အဆောင်က သူတို့အကြောင်း

Category: ,

မောင်လေးရီနိုမာန်က ရှိသေးရင် ထပ်ရေးပေးပါအုံးလို့ တောင်းဆိုလာတာကြောင့်ရယ်၊ ကိုယ့်မြန်မာသူငယ်ချင်း တစ်ယောက်အကြောင်းလည်း ထည့်ရေးချင်တာနဲ့ အဆောင်က သူတို့အကြောင်းကို ထပ်ဖြည့် ရေးလိုက်ပါတယ်။ 

အရင်ပို့စ်မှာပါတဲ့ ဂျော်ခ်ျ့က ကျောင်းပိတ်ပိတ်ချင်းပြန်တော့ သူနေတဲ့အခန်းကို မလေးရှန်းတရုတ်စုံတွဲ ရောက်လာ ပါတယ်။ ကောင်လေးနာမည်က ၀ိုင်စီ (Y.C) တရုတ်နာမည်ကို အင်္ဂလိပ်လိုပေါင်းပြီး  initial နှစ်ခုရဲ့ အတိုကောက်ကို ယူခေါ်တာပါ။ နာမည်ရင်းတောင် မမှတ်မိတော့ဘူး။ သူတို့စုံတွဲနှစ်ယောက်မှာ ၀ိုင်စီကချည်း ချက်တာပါ။ ကောင်မလေးက ဘေးက ၀ိုင်းကူရုံသက်သက်ပဲ။ သိပ်လည်း ချက်တတ်ပုံ မပေါ်ဘူး။ တစ်ရက် ကိုယ်ဒံပေါက်ချက်တာ စိတ်ဝင်စားပြီး ၀ိုင်စီက ကိုယ့်ဆီက ချက်နည်းပြန်ယူ၊ သူ့ဆီက ကြက်ဆီထမင်းလုပ်နည်း ပြန်ပေးနဲ့ ဟန်ကျလို့။ သူတို့နှစ်ယောက်နဲ့ ပတ်သတ်ပြီး ကိုယ်မှတ်မိတာလေးတစ်ခုက ၀ိုင်စီ ဟင်းမချက်လိုက်ရတဲ့နေ့ပါ။ ကျောင်းသား အများစုတို့ထုံးစံ သူတို့လည်း စက်ဘီးဝယ်ပါတယ်။ စက်ဘီးက ၀ယ်ပြီးပြီးချင်း အသင့်စီးလို့မရသေးပါဘူး။ တစ်စချင်းစီ ကိုယ်တိုင် ပြန်ဆင်ပြီး တပ်ရတာမျိုးပါ။ ၀ိုင်စီလည်း အိမ်ပြန်ရောက်ကတည်းက စက်ဘီးဆင်တာ ချွေးတစ်လုံးလုံးနဲ့ တော်တော်ကြာပါတယ်။ စက်ဘီးတစ်စင်းလုံး အစအဆုံးဆင်ရတာ တကယ်မလွယ်ပါဘူး။  သူလည်း စက်ဘီး ဆင်နေရတာနဲ့တင် ဟင်းလည်း မချက်နိုင်တော့ဘူး။  ဒါနဲ့ သူ့ကောင်မလေးလည်း KFC ၀ယ်ပြီး နေ့လည်စာစားရင်း သူလုပ်တာ ဘေးကနေပဲ တောက်လျှောက် ထိုင်ကြည့်နေတာ.. ညနေရောက်မှပဲ စက်ဘီးတစ်စင်းလုံး ရှောရှောရှူရှူ ဆင်ပြီးသွားတော့တယ်။  ညစာလည်း ၀ိုင်စီတစ်ယောက် မချက်နိုင်တော့ဘူးလေ။ အဲဒီ့နေ့က ၀ိုင်စီ ဟင်းမချက် လိုက်ရတဲ့နေ့ ဖြစ်သွားတာပေါ့။ ကိုယ်လေ့လာတွေ့ရှိသလောက် တရုတ်စုံတွဲ တော်တော်များများမှာ ယောက်ျားလေး တွေက ဟင်းချက်ကျွေးတာ များပါတယ်။ တရုတ်ပြည်မကြီးက တရုတ်ကျောင်းသား အများစု စည်းကမ်း မရှိဘူး ဆိုပေမယ့် မလေး၊ စလုံး နဲ့ ဟောင်ကောင်က တရုတ်ကျောင်းသားတွေက စည်းကမ်းရှိပါတယ်။

