ငါးနှစ်ခရီး

Category: ,

 
 
၂၀၀၉ခုနှစ် ဒီဇင်ဘာလ ၅ရက်နေ့မှာ စတင်သက်ဝင်လှုပ်ရှားခဲ့သော ဇွန်မိုးစက်၏ Coral Reef ဘလော့ဂ်လေးသည် ၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၅ရက်တွင် ၅နှစ်တိတိ ပြည့်ခဲ့ပြီဖြစ်သည်။ ထိုစဉ်က အတူနေသူငယ်ချင်းညိုလေး၏ ကွန်ပျူတာဖြင့် ဒီဇင်ဘာတစ်လထဲမှာပင် ပို့စ် ၁၂ပုဒ်ရေးပြီး အားကြိုးမာန်တက် ဘလော့ဂင်းခဲ့သည်။ ၂၀၁၀ မတ်လနောက်ပိုင်း ကိုယ်ပိုင်ကွန်ပျူတာဖြင့် ဆက်လက်စာရေး ဘလော့ဂင်းရာ တစ်နှစ်အတွင်း ၉၂ပုဒ် ရေးတင်ဖြစ်ခဲ့သည်။ တစ်လလျှင် အနည်းဆုံး ပို့စ်၎ပုဒ်မှနေ၍ အများဆုံး ၁၂ပုဒ်ထိ ရေးခဲ့ဖူးသည်ကို ပြန်ကြည့်မိတော့ အံ့သြရသည်။ ၂၀၁၁တွင် ရေးအားသိသိသာသာကျသွားပြီး တစ်နှစ်လုံးမှာ စုစုပေါင်း ၃၆ပုဒ်၊ ၂၀၁၂တွင် ၂၈ပုဒ်နှင့် ၂၀၁၃တွင် ပို့စ်ပေါင်း ၂၀သာ ရေးဖြစ်ခဲ့သည်။ ၂၀၁၄အတွက် ယခု ငါးနှစ်ခရီး ပို့စ်ပါ ထည့်တွက်လျှင် ၁၉ပုဒ်သာ ရှိသေးသည်။ လုံးဝမရေးဖြစ်တာနှင့်စာလျှင် တစ်လတစ်ပုဒ်နှုန်းလောက် ရေးဖြစ်သေးသည်ဟု တွေးကြည့်လျှင်တော့ သိပ်မဆိုးလှပါ။ တခါတလေ စာမရေးတော့ဘဲ ဘလော့မှနားမည်ဟုကြံလိုက်သော်လည်း အတဂ်ခံရသည်နှင့် ကြုံမိတော့ မထင်မှတ်ဘဲ ဘလော့ဂ်ပေါ်ပြန်ရောက်ပြီး ရေးဖြစ်သွားတာမျိုးတွေလည်း ရှိခဲ့သည်။

နှစ်ပတ်လည်ပို့စ်လေးတွေကို ပြန်ဖတ်ကြည့်တော့ ထိုစဉ်ကရှိခဲ့သော တချို့ဆန္ဒလေးတွေ ခုချိန်မှာ အနည်းနှင့်အများ အကောင်အထည်ပေါ်နေတာကို တွေ့ရသည်။ လွန်ခဲ့သည့် ၄နှစ်အတွင်း ဘလော့ဂ်ပေါ်မှ စာစုလေးတွေက ဘလော့ဂ်ပေါ်မှာပဲရှိနေခဲ့ရာမှ ၅နှစ်သက်တမ်းသို့ ၀င်ရောက်လာချိန်နောက်ပိုင်းမှာတော့ မဂ္ဂဇင်းထက်က စာမျက်နှာတချို့ပေါ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ တကယ်တော့ ဇွန်မိုးစက်ကလောင်ဖြင့် စာပေလောကထဲ စတင်ဝင်ရောက်ချိန်က ဘလော့ဂ်ထက် ၄နှစ်နီးပါး ပိုစောပါသည်။ အကယ်၍များ ဇွန်သည် Coral Reef ဘလော့ဂ်လေးကို မတည်ဆောက်ဖြစ်ခဲ့ပါလျှင် စာပေလောကနှင့် လုံးလုံးအဆက်ပြတ်သွားနိုင်သည်ကို ယခုမှ တွေးကြည့်မြင်ယောင်မိသည်။ ဇွန်မိုးစက်၏ စာရေးဝါသနာကို ဆက်လက်တည်တံ့ အကောင်အထည်ဖော်နိုင်စေရန် ဘလော့ဂ်က ဖေးကူဆက်မ ပေးခဲ့သည့်အတွက် ထိုဘလော့ဂ်လေးကိုပင် တဖန်ပြန်လည်၍ ကျေးဇူးတင်မိသည်။

