ကျောင်းတော်မဟာ (၂) လသာ

Category:

တစ်လောက မသီတာရေးထားတဲ့ ပိုစ့်ဖတ်ပြီး၊ group ဓာတ်ပုံလေးမြင်တော့ တစ်ဆယ့်နှစ်နှစ်တိုင်တိုင် ပညာဆည်းပူးခဲ့တဲ့ ကျောင်းတော်ကြီးကို သတိရ မိပါတယ်။ ခုတလော facebook မှာလည်း အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတွေ တော်တော်များများနဲ့ ပြန်အဆက်အသွယ်ရတာလည်း ပါပါတယ်။ မြန်မာပြည်မှာ တက္ကသိုလ်တက်ခွင့် မကြုံလိုက်တဲ့ ကိုယ့်အဖို့  သတိတရနဲ့ လွမ်းဆွတ်မိခဲ့တဲ့ ကျောင်းတော်က မြန်မာပြည်ရဲ့ နာမည်အကြီးဆုံး မိန်းကလေးကျောင်း စာရင်းဝင် အ.ထ.က (၂) လ သာ ပါပဲ။

ကိုယ်က လသာ ၂ ကို သိပ်သံယောဇဉ်ကြီးပါတယ်။ ကိုယ်ခုချိန်ထိတွဲနေတဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေ အားလုံး နီးပါးလည်း လသာ ၂ က ပါပဲ။ လသာ ၂ က အောင်တာလို့ ပြောလိုက်တာနဲ့ အလိုလိုခင်မင်မှု ပိုသွားတတ်တာ ကျောင်းစွဲကြောင့်လားတော့ မပြောတတ်ပါဘူး။ ဘလော့ဂါတွေ ထဲမှာတောင် လသာ၂ ထွက် မမတွေဆို ဘာကြောင့်ရယ်မှန်းမသိဘဲ စိတ်ထဲမှာ တစ်ခြားသူတွေထက် အခင်မင် ပိုမိပါတယ်။ တကယ်ပြောတာ။ ကိုယ်သိသလောက်ဆို အစ်မခင်ဦးမေ၊ အစ်မသီတာ၊ မနုသွဲ့နဲ့ မအိမ့်ချမ်းမြေ့တို့က လသာ၂ ကျောင်းသူဟောင်းတွေပါ။ တစ်ခြား ဘယ်သူတွေ ရှိသေးလဲတော့ မသိဘူး။ အစ်မသီတာ ပြောသွားသလို အစဉ်အလာကြီးမားခဲ့တဲ့ကျောင်းမို့ အဲဒီ့ကျောင်းတော်ကြီးရဲ့ သမီးကျောင်းသူ ဖြစ်ခဲ့ရတာကို တွေးမိတိုင်း ဂုဏ်ယူတတ်သူပါ။ ဒီကျောင်းမှာထားခဲ့ပေးတဲ့ အမေ့ကိုတောင် ကျေးဇူးတင်နေတတ်တာ၊ အဲလောက်ထိ လသာ၂ ကို ချစ်ပါတယ်။

