လွန်ခဲ့တဲ့သုံးနှစ်က ခင်မင်ရတဲ့ သူငယ်ချင်းတစ်ယောက်က ဖိတ်တာနဲ့ facebook လို့ခေါ်တဲ့ မျက်နှာစာအုပ်ရဲ့ အသင်းဝင်ဖြစ်သွားပါတယ်။ တကယ်တော့ အဲဒီအချိန်တုန်းက friendster ခေါ် မိတ်ဆွေကွန်ယက်မှာ ဟိုသွားဒီလည်၊ ဓာတ်ပုံတွေတင်နဲ့ တော်တော်လေး အလုပ်များနေခဲ့တာ။ friendster မှာပဲ သုံးနေကျဖြစ်လို့ မျက်နှာစာအုပ်မှာ အသင်းဝင်ထားပါသော်လည်း တော်တော်နဲ့ active မဖြစ်ပါဘူး။ စစချင်း used to မဖြစ်သေးတာလည်းပါတယ်။ နောက်ခြောက်လလောက်နေမှ သူငယ်ချင်းရဲ့ သူငယ်ချင်းစာရင်းက တစ်ဆင့် နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ အတန်းဖော်ငယ်သူငယ်ချင်း အိမ်နီးနားချင်းမိတ်ဆွေတွေနဲ့ ပြန်ဆုံတွေ့ပြီးနောက်ပိုင်း မကြာခဏ ၀င်ကြည့်ဖြစ်ရင်းမှပဲ တဖြည်းဖြည်း အကျွမ်းဝင်လာခဲ့ပါတယ်။
ငယ်သူငယ်ချင်းတွေ ပြန်တွေ့လို့က အရင်ဆုံး relationship status ကို ကြည့်ရတာ။ ဘယ်သူကဖြင့် အိမ်ထောင်ကျသွားပြီ။ ဘယ်သူက ကလေးဘယ်နှစ်ယောက်ရနေပြီ။ ဟယ် ... သူက သူ့ရည်းစားနဲ့ မယူဖြစ်ဘဲ တစ်ခြားတစ်ယောက်နဲ့ ရသွားတာ။ အော်... သူက ခုချိန်ထိ အပျိုကြီးပဲ။ ဟိုတစ်ယောက်ကတော့ သူ့ရည်းစားနဲ့ ခုထိ မယူဖြစ်သေးဘူး။ တစ်ယောက်ကဖြင့် ဘယ်နိုင်ငံမှာ ဘယ်လိုအခြေကျနေတာ။ ဟဲ့... သူယောက်ျားက သူ့ထက် အသက်အများကြီး ကြီးတယ် သိလား... စသဖြင့်... တစ်ယောက်နဲ့ အဆက်အသွယ်ပြန်ရတိုင်း ကိုယ်ကကြည့်ပြီး သူငယ်ချင်းတွေကို ပြန်ပြောရသေးတာ။ တစ်ယောက်မင်္ဂလာဆောင်တိုင်း ဓာတ်ပုံတွေကြည့်ရ၊ အားကျရတာလည်း အမော။ ကလေးမွေးတော့လည်း မွေးတဲ့အလျောက် ကြည့်ရသေး။ အဖေတူလား၊ အမေတူလား၊ အသားဖြူသလား၊ ညိုသလား၊ ချောလား၊ ချစ်စရာကောင်းလား... ကိုယ့်မှာ မရှိတော့ သူများကလေးတွေပဲ လိုက်ကြည့်ရတာပေါ့လေ။
နောက်ပိုင်း အပျင်းပြေဆော့စရာ၊ မေးခွန်းဖြေစရာ application တွေ ပေါ်လာတော့ အဲဒီ့နောက် လိုက်သွားမိပြန်ရော။ Quiz တွေ ဖြေကြည့်ရတာ တစ်နေ့တစ်နေ့ မေးခွန်းပေါင်း မနည်းဘူး။ လက်ဆောင်တွေလည်း အပြန်အလှန်ပို့ကြတာ ပျော်စရာတစ်မျိုးပါပဲ။ နောက် သူငယ်ချင်းတစ်ယောက်ပြောလို့ လယ်စိုက်တာ အစွဲကြီးစွဲသွားလို့ တစ်နေ့တစ်နေ့ လယ်စိုက်ရတာ အပြင်မှာ အလုပ်လုပ်ရတာထက်တောင် ပိုပင်ပန်းသေး။ လူ့လောဘကြောက်စရာကောင်းလိုက်ပုံများ တကယ်မဟုတ်တဲ့ ကွန်ပျူတာစကရင်ပေါ်က လယ်ကွက်ကိုတောင် အသာမပေးဘဲ တိုးပွားအောင်၊ အိမ်ကြီးရခိုင် ပိုင်ဆိုင်အောင် ကြိုးစားရိတ်သိမ်းပြီး သူများဆီမှာ သူရင်းငှားတောင် ကျေကျေနပ်နပ် လုပ်လိုက်သေးတာ အံ့ရော။ တစ်ခါကများဆို ပိုက်ဆံတွေအပိုရချင် အိမ်ဝယ်ချင်လွန်းလို့ သူများလယ်အငှားသွားရိတ်တာ နာရီနဲ့ချီအောင် ကြာသွားပြီး ပြန်ထမှ ခါးတွေညောင်း၊ မျက်စိတွေကိုက်ပြီး ဆီးပါအောင့်သွားလို့ ... သြော်... အပြင်မှာ ငါအဲသလောက် အလုပ်ကြိုးစားရင်တော့လား...ဆိုပြီး တွေးလိုက်မိသေး။ ကိုယ်သင်ပေးလိုက်လို့ ကိုယ့်စီနီယာပါ စွဲသွားပြီး နောက်ပိုင်း သူက လယ်စိုက်ရုံတင်မကဘဲ ဆိုင်ဖွင့် ဟင်းချက်၊ အကောင်တွေမွေးနဲ့ ကိုယ့်ထက် သာသွားတယ်။ ကိုယ်က အိမ်တစ်လုံးပိုင်ဆိုင်ပြီးနောက်ပိုင်း ကစားတာတွေ ရပ်လိုက်ပြီး ပုံမှန်ပဲ ဆက်သုံးဖြစ်တယ်။
မွေးနေ့ဆုတောင်းတာ၊ အိမ်တက်ဖိတ်တာ၊ သတင်းတွေ မျှဝေတာ ကိစ္စအတော်များများကို မျက်နှာစာအုပ်ကနေ တွင်တွင်ကျယ်ကျယ် သုံးလာကြတာ။ တစ်ခုခုဆို အရင်တုန်းကလို ဖုန်းမက်ဆေခ်ျ့ကထက် မျက်နှာစာအုပ်ကနေပဲ ဆက်သွယ်ပြောဆိုကြတာ ပိုများတယ်။ ကိုယ်ပျော်နေလား၊ ၀မ်းနည်းနေလား၊ နေမကောင်းဘူးလား၊ စိတ်ဆိုးနေလား၊ ပင်ပန်းနေလား.. ခံစားချက် အကုန်အစုံ လွယ်လွယ်ကူကူ သိမြင်နိုင်တဲ့ နေရာတစ်ခုဖြစ်တော့ တစ်ခုခု ရေးမိလိုက်တယ် ဆိုရင်ပဲ တစ်ယောက်မဟုတ် တစ်ယောက်က လာပြီး မေးမြန်းကြ နှစ်သိမ့်အားပေးကြနဲ့ မျက်နှာစာအုပ်က ကိုယ်တွေရဲ့ daily life မှာ အတော့်ကို အရေးပါလာတာပါလား။
ကိုယ့်မှာရှိတဲ့ သူငယ်ချင်းစာရင်းကြည့်လိုက်ရင် သုံးပုံနှစ်ပုံလောက်က အတန်းဖော်ငယ်သူငယ်ချင်းတွေနဲ့ စင်္ကာပူ ရောက်ပြီးနောက်ပိုင်း ခင်မင်ရတဲ့ သူငယ်ချင်းတွေ များပါတယ်။ Professional အရ ကြည့်လိုက်တော့ ဆရာဝန်တွေ များတယ်။ များဆို အတန်းဖော်သူငယ်ချင်းတွေ တော်တော်များများက ဆေးကျောင်းရောက်ကြတာကိုး။ ကျန်တာတော့ celebrity အနည်းငယ်၊ မိတ်ဆွေတစ်ချို့နဲ့ ဘလော့ဂါမိတ်ဆွေအချို့ပါ။ ကိုယ်က နာမည်ရင်းနဲ့ပဲ ဖွင့်ထားသူဆိုတော့ သိတဲ့သူလည်းသိ၊ မသိသေးတဲ့လူလည်း မသိပေါ့။ သူများတွေက ဘလော့ဂါအနေနဲ့ရော၊ အမည်ရင်းအနေနဲ့ပါ အကောင့်နှစ်ခုတောင် ထားကြတာ။ အမှန်အတိုင်းပြောရရင် ကိုယ်လည်း true identity နဲ့ blogger identity ကို သီးခြားဖြစ်ချင်တာ။ ဘလော့ဂ်နာမည်နဲ့ အကောင့်တစ်ခု ထပ်ယူရင်ကောင်းမလား တွေးမိသေးပေမယ့် နောက်ထပ် handle မလုပ်နိုင်တော့တာ၊ မလုပ်ချင်တော့တာနဲ့ မဖွင့်ဖြစ်တော့ပါဘူး။ တစ်ချို့က ဘလော့ဂ်မှာ စာဆက်မရေး ဖြစ်တော့ပေမယ့် မျက်နှာစာအုပ်မှာ active ဖြစ်နေတော့ အဆက်အသွယ် ပြတ်မနေဘူးပေါ့။
