ချစ်သူနှင့်တွေ့ဆုံခြင်း

Category: ,


အဲဒီ့နေ့ကို ကျွန်တော် အမြဲအမှတ်ရနေခဲ့တယ်။ ကျောင်းပိတ်ရက်အတွင်း အိမ်ဆောက်ဖို့အရေးကိစ္စမှာ ၀င်ကူဖို့ကလွဲလို့ ကျန်တာသိပ်စိတ်မ၀င်စားတဲ့ ကျွန်တော့်ကို အမေက အင်္ဂလိပ်စာသင်တန်း သွားတက်ခိုင်းတယ်။ ကျွန်တော်နဲ့ ၁၀တန်းတုန်းက ၀ိုင်းကျူရှင်အတူတက်ခဲ့တဲ့ ယောက်ျားလေးသူငယ်ချင်းတစ်ချို့လည်း သူတို့အိမ်က တက်ခိုင်းတာနဲ့ မလွန်ဆန်နိုင်ဘဲ ဗြိတိသျှကောင်စီကဖွင့်တဲ့ အင်္ဂလိပ်စာသင်တန်းကို တက်ဖြစ်သွားတယ်ဆိုပါတော့ဗျာ။

သင်တန်းစဖွင့်ဖွင့်ခြင်းနေ့မှာ အတန်းမစသေးခင် ကင်တင်းနားက လှေကားထိပ်ကော်ရစ်ဒါမှာ  လာဆုံတဲ့ ကျွန်တော်တို့ အုပ်စု စကားရပ်ပြောနေကြတယ်။ ယောက်ျားလေးတို့ ထုံးစံအတိုင်း ရှေ့မှာဖြတ်သွားသမျှ ကောင်မလေးတွေ၊ လှေကားပေါ်တက်လာသမျှ မိန်းကလေးတွေကို မသိမသာရော၊ သိသိသာသာပါ  မျက်စိကစားကြတယ်။ သိတဲ့အတိုင်း BC မှာလာတက်တဲ့ မိန်းကလေးတော်တော်များများက အပျံစားဝတ်ထားတာ၊ အပြင်မှာဆို ဒီလောက်ဘယ်ကြည့်ခွင့် ရနိုင်ပါ့မလဲ။ ခုလို ရတဲ့အချိန်လေး... အချိန်လေးမှာ...

ကျွန်တော်မျက်နှာမူရာ လှေကားပေါ်ကို တက်လာနေတဲ့ ကောင်မလေးတစ်ယောက်။ လိမ္မော်ရောင် အပွင့်လေးတွေပါတဲ့ အင်္ကျီနဲ့ လိမ္မော်ရောင်ပြောင်ထမီကို တွဲဝတ်ထားတယ်၊ ကြိုးသိုင်းဖိနပ် အနီလေးစီးလို့။ သူကပဲ လိမ္မော်ရောင် ၀တ်ထားလို့ ထင်ရှားနေပြီး ကျွန်တော်သတိထားဖြစ်သွားတာလား မပြောတတ်ဘူး၊ သူ့ကို ကြည့်မိလိုက်တာနဲ့ တပြိုင်နက် ကျွန်တော့်ရင်တွေ နွေးခနဲ ဖြစ်သွားတယ်။ “ချစ်စရာလေး” လို့ ကျွန်တော့်စိတ်ထဲ အလိုလို ရေရွတ်မိသွားတယ်။  မျက်ခုံးနက်အောက်က မျက်လုံးဝိုင်းဝိုင်းတစ်စုံက ကျွန်တော်တို့အုပ်စုရှိရာကိုလွန်ပြီး အပေါ်ထပ်ကို ရောက်သွားတယ်။ ပြီးတော့ တစုံတရာကို ရှာနေပုံနဲ့ အပေါ်ထပ်ကို တက်သွားတယ်။  ကျွန်တော့်သူငယ်ချင်းတွေ ကျွန်တော့်ကို ဘာလှမ်းပြောနေမှန်း မသိဘူး၊ ကြားလည်းမကြားတော့ဘူး။ ကျွန်တော့်စိတ်က လိမ္မော်ရောင်နဲ့ ကောင်မလေးဆီ ပါသွားတယ်ဆိုတာ သူတို့မသိလိုက်ဘူး။

