အစ်မသက်ဝေဖတ်ဖို့ အမှတ်တရပို့စ်

Category: ,

မျက်နှာစာအုပ်ကနေ အစ်မသက်ဝေရဲ့ တဂ်ပို့စ်ကြောင့် ကြည်နူးစရာ ပို့စ်အသစ်တွေ ဖတ်ရလို့ ကျေးဇူးတင်ကြောင်း ပြောမိရင်း ကိုယ့်အကြောင်းကို ပြန်စဉ်းစားမိတာလေး အစ်မကို ပြောဖြစ်တော့ တူခဲ့တာ၊ မတူခဲ့တာလေးတွေ စိတ်ထဲမှာ တွေးမိရင် ရေးပေးပါဆိုလို့ နှစ်ခါမတိုက်တွန်းရဘဲ ရေးလိုက်ပြီ။ :D တရားဝင် တဂ်ခံရတဲ့အထဲမှာ မပါလို့ တဂ်ပို့စ်ရယ်လို့တော့ ကျကျနန မသတ်မှတ်လိုက်ပေမယ့်  ဇွန်ဖြတ်သန်းခဲ့တဲ့ ဘ၀ရဲ့ သုံးပုံတစ်ပုံက အမှတ်တရလေးတွေ အတွက် အစ်မသက်ဝေဖတ်ဖို့ ရေးပေးလိုက်ပါတယ်။

ဇွန်နဲ့သူ့ကို ရုပ်ချင်းဆင်တယ်လို့ တွေ့တဲ့လူတိုင်းက ပြောကြတယ်။ အသားဖြူ၊ မျက်ခုံးနက်ပြီး  (ဟိုတုန်းက) နှစ်ယောက်စလုံး ပိန်ပိန်လေးတွေမို့ မသိတဲ့လူတွေက မောင်နှမလို့ပဲ ထင်ပါတယ်။ မွေးနှစ်၊ မွေးလတူပြီး သူက ၄ ရက်ပဲ ကြီးပေမယ့် အကြီးတစ်ယောက်လို ဇွန့်ကို ပြောဆိုဆက်ဆံတတ်တယ်။ စိတ်ကူးပေါက်ရင် “ကလေး” လို့ ခေါ်တတ်သေးတယ်။ ရာသီခွင်လည်းတူလို့ အချို့စိတ်တွေတူပါတယ်၊  ဥပမာ - အစွဲအလန်းကြီးတာ၊ သံယောဇဉ် ကြီးတာ၊ ငယ်ဘ၀နဲ့ ငယ်သူငယ်ချင်းတွေအကြောင်း အကုန်လုံးနီးပါး မှတ်မိနေတာမျိုး။ ဂျပန်စာ ကြိုက်တတ်တာချင်း တူတယ်။ အထူးသဖြင့် ဆူရှီနဲ့ ဆရှိမိ။ နောက် ဒူးရင်းသီး၊ နှစ်ယောက်စလုံး သိပ်ကြိုက်လို့ လုစားရတယ်။ ရုပ်ရှင်ကြည့်တာ ကြိုက်တာချင်းတူတယ်။ ပြီးတော့ နှစ်ယောက်စလုံး မော်တော်ကားနဲ့ လေကြောင်းလိုင်းတွေကို စိတ်ဝင်စားကြတယ်။  အမှတ်ရဆုံးတူခဲ့တာတော့ မျက်စိပါဝါ။ မျက်စိသွားစစ်တော့ ဘယ်လောက်ထိအောင် တူနေသလဲဆိုရင် ပါဝါမတူတဲ့ ဘယ်၊ ညာနှစ်ဖက်စလုံးက ဒီဂရီတွေ သွားတူနေတာ။ အဲလိုတူတာလေးတွေကို တွေးတွေးပြီး ပီတိဖြစ်ရသေးတယ်။
 
