စတုဒိသာနဲ့ နှစ်သစ်မင်္ဂလာ

Category:

ပြီးခဲ့တဲ့စနေနေ့လယ် ပူပြင်းပုံက အညာနွေနဲ့ ဆင်တူပါတယ်။ အိမ်ထဲမှာနေရင်း ချွေးပြိုက်ပြိုက်ကျလာအောင် ပူပါတယ်။ လေတိုက်ပုံကလည်း နွေလေရူးလိုပါပဲ။ နေ့လယ်ပိုင်း လေအေးပေးစက် မဖွင့်ဘဲ နေကြပေမယ့် အိမ်ခန်းထဲအထိ ခပ်ပြင်းပြင်းတိုက်ခတ်ပြီး ၀င်ရောက်လာတဲ့လေကြောင့် အပူဒဏ်ကို အနည်းနဲ့အများ လျော့ပါးသက်သာစေတာမို့ နေလို့ကောင်းပါတယ်။ တနင်္ဂနွေနေ့မှာ ကျွေးမွေးမယ့် စတုဒိသာ ရွှေရင်အေးအတွက် ဂျယ်လီတွေ ၀ိုင်းကူခြစ်နေရင်း၊ သာကူတွေ မွှေကူရင်း၊ ဒီနေ့သိပ်ပူတယ်ဆိုတော့ မနက်ဖြန် မိုးရွာတော့မှာပဲလို့ ခန့်မှန်းမိပြီး စိုးရိမ်စိတ်နဲနဲ ၀င်သွားပါတယ်။ မိုးရွာရင် လူတွေ သွားလာရအဆင်မပြေဖြစ်ပြီး မုန့်တွေ လာမစားမှာကို အလှူရှင်ကိုယ်စား စိတ်ပူနေမိသေးတာပါ။

ကိုရွှေမိုးကတော့ နောက်တစ်နေ့ရောက်အောင် မစောင့်ဘဲ ညကတည်းက ရွာချဖို့ဟန်ပြင်နေပါပြီ။ မုန့်လုံးရေပေါ်ဆွမ်းကပ်ဖို့ မနက် ၆နာရီခွဲထတဲ့အချိန်မှာ အပြင်ဘက်ကို လှမ်းကြည့်တော့ ၀န်းကျင်တစ်ခုလုံးရွှဲစိုလို့။ မိုးကလည်း လုံးလုံးရပ်မသွားဘဲ ဖွဲဖွဲလေး ရွာနေဆဲပါပဲ။ စတုဒိသာကျွေးမယ့် နေရာကိုရောက်တော့ ၉နာရီထိုးနေပြီမို့ နောက်ကျသွားတယ်လို့ ဆိုနိုင်ပါတယ်။ နေပူပူမှာလို နေရာထိုင်ခင်း အဆင်တပြေ လွယ်လင့်တကူ မရတော့တာမို့ အမိုးရှိတဲ့ လျှောက်လမ်းကလေးမှာပဲ စားပွဲချ၊ နေရာယူ၊ ပါလာတဲ့ ပစ္စည်းတွေ ထုတ်ယူခင်းကျင်းပြီး ရာသီဥတု အေးအေးမှာ ရွှေရင်အေး ဝေကြတာပေါ့။ မုန့်ပွဲတွေပြင်ရင်း အသိမိတ်ဆွေတွေကို တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ရ၊ မမြင်တာကြာပြီဖြစ်တဲ့ အရပ်တွေရှည်ပြီး ထွားလာကြတဲ့ တပည့်လေးတွေကို တအံ့တသြကြည့်ရနဲ့ အာရုံငါးပါးလုံး အလုပ်များတဲ့ကြားက အချိန်လုပြီး ကင်မရာလေး အမြန်ဆွဲထုတ်လို့ မိုးဖွဲဖွဲကြားမှာ မှတ်တမ်းတင်ခဲ့ပါတယ်။