ကိုယ့်အဆောင်က မဟုတ်ဘဲ ကိုယ်တို့တစ်ခြားမြန်မာကျောင်းသားတွေနဲ့ အတူနေရတဲ့ သူတို့ပြန်ပြောပြတဲ့ အဆောင်နေ ကျောင်းသားတွေ အကြောင်းကလည်း တစ်မျိုးတစ်ဖုံ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဟောင်ကောင်က ကျောင်းသား တစ်ယောက်က ပန်းသီးကို အလုံးလိုက် ရေနွေးနဲ့ပြုတ်တာတွေ့တော့ အထူးအဆန်းဖြစ်ကြ။ အာဖရိကတိုက်က သက်ကြီးကျောင်းသားတစ်ယောက်က ကိုယ်တို့မြန်မာတွေလို မီးဖိုခန်းထဲ အားရပါးရ၀င်ပြီး အချိန်ယူ ချက်ပြုတ် တတ်တာချင်း တူရုံသာမက ချက်ပြုတ်ဖို့ ပြင်ဆင်ရတဲ့အချိန်ရယ် စားပြီးသောက်ပြီးတဲ့အခါကျတော့ ပြန်ဆေးကြော ရတာတွေဟာ အချိန်သိပ်ကုန်ကြောင်း၊ စားလိုက်တာတော့ ခဏလေးပဲလို့  ကိုယ်တို့နဲ့ အမြင်တူစွာ ပြောတတ် တာချင်းကလည်း တူနေပြန်ပါတယ်။ သူတို့နိုင်ငံမှာ မဖြစ်မနေစစ်မှုထမ်း၊ အစိုးရ၀န်ထမ်း နှစ်ရှည်လုပ်ပြီးမှ ပညာသင်ဖို့ သူကို့စေလွှတ်လို့ အသက်ကြီးမှ အင်္ဂလန်မှာ ကျောင်းတက်ခွင့်ရကြောင်း သူပြောပြလို့ သိရပါတယ်။ 

(ကိုယ်ရဲ့) သူနဲ့ ပထမနှစ်တုန်းက တစ်ဆောင်တည်းအတူနေ ခင်မင်ခဲ့တဲ့ အစ္စရေးကျောင်းသားတစ်ယောက် ရှိပါတယ်။ အစ္စရေး-အင်္ဂလိပ်ကပြားပါ။ အင်္ဂလိပ်လူမျိုးသူ့အမေက ဂျူးလူမျိုးသူ့အဖေနဲ့ လက်ထပ်ပြီး အစ္စရေးမှာပဲ လိုက်နေတာ။ သူ့ကျတော့ ပတ်စပို့စ်နှစ်ခုကိုင်ထားတဲ့ နှစ်နိုင်ငံသားဖြစ်သွားပါတယ်။  အမေအင်္ဂလိပ်ပေမယ့် အင်္ဂလန်က ထွက်သွားတာကြာပြီဆိုတော့ သူကျောင်းပြန်လာတက်တဲ့အခါ နိုင်ငံခြားသားနှုန်းနဲ့ပဲ ကျောင်းလခ ပေးရတာကို သူသိပ်မကြည်ပါဘူး။ ဒါပေမယ့် အင်္ဂလန်မှာ သူပိုပျော်ပါတယ်။ သူ့မိဘတွေက ဂျူးဘာသာဝင်ဆိုတော့ အီစတာပွဲတော်လရောက်ရင် ဂျူံနဲ့လုပ်တဲ့ မုန့်တွေ၊ ပေါင်မုန့်တွေပဲ စားရတာ သူသိပ်စိတ်ညစ် ပါသတဲ့။ အီစတာကျောင်းပိတ်ရက်ဆို အစ္စရေးကို မပြန်ချင်ဘူး၊ ပေါင်မုန့်တွေချည်းစားရမှာ ကြောက်လို့တဲ့။ (ကိုယ်ရဲ့) သူ အင်္ဂလန်စရောက်တဲ့နေ့ကတည်းက ကိုယ့်ဆီခေါ်ထားတဲ့ ဖုန်းကပ်တစ်ထပ်ကြီး (သူကလည်း မပစ်ဘဲသိမ်းထားတာ၊ ကိုယ့်ကိုပြဖို့တဲ့လေ) ကိုမြင်ပြီး အစ္စရေး-အင်္ဂလိပ်ကပြားလေးက သိပ်အံသြခဲ့ကြောင်း သူပြောပြလို့ သိရပါသေးတယ်။