ကိုယ့်ကိုကျောင်းထားခါးနီးမှာ အမေက ကျောင်းသုံးကျောင်းထဲက ရွေးရပါတယ်။ အဲဒီ့အချိန်တုန်းက ကိုယ်တို့နေတာ စမ်းချောင်းမြို့နယ်မှာ။ အိမ်မကြီးဘေးက အိမ်လေးမှာ ကိုယ်တို့မိသားစု ၃ ယောက် ငှားနေပါတယ်။ အဖေက အမြဲလိုလို ခရီးထွက်ရသူဖြစ်တော့ အမေကပဲ ပညာရေးအပါအ၀င် အစစအရာရာ ကိုယ်တို့ မောင်နှမအတွက် စီစဉ်ဆောင်ရွက်ပေးရတာ ခုချိန်ထိပါပဲ။ အိမ်မကြီးမှာနေတဲ့ အိမ်ရှင်က သူတို့သမီးတွေ၊ မြေးတွေ အစဉ်အဆက်ထားတဲ့ အ.ထ.က ၂ စမ်းချောင်း မှာ ထားဖို့ အမေ့ကို တိုက်တွန်းပါတယ်။  ကျောင်းလည်းကောင်းတယ်၊ မိန်းကလေးကျောင်း လည်းဖြစ်တယ်၊ စမ်းချောင်း နယ်မြေမှာလည်းဖြစ်တော့ အပို့အကြိုလုပ်ရမှာလည်း အဆင်ပြေတယ်ပေါ့။ အိမ်နောက်ဘက်မှာတော့ ကိုယ့်ကိုချစ်တဲ့ အပျိုကြီးညီမနှစ်ယောက်ရှိတယ်။ သူတို့က အ.ထ.က ၁ ဒဂုံ က ဆရာမတွေဆိုတော့   သူတို့ကျောင်းမှာပဲအပ်ဖို့ အမေ့ကိုပြောကြပါတယ်။ သူတို့ရှိနေတော့ ကိုယ့်ကို အစစအရာအရာ ကြည့်ရှုပေးနိုင်တယ်ပေါ့။ ဒါပေမဲ့ အမေက လသာ ၂ မှာပဲ အပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီ့အချိန်တုန်းက ဒသမတန်းစာမေးပွဲမှာ လသာ ၂ ကျောင်းသူ သုံးယောက် မြန်မာတစ်ပြည်လုံး ပထမ၊ ဒုတိယ၊ တတိယ စွဲခဲ့တဲ့သတင်း ကြားပြီးကတည်းက အမေက သိပ်သဘောကျသွားတာပါ။ လသာ၂ မဖြစ်ခင် စိန့်ဂျွန်းခေတ်ထဲက နာမည်ကြီးခဲ့တဲ့ ကျောင်းက အရှိန်ကောင်းကောင်းနဲ့ဆက်ပြီး တစ်ပြည်လုံး အတိုင်းအတာထိ ထူးချွန်သူတွေ နှစ်စဉ်နှစ်တိုင်း မွေးထုတ်ပေးနိုင်ခဲ့လို့ သတင်းမွှေးခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင်အောင်ပါပဲ။ ပညာရေးကို အရမ်းအားပေးတဲ့အမေက သမီးဦးဖြစ်တဲ့ ကိုယ့်ကို ပညာရေး မျှော်လင့်ချက် ကြီးကြီးမားမားထားလို့ ဒီကျောင်းမှာ အပ်နှံခဲ့တယ်လို့ ခံစားမိပါတယ်။