နောက်တော့ ကျွန်တော်တို့အုပ်စု တက်ရမယ့် စာသင်ခန်းထဲရောက်သွားတယ်။ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း ၂၂ယောက်ရှိတယ်။ ဆရာမက သိပ်အသက်မကြီးသေးဘူး။ ကျွန်တော်လည်း အခန်းထဲမှာ ရှိနေတဲ့ကောင်မလေးတွေကို လှမ်းပြီး အကဲခတ်လိုက်တယ်။ အားလုံး မဆိုးဘူး။ ဆရာမက လူစုံမစုံစစ်ပြီး အင်္ဂလိပ်လိုပဲ ပြောကြဖို့မှာတယ်။ ရုတ်တရက် အခန်းဝမှာ လိမ္မော်ရောင်လေး လာရပ်တယ်။ ဗြုန်းဆို ကျွန်တော့်ရင်တွေခုန်သွားတယ်။ ပြီးတော့ သူနဲ့ နောက်မိန်းကလေးတစ်ယောက် ဆရာမကို ခွင့်တောင်းပြီး အခန်းထဲဝင်လာတယ်။ ကျွန်တော် ဘယ်လောက် ပျော်သွားမယ်ဆိုတာ မှန်းကြည့်ပေါ့ဗျာ။

အတန်းစတော့ ဆရာမက ယောက်ျားလေးနဲ့ မိန်းကလေးတစ်ယောက်စီ တွဲပေးလိုက်ပြီး တစ်ယောက်အကြောင်း တစ်ယောက် အင်္ဂလိပ်လိုပြော ဖလှယ်ပြီးရင် ပြန်ချရေးဖို့ လေ့ကျင့်ခန်းစာရွက်တွေ ပေးလိုက်တယ်။ ဟာဗျာ... ကျွန်တော့်သူငယ်ချင်း ငထိုက်ဆိုတဲ့ကောင်က လိမ္မော်ရောင်လေးနဲ့အတူ ကျသွားတာ၊  ဒီကောင် ကောင်မလေး အကြောင်း တထိုင်တည်းနဲ့ သိသွားမှာ ကျွန်တော် မနာလိုလိုက်တာ။ မိန်းကလေးဦးရေက ပိုနည်းနေလို့ ထပ်တွဲစရာ မိန်းကလေးမရှိတော့ ကျွန်တော်နဲ့တစ်ချို့ကျောင်းသားတွေက ယောက်ျားလေးအချင်းချင်းပဲ ပြန်တွဲရတယ်။ ကိစ္စမရှိပါဘူး။ လိမ္မော်ရောင်လေးနာမည်သိအောင် ကျွန်တော် အရင်ကြိုးစားလိုက်ဦးမယ်။

ဒီလိုနဲ့ ကျွန်တော်သိပ်စိတ်မပါဘဲ အိမ်ရဲ့တိုက်တွန်းမှုကြောင့် တက်ရောက်ခဲ့တဲ့ အင်္ဂလိပ်စာသင်တန်းကို သူလေးကြောင့် အတန်းတစ်ရက်မှ မပျက်ဘဲ စိတ်ပါလက်ပါ မှန်မှန်တက်ဖြစ်သွားတယ်။ တစ်ရက် သင်တန်းက လေ့ကျင့်ခန်းတစ်ခုမှာ အမျိုးသား အမျိုးသမီး အပြန်အလှန် စကားပြောခန်းတွေ ပါတော့ ဆရာမက ထုံးစံအတိုင်း လိုက်တွဲပေးပြီး ပြောခိုင်းတာ၊ ကျွန်တော်နဲ့သူ့အလှည့် ကျတယ်။ ကျွန်တော် ၀မ်းသာလိုက်တာ မပြောပါနဲ့တော့။

နောက်တစ်ခါကျတော့ ပိုမိုက်သွားတယ်။ သူနဲ့ကျွန်တော် လေ့ကျင့်ခန်းတစ်ခုကို မျက်နှာချင်းဆိုင်ပြီး အတူတူ တွဲလုပ်ခွင့်ရတယ်။ ကျွန်တော်က စာမလုပ်ဘဲ သူ့မျက်နှာလေးကို ငေးကြည့်နေမိတာ သူရိပ်မိသွားတယ်။ ဒါပေမဲ့သူက တစ်ခြားမိန်းကလေးတွေလို ရှက်ကိုးရှက်ကန်း မဖြစ်ဘဲ နင့်အလှည့်ရောက်ပြီ ပြောတော့လေလို့ ခပ်တည်တည်နဲ့ပြောမှ ကျွန်တော် သတိရသွားပြီး ရှက်ရှက်နဲ့ စာအုပ်ကို ပြန်ကြည့်ရတယ်။ (အဲဒီ့အကြည့်ကြောင့် ကျွန်တော့်ကို သူ သတိထားမိသွားကြောင်း ချစ်သူဖြစ်ပြီးနောက်ပိုင်း သူပြောပြလို့ ကျွန်တော်သိရတယ်)

