ဘိန်းမုန့်တစ်ချပ်

Category:


ဘိန်းမုန့်စားချင်တယ်

ဂျီတော့ခ်မှာ တင်ထားတဲ့ status ကို တွေ့တော့ လှမ်းပြောတယ် “ငါတောင် ဒီနေ့ပဲ စားခဲ့သေးတယ်”

“မနာလိုဖြစ်အောင် လာပြောနေပြန်ပြီ၊ စားချင်ပါတယ်ဆိုမှ”

“လူကြုံရှိရင်ပြောလေ၊ ငါဝယ်ထည့်ပေးလိုက်မယ်၊ ငါတို့ရုံးနားက ဘိန်းမုန့်အရမ်းကောင်းတာပဲ”

x x x x x x x x x x x


“ဟဲ့... ငါ့သူငယ်ချင်းတစ်ယောက် ရန်ကုန်ကို ခဏပြန်ဖို့ရှိတယ် သိလား၊ ဟိုတခါ ငါမှာထားတဲ့ စီဒီလေး သူနဲ့ထည့်ပေးလိုက်နော်”

“အေးပါ...၊ နင် ဘိန်းမုန့်စားချင်တယ်ဆို ငါထည့်ပေးလိုက်မယ်လေ”

“နေပါစေဟာ... နင်အလုပ်ရှုပ် မခံပါနဲ့။ ငါပြန်လာမှ နင်ဝယ်ကျွေး”

x x x x x x x x x x x


“နင့်သူငယ်ချင်းက ဘယ်အချိန်လေယာဉ်နဲ့ ပြန်မှာလဲ၊ ငါစားနေကျ ဘိန်းမုန့်ဆိုင်က ညနေမှ ဖွင့်တာဟ”

“ညနေပိုင်းဖြစ်ဖို့များတယ်၊ နင်သူ့ကို ဖုန်းဆက်ပြီး မေးကြည့်လေ”

“အေး... မနက်ပိုင်းဖွင့်တဲ့ ဘိန်းမုန့်ဆိုင်ကောင်းကောင်း ငါစုံစမ်းကြည့်လိုက်ဦးမယ်”

x x x x x x x x x x x


“မနက်ပိုင်း ဘိန်းမုန့်ရတဲ့ဆိုင် ငါမေးထားပြီးပြီ။ နင့်သူငယ်ချင်းနဲ့ ထည့်ပေးလိုက်မယ်”

“ထည့်ပေးမယ်ဆိုရင်လည်း ဘူးလေးနဲ့သေချာထည့်ပေးနော်”

“အေးပါ”

x x x x x x x x x x x


“ဘိန်းမုန့်စားလို့ အဆင်ပြေရဲ့လား”

“အင်း...အဆင်ပြေတယ်၊ စားလို့ကောင်းတယ်၊ ကျေးဇူးပဲဟာ”

“ရပါတယ်၊ နင်ကံကောင်းသွားတယ် သိလား။ ငါမနက် ၇နာရီကတည်းက ဆိုင်ရှေ့မှာသွားစောင့်နေတာ။  သူတို့က ၈နာရီအထိ မလုပ်သေးတာနဲ့ ငါလည်း ၉နာရီခွဲလောက်မှ တစ်ခေါက်ပြန်သွားတော့ လူတန်းက အရှည်ကြီးပဲ။ ရမှရပါ့မလားတောင် စိုးရိမ်သွားတာ။ တော်သေးတယ်... အဲဒါနောက်ဆုံးတစ်ခုပဲ။”

“ငါသိပ်စားချင်နေလို့ ဖြစ်မှာနော်”

“အင်း...” 
x x x x x x x x x x x


စားချင်နေသူရဲ့ဆန္ဒကပဲ သိပ်ပြင်းပြခဲ့သလား၊ စားစေချင်သူရဲ့ စေတနာကပဲ ကြီးမားနေတာကြောင့်လား။ ဘိန်းမုန့်လေးတစ်ချပ်က သယ်ဆောင်ပေးလာသူနဲ့အတူ လေယာဉ်ပျံစီးပြီး ရောက်လာခဲ့တယ်။ ပလတ်စတစ်ဘူးထဲက ကတ်ကြေးကိုက်ထားတဲ့ မေတ္တာစေတနာတွေ အပြည့်ပါဝင်နေတဲ့ ဘိန်းမုန့်လေးက တကယ်ပဲ အရသာရှိလွန်းရဲ့။


ဇွန်မိုးစက်

Comments ( 15 )

ကျနော်လည်း ဘိန်းမုန့်ကြိုက်တယ်ဗျ

ဟိုရက်က ကျောင်းမှာ မုန့်ဖက်ထုပ်စားရင်း ဘိန်းမုန့်စားချင်စိတ်ပေါ်နေမိသေးတယ်

ကိုယ်လည်း ဘိန်းမုန့်ကြိုက်တယ်၊
တာမွေက ဘိန်းမုန့် သိပ်ကောင်းတယ်၊
ဒီအထိတော့ ပို့ပေးတဲ့သူ ရှိပါဘူး၊
:)
မမှာမိတာလည်း ပါမှာပေါ့။
တကူးတက ပို့ပေးသူနဲ့ ယူလာပေးသူ ကျေးဇူးတင်စရာပဲ။