ဒါပေမယ့် မွေးချင်းတစ်ယောက်တည်းဖြစ်တဲ့သူက အတ္တမာန်မာန အလွန်ကြီးပြီး တစ်ကိုယ်ကောင်းဆန်တယ်။ အားမနာတတ်ဘူး။ ဇွန်က အိမ်မှာ အကြီးပီပီ အနစ်နာခံပြီး သူများအရေးကို ကိုယ့်အရေးထက် ဦးစားပေးတတ်တယ်။ အရမ်းလည်းအားနာတတ်တယ်။ သူက တစ်ယောက်တည်း ကြီးပြင်းလာသူမို့ လူအများကြီးနဲ့ မနေတတ်၊ မပေါင်းတတ်ဘူး။ အားကစားတောင် လူအများကြီးနဲ့ ကစားရတဲ့ပွဲမျိုးကို မကြိုက်တဲ့သူ။ ဘောလုံးပွဲဆို လုံးဝမကြည့်၊ စိတ်မ၀င်စား။ ဇွန်နဲ့လုံးလုံး ဆန့်ကျင်ဘက်ပဲ။ စာဖတ်ဝါသနာပါတာချင်း တူပေမယ့် ဖတ်တဲ့ စာအမျိုးအစား မတူဘူး။ သူက အီလက်ထရောနစ်၊ နည်းပညာနဲ့ ကွန်ပျူတာစာအုပ်တွေ လစဉ်ဝယ်ဖတ်ချိန်မှာ ဇွန်က အပျိုစင်၊ ရွှေအမြူတေနဲ့ ရသစာပေ၀တ္ထုတွေ သဲသဲမဲမဲ ဖတ်နေချိန်ပေါ့။  ဒီက အားလပ်ချိန်မှာ စာတိုပေစ ကဗျာတွေ ရေးဖွဲ့နေတုန်း၊ ကော်ဖီသောက်ပြီး ကွန်ပျူတာတစ်လုံးနဲ့ သူ့အိမ်မှာ ပရိုဂရမ်တွေ ညလုံးပေါက် ထိုင်ရေးနေတာ။  logic သိပ်အားကောင်းတဲ့သူက logic မှာ အားနည်းတဲ့ ဇွန့်ကို ပရောဂျက်တိုင်း ကူရေးပေးရတယ်။  ဉာဏ်သိပ်ကောင်းပြီး အရာရာကို သိလွယ် သဘောပေါက်လွယ်တဲ့ သူက သင်္ချာလည်းတော်တယ်။ ဇွန်က သင်္ချာမညံ့သည့်တိုင် ရှန်းတယ်၊ ပြရင်လည်း ဒက်ခနဲ သဘောမပေါက်ဘူး။ အင်္ဂလိပ်စာကျတော့ သူက reading နဲ့ listening မှာ ဇွန့်ထက် ပိုအားကောင်းပြီး writing နဲ့ speaking ကျတော့ ဇွန်က သာသွားပြန်ရော။ အလုပ်တစ်ခုကို သွေးအေးအေးနဲ့ တိတိကျကျ သေချာတွက်ချက်ပြီးမှ သူလုပ်တတ်ပေမယ့်၊ ဇွန်က သွေးဆူလွယ်ပြီး အလောတကြီးနဲ့ လုပ်တတ်တယ်။

သူ သီချင်းတစ်ပုဒ်ကို ကြိုက်ပြီဆိုရင် ထပ်ပြန်တလဲလဲ အဲဒီတစ်ပုဒ်တည်း နားထောင်တတ်တာ။ ဇွန်က အလွန်ဆုံး ၃ခေါက်ဆို တော်ပြီ။ သူ့အကြိုက်ဆုံးအဆိုတော်က ဇော်ဝင်းထွဋ်၊ ဇွန့်အကြိုက်ဆုံးက ထူးအိမ်သင်။ ဇွန်က အရေခွံလုံးဝမစားသူဖြစ်လို့ ကြက်အရေအခွံသုတ်တို့ ဘဲခြေထောက်တို့ဆို  လုစရာမလိုဘဲ သူတစ်ယောက်တည်း အပြည့်အ၀ တီးခွင့်ရသွားတယ်။ အံ့သြစရာကောင်းစွာ သူ့လက်ဖ၀ါးတွေက မိန်းကလေးအရှုံးပေးရလောက်အောင် နူးညံ့နေပြီး ဇွန့်လက်ဖ၀ါးတွေဟာ သာမန်မိန်းကလေးတစ်ယောက်လက်လောက်တောင် နူးညံ့မနေခဲ့ဘူး။ ခရီးတစ်ခု အတူသွားရင် ဟိုတယ်မှာ အေးအေးဆေးဆေး အပန်းဖြေ အနားယူချင်တဲ့သူက နားနားနေနေမနေနိုင်ဘဲ ရောက်တဲ့နေရာ အကုန်လျှောက်သွားချင်တဲ့ ဇွန့်နောက် လိုက်ရရှာတယ်။