မိုးအေးအေးနဲ့ အိမ်မှာကွေးကောင်းတဲ့ရာသီဥတုမှာကိုပဲ လူတွေအများကြီးလာပါတယ်။ မုန့်တွေလည်း ထင်မှတ်ထားတဲ့အချိန်ထက် တစ်နာလောက်ပိုစောပြီး ကုန်သွားပါတယ်။ ကိုယ်တို့ရဲ့ ရွှေရင်အေးလည်း ကျောက်ကျောနဲ့ ကောက်ညှင်းအရင်ကုန်သွားရာကနေ အဆင့်လျှောပြီး မုန့်လက်ဆောင်းဖြစ်သွားပါတယ်။ နောက်ဆုံး မုန့်လက်ဆောင်းဖတ်နဲ့ ဂျယ်လီတွေကုန်သွားချိန်မှာတော့ ပေါင်မုန့်အုန့်နို့ဆမ်း ဖြစ်သွားပါတော့တယ်။ ကိုယ်ဖိတ်ထားတဲ့ သူငယ်ချင်းတွေတောင် လာတာနဲနဲနောက်ကျတာနဲ့ သူတို့ခမျာ ရွှေရင်အေးတောင် မသောက်လိုက်ရရှာပါဘူး။ မုန့်ထည့်နေရင်း ညီမလေးတွေ တကူးတက ယူလာပြီးကျွေးတဲ့ မုန့်ဟင်းခါးတစ်ပွဲ၊ မုန့်လက်ကောက်ကြော်တစ်ခုနဲ့ မုန့်လင်မယား နှစ်ခု စားလိုက်ရပါတယ်။ ဒီတစ်ခေါက် သတ္တိပဋ္ဌာန်ရိပ်သာရဲ့ စတုဒိသာအကျွေးအမွေးအလှူပွဲမှာ လူတွေစိတ်ရှည်လက်ရှည်နဲ့ တပျော်တပါး စီတန်းပြီးအားပေးကြတာ မုန့်လင်မယားပါ။

စတုဒိသာအကျွေးအမွေးမှာ ရသလောက်ရိုက်ခဲ့တဲ့ မြန်မာ့ရိုးရာမုန့်အစားအစာပုံလေးတွေ အမှတ်တရ တင်လိုက်ရင်း နှစ်သစ်ကို နှုတ်ခွန်းဆက်သလိုက်ပါတယ်။ စာဖတ်သူတွေကို ပုံပြပြီးနှိပ်စက်တယ်လို့တော့ မထင်စေချင်ပါဘူး။ မုန့်အတူစားပြီး နှစ်သစ်ကို ဆာလောင်မွတ်သိပ်ခြင်း မရှိဘဲ ကြိုဆိုရအောင်လို့ ရည်ရွယ်ပါတယ်။ အားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြီးပြည့်စုံသော အတာချိန်ခါ နှစ်သစ်မင်္ဂလာဖြစ်ပါစေ။း))


 
 ဆင်ဘောင်ဝမ် ကင်ဘာရာလမ်းမှာ ပြုလုပ်ကျင်းပခဲ့တဲ့ သတ္တိပဋ္ဌာန်ရိပ်သာရဲ့ စတုဒိသာအလှူမြင်ကွင်း


ရွှေမြန်မာတိုင်း အားပေးကြတဲ့ မုန့်ဟင်းခါး


ဘာစားမလဲ... မြီးရှည်နဲ့ ရှမ်းခေါက်ဆွဲ?


 ပွဲတိုင်းကျော်တဲ့ မုန့်လုံးရေပေါ်


ဘိန်းမုန့်လည်း ပါတယ်နော်


တစ်ကွင်းတည်း... ဒါပေမယ့် မုန့်လက်ကောက်


ထမင်းစားလိုက်ရမှ တိမ်းတိမ်တယ်ဆိုသူများအတွက် ...


တို့ဟူးသုတ် တစ်ပွဲပေးပါ


 
ရွှေရင်အေးလေး သောက်သွားပါ


 ဒိုမီနီနဲ့ အချိုတည်း


 ငှက်ပျောပေါင်းလည်း ရသတဲ့


အို... ကြာဇံကြော်နဲ့ ၀က်သားထုတ်ထိုး...