ရုံးပိတ်ရက်ရောက်ရင် ဘယ်သူက ဘာချက်ပြီးကျွေးဦး.. အဲလေ.. တဂ်ဦးမှာလဲ မျှော်ရသေးတယ်။ ဘောလုံးပွဲ ရာသီချိန်မှာတော့ ကိုယ့်အကြိုက် သူ့အကြိုက် အသင်းတွေ အပြန်အလှန် အားပေးကြ၊ ဂျာစီလေးတွေ ၀တ်ကြ၊ နိုင်ရင်ပျော်ကြ၊ ရှုံးရင်ဝမ်းနည်းကြ၊ တောက်တွေခေါက်ကြနဲ့။ ပွဲမစခင်တစ်ခါ၊ ပထမပိုင်းပြီးချိန်တစ်ခါ status ကို ရေးရ တင်ရ update လုပ်ရ။ ပွဲပြီးတာနဲ့ မျက်နှာစာအုပ်ထဲ ချက်ခြင်းဝင်ပြီး ဘယ်လိုဘယ်ဝါ ကိုယ့်အမြင် သူ့အမြင် ဖလှယ်ပြီး ကျေပွဲ၊ မကျေပွဲကို မျက်နှာစာအုပ်မှာ ထပ်နွှဲလိုက်သေးတာ။ နိုင်ငံအသီးသီးက တစ်ချိန်တည်း၊ တပြိုင်နက်တည်း ခံစားချက်တွေ ဖလှယ်ခွင့်ရတာ မျက်နှာစာအုပ်ပေါ်မှာပေါ့။
ညစဉ် ဂျီမေးလ်၊ မျက်နှာစာအုပ်နဲ့ ဘလော့ဂ်မှာအချိန်တွေ ကုန်သွားတတ်တဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီးဆင်ခြင်ကြည့်တယ်။ တကယ်ဆို ကိုယ့်မှာ တစ်ခြားလုပ်စရာတွေ ရှိနေတဲ့အထဲကကိုပဲ ဘယ်လိုကနေ ဘယ်လို အဲဒါတွေအတွက် အချိန်ပေးမိနေမှန်း မသိဘူး။ ကိုယ့်အကောင့်ကို deactivate လုပ်လိုက်ရင်ကောင်းမလား စဉ်းစားမိတာ နှစ်ခါမက တော့ဘူး။ ဒါပေမယ့် သူငယ်ချင်းမိတ်ဆွေတွေနဲ့ အဆက်သွယ်မပြတ်ချင်တာ တစ်ခုတည်းကြောင့်ပဲ မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မျက်နှာစာအုပ်က ကိုယ့်ကို ၀မ်းနည်း စိတ်ညစ်စရာထက် ၀မ်းသာစရာ အမှတ်တရတွေကို ပေးခဲ့တာအမှန်ပါ။ ရှင်သန်နေထိုင်ရာ ဘ၀တစ်ခုအတွက် နေ့စဉ်လှုပ်ရှား ပင်ပန်းနေတဲ့ကြားကပဲ မိတ်ဆွေတွေနဲ့အတူ မျက်နှာစာအုပ်မှာ အတူဝေမျှခံစားခွင့်ရတာကိုက အမောပြေနည်းတစ်ခု မဟုတ်ပါလား။
ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

Deactivate လုပ်ကြည့်ပါလား။
အိမ်လိုက်လာမှာပေါ့ :D
ဟုတ်ပ မမရေ....အချိန်တွေ မရှိဘူး မရှိဘူးနဲ့ပဲ အဲဒီမျက်နှာစာအုပ်ပေါ်ကို တစ်နေ့တစ်နေ့ ဘယ်နှစ်ကြိမ်ရောက်ရောက်သွားမှန်းကို မသိတား))
read:) will come back again har har:)
မရတော့ဘူး.. :D:D..ဒီရောဂါက အားလုံးဆီကို ကူးစက်သွားပြီ...။း)))... ဟုတ်တယ် အဖေ့ဘွတ်က တအားကိုစွဲတယ်...