ချစ်သူတစ်ယောက်နှင့် ဆယ်နှစ်ကျော်ကြာအောင်လက်တွဲခဲ့ဖူးသော ဇွန့်အတွက် ငါးနှစ်တာကာလက သိပ်မများလှသေးဟု ဆိုနိုင်ပါသည်။ သို့သော် ဘလော့ဂ်လေးနှင့် နောက်ထပ် ၅နှစ်ကြာအောင် လက်တွဲဖြစ်မည်လားဆိုသည်ကိုတော့ တပ်အပ်သေချာမပြောနိုင်ပါ။ သေချာတာတစ်ခုက ဇွန်မိုးစက်တစ်ယောက် အလုပ်တွေဘယ်လောက်များများ၊ အချိန်တွေဘယ်လောက်ရှားပါးရှားပါး စာရေးချင်သောစိတ်ကလေး အမြဲလိုပင် ရင်ထဲမှာ ကိန်းအောင်းတာစူ နေတတ်ခြင်းဖြစ်သည်။ လွန်ခဲ့သော တစ်နှစ်ခွဲလောက်မှစပြီး ငါ ဘလော့ဂ်မှာ စာတွေမရေးတော့ဘူး၊ နားတော့မယ်ဟု ဆုံးဖြတ်ခဲ့သည်တိုင် စာတွေဆက်ရေးနေမိခဲ့သည်။ စာရေးကျဲသွားသော်လည်း စာရေးချင်စိတ်ရှိနေသေးသရွေ့ အချို့အချို့သောစာများကို ဘလော့ဂ်ပေါ်မှာ ဆက်ရေးဖြစ်လိမ့်မည်ဟု ကိုယ့်ကိုယ်ကို ထင်ကြေးပေးမိပြန်သည်။ အချိန်မရွေး ကိုယ့်ဆန္ဒရှိတိုင်း စိတ်ကြိုက်ရေးနိုင်၊ တင်နိုင်သော ဘလော့ဂ်လေးသည် ပုံနှိပ်စာမျက်နှာများထက်ပို၍ လွတ်လပ်မှုရှိသည်က အမှန်ပင်ဖြစ်သည်။

ငါးနှစ်ခရီးကို ပျော်ရွှင်၊ ကြည်နူး၊ ၀မ်းနည်း၊ ၀မ်းသာ၊ အံ့သြ၊ ပူဆွေး၊ စိတ်လှုပ်ရှားမှု အဖုံဖုံ ရသစုံနှင့် ဖြတ်သန်းခဲ့သလို နိုင်ငံအနှံ့အပြားမှ ၀ါသနာတူဘလော့ဂ်ရွာသူရွာသားအပေါင်းနှင့် ဆုံတွေ့ခင်မင်ရင်းနှီးခွင့်လည်း ရခဲ့ပြီးဖြစ်သည်။ ငါးနှစ်တာကာလပတ်လုံး ဇွန်မိုးစက် စာရေးဘလော့ဂင်းခဲ့သမျှ လာရောက်လည်ပတ် ဖတ်ရှုအားပေးကြသော သူငယ်ချင်းမိတ်ဆွေမောင်နှမများအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါသည်။   

