ခေါင်းစဉ်ဖတ်ကြည့်ပြီး အူလည်လည် ဖြစ်သွားမယ်ထင်တယ်နော်။း) အခါလွန်မိုးမဟုတ်ဘဲ ဘယ့်နှယ် အခါလည်မိုး ဖြစ်နေရတာလဲလို့။
အမှန်တော့ ဒီကနေ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဇွန်မိုးစက်ဘလော့ဂ်လေး တစ်နှစ်ပြည့် အခါလည်ပါတယ်။ အခါလည်ဇွန်မိုးစက်လို့ ခေါင်းစဉ်ပေးလိုက်ရင် သိပ်ကဗျာမဆန်ဘူးထင်တာနဲ့ အလယ်က မိုး တစ်လုံးတည်းကွက်ပြီး ယူသုံးလိုက်တာပါ။ :D
ဇွန်မိုးစက် ဘလော့ဂ်လောကထဲ စရောက်ချိန်ဟာ နောက်ကျပါတယ်။ အရင်ပုံမှန်စာရေးနေသူတွေ စာရေးကျဲသွားတဲ့ အချိန်၊ ဘလော့ဂ်လောကနေ အနားယူသူတွေတောင် ရှိနေချိန်ဆိုတော့ ဘလော့ဂ်လုပ်ပြီးပြီးချင်း အားငယ်ပါတယ်။ ဘလော့ဂ်ကမ္ဘာကြီးအရင်လောက် မစည်ကားတော့တဲ့အချိန်မှာမှ ငါဝင်လာရလေခြင်းဆိုပြီးတော့ပါ။ ဒါပေမဲ့ ဇွန် ဒီဘလော့ဂ်ကို လုပ်ဖြစ်တဲ့ စိတ်အခြေခံက စာရေးချင်တဲ့ ၀ါသနာပေါ်မှာ အရင်းတည်ပါတယ်။ အပျော်သက်သက်၊ ဘလော့ဂ်ခေတ်စားလို့ လုပ်ဖြစ်တာ၊ လုပ်ခဲ့တာ မဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။ ဘလော့ဂ်လုပ်သင့်မလုပ်သင့် စဉ်းစားအရှိန်ယူခဲ့တာကိုက ၆လလောက်ကြာပါတယ်။ ကိုယ့်ရဲ့ ရှိစုမဲ့စု အားလပ်ချိန်ကလေးကို ဖဲ့ပေးရမယ်ဆိုတာ၊ (အဲဒီ့အချိန်တုန်းက) ကိုယ်ပိုင်ကွန်ပျူတာ မရှိခဲ့တာ... စတဲ့ အကြောင်းတွေနဲ့ နှောင်နှေးခဲ့ပါတယ်။ နောက်ဆုံးတော့လည်း တွန်းအားပေးသူတွေကြောင့် စိတ်ပိုင်းဖြတ်ပြီး လုပ်ဖြစ်သွားပါတယ်။
ဘလော့ဂ်လုပ်ပြီး ၃လအတွင်းမှာ ဇွန်တစ်ယောက် မသိမသာ anti-social ဖြစ်ခဲ့ပါသေးတယ်။ ရုံးကနေ အိမ်ပြန်ရောက်တာနဲ့ စာဝင်ရေးရင်ရေး၊ မရေးဖြစ်တဲ့အခါ အခြားဘလော့တွေထဲဝင်ဖတ်၊ ကော်မန့်တွေပေးနဲ့ပဲ အချိန်ကုန်ပါတယ်။ အတူနေသူငယ်ချင်းနဲ့ အရင်ကလို စကားများများ မပြောဖြစ်၊ အသိမိတ်ဆွေတွေနဲ့ အရင်ကလို ဖုန်းပုံမှန်မပြောဖြစ်၊ လူမှုရေးကိစ္စတွေမှာလည်း သိသာစွာနဲ့ အနည်းငယ် ချို့ယွင်းမှုတွေ ရှိခဲ့ပါတယ်။
ဒီကြားထဲ သူများတွေလို စနေ၊တနင်္ဂနွေမှာ အချိန်မပေးနိုင်တဲ့အခါကျတော့ တနင်္လာကနေ သောကြာညပိုင်းတွေမှာပဲ ဘလော့ဂင်းဖြစ်ပါတယ်။ ညည့်နက်ပါများတော့ အိပ်ရေးတွေပျက်ရုံသာမက ဘယ်တုန်းကမှ မကျခဲ့ဘူးတဲ့ မျက်တွင်းတွေ ကျလာတာ ခုထိ ပြန်မပြည့်နိုင်တော့ မှန်ကြည့်မိတိုင်း စိတ်မကောင်းဖြစ်ရပါသေးတယ်။ စာဖတ်ချိန်တွေ ဖဲ့ယူသွားတာများ အိပ်ရာနံဘေးက မဖတ်ရသေးတဲ့ စာအုပ်ပုံကြီးက ပိုပိုမြင့်လာပြီး စာကြွေးတွေကဖြင့် မရှင်းနိုင်အောင် များလာပါတယ်။ အိပ်ရေးမ၀၊ စိတ်မကြည်တော့ အလုပ်ခွင်မှာ အနည်းနဲ့အများဆိုသလို effect ဖြစ်တာလည်း သတိပြုမိပါတယ်။