ထင်ထင်ရှားရှား ဆန့်ကျင်ဘက်ကတော့ အရောင်ပါ။ ဇွန် လုံးဝမကြိုက်တဲ့ အနီရောင်က သူ့ရဲ့ favourite  colour ဖြစ်နေပြီး၊ ဇွန်သိပ်ကြိုက်တဲ့ အစိမ်းရောင်က သူ မကြိုက်ဆုံးအရောင် ဖြစ်နေတာ။

နှစ်ယောက်တစ်ဘ၀ပေါင်းစပ်ဖို့ မမျှော်လင့်ဘဲ ဖူးစာကံ ကုန်ခဲ့လေတော့ တူညီမှု၊ မတူညီမှုတွေ အထူးတလည် ညိုနှိုင်းစရာ မလိုအပ်တော့ပေမယ့် အကြောင်းတိုက်ဆိုင်မှု ရှိလာတဲ့အခါ အမှတ်တရအဖြစ်နဲ့ ရင်ထဲမှာ သတိရနေရင်း...။ 


ဇွန်မိုးစက်

Comments ( 17 )

မိုးစက်ရေ ဒါက တကယ်ကြီး မိုးစက်အကြောင်းဆိုတော့ ဖတ်လို့ ကောင်းပေမယ့် စိတ်မကောင်းဘူး။

မအယ်

သတိရစရာတွေပါပဲ ညီမရယ်..

ဒီနေ့ မလေးမှာ ဒူးရင်းသီးသွားစားမလို့ အစောကြီးနိုးလို့ စာလာဖတ်ဖြစ်တယ် မိုးစက်၊

မရေးလို့မရဘူးလားဟင်။
သူ့နဲ့အကြောင်းတွေဖတ်ရတိုင်း စိတ်မကောင်းဘူး။
း(
မမွန်

ညီမရေ...
ကိုယ်စလိုက်တဲ့ ပိုစ့်တွေက ညီမကို သတိရအောင် လုပ်လိုက်မိသလို ဖြစ်သွားတဲ့အတွက် တကယ် စိတ်မကောင်းပါဘူး...။

ဒါပေမယ့် ကိုယ်တခါက ပြောခဲ့သလိုပဲ...
ညီမ ရဲ့ မေတ္တာတွေကို သူ ခံစား နားလည်ပြီး ကျေနပ်နေမှာပါ... ညီမလဲ သူ့အပေါ်ထားခဲ့တဲ့ ချစ်ခြင်းတွေ သတိရခြင်းတွေအတွက် အစဉ် ဝမ်းသာ ကျေနပ်နေပါလို့ပဲ ထပ်ပြောချင်ပါတယ်...

စိတ်ချမ်းသာပါစေ...

(ညီမ မွန်... အပြစ်အားလုံး ကိုယ့်အပေါ် ပုံချလိုက်... ကိုယ်ဟာ လူဆိုးပါ...)

ဟုတ်ပ မမ....ရေးလိုက်ဖြစ်ပြန်ပြီနော် သူ့အကြောင်းး((

ဒါပေမယ့်လည်းလေ ဘ၀ရဲ့ သုံးပုံတစ်ပုံက သူနဲ့ အတူဖြတ်သန်းခဲ့ရတာဆိုတော့ အကြောင်းတိုက်ဆိုင်မှုတွေရှိတိုင်း သတိရဖြစ်တာတော့ မဆန်းပါဘူး...

ငါ့အစ်မတစ်ယောက် ပျော်ရွှင်ချမ်းမြေ့ပါစေ.....


ညီမလေး
ဂျင်း

စိတ်မကောင်းစရာလေးပဲဗျာ.. ဖူးစာကံကုန်မှတော့လည်း ဘာတတ်နိုင်မှာလဲနော့...


