ဖေဖော်ဝါရီလ ၉ ရက်နေ့တုန်းက ကိုယ့်အမေရဲ့အမေ ဆုံးလို့ ဒီပို့စ်ကို ရေးလိုက်သေးတယ်။ ဒီဇင်ဘာလ ၉ ရက်နေ့မှာ အဖေ့ရဲ့အမေဆုံးသွားတယ်။ အမှန်ဆို ဒီနေ့ ဒီဇင်ဘာလ ၁၁ရက်မှာ အဖွား အသက် ၉၂နှစ် ပြည့်မှာ။ ဒါပေမဲ့ အဖွားက မွေးနေ့မတိုင်ခင် နှစ်ရက်စောပြီး လူကြီးရောဂါနဲ့ပဲ ကွယ်လွန်သွားတယ်။
ဆေးတံကို နှစ်နှစ်ခြိုက်ခြိုက် သောက်တတ်တဲ့အဖွား
ကိုယ့်ကို ဘုရားစာတွေရွတ်တတ်အောင် သင်ပေးခဲ့တဲ့အဖွား
သားပြန်ရောက်ပြီ သတင်းကြားတာနဲ့ အသက် ၇၀ကျော် တစ်ယောက်တည်း လေယာဉ်စီးပြီး ခရီးနှင်တတ်တဲ့အဖွား
အဖွားနဲ့ အနေဝေးလို့ အဖွားအကြောင်း သိပ်မသိခဲ့ပေမယ့် အမေကတစ်ဆင့် ပြန်ပြောလို့ သိရတဲ့ အမှတ်ရစရာလေး တစ်ခုတော့ ရှိတယ်။
မြေးဖြစ်သူကိုယ့်ကို လာကြည့်တဲ့ တနယ်တကျေးကအဖွား အိမ်ရောက်လာပြီး တစ်ရက်မှာ အမေက ဈေးသွားတယ်။ အဖွားက ဟိုနားဒီနားလမ်းလျှောက်ပြီး ပြန်လာတော့ အိမ်တံခါးဖွင့်ဖို့ သော့ရှာမတွေ့ဘူး ဖြစ်နေတယ်။ ဒါနဲ့ အိမ်နီးနားချင်းတွေကို လိုက်မေးတယ်။ လက်ခုပ်သီး တွေ့မိလား၊ လက်ခုပ်သီး ရှာမတွေ့ဘူးပေါ့။ အိမ်နီးချင်းတွေက ဒီနားမှာ လက်ခုပ်ပင်လည်း မရှိဘူး၊ လက်ခုပ်သီးလည်း မတွေ့ဖူးဘူးလို့ ပြန်ပြောပြီး သူတို့ကိုယ်တိုင် ဘာကြောင့်အဖွားက လက်ခုပ်သီးလိုက်ရှာနေရသလဲလို့ အံ့အားသင့်နေကြတယ်။ အမေပြန်ရောက်တော့မှ အကြောင်းစုံသိတဲ့အခါ အဖွားပြောတဲ့ လက်ခုပ်သီးက သူတို့အရပ်မှာ သော့ကိုခေါ်မှန်း သိကြရတယ်။ အိမ်နားတစ်ဝိုက်မှာတော့ အဖွားနဲ့ လက်ခုပ်သီးဆိုပြီး ပြောစမှတ်တွင်သွားတယ်တဲ့။
ခုတော့ အဖွားလည်း သက်တမ်းစေ့နေပြီး သူချစ်တဲ့မြေမှာပဲ သား၊ သမီး၊ မြေးမြစ်တွေ ခြံရံလို့ ဘ၀တစ်ပါး ကူးပြောင်းသွားခဲ့ပြီ။ ပြုခဲ့သမျှ ကောင်းမှုကုသိုလ်တွေအားလုံးရည်စူးပြီး အဖွားအတွက် အမျှဝေလိုက်ပါတယ်။
အနီးအပါးက ချစ်သူခင်သူ ဆွေမျိုးမိတ်သင်္ဂဟများ ဆုံးပါးသွားတဲ့အခါတိုင်း မေ့လျော့နေတတ်တဲ့၊ မလွန်ဆန်နိုင်တဲ့ တရားကို သံဝေဂလင်္ကာလေးရွတ်ဆိုရင်းနဲ့ သတိတရ ပြန်ဆင်ခြင်မိပါတယ်။