အတန်းထဲမှာ သူ့ကို စိတ်ဝင်စားနေတာ ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ ယောက်ျားလေးချင်း သိနေတယ်ဗျ။ ဟိုကောင်... ငထိုက်တောင်ပါသေး။ ကံကောင်းချင်တော့ တစ်ချိန်လေ့ကျင့်ခန်းလုပ်ရင်းနဲ့ သူ့ဖုန်းနံပါတ် သိခွင့်ရတယ်။ ရပြီးအတော်ကြာအောင် ကျွန်တော် မဆက်ရဲသေးဘူး။ ဒီလိုနဲ့ပဲ သင်တန်းကာလပြီးတော့မှာ။ သူနဲ့ကျွန်တော် ခင်မင်ရင်းနှီးခွင့်တောင် မရသေးဘူး။ သူ့ဆီမှာလည်း ကျွန်တော့်ဖုန်းနံပါတ်ရှိတယ်။ ဒါပေမဲ့ သူ့လို မိန်းကလေးမျိုးက ဘယ်တော့မှ စဆက်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော်သိနေတော့...။ ကိုယ်ချစ်မိနေတဲ့ မိန်းကလေးတစ်ယောက်ဆီ ရင်ခုန်စွာ၊ ကြည်နူးစွာနဲ့ ဖုန်းဆက်ရင်း စကားတွေပြောဖြစ်ခဲ့တယ်။   အဲဒီ့ကနေမှ တစ်ဆင့်... နောက်လပေါင်းများစွာ ကြာတဲ့အခါ... ကျွန်တော့်ဆန္ဒ ရှိခဲ့တဲ့အတိုင်း သူလေးက ကျွန်တော့်ရဲ့ ချစ်သူဖြစ်လာခဲ့တယ်ပေါ့ဗျာ။

ချစ်သူဖြစ်ပြီးနောက်ပိုင်း သူနဲ့ကျွန်တော် အရင်တုန်းက အကြောင်းတွေ ပြန်ပြောရင်း ချစ်သူကို စတွေ့တဲ့နေ့အကြောင်း ရောက်သွားတယ်။ အဲဒီ့နေ့က ချစ်သူဘာဝတ်ထားပြီး ဖိနပ်ဘာအရောင် စီးထားတယ်ဆိုတာကအစ မှတ်မိနေတဲ့ အကြောင်း ကျွန်တော်ပြောတဲ့အခါ ချစ်သူက ငြိမ်သက်စွာ၊ ကျေနပ်ကြည်နူးစွာနဲ့ နားထောင်နေတတ်တယ်။ တစ်ရက်တော့ မနက်စောစောစီးစီး ဖုန်းလာတယ်။ အိပ်ချင်မူးတူးဖြစ်နေတဲ့ ကျွန်တော့်ကို အသံချိုချိုလေးက မေးတယ်။ “မောင်... ဒီနေ့ ဘာနေ့လဲ သိလား” တဲ့။ ကျွန်တော်လည်း ကဗျာကယာ အမြန်စဉ်းစားရတာပေါ့၊ ကျွန်တော်တို့ ချစ်သူဖြစ်တဲ့ နှစ်ပတ်လည်လည်း မဟုတ်၊ ချစ်သူများနေ့နဲ့လည်း အဝေးကြီး၊ ကျွန်တော့်ဘက်က အသံတိတ်နေတော့ ချစ်သူက ထပ်မေးတယ်။ “မောင် မမှတ်မိဘူးလား၊ ဒီနေ့ ဇူလိုင်လ ၂၂ရက်လေ” 

ဟုတ်သားပဲဗျာ...လွန်ခဲ့တဲ့ တစ်နှစ်တိတိက ကျွန်တော့်ကို အချစ်ဆိုသောအရာနဲ့ မိတ်ဆက်ပေးခဲ့တဲ့ ချစ်သူကို ပထမဆုံး တွေ့ဆုံခဲ့တဲ့နေ့ပဲ။ ကျွန်တော်က ဘယ်နေ့ဘယ်ဝါ ရက်စွဲ အတိအကျ မမှတ်မိပေမယ့် ချစ်သူက မှတ်မိနေတယ်။ နောက်နှစ် နောက်နှစ်တွေမှာ ကျွန်တော် ဘယ်တော့မှ မမေ့တော့ဘူး။ တစ်နှစ်မှာ ကျွန်တော်က အရင်ဦးလို့ ပြန်မေးလိုက်သေးတယ်။ “ဟန်နီ...ဒီနေ့ ဘာနေ့လဲ သိလား” ချစ်သူက ရုတ်တရက်ကြောင်သွားပြီးမှ... “သိတာပေါ့၊ ဒီနေ့ ဇူလိုင် ၂၂ ရက်လေ” လို့ အပြုံးလေးစွက်လို့ ဖြေခဲ့တယ်။ 
 

ဇွန်မိုးစက်

Comments ( 18 )