ခင်မင်တဲ့
နေ၀သန်

အစ်မကသက်ဝေ က လူဆိုးမဟုတ်ပါဘူး။ ရေးမိတဲ့ဇွန်က ဆိုးတာပါ။ စာဖတ်သူတွေ စိတ်မကောင်းဖြစ်သွားတယ်ဆိုလို့ ရေးသူကိုယ်တိုင်လည်း စိတ်မကောင်းဖြစ်ရပါတယ်။
စိတ်ထဲမှာ အရမ်းမခံစားဘဲ အမှတ်တရအနေနဲ့ပဲ ဖတ်လိုက်ပါနော်။

အားလုံးကို ချစ်ခင်ကျေးဇူးတင်စွာ
ဇွန်

အမသက်ဝေဖတ်ဖို့ ဆိုပေမဲ့ အမချစ်လည်းဖတ်သွားပါတယ်....:P ဇွန် တည်ငြိမ်တဲ့စိတ်၊ အနည်ထိုင်တဲ့ ခံစားမှုလေးနဲ့ ရေးထားတယ် လို့ပဲ မှတ်လိုက်တယ်....။ ငယ်ရွယ်သူဆိုတာ အမြဲ ရှေ့သို့ ဆက်လက် ချီတက်နေရမယ်လေ...နော်....ချစ်စရာကောင်းပြီး အေးချမ်းတဲ့ ညီမလေး အတွက် လိုက်ဖက်သင့်တော်တဲ့ ဘဝလက်တွဲဖော်လေး တွေ့လာပါလိမ့်မယ် ညီမရေ...:)

ဘယ်တော့မှ မမေ့နိုင်တဲ့ အမှတ်တရလေးတွေ...
တခါတလေပြန်တွေးမိရင် ၀မ်းသာ၊၀မ်းနဲ ဖြစ်ရတယ်။

အမှတ်ရစရာ မရှိတဲ့ ဘ၀ထက် အမှတ်တရတွေ သတိရစရာ ရှိနေတာက ပိုကောင်းပါတယ် အစ်မရယ် ..း))
ဆုံတွေ့ခဲ့ရခြင်းကပဲ ကံကောင်းခြင်း တခုပဲပေါ့

ပျော်ရွှင် ချမ်းမြေ့ပါစေ အစ်မး))

ချစ်ခင်စွာဖြင့်
မိုးခါး

ဇွန်ရေးထားတဲ့ပို့စ်လေးဖတ်ရင်း ညီမလေးဘယ်လောက် စိတ်မကောင်းဖြစ်ပြီး သတိရနေမယ်ဆိုတာ ကိုယ်ချင်းစာလို့ရတယ်...

မမသက်ဝေလင့်ကနေမှ တဆင့်ရောက်လာတာမို့ စာရေးကောင်းတဲ့ ညီမပို့စ်တွေ နောက်မှ အေးအေးဆေး လာဖတ်ရဦးမယ်.. :)

အင်းးးးးးး

Heart ထိတယ်..
Heart ထိတယ်ဟေ့......

ရက်စက်လိုက်တဲ့ ကံတရားကိုပဲ အပစ်တင်မိပါတယ်။ နာကျင်ခံစားတဲ့ဝေဒနာတွေကို ဖြစ်သန်းပြီးမှတင်လိုက်ရတဲ့ ဒီပိုစ့်လေးတွက်လည်း မမကိုလေးစားမိပါတယ်။ ဒီလိုတင်ဖို့ ခံနိုင်ရည်ချင်းမလည်းမလွယ်ဖူးလေ။
မမစိတ်တွေအေးချမ်းပျော်ရွှင်ပါစေ ကံကောင်းခြင်းတွေနဲ့ဆုံနိုင်ပါစေ...
ဒီပိုစ်ဖတ်ရင်း ချစ်သူတိုင်း ရဲ့တွေ့ဆုံခြင်းတွေဟာ ကံကောင်းခြင်းတွေနဲ့ သာ အဆုံးသက်ရပါစေလို့ တောင်းဆုပြုမိပါတယ်။
သာယာချမ်းမြေ့ပါစေနော်
မိုး

:)

တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ် အစ်မဇွန်... ဒါပေမယ့် ညီမ သူငယ်ချင်းတွေကို ပြောလေ့ရှိတဲ့ စကားလေးတစ်ခုလိုပါပဲ... ဘဝမှာ ချစ်သူနဲ့ခဏတာ အတူရှိလိုက်ရဖူးတဲ့ သူတွေက ဘဝမှာ ချစ်သူနဲ့ ဘယ်တုန်းကမှ အတူမရှိဖူးသူတွေ ထက်တော့ ကံကောင်းပါသေးတယ်လို့...

မဇွန် တော်တော်ချစ်ခဲ့ပုံရတယ်။

သူသိရင် ပြုံးနေမှာ.