World Cup Fever

Category: ,


 


ဇွန်မိုးစက်တစ်ယောက် World Cup fever စရသွားတာ ၁၉၉၄ ခုနှစ်ကပါ။ အဲသည့်နှစ်က အီတလီအသင်းကိုမှ သွားပြီး အားပေးမိရက်သား ဖြစ်ခဲ့တာကိုး။ လေးကြိမ်မြောက်ကမ္ဘာ့ဖလားကို ဘရာဇီးလ်နဲ့ အီတလီ ဘယ်အသင်း အရယူမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ယင်း ကိုယ်အားပေးသင်းတဲ့အသင်း ပယ်လ်နယ်တီနဲ့ ရှုံးသွားတော့ ဘယ်လိုစိတ်မကောင်းဖြစ်သွားမှန်း မသိဘူး။ အဲဒါနဲ့ပဲ ၁၉၉၆ ဥရောပဖလားပွဲမှာ ကိုယ်အားပေးတဲ့ အသင်းများ နိုင်လေနိုးနိုး မျှော်လင့်ချက်နဲ့ ဆက်အားပေးမယ်ကြံတုန်း အုပ်စုပွဲကတောင် မတက်နိုင်ဘဲ ထွက်သွားခဲ့ရလို့ စိတ်ဓာတ်တွေကျခဲ့ရတယ်။

၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားပွဲမှာတစ်ခါထပ်ပြီး မျှော်လင့်ချက်အသစ် ပြန်မွေးပြီး ကြည့်မိအားပေးမိပြန်တယ်။ ကွာတားအရောက်မှာ အိမ်ရှင်ပြင်သစ်ကို အချိန်ပိုမှာ ရွှေဂိုးနဲ့ရှုံးခဲ့တုန်းက တော်တော်စိတ်မကောင်းဖြစ်ပြီး နောက်နေ့ ကျောင်းတောင် သွားမတက်နိုင်တော့ဘူး။ နောက် ၂၀၀၀ခုနှစ် ဥရောဖလားဖိုင်နယ်မှာ ပြင်သစ်နဲ့ အီတလီ ထပ်တွေ့တယ်။ ဒီတစ်ခါ ၉၈က အရှုံးကို ပြန်ချေခွင့်ရပြီလို့ ထင်ခဲ့ပေမယ့် ပယ်လ်နယ်တီနဲ့ပဲ ထပ်ရှုံးပြန်ရော။ ပြောမပြနိုင်လောက်အောင် တော်တော်ခံစားလိုက်ရတယ်။ (မရယ်ကြပါနဲ့)

ကိုယ်အဓိကအားပေးတဲ့ အသင်းက အီတလီပါ။ ပြီးရင် အင်္ဂလန်ပေါ့။ အင်္ဂလန်ကို အားပေးပေမယ့် အားမရဘူး။ တစ်သင်းလုံးနီးပါး ပရီးမီးယားလိဂ်တစ်သင်းစီက နာမည်ကျော် player တွေနဲ့ ဖွဲ့စည်းထားပေးမယ့် တစ်နေရာရာမှာ အားပျော့နေသလို ခံစားရတယ်။ တစ်သင်းရှုံးသွားရင် နောက်ကျန်တဲ့အသင်း လိုက်အားပေးရတာပေါ့။ ကိုယ်အားပေးတဲ့ အသင်းတွေ ကွာတား၊ ဆီမီးမှာ ပြုတ်ကျန်ခဲ့ရင်လည်း ဗိုလ်လုပွဲရောက်တဲ့အထိ ကြည့်တာပါပဲ။ ကိုယ်တိုင်သာ ဘောလုံးမကန်တတ်တာ၊ ဘောလုံးပွဲကြည့်ရတာတော့ သိပ်ကြိုက်တာကိုး။