“တစ်နေကွယ်
သေနယ်သို့ တစ်ခါကူး
မေ့မူးကာ သေဘူးထင်ပါနဲ့
နေကွယ်တာ အခါများရင်ဖြင့်
သေနယ်ရွာ တစ်ခါသွားရမယ်
တားမရဘူး”
အဖွား ကောင်းရာသုဂတိလားပါစေ။
အဝေးရောက် မြေးတစ်ယောက်
အဘွားတို့ ကောင်းရာသုဂတိလားပါစေ...။
ကဗျာက သံဝေဂ ရစရာပဲ။
အဖွား ကွယ်လွန်သွားတာ ဝမ်းနည်းစရာဖြစ်ပေမယ့် ကိုယ်ကတော့ အဖွားက သက်တမ်းစေ့နေပြီး သူချစ်တဲ့မြေမှာပဲ သား၊ သမီး၊ မြေးမြစ်တွေ ခြံရံလို့ ဆိုတဲ့ အကြောင်းလေးကိုပဲ တွေးပြီး ကြည်နူးနေမိတာ...
ကိုယ်တွေအလှည့်ကျရင် ဆိုတာ မတွေးရဲဘူး...
ညီမ အဖွားလေး ကောင်းရာသုဂတိလားပါစေ...။
သတ္တဝါတိုင်း သွားကြရမဲ့ လမ်းပါပဲ....သက်တမ်းစေ့ နေသွားရတာကိုက နဲတဲ့ ကုသိုလ် မဟုတ်ဘူး ညီမဇွန်ရေ...
ဇွန်တို့အဖွားက ရခိုင်လားဟင်.. သော့ကို လက်ခုပ်သီးလို့ ခေါ်တယ်ဆိုလို့လေ..း)
ဖွားဖွား ကောင်းရာသုဂတိလားပါစေ...။
သက်တမ်းစေ့ နေသွားတဲ့ သီလ ကုသိုလ်က အတုယူစရာပါ။
@မြူးမြူး... ဟုတ်ပါတယ်၊ အဖွားက ရခိုင်ဇာတိပါ။း)
မမမှာ ဒီသက်ရွယ်ထိ အဖွားရှိတာ ကံကောင်းလိုက်တာ။
မိုးက ပထမတန်းတောင်မရောက်သေးဖူး အမေ့ဘက်မှာအကုန်ကုန်ပြီ အဖေ့အမေကလွဲလို့ ပေါ့။
မမကဗျာလေးကောင်းလိုက်တာ
ကူးပြီးသိမ်းထားချင်တယ် မမ ခွင့်ပြုပါနော်
မမဖွားဖွားကောင်းရာမွန်ရာရောက်ပါစေ..
သာယာချမ်းမြေ့ပါစေရှင်း
မိုး
ဘယ် အဖွားကိုမှ မမြင်ဖူးလိုက်ဘူး ဇွန်...
ဇွန်က ကံကောင်းတာပေါ့...း)
အိန္ဒြာနော်...အပေါ်ကရေးတာ..း)
ကိုယ့်အဖွားတွေလည်း နှစ်ယောက်လုံး မရှိတော့ဘူး။ ငယ်ငယ်က အတူနေတဲ့ ဖေဖေ့ဘက်က အဖွားက တတိယတန်း အောင်တဲ့နှစ်မှာ ဆုံးတယ်။ မေမေ့ဘက်က အဖွားက ကိုယ် ဒီရောက်စမှာ ဆုံးတယ်။
ဇွန့် ဖွားဖွား..
ကောင်းရာ သုဂတိလားပါစေ...
အသက်ရှည်ကြီး နေသွားတယ်နော်...
မမရေ...
အသက် ၉၂နှစ်နီးပါးအထိနေသွားနိုင်တယ်ဆိုတာ နည်းတဲ့ကုသိုလ်မဟုတ်ဘူးနော်။
မမရဲ့အဘွားကောင်းရာသုဂတိရောက်ပါစေ...။