(ကိုယ်ရဲ့) သူနဲ့ပတ်သက်ပြီး ကိုယ်နဲ့ပါအရမ်းခင်သွားတဲ့ သူတို့ကျောင်းက မြန်မာကျောင်းသားအစ်ကိုကြီး (ကိုယ်တို့ထက် နှစ်နှစ်ကြီးပါတယ်) က ဒုတိယနှစ်မှာ သူနဲ့တစ်ဆောင်တည်း ကျပါတယ်။ နိုင်ငံတူလို့ တစ်ဆောင်တည်း ချပေးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီ့တစ်ယောက်က အရမ်းတော်ပါတယ်။ သူကမန္တလေးဇာတိ၊ အမ်အိုင်တီမှာ ပထမနှစ်တက်ပြီး ၀ိုင်အိုင်တီကို ဒုတိယနှစ်မှာ ပြောင်းတက်တယ်။ ကျောင်းတွေပိတ်သွားတော့ အင်္ဂလန်မှာ Engineering ကို ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ တက်သွားတာ။ ပထမနှစ်ကနေ တတိယနှစ်အထိ ဆက်တိုက် Roll. 1 စွဲပါတယ်။ နောက်ဆုံးနှစ်မှာ စာသိပ်မလုပ်ဘဲ ခပ်အေးအေး နေတာတောင်  ဘာသာတိုင်း ဂုဏ်ထူးထွက်ပြီး အမှတ်တွေ သိပ်ကောင်းခဲ့ပါတယ်။ သူက တရုတ်သွေး ၉၀ရာခိုင်နူန်းပါသူဆိုတော့ တရုတ်လိုပြောတတ်ရုံမျှမက English လည်း အသံထွက်ကအစ သိပ်ကောင်းပါတယ်။ မြန်မာစာလည်း  တော်တယ်။ ကိုယ့်ဘ၀မှာ ကိုယ်တကယ် အထင်ကြီး လေးစားမိတဲ့ ယောက်ျားတွေ လက်ချိုးရေကြည့်ရင် ၅ယောက်ထက် မပိုတဲ့စာရင်းမှာ သူပါပါတယ်။  စာပေ ဗဟုသုတနဲ့လည်း တော်တော်ပြည့်စုံတယ်။ စာတော်ရုံတစ်ခုတည်းနဲ့ ကိုယ်အထင်မကြီးတတ်ပါဘူး၊ စိတ်ဓါတ် ရေးရာလည်း တကယ်ကောင်းသူမို့ပါ။ 