 
ဟောဒီက မုန့်ဖက်ထုပ်


ပါဆယ်ဆွဲဖို့ လက်ဖက်သုပ်တစ်ပွဲ


ဖရဲသီးချိုချိုအေးအေး


 မုန့်လင်မယား အားပေးကြသူများ


 ဒီလောက်အကြာကြီး စောင့်ပြီးမှတော့ အိမ်ကလူတွေကျွေးဖို့ သယ်ရဦးမှာပေါ့ကွယ်



ဇွန်မိုးစက် 

မှတ်ချက်။    ။ ဓာတ်ပုံဆရာမှာ မြင်သာမြင်ရ မကြင်ရ ဘ၀ကဲ့သို့ အထက်ပါပုံများအားလုံးကို ရိုက်သာရိုက်ပြီး မစားလိုက်ရပါကြောင်း။

Comments ( 10 )

ပုံတွေကြည့်ရတာနဲ့တင် ပျော်စရာကောင်းမယ့်ပုံ....၊း)

မြန်မာ့ရိုးရာ အစားအသောက်တွေကို အခုလို တစုတစည်းထဲ စားခွင့်ရတာ (ဓါတ်ပုံဆရာအတွက်တော့ စိတ်မကောင်းပါဘူး) ကံကောင်းကြတာပေါ့၊း) မြေပြင်ကိုကြည့်ရတာ စိုစွတ်နေလို့ မိုးကြောင့်လား၊ အတာသင်္ကြန်ကြောင့်လားလို့ တွေးတောစရာ..၊ တစ်ကွင်းတည်းရှိတဲ့ မုန့်လက်ကောက်ကိုလည်း သဘောကျတယ်၊ အဖြူနဲ့ အနက် နှစ်ရောင်တည်းပေမယ့် စားချင်စရာမို့ The Lord of the rings လို့များ ဆိုရမလားပဲ...၊းP

ပုံတွေ စုံစုံညီညီနဲ့ ဝေမျှတာ ကျေးဇူးပါ ညီမလေးရေ..၊ မင်္ဂလာရှိသော မြန်မာ့နှစ်သစ် ဖြစ်ပါစေလို့လည်း နှုတ်ဆက်ပါတယ်နော်...။

ပုံတွေသာ ကွန်ပြူတာအပြင်ကိုထွက်လာပြီး စားလို့ ရရင် တော့လား....
နှစ်သစ်မှာပျော်ရွှင်ပါစေညီမ.

မင်္ဂလာနှစ်သစ်ပါ အစ်ကိုညီလင်းနဲ့ အစ်မရှင်လေး။း))

မင်္ဂလာနှစ်သစ်ပါ မဇွန်ရေ။ မဇွန်နာမည်ရင်းက ချစ်စရား)) စားစရာပုံတွေ အသက်ဝင်လွန်းလို့ ဂလုဂလုတောင်ဖြစ်သွားးးးးD

မင်္ဂလာနှစ်ပါ ပန်းချီရေ။ တိုက်တိုက်ဆိုင်ဆိုင် ပန်းချီ့ကိုတောင် ညက အိပ်မက်မက်လိုက်သေးတာ။း) အဲ... မဇွန် နာမည်ရင်းဘယ်လိုသိတာလဲလို့ စဉ်းစားနေတာ...နောက်ကျမှ သတိရသွားတယ်။ စာပေဟောပြောပွဲနေ့ကပဲ ဖြစ်ရမယ်။ :D

စားချင်လိုက်တာ ... ဗြဲ

@:P စားချင်ရင် ပုံတွေဒေါင်းလုပ်လုပ်ပြီး ယူသွားနော်းP

ချစ်သောမဇွန်ရေ…တိုက်ဆိုင်တယ်ပဲ ပြန်ပြောရမလား..ကြာဇံနဲ့ဝက်သားတုတ်ထိုး စားချင်နေလို့ မဇွန်ပို့စ်လေး နောက်တစ်ခေါက်လာပြန်ဖတ်တာ.. မဇွန်က အိပ်မက်မက်တယ်ဆိုလို့ အတော်ပျော်သွားးးး ဒါပေမယ့် အိပ်မက်ထဲမှာ လူဇိုးတော့မဟုတ်တန်ရာဘူးလို့ မျှော်လင့်ပါတယ်း)))))

နောက်တစ်ခေါက်လာဖတ်လို့... တစ်ခေါက်ထပ်ပြီး ကျေးဇူးတင်ပါတယ် ပန်းချီရေ။ အဟား... အိပ်မက်ထဲမှာ ပန်းချီက မဇိုးပါဘူး... အဲလေ... မဆိုးပါဘူး။ :))

စားစရာတွေက အရမ်းစုံတာပါပဲလား ဇွန်ရယ်....
မင်္ဂလာနှစ်သစ်ဖြစ်ပါစေ....

ချစ်တဲ့
မလေးး))