ချစ်သူ့လက်ဆောင်

Category:



မောင်နှင့်ကျွန်မ အတူဖြတ်သန်းခဲ့သော ချစ်သူ့သက်တမ်း ဆယ်နှစ်ကျော်ကာလအတွင်း မောင်ကျွန်မကို အမှတ်တရ ပေးခဲ့သော လက်ဆောင်ပစ္စည်းများမှာ စာရေးကိရိယာမှသည် အီလက်ထရောနစ်ပစ္စည်းအထိ အမျိုးအစား စုံလင်လှပါသည်။ မောင်နှင့်ချစ်သူဖြစ်ပြီး ပထမဆုံး စတွေ့သောနေ့မှာပင် ဘောပင်တစ်ချောင်းနှင့် နေ့စဉ်မှတ်တမ်း စာအုပ်တစ်အုပ်ကို လက်ဆောင်ပေးခဲ့သည်။ ကျွန်မက နေ့စဉ်မှတ်တမ်းရေးရတာ ၀ါသနာပါသူပီပီ မောင်ပေးခဲ့သော စာအုပ်မှာ မောင်နဲ့တွေ့ဆုံခဲ့သည့် နေ့ရက်တိုင်းကို တခုတ်တရ ရေးမှတ်ခဲ့ပါသည်။ 

ချစ်သူဖြစ်ပြီးနောက် ပထမဆုံးကြုံရသော ဗယ်လင်တိုင်းနေ့မှာ မောင်နဲ့အတူ Fantasy World မှာ သွားကစားကြပြီး မောင်ကစားရာမှ အနိုင်ရရှိသော အရုပ်ကလေးများကို ကျွန်မအား လက်ဆောင်အဖြစ် မောင်ကပြန်ပေးခဲ့ပါသည်။ ချစ်သူဖြစ်ပြီး ခြောက်လအကြာမှာ ကျရောက်သော ကျွန်မ၏မွေးနေ့အတွက် မောင်က အလယ်တွင် နာရီပါရှိသော ဓာတ်ပုံမှန်ဘောင်သုံးခုတွဲကို ပေးခဲ့သည်။ နောက်နှစ်မွေးနေ့မှာ ဖွေးဖွေးဆွတ်နေသော အဖြူရောင် ကြောင်ရုပ်ကြီး တစ်ကောင်။ ကြောင်မချစ်တတ်သော ကျွန်မ မောင်ပေးသည့် ကြောင်ရုပ်ဖွေးဖွေးကိုတော့ ချစ်ပါသည်။ မောင်က ကျွန်မကြိုက်သော ပစ္စည်းများထက် သူကြိုက်သော ပစ္စည်းများကိုသာ ပေးလေ့ရှိသည်။ ကျွန်မက မောင် ဘာပေးပေး ကျေနပ်စွာ လက်ခံရယူခဲ့သည်ချည်း ဖြစ်သည်။ 

မောင်က နာရီ၊ ဘောပင် အစရှိသည့် ပစ္စည်းများကို ကြိုက်နှစ်သက်သူပီပီ ကျွန်မကိုလည်း ပေးပါသည်။ ကျွန်မဆီမှာ မောင်က ပေးသော လက်ပတ်နာရီသုံးခု၊ အဖိုးတန် ဘောပင်သုံးချောင်းနှင့် (ခေါက်ချိုး) သားရေပိုက်ဆံအိတ်  လေးအိတ်ရှိပါသည်။ ထိုအရာများအားလုံး မောင့်မုန်ဖိုးထဲကစုပြီး ၀ယ်ပေးခဲ့ခြင်းသာ ဖြစ်သည်။  ကျွန်မကို အမှတ်တရ လက်ဆောင်ပေးရုံသက်သက်ထက်  သူကြိုက်သမျှ၊ သုံးသမျှ ပစ္စည်းများကို  ကျွန်မနှင့်အတူတူ သုံးစွဲချင်သည့် ဆန္ဒကပိုကြောင်း မောင်ဖွင့်မပြောဘဲ ကျွန်မသိခဲ့ပါသည်။ 