ကိုယ့်ကိုကျောင်းအပ်ဖို့အတွက် အသိအကျွမ်းလည်း တစ်ယောက်မှမရှိပါဘဲ လသာမြို့နယ်အထိသွားပြီး လျှောက်လွှာယူရပါတယ်။  လျှောက်လွှာတင်ရုံနဲ့ မပြီးသေးပါဘူး။ ကျောင်းအုပ်ဆရာမကြီး (ဒေါ်တင်တင်) က ကျောင်းသားမိဘတွေ တစ်ဦးချင်းစီ အင်တာဗျူးပြီးမှ ၀င်ခွင့်လက်ခံ၊ မခံ စဉ်းစားပါမယ်တဲ့။ ဒါနဲ့အမေလည်း အင်တာဗျူးဖို့ သွားရပါတယ်။ မိဘတိုင်းအတွက် အဓိက မေးခွန်းကတော့ ဘာဖြစ်လို့ ဒီကျောင်းမှာ ထားချင်ရတာလဲပေါ့။ အမေ့ အလှည့်ကျတော့ ကျောင်းလျှောက်လွှာမှာ ရေးထားတဲ့ လိပ်စာကြည့်ပြီး၊ စမ်းချောင်းမြို့နယ်မှာ ကျောင်းကောင်းတွေရှိပါရက်နဲ့ ဘာဖြစ်လို့ လသာမြို့နယ်က ကျောင်းကိုမှ လာအပ်ရတာလဲလို့ မေးပါတယ်။ နောက်ပြီး မြို့နယ်ဝေးတော့ ကိုယ်ပိုင်ကားလည်းမရှိခဲ့ရင် အပို့အကြိုလုပ်ဖို့ အခက်အခဲရှိလိမ့်မယ်ဆိုတဲ့ သဘောမျိုးပြောပါတယ်တဲ့။ သူကျေနပ်တဲ့ အဖြေသာမရခဲ့ယင် သမီးကို ကျောင်းဝင်ခွင့်ပေးချင်မှ ပေးလိမ့်မယ်ဆိုတာ အကင်းပါးတဲ့ ကိုယ့်အမေက ကျွန်မ လသာမြို့နယ်က တရားရုံးမှာ ချိန်ဘာဆင်းနေတော့ ကလေးကို မနက်ရော၊ ညနေပါ အကြိုအပို့လုပ်ရတာ အဆင်ပြေပါတယ်ပြောလိုက်လို့ ကိုယ့်ကို လက်ခံလိုက်ပါတယ်။ (တကယ်တော့ အမေ ချိန်ဘာဆင်းနေတာ ဗဟိုတရားရုံးမှာပါ၊ ဒါ့အပြင် အမေက ကိုယ့်မောင်လေး ကိုယ်ဝန်ဆောင် ထားချိန်ဖြစ်လို့ အမြဲအပို့အကြို မလုပ်နိုင်ခဲ့ပါဘူး၊ သူငယ်တန်းကစလို့ ကျောင်းကားစီးပြီး ကျောင်းတက်ခဲ့ရတာ ဆယ်တန်းအထိပါပဲ)။

ကျောင်းဝင်ခွင့်ရပြီဆိုပြန်တော့ ကျောင်းတက်မယ့် ကျောင်းသူနဲ့ အုပ်ထိန်းသူ မိဘတစ်ဦး ကျောင်းကို သွားရပါတယ်။ တာဝန်ကျ ဆရာမတစ်ဦးက ကျောင်းဝတ်စုံစည်းကမ်းနဲ့ ပတ်သက်ပြီး အသေးစိတ် ပြောပြတာ ကိုယ် မှတ်မိနေပါသေးတယ်။ သူငယ်တန်းက လေးတန်းထိ ဂါဝန်၊ ငါးတန်းက ခုနစ်တန်းထိ စကပ်နဲ့ ရှစ်တန်းကနေ ဆယ်တန်းထိ လုံချည်ဝတ်ရပါတယ်။ ဂါဝန်ဆို ထီးပုံကားနေရမယ်၊ လက်ဖောင်းအပြားစီးက တစ်လက်မအရွယ် ရှိရမယ် စသဖြင့် အသေးစိတ်ပြောတဲ့အပြင် ၀တ်စုံပြည့်ဝတ်ထားတဲ့ ကျောင်းသူတစ်ယောက်ကို ခေါ်ပြီး နမူနာပြပါသေးတယ်။ ကျောင်းလခ အစိတ် (၂၅ကျပ်) ပေးသွင်း ပြီးနောက် ကိုယ်ဟာ လသာ ၂ ရဲ့တရားဝင် သမီးကျောင်းသူ ဖြစ်သွားပါပြီ။

