“ပန်းမျိုးတစ်ထောင်” ဆိုတာ ကိုယ်တို့အထက်တန်းကျောင်းက ထုတ်ဝေခဲ့တဲ့ ကျောင်းမဂ္ဂဇင်းရဲ့အမည်ပါ။ ၉၄ ခုနှစ်က စတင်ထုတ်ဝေခဲ့ပါတယ်။ နောက်ပိုင်း ဘယ်နှစ်အထိ ဆက်တိုက် ထုတ်ဝေဖြစ်ခဲ့သလဲ မသိတော့ပေမယ့် ကိုယ်တို့အတွက် နှစ်နှစ်စာ နှစ်အုပ် မှီလိုက်ပါတယ်။ မဂ္ဂဇင်းထဲမှာ ဆရာမများနဲ့ ကျောင်းသူများရဲ့ စာပေအနုပညာလက်ရာတွေကို တစ်နေရာထဲမှာ စုံစုံညီညီ တွေ့ရ၊ သိရပါတယ်။ လောကီ၊ လောကုတ္တရာ နယ်ပယ်အသီးသီးမှာ ထူးချွန်ကြသူများ အကြောင်းကိုလည်း အားကျဝမ်းမြောက်စွာ ဖတ်ရပါတယ်။ ကျောင်းမဂ္ဂဇင်း စရပြီးကတည်းက ကိုယ်လည်းအဲလို ထူးချွန်ပြောင်မြောက်သူစာရင်းထဲမှာ တစ်ယောက်အပါအ၀င် ဖြစ်ချင်တဲ့ဆန္ဒ တိတ်တခိုး ရှိခဲ့ဖူးတာ။ ဒသမတန်းမှာ ဘာသာစုံဂုဏ်ထူးရချင်လို့ အပတ်တကုတ် ကြိုးစားခဲ့တာ မှတ်မိနေပါတယ်။
အထူးသဖြင့် ဂုဏ်ထူးရဖို့ ခဲယဉ်းတယ်ဆိုကြတဲ့ မြန်မာစာနဲ့ အင်္ဂလိပ်စာမှာ ဂုဏ်ထူးရချင်တာ။ ကျန်တဲ့သုံးဘာသာက ဂုဏ်ထူးထွက်ဖို့ ဒီလောက်မခက်ဘူးလေ။ ရှစ်တန်းမှာ မြန်မာစာဂုဏ်ထူးပြုတ်ခဲ့တော့ ကိုးတန်းမှာ လက်ရေးလှနဲ့ သေချာပြန်လေ့ကျင့်တာ။ အင်္ဂလိပ်စာကိုလည်း သေသေချာချာ လက်နဲ့ရေးဖြေပြီးကို ကျင့်ခဲ့တယ်။ ဖြစ်ချင်တော့ အဲဒီ့နှစ်က အင်္ဂလိပ်စာနဲ့ ၀ိဇ္ဇာတွဲ (လူမှုရေး) ဘာသာရပ်နှစ်ရပ်မှာ ဂုဏ်ထူးပြုတ်ကြတာ။ သုံးဘာသာဂုဏ်ထူးရသူ အရေအတွက်က လေးဘာသာနဲ့ ငါးဘာသာထွက်သူထက် အများကြီးများခဲ့ပါတယ်။ ကိုယ်တို့နှစ်က မြန်မာစာနဲ့ သင်္ချာဂုဏ်ထူးထွက်သူ အရေအတွက်ဟာ အရင့်အရင်နှစ်များထက် စံချိန်ချိုးခဲ့ကြောင်း ဆုပေးပွဲနေ့မှာ ဆရာမများပြောလို့ သိရတော့ သိပ်ဝမ်းသာမိပါတယ်။
မြန်မာစာကို အပြင်ကျူရှင်မှာ မယူခဲ့ဘဲ ကျောင်းကထုတ်ပေးတဲ့ နုတ်စ်တွေနဲ့ပဲ ကျက်မှတ်ခဲ့တာ။ ကိုယ်တို့ ဒသမတန်း (ခ) မှာတင် မြန်မာစာအမှတ် ၈၀ ရသူ သူငယ်ချင်း သုံးယောက်တောင် ရှိခဲ့ပါတယ်။ အတန်းထဲက တစ်ယောက်ကပဲ တစ်ပြည်လုံးမှာ မြန်မာစာ တတိယအမှတ်အများဆုံး ရပါတယ်။ မြန်မာစာဆရာမကြီး ဒေါ်ခင်ညွန့်ရဲ့ ကျေးဇူးကြောင့်ပါ။ ကိုယ်တိုင်လည်း အင်္ဂလိပ်စာဂုဏ်ထူးမရခဲ့သည့်တိုင် မြန်မာစာ ဂုဏ်ထူးပါလို့ ကျေနပ်ခဲ့ပါတယ်။ အရောင်အသွေး တောက်ပစွာ၊ အမျိုးအစား စုံလင်စွာနဲ့ အပြိုင်အဆိုင် ဖူးပွင့်ကြတဲ့ ပန်းမျိုးတစ်ထောင်ထဲက ကိုယ်ဟာ မထင်မရှား ပန်းတစ်ပွင့် ဖြစ်ခဲ့ပေမယ့် ကျေနပ်ပါတယ်။