မောင်ပေးခဲ့သမျှ လက်ဆောင်တွေထဲမှာ ကျွန်မအတွက် အမှတ်တရ အဖြစ်ဆုံး၊ အကြိုက်ဆုံး လက်ဆောင်သုံးခု ရှိပါသည်။ အဲသည့်သုံးခုမှာ “Margaret Mitchell” ၏ “Gone With The Wind” စာအုပ်၊ ကျွန်မအတွက် မောင်ရေးဖွဲ့ခဲ့သော သုံးကြောင်းသာပါသည့် ကဗျာတစ်ပုဒ်နှင့် သားရေဖြင့်ချုပ်ထားသော စာအုပ်အဖုံးမှာ ကျွန်မနာမည် ပုံနှိပ်ထားသော နေ့စဉ်မှတ်တမ်းစာအုပ်တို့ ဖြစ်သည်။

“လေရူးသုန်သုန်” စာအုပ်ကို လက်ခံရရှိသောနေ့ကို ကျွန်မ အမြဲမှတ်ရနေခဲ့သည်။ ထိုနေ့က တစ်နိုင်ငံစီဝေးကွာနေသော ကျွန်မတို့နှစ်ယောက် ဖုန်းပြောနေခဲ့ပြီး ကျွန်မက ၀မ်းနည်းအားနည်းစွာ ငိုနေခဲ့ချိန်၊ စာပို့သမားက ကျွန်မနာမည်ခေါ်ပြီး ပါဆယ်လက်ခံယူပါရန် ပြောလာသည်။ ကျွန်မက မောင့်ကို ဖုန်းခဏကိုင်ထားနော်လို့ ပြောပြီး စာပို့သမားဆီမှ ပါဆယ်ကို လက်မှတ်ထိုးယူလိုက်သည်။ အညိုရောင် ကတ်ထူစက္ကူဖြင့် သေသပ်စွာ ထုပ်ပိုးထားသော ပါဆယ်ထုပ်တစ်ခုသည် ကျွန်မ၏ ၀မ်းနည်းအားငယ်စိတ်များကို ပြောင်းလဲပေးတော့မည်အသွင်ဖြင့် စောင့်ဆိုင်းလျက်။ ကတ်ထူစက္ကူပေါ်က ဖဲပြားနားမှာ အမေဇုန်ဟူသော စာလုံးကို တွေ့မြင်လိုက်တော့ အနည်းငယ် အံ့သြစွာ၊ စိတ်လှုပ်ရှားစွာ ဖွင့်ကြည့်မိ လိုက်သည်။ အို.. ၀မ်းသာလိုက်သည့်ဖြစ်ခြင်း။ ကျွန်မ ချက်ခြင်းပဲ ချထားသောဖုန်းခွက်ကို ကိုင်လိုက်ပြီး “အမေဇုန်ကနေ မောင်မှာပြီး ပို့လိုက်တာ မဟုတ်လား။” မောင်ကလည်း “ရပြီလား” လို့ ပြန်မေးသည်။ မောင့်အသံမှာ အပြုံးရိပ်တွေ ပါနေကြောင်း ကျွန်မ မမြင်ဘဲ သိလိုက်သည်။ မောင်က တခါတရံမှာ  အဲသည်လို ကျွန်မမျှော်လင့်မထားသော surprise တွေ လုပ်တတ်သူ တစ်ယောက်ဖြစ်သည်။ ကျွန်မငိုကြွေးဝမ်းနည်းနေချိန်မှာ ကျွန်မအကြိုက်ဆုံး စာတွေထဲက တစ်အုပ်ကို ကျွန်မထံ အရောက်ပို့ပေးခဲ့သော မောင့်ကို ကျေးဇူးလည်းတင်၊ အမြဲလည်း အမှတ်ရနေခဲ့ပါသည်။

