သယ်ပိုးရာမှာ သူတို့ပါ

Category:

ဂျင်းပန်အပြာဝတ်ပြီး ကျောပိုးအိတ်လွယ်ရခြင်းကို ကြိုက်နှစ်သက်သော၊ ထိုအကြောင်းကို တခုတ်တရ စာဖွဲ့ခဲ့ဖူးသော ဇွန်သည် သြစတြေးလျနိုင်ငံ၏ ထိပ်တန်းစာရင်းဝင်တက္ကသိုလ်တစ်ခုတွင် ဘွဲ့လွန်ကျောင်းသူအဖြစ် တက်ရောက်သင်ကြားခွင့်ရချိန် အစပထမတွင် ကျောပိုးအိတ်လွယ်ပြီး ကျောင်းတက်ဖို့ရာ စိတ်ကူး လုံးလုံးမရှိခဲ့ချေ။ သူမ၏အသက်အတော်အတန်ကြီးပြီဟု ယူဆထားသည်ကတစ်ကြောင်း၊ သူမတက်ရောက်သင်ကြားရမည့် ဘာသာရပ်သည် လူကြီးဆန်သည်ဟု ထင်မြင်မိသည်ကတစ်ကြောင်းတို့ကြောင့် ကျောပိုးအိတ်အစား ပခုံးတစ်ဖက်တည်းပေါ်မှာ  အလွယ်တကူ တင်လွယ်နိုင်သော၊ ပစ္စည်းပစ္စယ များများစားစား ထည့်နိုင်သော လက်ပွေ့အိတ်ကြီးကြီးတစ်လုံးကိုသာ ဟန်ကျပန်ကျ ကိုင်မည်ဟု ဆုံးဖြတ်ထားခဲ့လေသည်။ သို့ရာတွင်… လက်တွေ့မှာ စိတ်ကူးနှင့် ခြားနားခဲ့သည့်အလျောက် မူလဒုံရင်း ကျောပိုးအိတ် လွယ်မြဲဘ၀သာ  ပြန်လည်ရောက်ရှိခဲ့လေသည်။

ရာသီဥတုအေးပြီး လေပြင်းများတိုက်ခတ်သည့်အခါ လက်နှစ်ဖက်ကို အပေါ်ရုံအနွေးထည်ရှေ့ခြမ်းရှိ အိတ်ကပ်ထဲထည့်ထားပြီး လမ်းလျှောက်မှသာ ခံသာသည့်အတွက်ကြောင့်လည်းကောင်း၊ သူမ၏ အလေးချိန်စီးသော လက်ပ်တော့အိုကြီးကို ရံဖန်ရံခါ ကျောင်းသို့သယ်ယူသွားရန် လိုအပ်သောကြောင့်လည်းကောင်း ကျောပိုးအိတ်ထက်ပို၍ အဆင်ပြေသက်သာသော အခြားအိတ်ကို အစားထိုးရန် ရှာမတွေ့ခဲ့ချေ။ သို့ဖြစ်ရာ သူမ ထည့်နေကျပစ္စည်းများကို ထိုအိတ်ထဲသို့ အကန့်လိုက်ထည့်ပြီး နေ့စဉ်ကျော၌ သယ်ပိုးသွားနေရာ အစ်မသက်ဝေ၏ ကောင်းမှုဖြင့် အိတ်အတွင်းရှိ အရာများကို ကိုယ်တိုင်ပြန်လည် ဆန်းစစ်ကြည့်ရှုမိရုံမျှမက အများသူငါတို့အားလည်း ပေးသိမြင်ခွင့်ရစေရန် အကြောင်းဖန်လာတော့သည်။

ခဲရောင်အဆင်းရှိ ခရီးဆောင်ကျောပိုးအိတ်တွင်း နေ့စဉ်နှင့်အမျှ ခိုအောင်းလိုက်ပါနေကြသော အရာများကား ပုံပါအတိုင်း ဖြစ်တော့သည်။ 


ပုံတွင် မပါသော၊ အလွန်တရာပေါ့ပါးသော အခြားပစ္စည်းနှစ်မျိုးလည်း အတွင်းကျဆုံး အကန့်မှာ ကျန်ရှိနေသေးကြောင်း သူမ ဖျတ်ခနဲသတိရသွားသော်လည်း တကူးတက ထုတ်မကြည့်ဖြစ်တော့ပေ။ တစ်ခုမှာ အမျိုးသမီးများနှင့်လစဉ် သက်ဆိုင်သည့်အရာဖြစ်ပြီး၊ နောက်တစ်ခုမှာ ကျောင်းသားကတ်ဒ်ထုတ်ချိန်က အခြားမှတ်စုမှတ်ရာ ပစ္စည်းများနှင့်အတူ အခမဲ့ရရှိထားသော၊ သူမ သို့မဟုတ် အခြားတစ်ယောက်အတွက် ဘယ်အချိန်ဘယ်အခါမှ အသုံးဝင်မည်ဟု တပ်အပ်မပြောနိုင်သော အရာတစ်ခု ဖြစ်လေသည်။

