ဟော... ဟိုမှာ... ကွေ့ကွေ့ကောက်ကောက် စီးဆင်းနေတဲ့ မြစ်တွေ၊ ချောင်းတွေ ဒါဟာ.. ကိုယ်သိပ်ချစ်တဲ့ မြေပေါ်က ဘယ်နိုင်ငံနဲ့မှ မတူတဲ့ အမှတ်အသားတွေပေါ့။ လေယာဉ်ဆင်းခါနီးတိုင်း လိုက်ကြည့်ဖူးတဲ့ မြေပေါ်မှာ ကိုယ်တို့နိုင်ငံလောက် ကွေ့ကွေ့ကောက်ကောက် စီးဆင်းနေတဲ့ မြစ်တွေချောင်းတွေ ပေါများတာ သိပ်မတွေ့ဖူးသေးဘူး။ ဟယ်... ပြောင်ပြောင်လက်လက်တွေ အများကြီးပဲ။ ဘာတွေများပါလိမ့်.. နီးသထက်နီးလာတဲ့ မြင်ကွင်းအဆုံး သိလိုက်ရပြီ။ သွပ်မိုးအိမ်တွေကနေ အလင်းပြန်ပြီး ထွက်လာတဲ့ အရောင်တွေကိုး။ ကျွန်းမဟုတ်တဲ့ ကြီးမားကျယ်ပြန့်တဲ့ မြေကြီးကို ထိတွေ့ခွင့်ရပြီ။ ဒါဟာ ကိုယ့်မြေ၊ ဒါဟာ ကိုယ့်ခန္ဓာကိုယ်ထဲမှာ သွေးနဲ့အတူ လှည့်ပတ်စီးဆင်းခဲ့တဲ့ရေတွေ၊ ဒီမှာ ကိုယ့်အိမ်ရှိတယ်၊ မြေရှိတယ်၊ အမေရှိတယ်။ ဘာနဲ့မှ မတူတဲ့ ခံစားချက်တွေ ရင်ထဲမှာ တစ်မျိုးတစ်ဖုံစီ ၀င်ရောက်လို့။ ကိုယ်မပြန်ဖြစ်ခဲ့တာ ကြာပြီပဲ။
အရင်ဆုံး သတိထားမိလိုက်တာတစ်ခုက အရင် “မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်” ကနေ “ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်” ဖြစ်သွားတာကိုပါ။ ကိုယ်ထွက်လာတုန်းက “မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်” ပဲ ရှိသေးတာလေ။ လေယာဉ်ပေါ်ကအဆင်း ပူနွေးနွေးလေတစ်စုံက ကိုယ့်ကို ဆီးကြိုပွေ့ဖက်လို့။ ဒါပေမယ့် ပူတယ်ဆိုတာ ရောက်ရောက်ချင်း တစ်နေ့ပဲ ခံစားလိုက်ရတယ်။ နောက်ရက်တွေကစပြီး မိုးရွာလို့၊ ပူတယ်ဆိုတာ ဘာမှန်းမသိလိုက်တဲ့ ကိုယ့်အဖြစ်ပါပဲ။
လမ်းတွေက အရင်ကထက် ပိုဆိုးကောင်း ပိုဆိုးနေမယ်။ ညာကြောယူစနစ်မှာ ညာမောင်းတဲ့ ကားတွေစီးရတာ ဟိုးအရင်ကတည်းက မကြိုက်ဖူး။ အန္တရာယ်များတယ်။ မြန်မာပြည်လမ်းကြောအရ ဘယ်မောင်းကားတွေနဲ့မှ ပိုသင့်တော်တယ်လို့ ကိုယ်ယူဆမိနေတုန်း။ အတ္တတစ်ခုအတွက် ဘယ်ကြောမောင်းစနစ်ကနေ ညာကြောမောင်းစနစ်ကို ဘာဖြစ်လို့ပြောင်းခဲ့ရတာလဲလို့ တွေးနေမိတုန်း။ ပြီးခဲ့တာတွေ ပြီးပြီပဲလေ။ ခုတော့ ဓာတ်ငွေ့သုံးယာဉ်တွေ ဖြစ်နေပြီပေါ့။ တက္ကစီစီးနေတုန်း၊ ဘတ်စ်ကားစီးနေတုန်း ဓာတ်ငွေ့နံ့ရလာယင် ရင်ထဲ ထိတ်ထိတ်သွားတာတော့အမှန်။ တက္ကစီက