တယ်၊ မင်းတို့ ကျောင်းသူ ကျောင်းသားတွေကလည်း သန့်ရှင်းဖြူစင်တယ်။ အစိမ်းကတော့ မျှော်လင့်ခြင်းဆိုတဲ့ အဓိပ္ပာယ်ပဲ။ ပညာသင်ယူဖို့ ပညာတတ်ကြီးဖြစ်ဖို့ မျှော်လင့်ချက်တွေနဲ့ စာသင်ကျောင်းဆီ မင်းတို့အရောက်လာတယ်။ အဲဒါကြောင့် အဖြူနဲ့အစိမ်းဟာ ဖြူစင်တဲ့ကျောင်းသားတွေရဲ့ ပညာရည်မှန်းချက်ထားရာ မျှော်လင့်ခြင်းဝတ်စုံတစ်ခုလို့ ဆိုနိုင်တယ်” (တကယ်ပဲ အဲဒီ့အဓိပ္ပာယ်နဲ့ ကျွန်မတို့ မြန်မာနိုင်ငံဟာ ကျောင်းဝတ်စုံကို အဖြူနဲ့အစိမ်းအဖြစ် သတ်မှတ်ခဲ့တာလား ကျွန်မသိချင် ခဲ့ပါသည်)

ဆရာက အခြေခံအရောင်စပ်နည်းများကိုလည်း သင်ကြားပြသပေးခဲ့သည်။ “အပြာနဲ့အ၀ါပေါင်းရင် အစိမ်းရတယ်။ အ၀ါနဲ့အနီပေါင်းရင် လိမ္မော်၊ အနီနဲ့အပြာပေါင်းတော့ ခရမ်း၊ အနီနဲ့အစိမ်းစပ်ကြည့်ရင် အညိုထွက်တယ်” ဆရာပြောပြီးပြီးချင်း ရောင်စုံခဲတံလေးတွေကိုင်ကာ ပုံဆွဲစာအုပ်မှာ လိုက်ခြယ်ကြည့်ပြီး တအံ့တသြနဲ့ သဘောတွေ ကျခဲ့ရသည်။ ကျွန်မအိမ်ပြန်ရောက်တော့ မောင်လေးရေ ဒီမှာကြည့်စမ်း၊ အရောင်စပ်နည်းတွေ မမပြမယ်ဟု အစချီကာ ဆရာကြီးလုပ်ပြီး ပြန်သင်ပေးခဲ့သေးသည်။

အ၀ါရောင်၏ အဓိပ္ပာယ်ကိုတော့ ကျွန်မ မမှတ်မိခဲ့တာလား၊ ဆရာပြောပြသောအထဲမှာ ပါမသွားတာလား ကျွန်မ မသေချာသော်လည်း အ၀ါရောင်ကိုတော့ အမှန်တကယ်ပင်  ကျွန်မကြိုက်နှစ်သက်ပါသည်။ အ၀ါရောင်ရှိသော နှင်းဆီကိုမှ ကျွန်မကြိုက်တတ်သည်။ အ၀ါရောင်ရှိသော အင်္ကျီကို ကျွန်မချစ်သည်။ သို့သော် အကြောင်းမတိုက်ဆိုင် စွာဖြင့် ကျွန်မမှာ အ၀ါရောင်ထက် အပြာရောင်ရှိသော အင်္ကျီက ပိုများနေ၍ ကျွန်မ၏ သူငယ်ချင်းများက ကျွန်မအနှစ်သက်ဆုံးအရောင်ကို အပြာရောင်ဟုသာ ထင်မှတ်သွားကြသည်။ တကယ်တမ်း ကျွန်မ၏ အ၀တ်ဘီရို ထဲတွင်ရှိသော အင်္ကျီများ၏ ၉၀ရာခိုင်နှုန်းမှာ အနက်ရောင်တွေ ဖြစ်နေပြန်သည်။