ကျောင်းနဲ့ပတ်သက်ပြီး တစ်ခါတုန်းက ဒီပို့စ်မှာ ရေးဖူးပါတယ်။ ကိုယ်ဘ၀ရဲ့ အမှတ်ရပျော်ရွှင်စရာ ရွှေရောင်လွှမ်းတဲ့ နေ့ရက်များကို ပြောပါဆိုရင် သူငယ်တန်းကနေ ဒသမတန်းအထိ ကျောင်းတော် လသာ ၂ မှာ ပညာဆည်းပူးခဲ့တဲ့ အချိန်များပါပဲ။ အပူအပင်ကင်းစွာ၊ ဖြူစင်သန့်ရှင်းစွာနဲ့ ကလေးဘ၀ကနေ ဆယ်ကျော်သက်ဘ၀အထိ ရယ်မော ပြုံးပျော်စွာ အတန်းပညာ သင်ယူလေ့လာခဲ့တဲ့ အချိန်များဟာ ဘ၀မှာ အချိုမြိန်ဆုံးပါပဲ။
သူငယ်တန်းကနေ နှစ်တန်းလောက်အထိ စာသင်ရာ အဆောင်ကလွဲလို့ ဘယ်မှလျှောက်မသွားရဲပါဘူး။ ကိုယ်တို့ စိတ်ထဲမှာ ကျောင်းကြီးက သိပ်ကျယ်သိပ်ကြီးဆိုတော့ အတန်းထဲကို အချိန်မှီ ပြန်မရောက်မှာ စိုးတာရယ်၊ စာသင်ဆောင် ပြန်ရာလမ်း မမှတ်မိမှာ စိုးတာရယ်နဲ့ပဲ ကိုယ်နဲ့ သူငယ်ချင်းတစ်သိုက် တစ်ခြားလျှောက်မသွားဘဲ အနီးအနားမှာပဲ ကစားခဲ့ကြတာ။ သုံးတန်းလောက်ရောက်တော့ အတန်းကြီးအစ်မတွေက အချစ်တော်လာဖွဲ့တာ ကြောက်တာနဲ့ အိမ်သာထဲ သွားပုန်းနေရတာ။ လေးတန်းနှစ်မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ နေ့ရက်တစ်ရက်ကို ဖြတ်ကျော်ခဲ့ရတာ။
ငါးတန်းနှစ်မှာ ကျောင်းစာကြည့်တိုက်က ဘုရားရုပ်ပွားတော်ရဲ့ ရင်အုံက မို့နေတယ် သတင်းကြားလို့ ကျောင်း ရောက်ရောက်ချင်း လွယ်အိတ်ချပြီး စာကြည့်တိုက်မှာ ကြိတ်ကြိတ်တိုးပြီး ကြည့်ခဲ့ကြတာ။ မင်းသားပြေငြိမ်းရဲ့ အသုဘကို အတန်းကြီးအစ်မတွေက ကျောင်းကစောထွက်ပြီး သွားကြမယ်လို့ သတင်းရလို့ သွားချောင်းကြည့်ကြတာ၊ ရှစ်တန်းနှစ်မှာ နေအောင်နဲ့ မို့မို့မြင့်အောင် ကျောင်းမှာ “ချစ်ရည်စား” ရုပ်ရှင်အတွက် လာရိုက်တာကို သူငယ်ချင်းနဲ့ နှစ်ယောက် အိမ်သာသွားမယ်ဆိုပြီး ကတ်ပြားယူပြီး အပြေးအလွှား သွားကြည့်ကြတာ၊ အဲဒီနှစ်က အာဆီယံမှာ ဒုတိယရခဲ့တဲ့ မြန်မာဘောလုံးအသင်းကို ကျောင်းရှေ့ထွက်ပြီး ကြိုကြရတာ၊ (သိတယ်မဟုတ်လား... ဂိုးသမား အောင်ကျော်ကျော်တို့ နာမည်ကြီးတဲ့ အချိန်ကပေါ့)။