ဟိုနားဒီနား တစ်ထောင်ထောင့်ငါးရာ။ ကိုယ်က မြို့ပြင်မှာနေသူ၊ ကိုယ်ပိုင်ကား မရှိလေသူဆိုတော့ ဘတ်စ်ကား စီးတဲ့အခါစီး၊ တက္ကစီ စီးတဲ့အခါစီးပဲ။ အချိန်ကုန်သက်သာချင်တော့ တက္ကစီပဲ အားကိုးရတာ ပိုများပါတယ်။ ပြန်တွက်ကြည့်တော့ တက္ကစီးဖို့နဲ့ အတော်ထောင်းခဲ့တယ်။ ငွေခင်းသောလမ်းမှာ သွားရတာ ဒါမျိုးပဲထင်ပါရဲ့လို့ တွေးလိုက်မိသေး။
မရောက်တာကြာပြီဖြစ်တဲ့ ကိုယ်ကို့ အခြားပြောင်းလဲမှုတွေထက်ပိုပြီး အံ့အားအသင့်စေဆုံးက စုတ်ပြတ်နွမ်းဖတ်နေတဲ့ ငွေစက္ကူတွေပါပဲ။ ပလာစတာတွေ အထပ်ထပ်ကပ်လို့ မာတောင့်တောင့်ဖြစ်နေတာ၊ ဟောင်းနွမ်းလွန်းလို့ ကိုင်လိုက်တာနဲ့ တစ်စစီပြဲသွားတော့မယောင်ဖြစ်နေတဲ့ ငွေစက္ကူတွေနဲ့ ၀ယ်သူ ရောင်းသူ၊ ပေးသူ ယူသူ မငြူစူဘဲ သုံးစွဲနေကြတာ မြင်တော့ တကယ့်ကို အံ့သြမိတာပါပဲ။ တစ်ထောင်တန်နဲ့ နှစ်ရာတန်တွေ အသုံးများပါတယ်။ တန်ဖိုးအနည်းဆုံးက ရာဂဏန်းစပါတယ်။ တစ်ထောင်တန်တစ်ရွက်ဆို ဖြတ်ခနဲ၊ ဖြတ်ခနဲ ဘယ်လိုကုန်သွားမှန်းမသိ။ ကိုယ်ရှာတဲ့ပိုက်ဆံ ကိုယ်သုံးတာမို့ တော်သေးတယ်လို့ ပြောရမယ်။ မိဘပိုက်ဆံသာဆို သုံးရဖို့ တွန့်ဆုတ်နေဦးမှာ။
ကိုယ်က ကျန်းမာရေးကိစ္စနဲ့ သွားသူဖြစ်လေတော့ ရသမျှ ရက်တိုတိုလေးအတွင်းမှာ ဆေးရုံ၊ ဆေးခန်းသွားတဲ့ အချိန်ပေးရလို့ ဘယ်သူ့ကိုမှ အကြောင်းမကြားဖြစ်ခဲ့၊ ဘယ်ဆွေမျိုးကိုမှလည်း သွားမတွေ့ဖြစ်ခဲ့။ ကိုယ်ခဏပြန်သွားတာ အကြောင်းမကြားမိလို့ ခုမှသိသူတွေ စိတ်မဆိုးကြပါနဲ့။ နောက်တစ်ခါဆိုရင်တော့ ခွင့်ရက်ရှည်ရှည်ယူပြီး အားလုံးနဲ့ တွေ့ပါ့မယ်။
ဒီကြားထဲကိုယ်က ရန်ကုန်မိုးမိပြီး ဖျားလိုက်သေးတာဆိုတော့ နှစ်ရက်လောက်က အိပ်ရာထဲမှာ နေလိုက်ရသေးတယ်။ မပြန်ခင်တစ်ရက်မှာ ရွှေတိဂုံဘုရားအရောက်သွားဖူးလို့ ဗိုလ်ချုပ်ဈေးမှာ ရုံးကလူတွေကို ပေးဖို့ရာ လက်ဆောင် ပစ္စည်းတွေဝယ် ဒီလောက်ပါပဲ။ စာအုပ်ဆိုင်တွေဖက်တောင် မရောက်လိုက်ဘူး။ ကိုယ့်မြန်မာလိုမွေးနေ့နဲ့ ကြုံကြိုက်တုန်း အိမ်နဲ့သိပ်မဝေးတဲ့ မဟာဂန္ဓာရုံစာသင်တိုက်မှာ ဆွမ်းကပ်ပြီး ကုသိုလ်ယူဖြစ်ခဲ့ပါတယ်။