စာတိုပေစ ကဗျာဝါသနာပါသော ကျွန်မက မောင်နှင့်ချစ်သူ့သက်တမ်းတစ်လျှောက်မှာ ကဗျာတွေစပ်ကာ မောင့်ကို ပေးခဲ့ဖူးသည်။ မောင်က ကျွန်မလို ကဗျာစာပေ ၀ါသနာပါသူ မဟုတ်မှန်းသိ၍ ကဗျာတစ်ပုဒ်တစ်လေသော်မှ မောင့်ဆီက လက်ခံရရှိဖို့ ကျွန်မ မမျှော်လင့်ခဲ့ပါ။ သို့သော်... မောင်နှင့်ခွဲခွာနေရသော ရက်များစွာထဲက တစ်ရက်မှာ ခါတိုင်းလို မောင့်ဆီက ပို့စ်ကတ်လေးတစ်ခု ရောက်လာခဲ့သည်။ ပို့စ်ကတ်၏ အတွင်းညာဘက်စာမျက်နှာမှာ နှင်းဆီပန်းပုံပါပြီး ဘယ်ဘက်အခြမ်းက စာမျက်နှာမှာ မောင့်လက်ရေးဖြင့် ရေးဖွဲ့ထားသော သုံးကြောင်းသာပါသည့် ကဗျာတစ်ပုဒ်။ အဲသည့်နေ့က ကျွန်မ သိပ်ပျော်ခဲ့ပါသည်။ မောင့်အပေါ် ထားရှိခဲ့သော ကျွန်မ၏ သံသယများကို ထိုကဗျာတစ်ပုဒ်တည်း ဖြင့် ကျေပျက်သွားစေခဲ့သည်။ မှတ်မှတ်ရရ ကျွန်မဘ၀မှာ မောင့်ဆီက ထိုကဗျာတစ်ပုဒ်သာ လက်ခံရရှိခဲ့ဖူးပြီး၊ မောင်ပေးခဲ့သမျှထဲမှာ ကျွန်မတန်ဖိုးအထားရဆုံး လက်ဆောင်တစ်ခု ဖြစ်ခဲ့ပါသည်။

တစ်နှစ်တစ်အုပ်နှုန်းဖြင့် နေ့စဉ်မှတ်တမ်း ရေးလေ့ရှိသော ကျွန်မကို လန်ဒန်မြို့ရှိ နာမည်ကျော်  handmade သားရေဖုံးများဖြင့် နေ့စဉ်မှတ်တမ်း သီးသန့်ထုတ်ဝေသော ဆိုင်မှ ၂၀၀၃ခုနှစ်အတွက် နေ့စဉ်မှတ်တမ်းစာအုပ်ကို ကျွန်မ မသိစေဘဲ မောင်က အော်ဒါမှာယူထားခဲ့သည်။ အညိုရောင် သားရေဖုံး ညာဘက်ထိပ်တွင်  ရွှေအိုရောင်ဖြင့် ခုနှစ်သက္ကရာဇ် ရေးထိုးထားပြီး၊ စာအုပ်ညာဘက်ထောင့်တွင် ကျွန်မနာမည် ရေးထိုးထားသော ထိုနေ့စဉ်မှတ်တမ်း စာအုပ်ကို ၂၀၀၃ခုနှစ် ကျွန်မတို့ ချစ်သူ့သက်တမ်း ၆နှစ်မြောက်အတွက် အမှတ်တရ လက်ဆောင်အဖြစ် ရည်ရွယ်၍ ဆိုင်မှ တကူးတက မှာယူပေးခဲ့ခြင်း ဖြစ်သည်။ ထိုမှတ်တမ်းစာအုပ်ကိုလည်း ကျွန်မမြတ်နိုးသည်။ ယခုဆိုလျှင် ထိုစာအုပ်ဖုံးပေါ်က ပုံနှိပ်ထားသော ခုနှစ်နှင့် ကျွန်မနာမည်တို့ အရောင်မှိန်စ ပြုနေခဲ့ပြီ။ စာအုပ်ပေးခဲ့သူလည်း ကျွန်မအနားမှာ မရှိတော့။