ကိုးတန်းနှစ်မှာ ကျောင်းအမှတ်တရ ပြက္ခဒိန်ရိုက်ဖို့အတွက် အရွေးခံခဲ့ရတာ (ဒါပေမဲ့ မိတ်ကပ်လိမ်းရမှာ ကြောက်တာနဲ့ အရွေးခံထားရတဲ့ ကိုယ်နဲ့ နောက်သူငယ်ချင်းတစ်ယောက်က အောင်ထွန်းနိုင် (ပြည်မြန်မာ) ကို ခွင့်တောင်းပြီး နှုတ်ထွက်လိုက်တယ်။ ပြက္ခဒိန်ထွက်မှ နောင်တရမိတာလေ၊ ခေတ်အလိုက် ၀တ်စားဆင်ယင်ပြီး ရိုက်မှာ ကြိုမှမသိခဲ့ဘဲ။ ပုဂံခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ် စသဖြင့်... နောက် စစ်ကြိုခေတ်လိုမျိုးလည်း ပါတယ်၊ ဆံထုံးမြင့်မြင့်ထုံးပြီး ကျောင်းသူတွေ အားလုံး လှနေကြတာပေါ့)။ ဆယ်တန်းနှစ်မှာ နေကြတ်တဲ့နေ့တုန်းက စာသင်ဖို့ရာ စိတ်မဖြောင့်ကြလို့ ဆရာမကို ခွင့်တောင်းပြီး ဒသမတန်း (န၀ရတ်) ဆောင်ရှေ့က ရေကန်မှာ စုပြီး နေကြတ်တာကို သွားကြည့်ကြတာ။ ကိုယ်နဲ့ သူငယ်ချင်းတစ်စု ဆရာမတွေနဲ့အတူ ကထိန်မှာလုပ်အားပေးပြီး ဆွမ်းကပ်ခွင့် ရခဲ့တာ၊ မြညီလာဟောထဲမှာ တပျော်တပါး ထမင်းလက်ဆုံစားခဲ့တာ.. အားလုံး.. အားလုံးက အမှတ်ရစရာ နေ့တွေချည်းပါပဲ။
အခုဆို လသာ ၂ ပန်းခင်းထဲက ပန်းတွေဟာ အပြင်လောက တစ်နေရာစီမှာ သူ့နေရာနဲ့သူ ဖူးပွင့်ဝေဆာလို့၊ အချိန်မတိုင်ခင် ကြွေလွင့်သွားတဲ့ ပန်းတွေလည်းရှိရဲ့။ ပန်းပျိုးခဲ့သူ ဥယျာဉ်မှူးတွေလည်း အိုမင်းလို့၊ အချို့ကဖြင့် ထာဝရအိပ်မောကျခဲ့ပြီ။ ဒါပေမဲ့ ဆရာတပည့် အပြန်အလှန်ထားကြတဲ့ မေတ္တာစေတနာ သံယောဇဉ်တွေက အစဉ်အမြဲ ရှင်သန်နေဆဲ...။
ကြာခဲ့ပေမယ့် ပန်းကလေးတွေဟာ သူတို့ဘ၀မှာ အပြစ်ကင်းစင် ရယ်မောပျော်ရွှင်ခဲ့တဲ့ ရွှေရောင်နေ့ရက်အသီးသီးကို ပိုင်ဆိုင်ခဲ့ဖူးတယ်ဆိုတာ အမြဲအမှတ်ရနေကြမှာပါ။
ဇွန်မိုးစက်
ပုဂံခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်၊စစ်ကြိုခေတ်လိုမျိုး ခေတ်အလိုက် ၀တ်စားဆင်ယင်ပြီး ရိုက်ထားတဲ့ပုံတွေကိုမှတ်မိသေးတယ်။ အဲဒီပုံကို အတန်းထဲကသူငယ်ချင်းအားလုံးနီးပါးသဘောကျ ကြတယ်။ ကိုယ်တောင်စဉ်းစားမိသေးတယ်။ ဘာလို့ကိုယ်တို့အတန်းကလူကိုမခေါ်ပါလားလို့။ နောက်မှအတန်းကြီးသမားတွေကို ခေါ်မှန်းသိရတယ်။ ကိုယ်တို့အတန်းကြီးလာရင် အဲ့လိုရိုက်ရမှာပါလို့တောင်ဆရာမကပြောသေးတယ်။ ဒါပေမဲ့နောင်နှစ်တွေမှာအဲ့လိုမရိုက်ဖြစ်တော့ဘူး။
နေကြတ်တုန်းကလဲ တစ်တန်းလုံးဆရာမ အပါအဝင် အတန်းရှေ့မှာသွားကြည့်တာ။ မျက်စိပျက်မှာစိုးလို့ စာရေးရင်ခံရေးတဲ့မှင်ခံပြားနဲ့ ကာကြည့်ကြတာ။ ၆တန်းတုန်းက ဘာမှန်းညာမှန်းမသိဘဲ အချစ်တော်လိုက်ခံရလို့ ထွက်ပြေးရသေးတယ်။ ၉တန်းတုန်းက အကြွေစိသရဲအခေါ်ကောင်းလို့ အတန်းခေါင်းဆောင်ကစပြီးတစ်တန်းလုံးတန်းစီအရိုက်ခံရတာ။ အင်းလွမ်းစရာတွေချည်းဘဲ။