ပုံပါပစ္စည်းများအကြောင်း ကျကျနန စာဖွဲ့ရေးသားချင်ပါသော်လည်း များများစားစား အချိန်မပေးနိုင်သည့်အတွက် ဤမျှနှင့်သာ အဆုံးသတ်လိုက်ရပါကြောင်း၊ ချစ်သောအစ်မသက်ဝေတစ်ယောက် နားလည်ကျေနပ်လိမ့်မည်ဟု မျှော်လင့်မိပါကြောင်းဖြင့် အဆုံးသတ်နိဂုံးချုပ်ရင်း သယ်ပိုးရာပါသူတို့၏ တစ်ကဏ္ဍအား ဤတွင် တစ်ခန်း ရပ်လိုက်လေတော့သည်။


ဇွန်မိုးစက်

Comments ( 7 )

ကျောင်းသူလေးတယောက်ရဲ့ အိတ်ပေါ့... ဇွန်နဲ့ ကျောပိုးအိတ်လေးတွေနဲ့ သိပ်လိုက်တယ်... သိလား...း-)

ထုတ်မကြည့် / ထုတ်မပြတဲ့ ပစ္စည်းလေးတွေအကြောင်းရေးထားတာ ဖတ်ပြီး ပြုံးမိတယ်...း-)

အိတ်ကလေးအကြောင်း ရိုးရိုးရှင်းရှင်းလေး ပြောပြသွားတာ သဘောကျစရာ...။
ထုတ်မပြတဲ့အထဲက တစ်မျိုးပဲ သိတယ်..နောက် တစ်မျိုးကို စဉ်းစားလို့မရဘူး ...။
ကျောပိုးအိတ်လွယ်ထားတဲ့ မဇွန် ကို မြင်ယောင်ကြည့်မိတယ် :)

ကလေးမ ..... စာမေးပွဲနှစ်ရက် ပြီးတာနဲ့ကို တန်း ရေးတော့တာပါပဲလား။
အဲဒါမှ ကျောင်းသူစိတ် အစစ် ( စာကလွဲရင် ကျန်တာ လုပ်ချင်တာ ) :P
သြော် ... မေ့တော့မလို့ ..... စလုံးက calculator လေးက ပျင်းလိုက်တာတဲ့ သိလား :D

ပုံထဲမှာ thumb drive လေး ၂ ခုတောင် တွေ့မိတယ်၊း)
လက်ပ်တော့အိုကြီး လို့ သုံးနှုန်းထားတာကိုလည်း သဘောကျတယ်၊ “သမီးလေးရယ်.. အဘကို ဖြေးဖြေးဖွင့် ပါကွယ်၊ အသက်က ကြီးလာတော့ အရင်လို မမြန်နိုင်တော့ဘူးကွဲ့...” လို့ တုန်တုန်ချိချိနဲ့ ပြောနေတဲ့ လက်ပ်တော့ကြီးကိုတောင် မြင်ယောင်၊ ကြားယောင်လာ မိတယ်...၊းD

ဇွန့်ရဲ့ ပို့စ်လေးက တိုပေမယ့် ချစ်စရာကောင်းတယ်။

ကျောပိုးအိတ်လေးထဲ ထည့်ကာ ခေါ်သွားမလား...:P
(ချွဲကျိတာအေ)

မမသက်ဝေ... ဇွန့်ကို ကျောပိုးအိတ်နဲ့ မြင်ဖူးတယ်ပေါ့...း) တခြားအိတ်တွေနဲ့ဆို လိုက်ချင်မှ လိုက်မှာနော်။ :D

ညီမသူသူ... မြင်ယောင်ကြည့်လိုက်စမ်းဘာ...၊ ဂျင်းဘောင်းဘီအပြာဝတ်ပြီး ကျောပိုးအိတ်လွယ်ထားတဲ့ မဇွန်ကို။ ;-)

ညိုလေး... အဟိ၊ အဲလို အပြောမခံရတာကြာပြီ။ ပြောလိုက်ပါဟာ... စလုံးက calculator လေးကိုလည်း ငါလွမ်းနေတယ်ဆိုတဲ့အကြောင်း။ :D

ကိုညီလင်းသစ်... ဟုတ်တယ်၊ အဲဒီ့ thumb drive လေး နှစ်ခုက သယ်နေကျ ဖြစ်လို့ ဘယ်သွားသွား အမြဲပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း အဲဒါနဲ့ မလုံလောက်တာနဲ့ တခါတလေ external HDD ပါ သယ်နေရတယ်။ ဇွန့် လက်ပ်တော့အိုကြီးက အလေးချိန်စီးပေမယ့် မနှေးပါဘူးနော်၊ မလိုအပ်တဲ့ program တွေ အကုန်ဖြုတ်ထားလို့ မြန်ပါတယ်။း)

“မမက ဇွန်ခေါ်ရင် လိုက်မှာလား၊ မမက ဇွန်ခေါ်ရင် လိုက်မှာလား...” :D သတိရနေတယ်... မမသီတာ။


Plz check ur gmail (not zunmoesett)