အပြန်လေယာဉ်မှာ မလေးရှားသွားမယ့် ခရီးသည်တွေနဲ့ အတူ စီးရပါတယ်။ အများစုက အလုပ်သွားလုပ်ကြမယ့် မိန်းကလေးတွေပါ။ အေးဂျင့် အမျိုးသမီးတစ်ယောက်က အပေါ်ထိလိုက်ပို့ပြီး လိုအပ်တာတွေ စီစဉ်မှာကြားနေပါတယ်။ သူတို့လေးတွေ ကြည့်ရတာ ချို့တဲ့နွမ်းပါးလှပါတယ်။ ဘယ်လောက်ထိ အရင်းအနှီး ပွဲခငွေတွေပေးပြီး ထွက်လာကြတာပါလိမ့်။ ဟိုရောက်ရင်ရော အဆင်ပြေပြေနဲ့ မှန်ကန်တဲ့လုပ်ငန်းခွင်မှာ ၀င်ရောက်လုပ်ကိုင်ခွင့် ရကြပါ့မလား... ကိုယ်က သူတို့အစား တွေးတောပူပန်နေမိပါတယ်။ သူတို့လေးတွေကတော့ တိုင်းတစ်ပါးမှာ ကြိုမသိမမြင်နိုင်တဲ့ အနာဂတ်တစ်ခုအတွက် စိတ်လှုပ်ရှားကောင်း လှုပ်ရှားနေကြမယ်ဆိုတာ ကိုယ်ရိပ်မိပါတယ်။
လေယာဉ်က အရှိန်ယူပြီး မြေကြီးက ခွာလိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ့်ရင်ထဲ လစ်ဟာ သွားပါတယ်။ အချိန်မတန်သေးတော့လည်း ခွဲရဦးမှာပေါ့ ချစ်တဲ့ရွှေပြည်ရယ်။ မီးမမှန်တာ၊ ရေပြတ်တာ၊ လမ်းတွေ ဆိုးတာ၊ လူတွေ ဆင်းရဲမွဲတေနေကြတာ၊ အကျင့်စာရိတ္တ ပျက်ပြားနေတာ၊ အင်တာနက်ကို မြန်မြန်ဆန်ဆန် သုံးစွဲခွင့်မရတာ ... ဒါတွေအားလုံးဟာ ကိုယ့်ကို နိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်အောင် ခိုင်လုံတဲ့ အကြောင်းပြချက်တွေ မဟုတ်ဘူးဆိုတာ ကိုယ့်ရင်ထဲ အသေအချာ သိလိုက်ရပါတယ်။ မနက်လင်းတာနဲ့ ဘယ်မှာမှ မကြားရနိုင်တဲ့ “ပဲပြုတ်” ဆိုတဲ့ အသံတွေ၊ လက်ညှိုးထိုးမလွဲတဲ့ စေတီဘုရားတွေ၊ မနက်ခင်းမှာ လောင်းလှူခွင့်ရတဲ့ ဆွမ်းကုသိုလ်တွေ .... တစ်ခြားဘယ်နိုင်ငံမှာမှ မရနိုင်တဲ့၊ အစားထိုးမရတဲ့ အရာတွေအတွက် ကိုယ်က ချစ်နေဦးမှာ၊ ပြန်လာဦးမှာပါ။
လေယာဉ်က ပြာလွင်လွင် မိုးကောင်းကင်ထက်မှာ ပျံသန်းလို့ နေပါပြီ။ အတွေးတွေနဲ့အတူ မျက်စိကို မှိတ်လိုက်တော့ အဖြူအစိမ်းဝတ် ကျောင်းသူကျောင်းသားကလေးတွေရဲ့ သံပြိုင်သီဆိုသံက ကိုယ့်နားထဲကို ၀င်ရောက်လို့ ....။
“ဇွန်ပန်းရုံအနီး
လှည်းဘီးနွံထဲ ကျွံနေသည်။
ကူ၍ တွန်းပေးကြပါ
လေးလွန်း၍ မတွန်းနိုင်ဘူးလား
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။”
ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်
မှတ်ချက်။ ။ ယုံချင်ယုံ မယုံချင်နေ၊ ကိုယ်ဟာ ဘလော့ဂါ မပီသစွာ ဓာတ်ပုံ တစ်ပုံမှ မရိုက်ဖြစ်ခဲ့ပါဘူး။
Welcome back Moe set!