သူက စာသိပ်တော်ပြီး တရုတ်လိုလည်း ပြောနိုင်တော့ သူတို့အတန်းထဲက တရုတ်မလေးတွေ သူ့ဆီကို ခဏခဏလာပြီး စာရှင်းခိုင်းပါတယ်။ စာမေးပွဲနီးရင် ပိုဆိုးသေး။ တစ်ချိန်လုံး သူ့အဆောင်လာပြီး စာလာလာမေးတာ။ နောက်တော့ သူ့မှာ စာကောင်းကောင်းမကြည့်ရတာနဲ့ စာမေးပွဲနီးတော့မှ လန်ဒန်အထိဆင်းပြီး သူ့သူငယ်ချင်းအိမ်မှာ study လုပ်ရတဲ့အဖြစ် ရောက်သွားတာ။ နွေရာသီကျောင်းပိတ်ရက်မှာ Sony က အချိန်ပိုင်းအလုပ်ခေါ်လို့ သူသွားလျှောက်ပါတယ်။ နောက်ဆုံးစကာတင်လူရွေးတော့  ဥရောပတိုက်သား နှစ်ယောက်နဲ့သူ သုံးယောက်ပဲကျန်တော့တာ။ သူတို့ဆီမှာ အလုပ်ခန့်ရင် အီးယူကလူကို ဦးစားပေးတော့ သူရမယ်လို့တောင် မထင်ဘူးလို့ ကိုယ်တို့ကို ပြောလိုက်သေးတာ။ တကယ်တမ်းအလုပ်ခန့်လိုက်တော့ သူ့ကိုပါ။ ကိုယ်ကတော့ သူ့လိုသိပ်တော်တဲ့မြန်မာတွေကိုယ်စား ဂုဏ်ယူဝမ်းသာ မိနေတတ်တာ။ “တကယ်ဆို သူက အဆောင်မှာ စာလုပ်တာ ကိုယ်မမြင်သလာက်ပဲ၊ ကိုယ်နဲ့ပဲ တစ်ချိန်လုံး ဂိမ်းဆော့ပြီး၊ ရုပ်ရှင်တွေ download လုပ်ကြည့်၊ စကားတွေပြောနေတာလို့” သူက ကိုယ့်ကို ပြန်ပြောပြပါတယ်။ ဒါပေမယ့် ကိုယ့်သူငယ်ချင်းက အတန်းတစ်ခါမှ မလစ်ဘဲ Lecture  မပျက်မကွက် လိုက်ပါတယ်။ 
 
(ဒီနေရာမှာ ကိုယ့်အမြင်လေး တစ်ခါတည်း ချရေးလိုက်ချင်ပါတယ်။ အနောက်တိုင်းက ပညာရေးစနစ်က အရှေ့တိုင်းမှာလို တကုန်းကုန်း တရုန်းရုန်းနဲ့ စာတွေ တစ်အား ကျက်မှတ်နေစရာမလိုပါဘူး။ Lecture မှန်မှန်လိုက်ပြီး Practical ကောင်းကောင်းလုပ်နိုင်ရင်ကို ရပါတယ်။ နဂိုဉာဏ်သိပ်ကောင်းပြီး  bright လည်းဖြစ်တဲ့၊ စေ့စပ်သေချာတဲ့ ကျောင်းသားတွေဟာ အပတ်တကုတ် ကြိုးစားစရာမလိုဘဲ ထိပ်ရောက်သွားတာ တွေ့ရပါတယ်။ ခုစင်္ကာပူမှာ ကျောင်းတက်ပြီး စာမေးပွဲနီးရင် စိတ်ဖိစီးမှု သိပ်များနေတဲ့ ကျောင်းသားတွေကို တွေ့မြင်ရတာ စိတ်ပင်ပန်းလှပါတယ်။ ကိုယ်တော့ ဘွဲ့လွန်တက်ဖြစ်မယ်ဆိုရင်တောင် ဒီမှာဆက်မတက်ဘူးလို့ ဆုံးဖြတ်ထားပါတယ်။)

ကိုယ်တို့မြန်မာသုံးယောက် တွေ့တဲ့အခါ ရောက်စက တောသားမြို့ရောက်ဖြစ်ပုံတွေ တစ်လှည့်စီ ပြန်ပြောပြီး ရယ်ကြရပါတယ်။ သူများအကြောင်းတွေချည်းပြောနေတာ ကိုယ်တို့အကြောင်းလည်း ပြောဦးမှပေါ့နော်။ ကိုယ်က အဆောင်ရောက်ရောက်ချင်းညမှာ အိပ်ခန်းထဲက heater ဘယ်လိုဖွင့်ရမယ်မှန်းမသိလို့ စောင်ထူထူကြားထဲ အတင်းခွေပြီး အိပ်ခဲ့တာ။ ကိုယ့်သူငယ်ချင်းက ရေချိုးခန်းမှာ ရေနွေးရအောင် shower heater ကို temperature ညှိနေတာ အချိန်တော်တော်ကြာသွားလို့ စိတ်မရှည်ဘဲ ရေအေးနဲ့ အံကြိတ်ပြီး ချိုးခဲ့ရတာ။ သူ့အလှည့်ကျတော့  အဆောင်က ရေနွေးပိတ်ထားချိန်ကို မသိဘဲ ည၁၂နာရီနောက်ပိုင်းမှ ရေချိုးခန်းဝင်မိလို့ ခုန်ပေါက်ပြီး ရေအေးနဲ့ ချိုးခဲ့ရတာတွေ ပြန်ပြောပြီး ရယ်ကြရပါတယ်။