တစ်ပတ်ငါးရက်တက်ရသော ရုံးအတွက် ၀တ်ဆင်ရသော အင်္ကျီနှင့် ဘောင်းဘီများကြောင့်ဖြစ်သည်။ အနက်ရောင်ကို အများဆုံးဝတ်ဆင်မိသည့် ကျွန်မကို  တစ်ရုံးတည်းနေ လုပ်ဖော်ကိုင်ဖက်များက တူညီသောမှတ်ချက်ပေးပြီး တစ်ခုသောမွေးနေ့တွင် အနက်ရောင်ရှိသော အင်္ကျီကို လက်ဆောင်အဖြစ် ပေးခဲ့ဖူးသည်။ ကျွန်မကိုင်သောအိတ်၊ စီးသောဖိနပ်တို့မှာလည်း အနက်ရောင်ချည်း ဖြစ်နေ၍ အနက်ရောင်ကို ကျွန်မအနှစ်သက်ဆုံးအရောင်အဖြစ် သူတို့ထင်မြင်ကြသည်မှာ မဆန်းပါ။ အနက်ရောင်သည် ၀မ်းနည်းခြင်းအထိမ်းအမှတ်ဟုဆိုသော်လည်း ကျွန်မအနေဖြင့်  အမည်း/အနက်ရောင်ကို formal dress colour ဟုသဘောထား၍ ၀တ်ဆင်ခြင်းမျှသာဖြစ်သည်။ ပန်းရောင်၊ ခရမ်းရောင်တို့သည် ကျွန်မနှင့် လိုက်ဖက်သော အရောင်များဖြစ်သည်ဟု မှတ်ချက်ပေးကြသော်လည်း ရံဖန်ရံခါမှသာ ထိုအရောင်များပါသော အင်္ကျီကို ကျွန်မ၀တ်ဖြစ်သည်။

အ၀ါရောင်နောက်ပိုင်း ကျွန်မနှစ်သက်မိသည့် အရောင်တစ်ခုမှာ မီးခိုးရောင်ဖြစ်သည်။ ခုနေခါ ဘာအရောင်ကို ကြိုက်သလဲ မေးလာလျှင် အ၀ါနှင့်မီးခိုးဟု ကျွန်မဖြေမည်မှာမလွဲ။ နောက်ထပ် ကျွန်မကြိုက်သည့်အရောင်မှာ အစိမ်းရောင်ဖြစ်သည်။ မြက်ခင်းစိမ်း၊ သစ်ပင်စိမ်းတွေကို ချစ်မြတ်နိုးသူမို့လား၊ ကမ္ဘာလောကကြီးကို စိမ်းလန်းစိုပြေ စေသောအရောင်ဟု  စွဲထင်မှတ်ယူထားသောကြောင့်ပဲလား အစိမ်းရောင်ကို ကျွန်မချစ်သည်။ တစ်စုံတစ်ယောက်က အစိမ်းရောင်ကို စိမ်းကားခြင်းသဘောဆောင်သည်ဟု ဆိုလာလျှင် ကျွန်မလက်ခံမည်မထင်ပါ။ စိမ်းကားခြင်းထက် စိမ်းလန်းစိုပြေခြင်းဟုသာ ကျွန်မ အဓိပ္ပာယ်ဖွင့်ဆိုချင်ပါသည်။

ကျွန်မကြိုက်သောအရောင်တွေရှိသလို ကျွန်မ မကြိုက်သောအရောင်လည်းရှိသည်။ အဲသည့်အရောင်က အနီ။ အနီရောင်ရှိသော အသုံးအဆောင်ပစ္စည်း အ၀တ်အစားများကို ကျွန်မ မကြိုက်ပါ။ ကျွန်မငယ်စဉ်က လက်ဆောင် ရဖူးသော ချူများပါသည့် အနီရောင်ကချင်လွယ်အိတ်ကလေးတစ်လုံးကိုတော့ ကျွန်မ နှစ်သက်စွာ ကိုင်တွယ်ခဲ့ဖူးသည်။ တရုတ်လူမျိုးများ၏ မင်္ဂလာအရောင်ဖြစ်သောအနီရောင်ကို ကျွန်မ ဘာကြောင့် မကြိုက်တတ်မှန်း ကျွန်မကိုယ်တိုင်လည်း မသိခဲ့။

အရောင်များ၏ဖွင့်ဆိုချက် မည်သို့ပင်ရှိနေပါစေ ကျွန်မသည် အပြာရောင် ကောင်းကင်အောက်က စိမ်းစိုလှပသော ကမ္ဘာမြေကြီးပေါ်မှာ အလွမ်းခရမ်းတွေ သိုင်းခြုံရစ်ပတ်ခြင်း ခံထားရသည့် အ၀ါရောင် မိန်းမပျိုတစ်ယောက်သာ ဖြစ်နေခဲ့သည်။


ဇွန်မိုးစက်

Comments ( 16 )

နောက်ဆုံး စာပုဒ်လေး ကြိုက်တယ် ညီမ။ အလွမ်းခရမ်းတွေတဲ့လား ညီမရယ်..