ယခုအချိန်ထိ ကျွန်မကိုင်တွယ်သုံးစွဲနေသော ပိုက်ဆံအိတ်၊ ကျွန်မ၀တ်ဆင်မြဲဖြစ်သော လက်ပတ်နာရီတို့သည် လွန်ခဲ့သော ခုနစ်နှစ်၊ ရှစ်နှစ်ကြာက မောင်ပေးခဲ့သော ပစ္စည်းများသာဖြစ်သည်။ မောင် ကျွန်မအနားမှာ ဘယ်သောအခါမှ ရှိနိုင်တော့မည် မဟုတ်သော်လည်း ချစ်သူပေးခဲ့သော အမှတ်တရ လက်ဆောင်များသည် မောင့်ကိုယ်စား  ကျွန်မကို အားပေးဆဲ၊ နွေးထွေးနှစ်သိမ့်မှုပေးနေမြဲ...။ 


ဇွန်မိုးစက်

Comments ( 24 )

ချစ်သူပေးတဲ့ အမှတ်တရလေးတွေဟာ ကျမအတွက်လည်း ဘယ်တော့မှ မေ့မရနိုင်တဲ့ အရာတွေပါပဲ။ ပြန်မြင်တိုင်း ရင်ခုန်ဆဲ။ အမှတ်ရနေဆဲပါ။

ဖတ်ရတာ ဂျူးဝတ္တု ဖတ်ရသလိုပဲ။ ဒါပေမယ့် ဒါ ဇွန်ရေးတာပါနော်။

ဝမ်းနည်းစရာလည်း ကောင်းတယ်။ မောင်က ဘယ်ရောက်သွားတာလဲ။ ချစ်သူသက်တမ်း ၁၀နှစ်တဲ့။


မအယ်

ဒီလက်ဆောင်လေးတွေ တန်းဖိုးထား နေတုန်းဆိုတာ မောင် သိနေမှာပါ..း)

အဲသလိုလွမ်းတတ်သူတွေအတွက်ကတော့ ကဗျာတွေ..စာတွေက ထွက်နေတတ်တော့တာပါပဲလေ..

မောင်က ဘယ်ရောက်သွားလို့လဲဟင်..
အကြောင်းမတိုက်ဆိုင်လို့ လမ်းခွဲသွားကြတာ လား။
စိတ်မကောင်းဘူးရယ်.. ဖတ်ရင်းနဲ့ ၀မ်းနည်းတယ်။

:( ဖတ်ရတဲ့သူ ရင်ထဲလွမ်းတွေကူးသွားအောင် ရေးတတ်တယ်။
mm

း(
ဝမ်းနည်းတယ် ..း((

စိတ်မကောင်းပါဖူး မမရယ်
မမရဲ့မောင် အဝေးကနေ.....
စပိုင်ချစ်သူထဲကလို ပြန်ပေါ်လာရင် ဘယ်လောက်ကောင်းမလဲနော် ....
မမရယ် ဘဝမှာ သာယာချမ်းမြေ့မှုတွေနဲ့သာကြုံနိုင်ပါစေရန်တောင်းဆုပြုလိုက်ပါတယ်နော်...
မိုး

အချိန်ကာလတွေ ကုန်လွန်သွားတာနဲ့အမျှ ဖြစ်ပျက်ခဲ့သမျှတွေက ပျောက်ကွယ်သွားကြတယ်။ စိတ်နှလုံးမှာတော့ အမှတ်တရတွေသာ ထင်ကျန်ရစ်ခဲ့တယ်။

မောင် ကဘယ်ရောက်သွားလို့လဲ.. ဝမ်းနည်းစရာကြီး။
ဒီကစိတ်ခိုင်တာမဟုတ်ဘူး :(

မမ....အရမ်းဝမ်းနည်းတယ်။ တကယ်ပြောတာ။ မမအနေနဲ့ ဘယ်လောက်တောင်ခံစားရပြီး ဒီပိုစ့်ကို ရေးရမလဲဆိုတာ ခန့်မှန်းမိတယ်....

ငါ့အစ်မတစ်ယောက် ပျော်ရွှင်ပါစေ....

ညီမလေး
ဂျင်ဂျင်း

" 13/03/07 " ဇွန့် ကို အဲ့ပို့စ်လေးနဲ့ စသိခဲ့တာ..

အေးချမ်းပါစေ..


ဆူး

:) nice..

မောင့်ကိုယ်စား ထားခဲ့လေသလားးး :(

ဒကာမကြီး..

