ရေရွတ်လိုက်တော့ တစ်လုံးတည်း၊ ဒါပေမယ့် တော်တော်အစွမ်းထက်ပြီး တန်ခိုးကြီးပါတယ်။ အရာရာတိုင်းကို သူကပဲ လွှမ်းမိုးချုပ်ကိုင်သွားတယ်။ စိတ်မပါဘဲလုပ်တဲ့ ကိစ္စတွေဆို အမှားအယွင်းပါတတ်တယ်။ ချောချောမွေ့မွေ့ မဖြစ်တော့ဘူး။ သူက အလင်းထက် မြန်တဲ့နှုန်းတဲ့ ခရီးသွားနိုင်တယ်။ တစ်ထိုင်တည်းကနေ စကြ၀ဠာအနှံ့ ခရီးဆန့်လို့ရသလို သာမန်လူကနေပဲ သမ္မတတို့၊ ၀န်ကြီးချုပ်တို့လည်း ဖြစ်နိုင်သေးတယ်။ စိတ်က လှပစေသလို၊ အရုပ်ဆိုး အကျည်းတန်သွားအောင်လည်း လုပ်တတ်တယ်။ နုပျိုမှုတွေ ပေးစွမ်းနိုင်သလို၊ အိုမင်းရင့်ရော်အောင်လည်း လုပ်ဆောင်နိုင်တယ်။ ဆင်းရဲ ချမ်းသာမှုတွေ ဖန်တီးနိုင်တာလည်း ဒီစိတ်ပါပဲ။ ချစ်တော့လည်းသူ၊ မုန်းတော့လည်းသူ၊ သနားကြင်နာပြန်တော့လည်းသူ၊ အရာရာတိုင်း သူကချည်း ခြယ်လှယ်နေတာပါ။ နိဗ္ဗာန်ရောက်အောင် တွန်းပို့ပေးမှာလည်း ဒီစိတ်၊ အပ္ပာယ် ငရဲရောက်အောင် ဆွဲချပေးမှာလည်း ဒီစိတ်ပါပဲ။
အဘိဓမ္မာတရားတော်အရ မြတ်စွာဘုရားဟောကြားခဲ့တဲ့ စိတ်အားလုံးပေါင်း (၈၉) စိတ်ရှိပါတယ်။ ဘုံအားဖြင့် စိတ် (၄) မျိုးရှိပြီး၊ ကာမဘုံ၌ဖြစ်သော ကာမာဝစရစိတ် (၅၄) မျိုး၊ ရူပဘုံ၌ဖြစ်သော ရူပါဝစာရစိတ် (၁၅) မျိုး၊ အရူပဘုံ၌ဖြစ်သော အရူပ၀ါစရစိတ် (၁၂) မျိုး နဲ့ လောကုတ္တရာစိတ် (၈) မျိုးတို့ ဖြစ်ပါတယ်။ ဘုံအားလုံးမှာ ပါဝင်နေတဲ့ စိတ်ကို အချုပ်အားဖြင့် ခွဲခြားကြည့်လိုက်ရင် အကုသိုလ်စိတ် (၁၂) ပါး၊ ကုသိုလ်စိတ် (၂၁) ပါး နဲ့ အဗျာကတ (ကုသိုလ်လည်းမဟုတ်၊ အကုသိုလ်လည်းမဟုတ်သော) စိတ် (၅၆) ပါး ဆိုပြီး ရပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေလို့ ဆိုကြပေမယ့် အရိယာမဖြစ်သေးတဲ့ သာမန်လူတစ်ယောက်မှာ ကာမ၀စရ (၄၅) စိတ် (၅၄ ထဲက မဟာကြိယာ စိတ် ၈ နဲ့ ဟသိတုပ္ပုဒ် စိတ် ၁ နုတ်) ထဲကနေပဲ ဖြစ်ပျက် နေကြတယ်လို့ ဆိုထားပါတယ်။ ကိုယ်တို့အားလုံး ဒီစိတ်တွေနဲ့ပဲ သံသရာခရီးတွေဆက်လို့ တစ်ဘ၀ပြီးတစ်ဘ၀ ကျင်လည်နေကြရပါတယ်။