ဇွန်ရေ အမလည်း အသက်လေးရလာလေ အကျင့်က မကောင်းလေပါပဲ...
ဘာမဆို မျက်ရည်လေး စမ်းစမ်း စမ်းစမ်းနဲ့
အခုလည်း ပို့စ်ဖတ်ပြီး...
ဇွန် ချမရေးနိုင်လောက်အောင်ဖြစ်ခဲ့တာတွေကို
ချရေးပေးလိုက်တာ ကျေးဇူးပဲ...
ဇွန်တွေ့ခဲ့သေးလား...
ပလပ်စတစ် အိပ်ထဲထည့်ထားရတဲ့ ငွေစက္ကူလေးတွေ..
ကိုယ်ရောက်စနေ့က သိပ်စုတ်ပြတ်လွန်းနေလို့ ပြန်လဲခိုင်းမိလိုက်တာ ကောင်တာက စာရေးမလေးက အစ်မကြိုက်တာ ရွေးယူသွားဆိုပြီးး
အထပ်လိုက်ချပေးလိုက်တဲ့ နှစ်ရာတန် အပုံလိုက်ကို ကိုယ့်မှာ မယုံနိုင်လောက်အောင်ကြည့်နေမိခဲ့တယ်...
ကိုယ်တို့ ပြိုင်တူတွန်းကြမယ်လားးးးးးး
ပြိုင်တူ တွန်းးးကြ..မယ်..တဲ့...လား...
အဲ ကိုယ်ကတော့ ပိုက်ဆံ နှစ်ရာတန်ရယ် ဆင်ရုပ်တွေနဲ့ ၅၀၀၀ တန် အသစ်စက်စက်ရယ် ကို ဓါတ်ပုံရိုက်ဖြစ်အောင်ရိုက်လာခဲ့သေးတယ်..
စကားမစပ် ၂၆ ရက်နေ့ ကလန်မန်တီကို အိမ်ပြောင်းမှာ..
ဘာတွေပါလာသေးတုန်းးးးး
လက်ဖက်စားချင်နေတယ်..နော်
ချစ်တဲ့
ရယ်ရယ်မောမော
ပေါ့ပေါ့ပါးပါး
တော်တော်မောသလား.....
ညီမဇွန်ရေ....အတူတူပါပဲ...