ဒီလိုနဲ့ ကျောင်းစတက်ရမယ့်ရက်မှာ အမေ့လက်ကိုဆွဲလို့ ခံ့ညားကျယ်ဝန်းလှတဲ့ ကျောင်းတော်ကြီးရှေ့ကို ရောက်ခဲ့ပါတယ်။ ကိုယ်က တစ်ခြားကလေးတွေလို ငိုယိုဂျီကျတာမျိုး မရှိခဲ့တဲ့အတွက် အမေကံကောင်းတယ်လို့ပဲ ဆိုပါရစေ။ ကိုယ်တက်ရမယ့်အခန်းက သူငယ်တန်း D  မှာ၊ အတန်းပိုင် ဆရာမက ဒေါ်အုန်းကြည် ပါ။ ကိုယ့်ကိုတွေ့တိုင်း မှတ်မိနေတဲ့ ဆရာမပါ။  ကျောင်းစတက်တဲ့ ရက်မှာတင်ပဲ ကိုယ်က ကျောင်းပျော် ဖြစ်သွားပါပြီ။ ပျော်ဆို ကျောင်းစတက် တက်ချင်း တစ်ပတ်လုံးလုံး စာတစ်လုံးမှ မသင်ရဘဲ ကဗျာတွေရွတ်ရ၊ ကျောင်းသီချင်းတွေဆိုကြ၊ သူငယ်ချင်းတွေအများကြီးနဲ့ ဆော့ကစားကြရလို့ ပျော်စရာ ကောင်းခဲ့ပါတယ်။ ကိုယ်အမှတ်ရနေသေးတာက ပထမဆုံးနေ့မှာ နေ့လည်ထမင်းစား၊ ကစားပြီး  မောသွားတော့ စာသင်စားပွဲခုံပေါ်မှာ မျက်နှာအပ်ပြီး အိပ်ပျော်သွားလိုက်တာ ကျောင်းဆင်းခါနီး ဆရာမ လာနှိုးမှပဲ နိုးပါတယ်။ ကိုယ့်စိတ်ထဲမှာ ကျောင်းတက်ရတာ ပျော်စရာကောင်းတယ်လို့ ထင်သွားခဲ့တာ အမှန်ပါ။ နောက်တစ်ပတ်ကစပြီး ရေးလိုက်ရတဲ့ သင်ခန်းစာတွေ၊ လုပ်လိုက်ရတဲ့ အိမ်စာတွေက လက်တညောင်းပါပဲ။

ကျောင်းကြီးနဲ့ ပတ်သတ်ရင် အမှတ်ရစရာ၊ ရေးစရာတွေ အများကြီးရှိပေမယ့် နောက်ကြုံမှပဲ ရေးပါတော့မယ်။ “အ.ထ.က ၂ လ သာ၊ မျှတလှပ ချစ်စရာ၊ တိုးတက်မှာ မိုးထက်အာကာ” ဆိုတဲ့ ကျောင်းသီချင်းတစ်ပုဒ်ရဲ့ နောက်ဆုံး စာသားလေးက ကိုယ့်နားထဲစွဲနေခဲ့တာ ခုချိန်တိုင်အောင်ပါပဲ။  

လသာ ၂ ကို ချစ်တဲ့
ဇွန်မိုးစက်

၁၉၈၆-၈၇ စာသင်နှစ်၊ ဒုတိယတန်း (က)
အတန်းပိုင်ဆရာမ ဒေါ်မူမူချိုနှင့် အမှတ်တရ

Comments ( 15 )

မဟာလှေကား၊ မြညီလာခမ်းမ၊ အေးစက်စက်ကော်ရစ်ဒါတွေ...
ကျောင်းအလယ်ကပန်းခြံ၊ ဆူညံနေတဲ့ မုန့်စားဆောင်တွေ..
လွမ်းသွားပြီကွယ်..

အဲဒီလို အကျောင်းအရာလေးတွေ ဖတ်ရတာ ချိုမြိန်တယ်။

မအိမ့်ရဲ့ comment က ညီမပို့စ်ကို ပိုပြီးပြည့်စုံသွားစေတယ်။

ရီတာ ဖတ်ရတာ ချိုမြိန်တယ်ဆိုလို့ ဒီပိုစ့်လေးတင်ရကျိုးနပ်သွားပြီ။ တစ်ညက ရေးလို့အားလုံးပြီးခါနီးမှ accidentially delete ဖြစ်သွားလို့ တော်တော်စိတ်ဓါတ်ကျသွားပြီးမှ နောက်တစ်ခေါက်ပြန်ရေးရတာ မနက်၂နာရီထိုးရော။