အစွဲအလန်းတွေ ဖျောက်...

မောင်မရှိတဲ့ဘဝမှာ ရပ်တည်လာတာကြာပြီးလေ.. နော်.


ဒါကြောင့် ဒါမျိုးစွဲလန်းနေရင် မောင်အတွက်လဲ မကောင်းဘူးလေ.

(း


မသိမသာဆရာဝင်လုပ်သွားသူး)

ဆက်ရန်ရှိသေးလား၊
မြတ်နိုးတန်ဖိုးထားရတဲ့ လက်ဆောင်တွေရဲ့ မေတ္တာတွေကို ခံစားရတယ်၊

သူပေးခဲ့တဲ့ အမှတ်တရ လက်ဆောင်လေးတွေကို ညီမက ခုချိန်ထိ တယုတယ တန်ဖိုးထားနေ သုံးစွဲနေတာကို တနေရာရာကနေ သူ ကြည့်နေ မြင်နေ သိနေမှာပါ... ပြီးတော့ သူ ဇွန့်ကို လည်း ချစ်ခင် ကျေနပ်နေမှာပါ....

ကြေကွဲရက်ဆက်
ညအိပ်မက်ရှည်
မပီဝိုးဝါး
မောင် များလားဟင်...
မျက်ရည်ယိုစီး...
တစ်ကိုယ်တည်းပေါ့

ငြင်သာဖွဖွ
ခန်းဆီးစဆီ
ဝှေ့ရမ်းနမ်းရှိုက်
လေပြည်တိုက်တော့
ဖွဖွပါးပါး..
ခြေသံလားကွယ်
တွယ်ငင်တမ်းတ
ဖြေမရခဲ့..

ဘယ်လိုမီးလဲ
ငြီးငြီးလှိုက်လောင်...
မောင်..ဘယ်မှာလဲ...
ဘယ်မှာလဲဟင်....

မယုံနိုင်ဘူး
ရူးတယ်ဆိုဆို
နေ့ဆိုနေ့နေ့
ညဆိုပြန်တွေ့
မမေ့ရက်ဆက်..
လွမ်းသက်ရှည်ကြာ...

မောင်ယုံပါကွယ်...

မေ့အပါးမှာ
မောင့်ရဲ့ကိုယ်စား..
ချစ်ခြင်းအားဖြင့်
မြတ်နိုးသိမ်းဆည်း
ဟိုး....ခရီး...ရှည်..


မောင် ရေ...

................

ကြေကွဲရက်ဆက်
ညအိပ်မက်ထဲ။ ။

ညီမဇွန်ရေ...ဘာပြောရမှန်း ၊ ဘယ်လိုနှစ်သိမ့်ရမှန်း မသိတာနဲ့...ဖတ်ပြီး မရေးဖြစ်ခဲ့တာ...။
ဇွန် ပြုံးပျော်နေတာလေးကိုပဲ မြင်ချင်လို့...

အမှတ်တရဆိုတာ နုနယ်တဲ့ အရွယ်မှာရှိခဲ့ရင် တစ်သက်လုံးအတွက် မေ့ရက်စရာ မရှိအောင်ကို သတိရနေမှာပါ...

heart touching ဖြစ်တဲ့ ပို့စ်လေးတစ်ပုဒ်ပါ။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

လွမ်းစရာ ဒီပိုစ့်လေးကို သတိရနေလို့ နောက်တခေါက် လာဖတ်သွားပါတယ်...

မောင်က ဘယ်ရောက်သွားတာလည်း ။း(

ရေ စက် မကုန်ရင် မောင် နဲ့ ပြန်ဆုံ နိုင်ပါစေ သူငယ်ချင်းရေ

အမရဲ့ မောင့်လက်ဆောင်တွေထက် "မောင်" ခေါ်သံလေးက ပိုကြည်နူးစရာကောင်းတယ်လို့ ....။
မအိန္ဒြာ ရဲ့ ကဗျာထဲက
"မောင် ရေ...." ခေါ်သံ လေးကလည်း အသက်ဝင် တယ်လို့ .....။