ဘလော့ဂ်အတွက် ပေးဆပ်ခြင်းတွေ သိပ်များတဲ့အထဲမှာ အချိန်ဟာ ထိပ်ဆုံးကပါပဲ။ ဒါတောင် ဇွန်မိုးစက် တစ်နှစ်အတွင်း ရေးခဲ့တာ အပုဒ်တစ်ရာ မကျော်ပါဘူး။ ရေးခဲ့တဲ့ စာတွေထဲမှာ စိတ်ပျော်စရာတွေ ပါခဲ့သလို၊ စိတ်မကောင်း ဖြစ်စရာတွေလည်း ပါသွားတယ်။ တစ်ချို့စာတွေကို ရေးပြီးတင်လိုက်ရလို့ ကျေနပ်မိသလို၊ တစ်ချို့စာတွေအတွက် နောင်တလည်း ရခဲ့ဖူးပါတယ်။ တစ်နှစ်အတွင်း ဘလော့ဂ်နဲ့ပတ်သက်ပြီး လျစ်လျူရှုမရတဲ့ စိတ်ခံစားမှုတွေက အမျိုးမျိုးအဖုံဖုံပါပဲ။
ဘလော့ဂ်နဲ့ ပတ်သက်ပြီး အကျိုးကျေးဇူးတွေလည်း တနည်းတဖုံ ရခဲ့ပါတယ်။ ကိုယ်နဲ့ ၀ါသနာတူ၊ ခံစားချက်ချင်းတူတဲ့ ဘလော့ဂ်ဂါမိတ်ဆွေတွေ ရခဲ့တယ်။ ကုသိုလ်တွေ အတူတူပြုနိုင်ခဲ့တယ်။ ဘယ်အချိန်မှန်းမသေချာတဲ့ တချိန်ချိန်မှာမှ လုပ်ဖြစ်မယ်ထင်တဲ့ စာရေးခြင်းကိစ္စကို လက်တွေ့လုပ်ဆောင်ဖြစ်ခဲ့တယ်။ ဇွန့်စာတွေကတစ်ဆင့် ရင်းနှီးခင်မင်လာတဲ့ စာဖတ်သူတွေ ရှိလာတယ်။ အားပေးဖော်တွေ ရလာတယ်။
ဇွန့်ရဲ့ ဘလော့ဂ်ကို လာရောက်လည်ပတ် ဖတ်ရှုသူများကို အမှန်တကယ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောပါရစေ။
ဒီဘလော့ဂ်လုပ်ဖြစ်အောင် တိုက်တွန်းပြောပြပေးခဲ့တဲ့ ကိုမိုးကုတ်သား၊ မနှစ်က ဒီဇင်ဘာလ ၅ရက်မှာ စတင်ဖြစ်တဲ့ ပထမဆုံး စကားဦးပို့စ်မှာတင် လာရောက်အားပေးခဲ့တဲ့ သူငယ်ချင်းများ၊ ဘလော့ဂါတွေထဲမှာ အရင်ဦးဆုံးလာမန့်ခဲ့တဲ့ မမခင်ဦးမေနဲ့ အခြားဘလော့ဂါ မောင်နှမများ၊ ဇွန်စာရေးဖို့ ငြူစူခြင်းအလျဉ်းမရှိဘဲ ကွန်ပျူတာပေးသုံးခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း၊ ဘလော့ဂ်ရဲ့ template width အတွက် ကူညီပြုလုပ်ပေးခဲ့တဲ့ အတူနေ ညီမငယ်တစ်ဦးနဲ့ ဘလော့ဂါမဟုတ်သော စာဖတ်သူ သူငယ်ချင်း မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်။ ဇွန်မိုးစက်က စီပုံးလည်း မထား၊ ပို့စ်တော်တော်များများရဲ့ မှတ်ချက်တွေကို တုံ့ပြန်မှုမပေးနိုင်ခဲ့တာ ခွင့်လွှတ်ပေးပါ။ ဇွန့်ဆီ လာလည်ဝင်ရောက် စာများဖတ်သွားသော်လည်း ဇွန်ကတဖန်ပြန်၍ သွားမလည်ဖြစ်ခဲ့သော စာရေးဖော် ဘလော့ဂ်ဂါများကိုလည်း ဒီပို့စ်ကနေပဲ တောင်းပန်လိုက်ပါတယ်။