အကုသိုလ်စိတ် (၁၂) ပါးကို အကျယ်ဖွင့်ဆိုလိုက်တော့ လောဘမူစိတ် (၈) ပါး၊ ဒေါသမူစိတ် (၂) ပါး နဲ့ မောဟမူစိတ် (၂) ပါး ရပါတယ်။ ကုသိုလ်စိတ် (၂၁) ပါးမှာ (ပုထုဇဉ်နဲ့ ရဟန္တာမဟုတ်တဲ့ သေက္ခပုဂ္ဂိုလ်တို့ပြုသော) မဟာကုသိုလ်စိတ် (၈) ပါး၊ ရူပါဝစရကုသိုလ်စိတ် (၅) ပါး၊ အရူပါဝစရကုသိုလ်စိတ် (၄) ပါး နဲ့ မဂ်စိတ် (၄) ပါးတို့ ဖြစ်ပါတယ်။ အဗျာကတစိတ်မှာတော့ ၀ိပါက်စိတ် (၃၆) ပါး နဲ့ ကြိယာစိတ် (၂၀) ပါးတို့ ပါဝင်ပါတယ်။ (ဒါ့ထက်အကျယ်တော့ ထပ်မထည့်တော့ပါဘူး၊ စာအရမ်းရှည်ပြီး၊ ဖတ်တဲ့သူတွေ ရှုပ်သွားမှာစိုးလို့ပါ)။ ကြုံကြိုက်တုန်း ဒီနေရာမှာ ပြောပြချင်တာလေးတစ်ခု ရှိပါတယ်။ စိတ်တစ်ခု ရုပ်ကိုးဆယ် ဆိုပြီး တစ်ချို့ အမှတ်မှားနေကြသူတွေ ရှိပါတယ်။ တကယ့်အမှန်က စိတ် တစ်ခုယုတ် ကိုးဆယ် ဖြစ်ပါတယ်။ စိတ်ပေါင်း ၈၉ စိတ်ကို ၉၀ထဲက တစ်ခုယုတ်လျော့တဲ့အနေနဲ့ ရှေးက မှတ်သားခဲ့ကြောင်း သိရပါတယ်။
ဟိုအရင်ကတော့ လောဘစိတ်ဆိုတာ အလိုရမ္မက် လောဘကြီးတဲ့သူတွေမှာသာ ရှိတဲ့စိတ်လို့ ထင်ခဲ့မိပါတယ်။ ဒေါသဆိုရင်လည်း စိတ်ဆိုးအမျက်ထွက်မှ ဒေါသလို့ ထင်ပါတယ်။ အဘိဓမ္မာသင်ရမှ လောဘစိတ်၊ ဒေါသစိတ်တွေကို သေသေချာချာ သိလာပါတယ်။ မနက်မိုးလင်းလို့ အိပ်ရာထ မှန်ကြည့်ပြီး မျက်နှာသစ်၊ သွားတိုက်ရာက အစ၊ ညအိပ်ရာဝင်ချိန်ထိအဆုံး (ဘုရားရှိခိုး၊ မေတ္တာပို့ချိန် တွေကလွဲလို့) လောဘ၊ ဒေါသ စိတ်တွေနဲ့ ရှင်သန်နေကြရတာပါ။
လောဘစိတ်က လိုချင်တောင့်တ တပ်မက်နှစ်သက်မှုတွေ ဖြစ်စေပါတယ်။ အစားကောင်းစားချင်တာ၊ ရုပ်ရှင်ကားကောင်းတွေ၊ သီချင်းတွေကြိုက်တာ၊ ကိုယ်နှစ်သက်သဘောကျတဲ့သူအကြောင်း ထပ်ပြန်တလဲလဲတွေးတာ... စသဖြင့်ပေါ့။ ဒေါသစိတ်မှာကျတော့ စိတ်ဆိုးတာ၊ စိတ်တို စိတ်အလိုမကျတာ၊ ၀မ်းနည်းအားငယ် နာကျင်စိတ်မကောင်းဖြစ်တာအားလုံး ပါဝင်ပါတယ်။ လောဘနဲ့ ဒေါသက တစ်ခုပြီးတစ်ခု လိုက်ဖြစ်တတ်ပါတယ်။ ဥပမာ - ကိုယ်စားချင်တဲ့ အစားအစာ မစားလိုက်ရတဲ့အခါ၊ အလုပ်ကို အချိန်မှီရောက်ဖို့ ဘတ်စ်ကားစောင့်ရတာ ကြာတဲ့အခါ၊ ကိုယ့်ချစ်သူက ဖုန်းဆက်ရင် မကိုင်တဲ့အခါ (မြင်လွယ်တဲ့ ဥပမာပေးလိုက်တာပါ) ၊ ကိုယ့်အလိုဆန္ဒတွေ မပြည့်နိုင်တဲ့အခါမှာ ဒေါသစိတ်ကကပ်ပြီး လိုက်ပါလာပါတယ်။ ဒေါသစိတ်ဖြစ်တဲ့အလျောက် ပြုမူမိတဲ့အခါ အမှန်ကို မမြင်တော့ဘဲ မောဟတွေဖုံးလွှမ်းပြီး အမှားတွေ လုပ်မိပါတယ်။ (အ၀ိဇ္ဇာလို့ခေါ်တဲ့ မောဟက မွေးကတည်းကဖုံးထားလို့ ကိုယ်တို့အားလုံး ပညတ်ကို ပရမတ်တွေထင်ပြီး ရှင်သန်နေခဲ့တာကတော့ အစမထင်တဲ့ သံသရာခရီး တစ်လျှောက်လုံးပါ)။ ဒါကြောင့်မို့လည်း မြတ်စွာဘုရားက လောဘ ဒေါသ မောဟ ရယ်လို့ မိန့်တော်မူခဲ့တာကိုးလို့ ကိုယ် ကောင်းကောင်းကြီး သဘောပေါက်သွားပါတယ်။