ကျနော်ကတော့ အပြာပဲ....

ဘာလုပ်လုပ်.. ဘာရွေးရွေး နည်းနည်းလေး ပြာလိုက်ရမှာ ကို နေသာထိုင်သာရှိတယ်။

ကျနော် အပြာရောင်ကို ကြိုက်တယ်သာဆိုတယ်။ အပြာရောင်လို မအေးချမ်းဘူးလားလို့။


ကျနော့်တွက်တော့ အလွမ်းခရမ်းတွေ ဟုတ်ဘူး။ မီးခိုးရောင်အလွမ်းတွေ...:P

း) ရေးသွားပုံကို သဘောကျတယ်။ ငယ်iယ်က အ၀ါရောင်နဲ့အနီကို မကြိုက်ဘူးမျက်စိစူးလို့ ။အခုနောက်ပိုင်း အ၀ါရောင် ၀တ်ဖြစ်လာတယ်။
mm

တို့များလည်း အ၀ါကြိုက်တယ်

နောက်ဆုံးပိုဒ်မှ ပညာတွေပြသွားတယ်
cheers!!!

ခရမ်းရောင်ကို အလွမ်းရောင်လို့ ရေးထားတာ ဖတ်ခဲ့ဖူးတယ်။ Royal Color လို့လည်း ရေးကြတယ်။

ကိုယ် အဝတ်အစားဝယ်ရင် အဖြူနဲ့ အနက်။ တခြားအရောင် ဝယ်ရင်လည်း ဥပမာ အပြာဆို နက်မှောင်နေတဲ့ အနက်နီးပါးပြာ၊ အညိုဆိုလည်း မှောင်နေတဲ့ အညို၊ ဖျော့တာဝယ်ဖြစ်ရင် အဖြူနီးပါး ဖျော့နေတဲ့ ဖြူဖျောဖျောတွေချည်းပဲမို့ ဗီရိုဖွင့်ရင် မည်းတူးတူးနဲ့ ဖြူဖျော့ဖျော့က အများဆုံး မြင်ရမယ်။

ခုနောက်ပိုင်းမှ တောက်တောက်ပပ အရောင်အဆင်းနဲ့ ဝယ်ဖို့ စိတ်ကူးမိတယ်။ ဒါပေမဲ့ နည်းပါတယ်။

တကယ်ကြိုက်တဲ့ အရောင်ကို ဘာပစ္စည်းအတွက်မှ သိပ်မသုံးဖြစ်တာများတယ်။

အရောင်တွေက မထင်မှတ်တဲ့အချိန်မှာ မထင်မှတ်သလို ပညာပြတယ်ဗျ... သေချာတော့မပြောပြတတ်ဘူး... နောက်ဆုံးအပိုဒ်လေးကိုတာ့ တကယ်ကြိုက်တယ်....

ခင်မင်တဲ့
နေ၀သန်

ဟန်နာလည်း အ၀ါရောင်ကြိုက်တယ်..မဇွန်... Blog template တောင်မှ အ၀ါရောင် လှလှလေး ရှာမတွေ့ လို့ အနီးစပ်ဆုံး ဖြစ်တဲ့ လိမ္မော်ရောင်လေး လုပ်ထားတာ.. :)

“ကျွန်မသည် အပြာရောင် ကောင်းကင်အောက်က စိမ်းစိုလှပသော ကမ္ဘာမြေကြီးပေါ်မှာ အလွမ်းခရမ်းတွေ သိုင်းခြုံရစ်ပတ်ခြင်း ခံထားရသည့် အ၀ါရောင် မိန်းမပျိုတစ်ယောက်သာ ဖြစ်နေခဲ့သည်။”

ဝါးးးးးးး....ရေရေလည်လည် ခိုက်တယ်ဗျာ...(စာသားကို...)