ကြည်နူးစရာလေးးး

ဖတ်ရင်းနဲ့ကြည်နူးပြုံးမိပါရဲ့...
ကျွန်မချစ်သူနဲ့ စတွေ့ပုံလဲတူနေတယ်...
၆နှစ်ကျော်ပီ..anniversary တင်မဟုတ်ဘူး.. လတိုင်း ၈ ရက်နေ့ရောက်တိုင်း month-sary လို့ခေါ်ပီး..ချစ်သူစဖြစ်တဲ့နေ့ကို အမှတ်တရနေ့အဖြစ်နှစ်ယောက်သား ကျင်းပတုန်းဘဲ. anniversary ကတော့ အထူးနေ့ပေါ့..
လတိုင်း ၈ ရက်နေ့ရောက်တိုင်း သူအရင်မေးသလို ကိုယ်ကလဲ အလစ်မေးတတ်တယ်.. သူမသိချင်ယောင်ဆောင်နေရင် ကိုယ်စိတ်ကောက်တယ်။ ကိုယ်မေ့နေရင် (သူအရင်စပြောတာစောင့်နေတယ်လို့ပြောလိုက်တယ်)း))

ပျော်စရာကြီး...း))))


ခင်မင်တဲ့
နေ၀သန်

ရေးထားတာ ချစ်စရာ...
ကြည်နူးစရာကောင်းတဲ့ တွေ့ဆုံမှုလေးတခု စတင်ခဲ့တဲ့နေ့လေးပေါ့...း))

ပျော်စရာကြီး တော်တော်ကံကောင်းတဲ့အကိုကြီးပဲ ဒီလောက်သစ္စာရှိရှိနဲ့မြတ်မြတ်နိုးနိုးချစ်နေတဲ့လိမ္မောရောင်မိန်းခလေးနဲ့ဆုံခဲ့တာ
orange colour အမှတ်တရလေး ရေစက်
သာယာချမ်းမြေ့ပါစေနော်
မိုး

ဖတ်လို့မကောင်းပါ...
ရင်ခုန်စရာမကောင်းသော
စိတ်ဝင်စားစရာမကောင်းသော
အခုမှစာစရေးသော
ဆယ်ကျော်သက် စာရေးဆရာလက်ရာမျိုး ဖြစ်နေတယ် အရင်ဇွန်မိုးစက်လေး...
ဘယ်ရောက်သွားပါလိမ့်... :(

ဒါဆိုမြင်မြင်ချင်းချစ်ပေါ့း)

အမှတ်တရ၊ ကြည်နူးစရာလေးကို ခံစားပြီးဖတ်သွားပါတယ်။

ညီမဇွန်...အကြာကြီး ရှိခဲ့ပြီပဲနော်...မေ့ပစ်လိုက်လို့ မပြောချင်တော့ပါဘူးလေ...

အင်း....အင်း....ကြည်နူးစရာလေးပါပဲ။ ကောင်လေးဘက်က ခံစားရေးသွားတာကိုတော့ သဘောကျမိတယ်။

ပျော်ရွှင်ချမ်းမြေ့ပါစေ မမ....

ချစ်တဲ့
ဂျင်း

ချစ်သူတွေစတွေ့တဲ့နေ့ကို
တစ်ချိန်လုံးဇာတ်လမ်းအစကတည်းကကောင်းမလေး
အကြောင်းပြောလာတဲ့
ကောင်းလေးကသတိရနေမယ်ထင်တာ။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

လှလိုက်တာ..ကွယ်

ပျော်စရာ ချစ်ခြင်းတစ်စုံပါဘဲ...
စိတ်ချမ်းမြေ့စရာ.

ဇာတ်လမ်း တပုဒ် ကြည့်နေရသလိုပဲး))
အမြဲ ပျော်ရွှင် ချမ်းမြေ့နေစေဖို့ ဆုတောင်းပါတယ်နော် အစ်မး))

ဘဝမှာ မတတ်နိုင်တာတွေ အများကြီးပဲနော်

ကြည်နူးစရာ....

ကျွန်တော့်အတွက်ကတော့ 22ရက်နေ့တိုင်းဟာ ကျွန်တော့်နှလုံးသားမြှုပ်နှံရာ မှတ်တိုင်သင်္ချိုင်း တစ်ခုသာ....။

Romantic ဆန်ဆန်လေး ရေးထားတာ..
ဖတ်လို့ ကောင်းတယ်...ဇွန်ရေ....

as from the guy's side, it's a young blood when he met this girl. it's a very neatly written style to reflect such a boy's age and thought. this style of story telling reminds me of Sa Yar Mya Than Tint's "Lay Lwint Thu" which was translated from "The Catcher in the Rye" ...