မှတ်မှတ်ရရ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားပွဲ ကျင်းပစဉ်ကာလတစ်လျှောက်လုံး study trip အတွက် ခရီးထွက်နေတာနဲ့ ကြုံတယ်။ အီတလီအသင်း ကန်တဲ့နေ့များဆို ခရီးသွားနေယင်း ရထားပေါ်မှာ၊ ကားပေါ်မှာ ဘောလုံးပွဲအကြောင်း သူများတွေပြောတဲ့အခါ အနိုင်အရှုံးရလဒ်ကို တစ်ချိန်လုံး နားစွင့်နေခဲ့ရတာ။ အင်္ဂလန်ကနေ စင်္ကာပူအပြန် အမ်စတာဒမ်မှာ ငါးနာရီကြာ transit ၀င်တယ်။ လေဆိပ်ထဲမှာလည်း transit ၀င်သူတွေ ဘောလုံးပွဲ ကြည့်လို့ရအောင် နေရာသီးသန့် စီစဉ်ပေးထားတာရှိတယ်။ ကိုယ်နဲ့ အင်ဒိုးနီးရှန်းမလေး အေမီက တက်ကြွစွာနဲ့ အနားမယူဘဲ သွားကြည့်ကြတယ်။ ဆီမီးဖိုင်နယ်မှာ အီတလီနဲ့  အိမ်ရှင်တောင်ကိုးရီးယား တွေ့ကြတာပေါ့။ ကိုယ်က အီတလီ၊ အေမီက အာရှတိုက်သား အချင်းချင်းမို့  ကိုရီးယားဘက်က အားပေးမယ်ပြောတယ်။ အဇူရီအသင်းအတွက် တရားမျှတမှု မရှိဘဲ ရှုံးချက်နာတဲ့ အဲသည့်နှစ်ကပွဲ ဘယ်တော့မှ ပြန်မကြည့်ချင်ဘူး။ တောင်ကိုးရီးယားလည်း နိုင်ပြီဆိုရော၊ လေဆိပ်တစ်ခုလုံးမှာရှိတဲ့ ကိုးရီးယန်းတွေ ထအော်လိုက်ကြတာများ ကြက်သီးထလောက်တယ်။ အေမီကပျော်ပြီး၊ ကိုယ်က စိတ်မကောင်းကြီးခြင်းများစွာနဲ့ မှိုင်နေတုန်း ကိုယ့်ဘေးက အနောက်နိုင်ငံသားတစ်ယောက်က လာမေးတယ်။ မင်းက ဂျပန်လား၊ ဟင့်အင်းဆိုတော့ ကိုးရီးယားလားတဲ့။ မဟုတ်ဘူးလို့ပြောတော့ သူထပ်မေးရမှာ အားနာသွားတယ်။ အာရှတိုက်သူ ကိုယ်က ကိုးရီးယားအနိုင်ရတာ မပျော်ဘဲ စိတ်မကောင်းဖြစ်နေတာ သူအတော် အံ့အားသင့်နေပုံရတယ်။ ကိုယ်က အီတလီအားပေးသူမှန်း သိသွားတော့ ပိုအံ့သြသွားတယ်။

၂၀၀၄ ခုနှစ် ဥရောပဖလားတုန်းက အင်္ဂလန်မှာ။ ဒီလိုဘောလုံးပွဲရာသီမျိုး အင်္ဂလန်မှာ နေရတာ ကြိုက်တယ်။ တစ်နိုင်ငံလုံး တက်တက်ကြွကြွနဲ့ သိပ်ပျော်စရာကောင်းတယ်။ အိမ်တိုင်း အင်္ဂလန်အလံတွေ လွှင့်ထူ၊ ကားတွေမှာလည်း အင်္ဂလန်အသင်း ကိုယ်စားပြုတဲ့အရောင်နဲ့ အလံဒီဇိုင်းတွေကို ကားဘီးပါမကျန် အရောင်တွေခြယ်သလို့။ တီဗွီဆိုလည်း အားကစားချန်နယ်ပဲ တစ်နေကုန်ဖွင့်ပြီး ကြည့်တာ။ ကျန်တဲ့ဘာအစီအစဉ်မှ စိတ်မ၀င်စားတော့ဘူး။ အဲသည့်နှစ်က အင်္ဂလန်အသင်းကို အားပေးခဲ့တယ်။ ပေါ်တူဂီမှာ ကျင်းပတဲ့ ဥရောပဖလားပွဲဖြစ်လို့ ပေါ်တူဂီအသင်း အနိုင်ရဗိုလ်စွဲမယ်လို့ နာမည်ကြီးခဲ့တာ မထင်မှတ်ထားတဲ့ ဂရိအသင်းက ဥရောပဖလား ရသွားတယ်။ ပေါ်တူဂီက နိုင်ချင်ဇောနဲ့ တအားကစားလို့ အမြင်ကပ်ပြီး ဂရိဘက်က အားပေးခဲ့တာ။ ကိုယ်အားပေးတဲ့အသင်း အနိုင်ရတော့ ပျော်ရတာပေါ့။