မမရေ....အတူတူပဲ ဂျင်းလည်း ဆယ်တန်းတုန်းက မြန်မာစာနဲ့အင်္ဂလိပ်စာကို ဂုဏ်ထူးလိုချင်လို့ အရမ်းကြိုးစားခဲ့ပေမယ့် မြန်မာစာပဲထွက်ခဲ့တယ်။ ဒါပေမယ့် အရမ်းကျေနပ်တယ်။ တစ်ကျောင်းလုံးမှာမှ နှစ်ယောက်ပဲ ထွက်တာလေ။ ရှစ်တန်းနှစ်ကတည်းက ဂုဏ်ထူးလိုချင်လို့ လက်ရေးလှစာအုပ်တွေဝယ်ပြီး လက်ရေးအလှလေ့ကျင့်ခဲ့တာလေ။ အဲဒီနှစ်မှာမရပဲ ဆယ်တန်းနှစ်ကျမှရတော့ ပျော်လိုက်တာ။
မမရေးထားတဲ့ငယ်ဘ၀တွေကို ဖတ်ပြီး ညီမလေးငယ်ငယ်တုန်းက အကြောင်းတွေတောင် အမှတ်တရပြန်ရေးချင်သွားပြီ...း))
ချစ်တဲ့
ညီမလေး
ဂျင်း
ကိုးတန်းဆယ်တန်းအချိန်ဟာ ကိုယ်တို့ရဲ့ ရွှေရောင်နေ့ရက်များပါ၊
ဆရာဝန်၊ အင်ဂျင်နီယာ ဖြစ်ချင်တဲ့ စိတ်စေတနာနဲ့ အိမ်က တဖူးဖူးမူတ်ခံထားရတဲ့ အချိန်တွေ မဟုတ်လား၊ ကလေးနဲ့ အပျိုကြား အရွယ်လည်း ဟုတ်တော့ စိတ်တွေက တမြှောက်မြှောက်ပဲ၊
ပျော်စရာပါ။
မိတ်ကပ်လိမ်းရမှာ ကြောက်လို့မဟုတ်လောက်ဘူး...
မျက်နှာဖုံးအလှရှင်ဖြစ်ပြီး နိုင်ငံကျော်သွားရင် စာမေးပွဲအတွက် မပြင်ဆင်နိုင်တော့မှာစိုးလို့ ပိုဖြစ်လောက်တယ်...
းဝ)
ငယ်ငယ်က အကြောင်းလေးတွေ ပြန်သတိရစေပါတယ်။
အခုတော့ နေရာ အနှံ့ မှာ အတူတူပြန်ဆုံကြဖို့ 
သိပ်မလွယ်တော့ဘူး။ လွမ်းမိပါတယ်။
အဲဒီလို အချိန်အခါက အကြောင်းအရာလေးတွေကို ဖတ်ရတာ သိပ်ချိုမြိန်တယ်။
=)
ဇွန်မိုးစက်ရဲ့ ငယ်ဘ၀လေးကို ဖတ်ရတာ ပျော်စရာလေး..... မြန်မာစာဂုဏ်ထူးပါတာ တော်တယ်ဗျာ.....း)))))
ခင်မင်တဲ့
နေ၀သန်
မနေ့ကတင် ကျောင်းတုန်းကအကြောင်း ပြောနေတာ...
၉တန်းတုန်းက ကျောင်းသူသစ်မို့ ဈ - I တန်းမှာ နေရတာလေ...
ကျောင်းခေါ်ချိန်ယူတဲ့ စာရွက်
စာရင်းရှိ -
ကျောင်းလာသူ -
ခွင့် -
ပျက်ကွက် -
ဖြည့်ရတဲ့ စာရွက်က Aတန်းကနေ စဖြည့်ပြီး အတန်းစဉ် လက်ဆင့်ကမ်းလာတာလေ...
မသီတာတယောက် ကိုယ့်အတန်းအတွက် ဖြည့်ပြီး ဟိုဘက် J တန်းကို သွားပေးချင်တာ အလွန်...
J တန်း အတန်းပိုင်ဆရာမကို ကြည့်ချင်လို့လေ...
တခါများ သူ့အတန်းက ဖြည့်ပြီးသားကို မသိပဲ သွားပေးမိလို့ J တန်း တတန်းလုံးရဲ့ ၀ိုင်းအဟားခံရတယ်...း)
တီချယ် ဒေါ်WWM ကျန်းမာပါစေ
Ma Thida,
Ma Ma War is well and fine!
Thanks for your wish!!!!
I am very glad to know that.
Thank you, anonymous.
လွမ်းစရာနော် အစ်မ :-\