ဘိန်းမုန့်လား သိပ်ကြိုက်...
မစားရတာကြာပြီ..။စာဖူးသမျှထဲမှာ ပဲခူးက ဘိန်းမုန့်ကို
အကြိုက်ဆုံးပဲ...။မိုင်ငာဆယ်ခရီး ကို ဘိန်းမုန့် တစ်ချပ်
အတွက်သွားခဲ့တယ်လို့ ပြောရင် ဘယ်သူမှယုံမယ်မထင်...။

အဲဒါနဲ့ပဲ တစ်ယောက်တည်းစားပစ်လိုက်ရော ပြောပါတော့။ ဂျင်းကိုရော သတိရရဲ့လား ဟွင်း....း))

မစစ်မှန်တဲ့ စေတနာ တွေနဲ့ တွေ့ရတဲ့အချိန်မှာ

အဲ့လို စစ်မှန်တဲ့ စေတနာ တွေက
ပေးတဲ့ ခံစားမှု့ ရဲ့ရောင်ပြန်တွေက
ပိုပြီး ပေါ်လွင်စေတယ် ...

ကိုယ်ပြန်တုန်းကလည်း ဒီက သူငယ်ချင်းလှမ်းမှာတာနဲ့ ဟိုက သူငယ်ချင်း ထည့်ပေးလိုက်တာ အများကြီးပဲ။ ကိုယ့်အတွက်တဗူး တအိမ်လုံး စားလိုက်ရတယ်။ လှမ်းမှာတဲ့ သူငယ်ချင်းနဲ့ ထည့်ပေးတဲ့ သူငယ်ချင်းကို ရှည်ရမလားဆိုပြီး ထုချင်နေတာ တလမ်းလုံးပဲ။

hee hee
:D

အမှန်ကတော့ အဲဒီ ဘိန်းမုန့်အကြောင်းကို တွေးနေတာ နဲနဲကြာပြီ... စားချင်နေတာ...

ဒီမှာ လုပ်စားလို့ရရင် ကောင်းမှာပဲ...
သိပ်တော့ မခက်ဖူး... ရန်ကုန်မှာတုံးက အန်တီတယောက်နဲ့ အတူတူ လုပ်စားဖူးတယ်... လုပ်တဲ့နည်း မေးကြည့်လိုက်အုံးမယ်...း))

အင်းး စားချင်လိုက်တာ ကျောက်မြောင်းက ထောပတ်ဘိန်းမုန့် နောက် ဘိန်းမုန့်အဖြူရောင်ပဲပြုတ်လေးနဲ့နှမ်းထောင်းလေးအင်းးးး စေတနာဘိန်းမုန့် လေးအတော်စားကောင်းမှာနော်...စိတ်ဆန္ဒပြင်းရင်ဖြစ်တတ်တာ မှန်တယ်နော်မမ
သာယာချမ်းမြေ့ပါစေနော်
မိုး

သယ်လာပေး တဲ. သူကိုလဲ ကျေးဇူးတင်အုံးလေ ;)

သင်တန်းတစ်ခုကြောင့် မရောက်ဖြစ်တာ အတော်ကြာပြီမို့ အလည်လာခဲ့ပါတယ်။ ဗိုက်ဆာနေတဲ့အချိန်မှာ ဘိန်းမုန့်နဲ့တိုးနေတယ်။ ဂွီ... ရှလွတ်။ :P

သူငယ်ချင်းများရဲ့ စေတနာကိုလေးစားမိပါတယ်။
နောက် ၂ပတ်ဆို ကျမကြိုက်တဲ့ဘိန်းမုန့် လည်း
စားလို့ ရတော့မယ်။

စီပုံးထားရင်ပိုလာဖြစ်မယ် တစ်ခါတစ်လေ တို့ကကွန်မက်ရေးဘို့ပျင်းရင် စီမှာဘဲထားခဲ့တာ။

ညီမကတော့ မုန့်လင်မယား စားချင်တာ .. :D
ငုံးဥလေးနဲ့ .. ရှလွတ်း)

ဝယ်လာပေးတဲ့သူကတော့ ပိတိနှစ်ထပ်ကွမ်းပဲ

အားပါးတရစားနေမှာကို စောင့်ကြည့်နေတုန်းကတစ်ခါ
ဒီ ပိုစ့် လေးကို ဖတ်နေရင်းတစ်ခါ

ဇွန် က လူရော စာရေးတာရော ချစ်စရာလွှတ်ကောင်းတော့်

ကျနော်ကတော့မော်လမြိုင်ဘိန်းမုန့် ပဲကြိုက်တယ်။

နှမ်းများများ၊ မြေပဲများများ၊ အပေါ်မှာအုန်းသီးဖတ်တွေနဲ့ မွှေးလို့...း))