နောက်ပိုင်းကျရင် ဒီ့ထက်ပိုပြီး စာရေးကျဲမယ်ဆိုတာ ကြိုတင်အသိပေးထားပါရစေ။ ဆန္ဒရှိသမျှ အမှန်အတိုင်း ပြောရမယ်ဆိုရင် ဇွန်မိုးစက်က ဘလော့ဂါသက်သက်ထက်ပိုတဲ့ စာရေးဆရာဖြစ်ချင်ပါတယ်။ ဖြတ်သန်းရမယ့် ဘ၀ခရီးမှာ တခြားဘယ်အလုပ်မှ လုပ်စရာမလိုဘူးဆိုရင် အေးအေးဆေးဆေးနဲ့ စာအုပ်တွေဖတ်၊ စာတွေ ထိုင်ရေးချင်ပါတယ်။ ဒီလိုမှမဖြစ်ခဲ့ရင်လည်း Margaret Mitchell လို ဂန္တ၀င်မြောက် ၀တ္ထုရှည်တစ်ပုဒ်လောက် ရေးသားဖန်တီးခွင့် ရချင်ပါတယ်။ လောလောဆယ် အခြေအနေမှာတော့ စာရေးဆရာဘ၀ထဲ ခြေစုံပစ် မ၀င်နိုင်သေးခင် အချိန်ပိုတွေ ရခဲ့မယ်ဆိုရင်၊ စာရေးဖို့စိတ်ကူးဆန္ဒတွေ ရှိနေဦးမယ်ဆိုရင် အရောင်အသွေးစုံလင်လှတဲ့ ဘလော့ဂ် ပန်းခင်းထဲမှာ ဇွန်မိုးစက်ဟာ မထင်မရှား အ၀ါရောင် ပန်းပွင့်လေးတစ်ပွင့်အဖြစ် ရှိနေပါဦးမယ်။
တစ်နှစ်တိတိ လာရောက်အားပေးဖတ်ရှုကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။
ပျော်ရွှင်သော တနင်္ဂနွေ ဖြစ်ပါစေ။း)
ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်
Happy birthday 1 year Coral Reef
ပျော်ရွင်ချမ်းမြေ့ပါစေ။
တနှစ်ပြည့် မှာ ပျော်ရွင်ပါစေခင်ဗျာ....။ဇွန် ဖြစ်ချင်တဲ့
စာရေးဆရာ ဘဝကို လည်း ပိုင်ဆိုင်နေပါစေခင်ဗျ...။
ဘာပဲဖြစ်ဖြစ် ဘလော့မှာတော့ စာတွေဆက်ရေးပါဦး...၊
နိုင်သလောက်ပေါ့ဗျာ.....။
ကိုယ် မျှော်ပြီး ဖတ်နေရတဲ့ ဘလော
=)
စာရေးဆရာ ဖြစ်လိုတဲ့ဆန္ဒ ပြည့်ဝပါစေ
မမရည်မှန်းချက်ပြည့်ပါစေ
တနေ့ စားရေးဆရာမကြီး မဇွန်အဖြစ်မြင်ရမှာပေါ့နော်း)
သာယာချမ်းမြေ့ပါစေနော်
မိုး
PS: မမစာရေးဆရာမဖြစ်လည်း ဒီနာမည်လေးပဲသုံးပါလား မမ
တနှစ်ပြည့်ပြီပေါ့...အမတို့ ဘလော့ဂ်စရေးတာ သိတ်မကွာကြဘူးနော်။ ဖြစ်မှာပါ တနေ့ ဇွန်ဖြစ်ချင်တဲ့ စာရေးဆရာ....။ တနှစ်မှသည် နှစ်ပေါင်းများစွာတိုင်ပါစေ ညီမရေ...
တနှစ်ပြည့်မှသည် နှစ်ပေါင်းများစွာတိုင်....
ပိုစ့်တရာကျော်မှသည် ပိုစ့်ပေါင်းများစွာတိုင်...
ပျော်ရွှင်ချမ်းမြေ့စွာ ဘလော့ဂ်ဂင်းနိုင်စေကြောင်း ဆုတောင်းသည် ညီမဇွန်....
ဒိနှစ်မှ နောင်နှစ်ပေါင်းများစွာ စာတွေအများကြီးရေးနိုင်ပါစေ။ အားပေးနေပါတယ်။
Happy Birthday.. June Rain Drop..
Hope to see similar post next year.. :)
မမ....ဖောင့်ကိုဖတ်လို့အဆင်ပြေမပြေလာကြည့်ရင်း အခုမှပဲ ဒီပို့စ်ကိုတွေ့ဖြစ်တော့တယ်။ :D
ငါ့အစ်မက စာရေးဒီလောက်ကောင်းတာ စာရေးဆရာမကြီးဖြစ်မှာ....စိတ်ချ။း)))
တစ်နှစ်ပြည့်မှသည်နောင်နှစ်ပေါင်းများစွာဆီသို့ ဆန္ဒပြုလျက်....
ချစ်တဲ့
ဂျင်း
(သြော်...ဖောင့်က အဆင်ပြေတယ်မမ။ အကုန်မြင်ရတယ်။)