အမြည်မသိသောဂျင်း

ကြိုက်တဲ့အရောင်ရော မကြိုက်တဲ့အရောင်ရော ထူးထူးခြားခြား လုံးဝထပ်တူနေတယ်....

ကိုယ်လည်း အ၀ါရောင်ကြိုက်တယ်၊ ဒါပေမယ့် အ၀တ်အစား အ၀ါရောင်နဲ့ ကိုယ်နဲ့ မလိုက်ပြန်ဘူး၊

အရောင်တွေထဲမှာ အ၀ါ၊ အနီ၊ အစိမ်းက မူလ အရောင်တွေလေ၊ သူတို့ သုံးယောက်ကို စပ်တော့ ကြားရောင်တွေ ရတာပေါ့၊

ကိုယ်နဲ့လိုက်တာ ခရမ်းရောင် ပြီးတော့ အစိမ်း၊ ခရမ်းရောင်ကို နှစ်သက်တာများတော့
မနေ့ကပဲ ခရမ်းရောင်လက်ဆောင် ပစ္စည်းလေးနှစ်ခု လက်ဆောင်ရတယ်။

အမ ငယ်ငယ်က အပြာ ကြိုက်တယ်၊ နဲနဲကြီးလာတော့ အနက်၊ ခု အစိမ်းကြိုက်နေသလို ဘာရောင်ရယ်လို့ မယ်မယ်ရရ နာမည် တပ်လို့ မရတဲ့ ကြားရောင်တွေကို ကြိုက်နေမိပြန်တယ်...၊

ညီမက ဘာရောင်နဲ့ ဖြစ်ဖြစ် လိုက်မှာပါ ဒါပေမဲ့ ညီမဇွန် မကြိုက်တဲ့ အနီရောင်နဲ့တော့ မလိုက်ဘူး လို့ အမလည်းထင်တယ်။

ကျွန်တော်ကြိုက်တာက အပြာရောင် .... အချစ်ရောင်လို့ အဓိပ္ပာယ်ဖွင့်တတ်ကြပေမယ့် Comfortableness လို့ အနက်ဖွင့်တာကို ပိုသဘောကျမိတယ် ...း)

ကျွန်တော်ကြိုက်တာက အပြာရောင် .... အချစ်ရောင်လို့ အဓိပ္ပာယ်ဖွင့်တတ်ကြပေမယ့် Comfortableness လို့ အနက်ဖွင့်တာကို ပိုသဘောကျမိတယ် ...း)

မူလအရောင်ကို ရေးတာ မှားနေလို့ ၊
အစိမ်း၊ အနီနဲ့ အပြာပါ၊ RGB
ရေးပြီးတော့ ဖုန်းနဲ့ ကွန်မန့်ဝင်ပြင်သေးတယ်၊ မရလို့၊

Yello....
Zune ... where do you notice yello?
Yello ribbon.. At the traffic light, what does the yellow sign mean?...
What does the colour of Sunshine?
Those are the meaning of Yello....Maymadi

ချစ်စရာကောင်းတဲ့ အက်ဆေးလေး....၊း)

ကျနော် ငယ်ငယ်ကနေ အတော်လေး ကြီးတဲ့အထိ အနီရောင်ကို စွဲစွဲမြဲမြဲ ကြိုက်ခဲ့ဖူးတယ်၊ တစ်ပြားမှကို မလျှော့ခဲ့တာ..၊ နောက်တော့လည်း ဒီလောက် မကြိုက်တော့ ပြန်ဘူး၊ အခု အချိန်မှာတော့ တစ်ရောင်တည်းကို တသမတ်တည်း ကြိုက်တာမျိုး သိပ်မရှိတော့ပါဘူးလေ..၊

နောက်ဆုံးစာပိုဒ်လေး ဖတ်အပြီးမှာ "Tie A Yellow Ribbon Round The Old Oak Tree" သီချင်းကလေးကို နားထဲမှာ ကြားယောင်သွားမိ ခဲ့တယ်....။း))