ဒီလိုနဲ့ ၂၀၀၆ ကမ္ဘာ့ဖလားပွဲ ရောက်ခဲ့ပြန်တယ်။ တိုက်တိုက်ဆိုင်ဆိုင် ဖွင့်ပွဲနေ့က ဇွန်လ ၉ ရက်။ ကိုယ့်မွေးနေ့မှာ စကန်တယ်ဆိုတော့ ကိုယ်အားပေးတဲ့အသင်း အနိုင်ရမှာလို့ ပြောခဲ့တာ မှတ်မိသေးတယ်။ အဲသည့်တုန်းက မြန်မာပြည်မှာ အလုပ်ဝင်နေချိန်။ အီတလီပွဲစဉ်ကို တစ်ပွဲမှ အလွတ်မခံဘဲ အိပ်ရေးပျက်ခံပြီး အားပေးခဲ့တယ်။ အီတလီအသင်း ကစားမယ့်နေ့ရောက်တိုင်း အပြာရောင်အင်္ကျီပဲ ၀တ်တယ်။ အသင်းပုံနဲ့ အသင်းသားပုံတွေပါတဲ့ ပိုစတာတွေ အစီအရီချပြီး အားပေးခဲ့တာ။ ဖိုင်နယ်မှာ ပြင်သစ်နဲ့ အီတလီတို့ တွေ့ကြပြန်ပြီ။ ဟာ... တစ်ခါထပ်ပြီး ပယ်လ်နယ်တီ ကန်ရဦးမယ်။ တကယ်ဆို အဲသည့်တုန်းက ကိုယ်ဖျားနေတာ။ ပယ်လ်နယ်တီနဲ့ အနိုင်အရှုံး ဆုံးဖြတ်တော့မယ်ဆိုတော့ လက်ဖျားခြေဖျားတွေ အေးစက်ပြီး ကိုယ်တွေတောင် ပိုပူလာသလိုပဲ။ ငိုရမလား၊ ရယ်ရမလား မသိရသေးဘူး။ ရင်တွေ အရမ်းတုန်ခဲ့တာ။ အပြန်အလှန် ဂိုးသွင်းပြီးချိန်မှာ အီတလီနိုင်သွားတော့ ဘယ်လိုပျော်မှန်း မသိဘူး။ ကိုယ်ဖျားတာလည်း ဘယ်ပျောက်သွားမှန်း မသိဘူး။ ပျော်လွန်းလို့ မောင်လေးနဲ့ဖက်ပြီး အော်ကြတယ်။ ၁၂နှစ်လုံးလုံး အားပေးခဲ့ရတာ ခုမှပဲ ဗိုလ်စွဲတော့တယ်။ အပျော်လွန်ပြီး ပြန်အိပ်လို့တောင် မရဘူး။ နောက်နေ့ မျက်တွင်းဟောက်ပက်နဲ့ ရုံးကို ပြုံးပြုံးကြီး သွားခဲ့တာ မှတ်မိတယ်။း)

၂၀၀၆ နောက်ပိုင်း ဘောလုံးပွဲနဲ့ အလှမ်းဝေးခဲ့တယ်။ စင်္ကာပူမှာ အလုပ်ဝင်ဖြစ်သွားတာလည်းပါတယ်။ စလုံးက လူတွေ ဘောလုံးပွဲကို မြန်မာတွေလောက် မခုံမင်သလိုပဲ။ ပြီးတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်လိုက်ရင် အေးတိအေးစက်နဲ့။ ကိုယ့်မြန်မာတွေကမှ အချင်းချင်းတွေ့ရင် တက်တက်ကြွကြွနဲ့ ဘောလုံးအသင်းတွေအကြောင်း မေးကြပြောကြနဲ့။ သူတို့တွေက အဲလောက် ခရေစီဖြစ်ပုံမပေါ်ဘူး။ ကိုယ်တောင်မှ လွန်ခဲ့တဲ့လေးနှစ်က ကမ္ဘာ့ဖလားပိုးလေး အိပ်မောကျနေပြီထင်တာ သူ့အချိန်ရောက်တော့ အလိုလို ပြန်ထလာတယ်။ ဒါနဲ့ သူငယ်ချင်းနဲ့ နှစ်ယောက်သား အားပေးတဲ့ အသင်းရဲ့ အင်္ကျီတွေ ၀ယ်ဝတ်ပြီး အမှတ်တရ ဓာတ်ပုံတွေရိုက်တာပေါ့။ ဒါကို မြင်တဲ့သူတွေက ပြုံးစိစိနဲ့။ ဂရုမစိုက်ပေါင်။