လာဖတ်သွားတဲ့ မအိမ့်ကိုရော၊ ရီတာ့ကိုရော ကျေးဇူးတင်ပါတယ်။

တို့များတုန်းက ကျောင်းဝင်ခွင့်ရဖို့ ကိုယ်တိုင် အဗျူးခံခဲ့ရတာနော်...န၀မတန်း ကျောင်းသူကြီးတောင် ဖြစ်ပေပြီကိုး...ဆရာမကြီး ဒေါ်တင်တင်နဲ့

မိုးစက်ချင်းတူလို့ စိတ်ဝင်စားစွာ လာနှုတ်ဆက်ပါတယ် .... လသာ (၂)တော့ မနေဖူးဘူး... template လေးက ရေးထားတဲ့စာတွေလိုပဲ ရှင်းရှင်းလေးနဲ့လှတယ်..

ဆယ့်နှစ်နှစ် တက်ခဲ့တာချင်း အတူတူပဲ ညီမလေး။ ဆရာမတွေရဲ့ ကျေးဇူးတွေ အများကြီး ရှိတယ်။ နောက်ပိုင်း ကျောင်းကို မရောက်ဖြစ်တော့ပဲ အဆက်ပြတ်သွားတာ။ ကိုယ့်ခေတ်က ဆရာမတွေလည်း အငြိမ်းစားကုန်ရောပေါ့။ ညနေ ညနေ ကျောင်းကားစောင့်ချိန် သူများတွေနဲ့ မကစားပဲ မဟာလှေခါး လှေခါးထစ်တွေပေါ်မှာ အိမ်စာတွေ ပြီးအောင် လုပ်ခဲ့တာလည်း သတိရတယ်။ ကိုယ့်ကိုကိုယ် ပုံမှန်မှ ဟုတ်ရဲ့လားလို့ ပြန်စဉ်းစားနေတယ် ဟားဟား။

ဆရာမကြီးက ဗျူးရတာ နှစ်သက်ပုံပဲနော် မသီတား)

စိတ်ဝင်စားစွာ လာနှုတ်ဆက်တဲ့ မိုးစက်ပွင့်ကို ကျေးဇူးတင်ပါတယ်။

သြော်..ဇွန်နဲ့များကွာပါ့..ညီမကတော့ ကျောင်းကားစောင့်ချိန်မှာ ကစားတာလေ။ :D ဒါကြောင့်လည်း တို့အစ်မနုသွဲ့ ဒီလောက်တော်တား)

မမင်းက တော့ မိဘက ဝန်ထမ်းမို့ နယ်ကျောင်းတွေ ၆ ကျောင်းလောက်ပြောင်းပြီး ဆယ်တန်းအောင်ခဲ့ရတာဆိုတော့လေ... ခုလိုကျောင်းတော်ကြီးသူတွေ မြို့တော်ကြီးသူတွေ တွေ့ရင် ဘာအထင်ကြီးမှန်းမသိဘူး... မုဒိတာလည်းဖြစ်မိပါတယ်။ ကိုယ့်အကြောင်းပြန်တွေးတိုင်း "တော်သေးတာ သုံးကျောင်းပြောင်းတဲ့ ဘုန်းကြီး" ဆိုတဲ့စကားပဲရှိပေလို့ ဆိုပြီး.. ပြုံးပြုံးကြီးဖြစ်မိတယ်

ကျောင်းအလွမ်းလေး ဖတ်သွားပါတယ် အစ်မရေး))

လသာ(၂)က သူငယ်ချင်း၂ ယောက်ရှိခဲ့ပါတယ်..ခံစားချက် ပေါင်းများစွာ ပေးစွမ်းနိုင်ခဲ့သော အမှတ်တရ သူငယ်ချင်း ၂ ယောက်လည်းဖြစ်ပါတယ်.....