မွေးကင်းစကလေးငယ်တွေ မိခင်နို့သောက်ရတဲ့ အချိန်ကစလို့ လောဘစိတ် ကလေးဖြစ်နေပါပြီ။ နို့ဆာလို့ အော်ငိုချိန်မှာတော့ ဒေါသစိတ် ကလေးနဲ့ပေါ့။ ဒါပေမယ့်လည်း မောဟကြောင့် အမှန်ကိုမမြင်ဘဲ သတ္တ၀ါအားလုံး ဒီစိတ်တွေနဲ့ပဲ လောကီအာရုံ ကာမဂုဏ်မှာ စိတ်စေရာ ကျက်စားရင်း မွေ့လျော် နေခဲ့ကြပါတယ်။ အကုသိုလ်စိတ်မှန်း မသိခဲ့တော့ ငယ်ငယ်က ဒေါသကြီးတာတောင် ဂုဏ်ယူမိခဲ့ ပါသေးတယ်။
လုပ်ငန်းခွင်ထဲ အလုပ်မပြီးမှာ စိုးရိမ်ပူပန်ရတဲ့သောကတွေ၊ အလုပ်မှာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း စကားအချေအတင် ပြောဆိုရတဲ့အချိန်၊ ကိုယ့်လုပ်ရပ်ကို အသိမှတ်ပြုခံရလို့ ၀မ်းသာသည်ဖြစ်စေ၊ အထင်လွဲခံရလို့ ၀မ်းနည်းသည်ဖြစ်စေ စိတ်အားလုံးကတော့ လောဘ၊ ဒေါသစိတ်ပေါ်မှာ အနည်းနဲ့အများ အခြေခံပြီး ဖြစ်သွားပါတယ်။ ဒီလိုဆို ကုသိုလ်စိတ်တွေ မရှိသလောက်ဖြစ်နေပြီပေါ့လို့ မေးလာစရာ ရှိပါတယ်။ သတိမမူဘဲ သာမန် နေထိုင်သွားရင်တော့ အကုသိုလ်စိတ်က ပိုများတယ်လို့ ပြောလို့ရပါတယ်။
အလှူဒါနတစ်ခု စိတ်ပါလက်ပါ ပြုမိတဲ့အချိန်အခါမျိုး၊ ဘုရားဂုဏ်တော် ပွားများနေတဲ့အခါ၊ မေတ္တာပွားများ တဲ့အခါ၊ တရားဘာဝနာ အားထုတ်နေခိုက်မှာ၊ သီလစောင့်ခိုက် တရားနာယူခိုက်မှာ၊ သူတစ်ပါး ကောင်းမှုပြုတဲ့အခါ ကိုယ်က ကြည်နူးမှုနဲ့ သာဓုခေါ်တာ၊ အကူအညီလိုအပ်နေသူတွေကို အကူညီပေးခိုက်မှာ စသဖြင့် ကောင်းမှုမှန်သမျှ ပြုမိတဲ့အချိန်တိုင်း ကုသိုလ်စိတ်တွေ ဖြစ်ပါတယ်။ လက်တစ်ဖျစ်မှာ စိတ်ကုဋေတစ်သိန်းဖြစ်လို့ တစ်မိနစ်စာ ကုသိုလ်စိတ်ဖြစ်ရုံနဲ့ ကုသိုလ်စိတ်ပေါင်း ကုဋေသိန်းချီရပြီးသား ဖြစ်သွားပါတယ်။ အကုသိုလ်စိတ်လည်း ထို့အတူပါပဲ။