မနက်က  ဂျီတော့ခ်မှာ သူငယ်ချင်းက လာပြောတယ်။ ငါတော့ World Cup Fever ရနေပြီ။ အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ဘူးတဲ့။ ကိုယ်က မနက်က သူ့လောက် fever မရသေးဘူး။ ညနေတော့ သိသိသာသာ ရလာပြီ။  စိတ်ကလည်း အလိုလို တက်ကြွလာတယ်။ လေးနှစ်တစ်ခါမှရတဲ့ fever မို့ ကျေကျေနပ်နပ်ကြီးနဲ့ပဲ (ကမ္ဘာ့ဖလား) ရောဂါပိုး အ၀င်ခံလိုက်ပါ့မယ်။း)


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

(ဇွန့်သူငယ်ချင်း တင်စားတဲ့ World Cup Fever ဆိုတဲ့ အသုံးအနှုန်းလေးကို သဘောကျလို့ ခေါင်းစဉ်တပ်မိပါတယ်။)

Comments ( 10 )

မမရေ....ကြုံမှကြုံတတ်ပလေတယ်နော်။ ညီမလေးကလည်း အီတလီမှ အီတလီပါပဲ။ Euro 2000 မှာ အီတလီ ရှုံးခဲ့တုန်းက ငိုခဲ့တယ်ဆိုရင် ယုံမလား။ ဘောလုံးပွဲကြည့်တိုင်း ရတဲ့ fever ကဘာနဲ့မှ မတူဘူးလေ။ ကဲ.....မမရေ.....အဲဒီတော့ အတူတူ ပျော်ပျော်ပါးပါး fever တက်လိုက်ကြရအောင် :))

ညီမလေး
ဂျင်ဂျင်း

အီတလီအသင်းကို အားပေးတယ်ဆိုလို့ အဖော်ရပြီဆိုပြီး ၀မ်းသားအားရ ၀င်မန့်သွားတယ်။ ဒီမှာလည်း သိပ်အားမပေးကြဘူး။ပျင်းစရာကြီးတွေ။
း)

ဘောလုံးကန်တာကို သိပ်တော့ ကြိုက်တယ်မဟုတ်ဘူး
အိပ်ရေးပျက်တော့ ခံပြီး မကြည့်ဘူးဘူး
ဒီလိုပဲ တွေ့ရင်တော့ ကြည့်လိုက်တာပဲ .. :D
ဒါပေမယ့် ပင်နယ်တီဆို ရင်တွေ တုန်တယ် ..

အမကတော့ ဘယ်အသင်းရယ်လို့ မှုတ်ပါဘူး...ကောင်းတဲ့အသင်း၊ ခြေသာတဲ့အသင်း၊ အကွက်မိမိ ကစားတဲ့အသင်းဆို နိုင်စေချင်တာပဲ။ ခက်တာက ဘောလုံးက အလုံးကြီးဟ....:P

ဒီနှစ်နာမည်ကြီးနေတာကတော့ စပိန်နဲ့ ဟော်လန်လို့ ပြောနေကြတယ်... တတ်နိုင်ဘူးပေါ့လေ... ချစ်ကြည်ပြောသလိုပဲ ဘောလုံးဆိုတာ အလုံးကြီးတဲ့...

ညက စကန်တဲ့ ၂ ပွဲ လုံးကြည့်လိုက်တာ မိုးလင်းသွားတယ်...

ကိုယ်တော့ ခုထိ သိပ် ပိုးမထသေးဘူး ပြောရမယ်။

အင်း မစလိုက်ရင်ကောင်းမယ်ထင်တယ်။ စမိရင် မလွယ်ဘူး။

ဇွန်

ဗမာအမျိုးသမီးတစ်သင်း စင်ကာပူကနေ ထွက်ရအောင်...း)

စိတ်လှုတ်ရှားစရာ နေ့ တွေပါ။.... ဂိုးးးးးးးး

oh another italy fan!!
i'm still so sad that i can't even watch the rest of the WC :((((((
anyway, forza italia for euro 2012!