၅နှစ်ပြည့်သံယောဇဉ်လေးအတွက် အမှတ်တရ စာဖွဲ့ရင်း အားလုံးအတွက် ချိုမြိန်သာယာသော လဒီဇင်ဘာ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။း)


ဇွန်မိုးစက်
၅.၁၂.၂၀၁၄

Comments ( 10 )

ငါးနှစ်မှ နှစ်ပေါင်းများစွာတိုင် မယိုင်မလဲ ခိုင်မြဲစွာနဲ့ ဘလော့ဂင်းနိုင်ပါစေ ဇွန်လေးရေ....
တီတင့်ထက်နှစ်နှစ် စီနီယာကျတယ် .... :P
ဘလော့ဂါတွေရဲ့ ရင်တွင်းဆန္ဒကိန်းအောင်းမှုလေးတွေ တစ်ထပ်တည်းကျတာကတော့ ရေးနိုင်သည်ဖြစ်စေ မရေးနိုင်သည်ဖြစ်စေ စာရေးချင်နေကြတယ်.... ♥♥♥

စာရေးချင်စိတ်ဆိုတာ အောင်းထားလို့ မရဘူးလေ၊
ရေးသာရေး၊
ဘလော့မှ မဟုတ်ဘူး၊ ရေးချင်တဲ့ အချိန်ရေး၊
ပြီးတော့မှ ဘလော့ထဲကို ကူးထည့်လိုက်၊

အားပေးတာနော်။

ငါးနှစ်မှသည် ရှေ့လာမယ့်နှစ်များစွာ ဆက်ပြီး ဘလော့လေးနှင့် မကင်းမကွာ စာတွေ အမြဲရေးနိုင်ပါစေရှင်

မဇွန်ရဲ့ ချစ်စရာ ငါးနှစ်သမီးလေး။

ညီမငယ်ငယ်လေးက ၅နှစ်ရှိသွားပြီနော်
နောင်နှစ်များစွာတိုင် စာတွေဆက်လက်ရေးသားနိုင်ပါစေလို့

ဦးဦးဖျားဖျား လာမန့်ပေးလို့ ကျေးဇူးပါ တီတင့်ရေ။ ဘလော့ဂ်သက်တမ်းအားဖြင့်သာ ဇွန်က တီတင့်ထက် စီနီကျတာ၊ ဘလော့ဂ်အရေးကဏ္ဍတက်ကြွမှုမှာတော့ တီတင့်က ဇွန့်ထက် အဆပေါင်းများစွာ စီနီယာကျတာနော်။း)

အမြဲအစဉ် အားပေးတတ်တဲ့ အမပြုံးကို ကျေးဇူးပါ။း) ဟုတ်တယ်… ဇွန်လည်း ခုနောက်ပိုင်း ဖဘနုတ်စ်ပေါ်မှာ ချရေးပြီးမှ ဘလော့ဂ်ပေါ် ပြန်တင်တာမျိုး ရှိလာတယ်။

ကျေးဇူးပါ ညီမဆွေလေးမွန်ရေ။ ရှေ့လျှောက်ဘလော့ဂင်းဖြစ်မဖြစ် မသေချာပေမယ့် လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ ဘလော့ဂ်နဲ့ မကင်းကွာနိုင်အောင်ကို ဖြစ်ခဲ့ရတာ။း)

ညီမရင်ငြိမ်းသူပြောမှ မဇွန်မှာ ၅နှစ်အရွယ် သမီးလေးတစ်ယောက်ရှိမှန်း လူတွေသိကုန်ပြီ။ :D

ဟုတ်တယ် မဂျက်ရေ… ညီမငယ်ငယ်လေးက ၅နှစ်ဆိုတော့ မူလတန်းကျောင်းသူလေး ဖြစ်လာပြီပေါ့။း)

Happy Birthday Blog Lay ;)

Thank you, Nyo Lay! :)

လာဘည်ပါတယ် မမဇွန်

This comment has been removed by the author.