ဒီလို စိတ်သဘောတရားလေး သိသွားတဲ့အခါကျတော့ ကိုယ့်ကိုယ်ကို ဘာစိတ်ဖြစ်နေလဲဆိုပြီး အရင်ကထက် မြင်တတ်သွားပါတယ်။ ထူးခြားတာကတော့ အဲလိုသိလိုက်တာနဲ့တစ်ပြိုင်နက် ဖြစ်ပေါ်နေတဲ့စိတ်က အရှိန်နည်းပြီး အားပျော့ သွားပါတယ်။ ကိုယ်ဝမ်းနည်းတဲ့ အခိုက်တောင် ငါဒေါသစိတ် ဖြစ်နေပါလား၊ အကုသိုလ်စိတ် ဖြစ်နေပါလားဆိုပြီး အသိဝင်သွားပါတယ်။ ကိုယ်က တီဗွီဇာတ်လမ်းတွဲကောင်းတွေ၊ ရုပ်ရှင်တွေ ကြိုက်တဲ့အခါကျတော့ ကြည့်နေ တဲ့အခိုက်မှာ လောဘစိတ်နဲ့ သာယာပြီး တစ်လျှောက်လုံးကြည့်မိတာ အရင်ကတော့ မသိခဲ့ပေမယ့် သိသွားတဲ့အခါကျတော့ ကိုယ်ကြည့်နေတဲ့ ဇာတ်လမ်းအပေါ်မှာ စွဲလမ်းမှုက သိသိသာသာ လျော့နည်းသွားတာ တွေ့လိုက် ရပါ တယ်။ ကြည့်နေတဲ့ အခိုက်မှာတောင် သြော်...ငါဟာ လောဘစိတ်နဲ့ ကြည့်နေပါလားဆိုတဲ့ အသိလေး ၀င်ဝင်လာပါတယ်။ သီချင်းနားထောင်လည်း အဲဒီ့အတိုင်းပဲ ဖြစ်သွားတယ်။ စွဲလမ်းတပ်မက်မှု (လောဘ) စိတ်က နည်းနည်းလေးဖြစ်ဖြစ် လျော့ပါးသွားတာ အမှန်ပါပဲ။
ဒါပေမယ့် ကိုယ်လည်း လောကီသားထဲက တစ်ယောက်ပေမို့ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ရှင်သန် နေထိုင် ရတုန်းပါပဲ။ ခုလောက်သိမြင်ခွင့် ရလိုက်တာကိုက ၀မ်းသာစရာပါ။ ဒီစိတ်တွေသာ ဖြတ်ချ ပစ်လိုက်နိုင်ရင် နောက်ထပ်သံသရာမှာ ကျင်လည်နေစရာအကြောင်း မရှိတော့ပါဘူး။ အခုနေ နိဗ္ဗာန်လိုချင်ပြီလားမေးရင် မဖြေနိုင်သေးပါဘူး။ သံသရာအဆက်ဆက် လိုက်ပါလာတဲ့ ဒီစိတ်၊ စေတသိက်တွေ ကြိုးဆွဲရာအောက် ခန္ဓာဆိုတဲ့ ၀န်ကြီးကိုထမ်းလို့ ကျေကျေနပ်နပ်ကြီး ကပြ အသုံးတော်ခံနေရဆဲပါပဲ။
ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်
ကျမ်းကိုး။ ။ဗုဒ္ဓအဘိဓမ္မာ အနှစ်ချုပ် - ဒေါက်တာမင်းတင်မွန်

"စိတ်.......စိတ်.........ပါကွယ်....."..........
အကုသိုလ်စိတ်လေးတွေ နဲနိုင်သမျှ နဲအောင် ကြိုးစားပြီး နေကြရအောင်...... :)
စိတ်ကို ထိန်းချုပ်ဖို့ ကြိုးစားနေသူ တဦးပါပဲ..
ကိုယ်တွေ့ပါပဲ... ထိန်းရခက်တဲ့ ကိုယ့်စိတ်ကို အမြဲ ကြိုးစားပြီး မြင်အောင် ကြည့်နေရတယ်... ဒေါသ မောဟ လောဘတွေ ကလည်း အမြဲ ရှိနေတယ်...
စိတ်တွေ... စိတ်တွေ.....
ငါရူးပြီဟေ့....
ဘ၀တွေ.. ဘ၀တွေ....
ငါ... ရူးသွပ်ဆဲ.....
(တရားနာပြီး စိတ်ထဲ အဲ့ဒီသီချင်းက ရောက်လာတယ်။ ခက်ပါ့)
အင်း..
ထိန်းချုပ်ရခက်တဲ့ စိတ်... စိတ်... စိတ်......
ခင်မင်လျက်