ခင်မင်တဲ့
နေ၀သန်
SAME TO U!
ခုရက်ပိုင်း ညစ်နေလို့ ဖဘ ကနေကို မဆင်းတော့တာ..း)
ကိုယ်တောင် fb မှာ status တွေ အဆက်မပြတ် တင်မိနေတယ်။
ဒူဒူပဲတော့...း)
ကိုယ်ကတော့ တအားကြီး မ၀င်မိသေးဘူး၊
တခါတလေ ဓါတ်ပုံတင်တယ်၊
မက်ဆေ့ခ်ျလာရင် ခဏ၀င်ဖတ်တယ်၊ သူများတွေရဲ့ အိုက်တီဝီတီအသစ်ကို ကြည့်တယ်၊ လိုက်ခ်လုပ်တယ်၊ တခါတလေ ကွန်မန့်ရေးတယ်၊
ကိုယ်လည်း နာမည်ရင်းနဲ့ပဲဝင်တယ်။
ညီမဇွန်...
နှစ်ခေါက်ဖတ်တယ်... သက်ပြင်းချတယ်... အတွေးတွေ တူလွန်းလို့...။ အမလဲ အရင်က အကောင်မွေးပြီး လယ်လဲ စိုက်ဖူးပါတယ်။ ဘလော့ဂ်မှာ စာလဲ ရေးချင်၊ စာလဲ ဖတ်ချင်၊ အပြင်ထွက်ပြီး ဓါတ်ပုံလဲ ရိုက်ချင်နဲ့ လုပ်ချင်တာတွေ များပြီး အခြေအနေမဟန်တော့တဲ့ တနေ့မှာ စိုက်ပျိုးရေး မွေးမြူရေးတွေကို တိကနဲ ဖြတ်ချလိုက်တယ်။
အခု ဆိုးနေတာက အကောင်မမွေး အပင်မစိုက်ပါပဲနဲ့ ညတိုင်း ဖဘမှာ တဝဲဝဲ လည်နေတာ...။ အချိန်တွေ ကုန်သွားတာကို ည အိပ်ရာဝင်ချိန်တိုင်း သေသေချာချာကြီး သတိထားမိတယ်... (ကုန်သွားပြန်ပေါ့ တည ဆိုပြီး...) ဒီလိုနဲ့ နောက်နေ့ ဆင်ခြင်မယ်ဆိုပြီး တည တညနဲ့ ညပေါင်းများစွာ....း))
ဒါပေမယ့်လဲ ညီမပြောသလိုပဲ မျက်နှာစာအုပ်က ကိုယ့်ကို ဝမ်းနည်း စိတ်ညစ်စရာထက် ဝမ်းသာစရာ အမှတ်တရတွေကို ပေးခဲ့တာကြောင့် ရပ်ဝေးရပ်နီး မိတ်ဆွေသူငယ်ချင်းတွေနဲ့ တွေ့ဆုံပျော်ရွှင်ရတာကို အမောဖြေနည်းတခုလို့ပဲ ယူဆပြီး ရှေ့ကို ဆက်ကြတာပေါ့လေ...
ဒီပိုစ့်လေးကို သိပ်ကြိုက်တယ်...း))
သူငယ်ချင်းတွေ၊မိတ်ဆွေတွေနဲ့ ပြောဆိုခွင့်ရနေတာပဲ...
deactivate တော့မလုပ်ပါနဲ့ ...
သူငယ်ချင်းတွေ စိတ်မကောင်းဖြစ်နေပါ့မယ်...
လာအားပေးသွားတယ်နော်.....သူငယ်ချင်းရေ.....
ဖြူ့  blog ကိုလည်း လာအားပေးဦးနော်...
သူငယ်ချင်း က စာရေးတာ အရမ်းကောင်းတယ်... :)