လျှပ်စစ်မီးမှန်ပြီး ဘလော့ဂ်စပေါ့လို့ရရင် ခုတောင် ထပြန်သွားမိမလား မသိ....:)
ကိုယ့်ပြည်ကိုယ် ပြန်ကြည့်ရတာ ရင်နာစရာက ခပ်များများရယ်
မပြောချင်တော့ပါဘူး
မပြောလည်း သိနေနိုင်တာပဲလေ
ဆွေးဆွေးမြေ့မြေ့ ဖတ်ရတဲ့ ပြည်တော်ပြန် ပို့စ်ပါပဲ။
ဇွန် တခုကျန်နေခဲ့ လို့ ဖြည့် ပေးပါရစေနော် ဇွန်ပန်းရုံအနီး နွံထဲနှိုက် (အဲဒါလေးကျန်ခဲ့ တယ်) နှိုက်စာလံုးရိုက်မရလို့ ဒီလိုဘဲရိုက်မိတယ် တကယ်ဆို ပြိုင်တူရုံးချင်ပေမဲ့  ရုံးတဲ့ သူတိုင်းနွံထဲမှာစုံးစုံးမြုတ်ရတဲ့ အခါ ရုံးဘို့  အားအင်တွေမရှိတော့ တာလေ ခုလဲရုံးနေဆဲ ရုံးနေမြဲ ရုံးကြတဲ့ သူတွေရှိနေပါသေးတယ် သူတို့ ကိုတော့  အစဉ်လေးစားဦးညွှတ်လျှက်ပါဘဲ
မဇွန်ရေ...မမသီတာ ပြောသလို မျက်ရည်စမ်းစမ်းနဲ့ ဖတ်သွားရတယ်...အသေအချာပါပဲ...တစ်နေ့နေ့မှာတော့ အိမ်ကို ပြန်ကိုပြန်ရမယ်...ရွေ့တာ မရွေ့တာ အပထားလို့ ကျွံနေတဲ့ လှည်းဘီးလေးကို တတ်နိုင်သမျှ ၀န်လေးနဲ့ ၀ိုင်းတွန်းကြည့်ကြတာပေါ့...
ဂျင်ဂျင်း
ကျေးဇူးပဲ .. သုနြေ္ဒ။ ကိုယ်ကျန်သွားတဲ့ စကားလုံး သတိရသွားပြီ။
မြန်မာပြည်မှာ နောက်ဆုံးလုပ်ခဲ့တဲ့ အလုပ်ထဲကို သွားလည်တော့ စီနီယာအစ်မတွေကို ပြောခဲ့တယ်။
"ဦးကြီး(MD)ကို ပြောပေးပါ။ လခ ၁၀ သိန်းပဲပေး။ ပြန်လာပါမယ်လို့" ဆိုပြီး... :D
***
ဖတ်ပြီး ဝမ်းနည်းတယ်။
ဇွန် ထပ်တူထပ်မျှ ကြုံတွေ့ ခံစားရပါတယ်။
တွေ့ ခဲ့ကြုံခဲ့ရတာတွေ...ရေးမပြချင်တော့ဘူး။
အားလုံးအဆင်ပြေကြပါစေ။ စိတ်ချမ်းသာကြပါစေ...
ဆုတောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာတယောက်ဖြစ်နေတာကိုပဲ ဂုဏ်ယူနေဆဲပါ။
ကျမလည်းချစ်နေတုန်း၊ ပြန်လာဦးမှာပါ။
ပြည်တော်ပြန်လေး လာဖတ်ပါတယ်မရေးး
ပြည်တော်ရဲ့ ပြောစရာတွေကတွေ ပြောရရင် ကုန်မယ်မထင်ပါဖူးမရယ်
မမလည်း ကျမ်းမာပြီး သာယာချမ်းမြေ့ပါစေရှင်းးးးး
မိုး
သူငယ်ချင်းရေ ... ဒီပို့စ်လေးဖတ်ပြီး ကြက်သီးထမိအောင်ကြည်နူးမိတယ် ...
ဒီစာသားလေး ကို အနှစ်သက်ဆုံးပဲ ....
“မီးမမှန်တာ၊ ရေပြတ်တာ၊ လမ်းတွေ ဆိုးတာ၊ လူတွေ ဆင်းရဲမွဲတေနေကြတာ၊ အကျင့်စာရိတ္တ ပျက်ပြားနေတာ၊ အင်တာနက်ကို မြန်မြန်ဆန်ဆန် သုံးစွဲခွင့်မရတာ ... ဒါတွေအားလုံးဟာ ကိုယ့်ကို နိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်အောင် ခိုင်လုံတဲ့ အကြောင်းပြချက်တွေ မဟုတ်ဘူးဆိုတာ ကိုယ့်ရင်ထဲ အသေအချာ သိလိုက်ရပါတယ်။”
လိုက်ဖက်ညီလှတဲ့ကဗျာလေးကြောင့် ပို့စ်လေးက ပိုလှသွားတယ် ....