ပညာရေးအဆင့်မြင့်စေရာ
အစဉ်သာတွေးချင့်တင့်ဝေဆာ
နှစ်ပေါင်းများရှည်ကြာ
တကယ်ကြိုးစားလေတာ
ဂါရ၀ထား ဆရာမများ
အားနဲ့ဇွဲနဲ့သာ..........။

ညီမရေ... အမက လသာ၂ကို သူငယ်တန်းကနေ ၅တန်းအထိပဲ နေခဲ့တာပါ... ၆တန်းရောက်တော့ အဖေက အမေ့ကျောင်းကို ပြောင်းထားခဲ့တာ... ဘာပဲဖြစ်ဖြစ် ၆နှစ်ကြာနေခဲ့တဲ့ကျောင်းကြီးကို ခုထိသံယောဇဉ်ကြီးတုန်းပဲ... စိန်ပန်းပြာပင်ကြီးကိုရော... အ၀င်ဝက ငုပန်းပင်ကြီးကိုရော... စည်းကမ်းမလိုက်နာရင် အော်တတ်တဲ့ ဘဘောကောင်းတဲ့ ဂိတ်ဝစောင့်တဲ့ ဦးလေးကြီးကိုရော... ပြီးတော့ ပညာရေးအဆင့်မြင့်စေရာ အစဉ်သာတွေးချင့်တင့်ဝေဆာ ဆိုတဲ့ သီချင်းလေး အော်ဆိုရင်း သံလျက်စွန်းကို သွားပြီး အားကစားပြိုင်ပွဲတွေ ပြိုင်ခဲ့ရတာကိုရော... မနေ့ တနေ့ ကလို အမှတ်ရနေတုန်းပဲညီမရေ... ထူးခြားတာက အဲဒီလို ၆နှစ်ပဲ နေခဲ့ရတုန်းက ငယ်သူငယ်ချင်းတွေ အာအိုင်တီမှာ ပြန်တွေ့ တော့ တန်းမှတ်မိကြတာပဲ... ခုလဲ တကျောင်းထဲသံယောဇဉ်နဲ့  တို့ ညီမကို ပိုခင်သွားမိပြီ...

အခုလေးတင် fb မှာ လသာ ၂ grp လုပ်ထားပါတယ် စစချင်းမလို့ ဘာ post မှ မတင်ရသေးပါဘူး လက်လှမ်းမှီသလောက် member လေးနည်းနည်းနဲ့ပဲလုပ်ထားတာပါ အားလုံးကိုကြိုဆိုပါတယ် plz feel free to come & join us https://www.facebook.com/groups/283686768318020/ :) i miss all my friends and my mother land :)

သူငယ်ချင်းရေ-ဓါတ်ပုံလေးတွေ့လိုက်တော့ အရွယ်တူ အတန်းတူ သူငယ်ချင်းတစ်ယောက်ကို fb ပေါ်မှာ ပြန်တွေ့ရတာရော နှစ်တန်းတက်တဲ့ဓါတ်ပုံလေးပြန်ရတာပါ အရမ်းကိုပျော်မိတယ်လေ။ ဇွန်မိုးစက်က နှစ်တန်း (A) ကဆိုတော့ တို့တွေ တီချယ်တွေအစည်းအဝေးလုပ်နေတုန်း စာသင်ချိန်မှာ တံခါးပိတ်ပြီး ဆော့ခဲ့ကြတာမှတ်မိလားသူငယ်ချင်းရယ်။ ငယ်ဘ၀တွေက ပျော်စရာအမှတ်တရတွေနဲ့ ဓါတ်ပုံလေးအတွက် ကျေးဇူးပါ။

လသာ၂ကိုတအားသတိရတယ် လသာ၂ကသူငယ်ချငိးတွေကဘယ်သူငယ်ချင်းနဲ့မှမတူဘူး သူငယါတန်းထဲကဆယ်တနိးထိပခုံးဖက်ပေါင်းခဲ့တာတွေကမေးလို့မွှရဘူး