Fire alarm နဲ့ပတ်သတ်ပြီးလည်း ကိုယ်တို့တွေ ခံခဲ့ရပါတယ်။ အဆောင်မီးဖိုခန်းတွေမှာ fire alarm တွေတပ်ထားတော့ ချက်ရင်းပြုတ်ရင်းတူးသွားတာ၊ မီးခိုးတွေ အူပြီးထွက်လာတာနဲ့ တစ်ပြိုင်နက် တစ်ဆောင်လုံးက alarm တွေ ထမြည်ပြီး အဆောင်နေကျောင်းသားအားလုံး အဆောင်အောက်ကို ပြေးဆင်းရပါတယ်။ ကိုယ်ရောက်ရောက်ချင်း သိပ်မကြာခင် တစ်ညမှာ fire alarm မြည်တာနဲ့ ကြုံပါလေရော။ မြည်ရင် အဆောင်အောက်ပြေးဆင်းရမယ်ဆိုတာ ကိုယ်မသိခဲ့ လေတော့ အဲ့ဒီ့နားကွဲမတတ် ဆူညံသံကြီးကို ပေကပ်လျစ်လျူရှုပြီး နားကိုခေါင်းအုံးနဲ့ အတင်းဖိထားပြီး အိပ်ရာထဲက တစ်ဖ၀ါးမှ မခွာခဲ့တာကို ပြန်ပြောပြတော့ နားထောင်တဲ့သူတွေက အံ့သြလို့။ အသားကင်အနံ့ကြောင့် မြည်လာတဲ့ alarm မို့လို့သာပဲ။ မီးလောင်လို့မြည်ခဲ့တာများဆိုရင် ကိုယ်အခန်းထဲက မထွက်ပုံနဲ့ အို... မတွေးရဲစရာ။

သူတို့အဆောင်မှာလည်း ညကြီးမိုးချူပ် မြည်ဖူးပါတယ်တဲ့။ သူတို့က ကိုယ့်ထက် ပိုအကင်းပါးကြသူများဆိုတော့ အဆောင်အောက်ကို အလုအယက်ပြေးဆင်းကြတာ ခြေစွပ်တွေဘာတွေတောင် ၀တ်ဖို့သတိမရကြဘူး။ အောက်ရောက် တော့မှ အေးခဲနေတဲ့ ဆောင်းတွင်းညကြီးမှာ ခြေစွပ်မပါဘဲ ညအိပ်ဝတ်စုံနဲ့ လက်ပိုက်မတ်တပ်ရပ်ပြီး  alarm လာပိတ်ပေးမယ့် အဆောင်တာဝန်ရှိ ရောက်မလာမချင်း အအေးဒဏ်ကို အောင့်အည်းသည်းခံပြီး စောင့်ခဲ့ကြရတယ်ဆိုပဲ။ fire alarm နဲ့ပတ်သတ်ပြီး အဲလိုတွေ ခံထားရဖူးတော့ အပြင်ဆောင်ရောက်တဲ့အခါ ကိုယ်တို့အားလုံး သဘောတူညီစွာနဲ့ alarm က  ၀ါယာကြိုးကို ဖြုတ်ထားလိုက်တာ အေးရော။ ဘယ်လောက်ချက်ချက် ဘယ်လောက်တူးတူး ဘယ်လောက် ညှော်ညှော် မမြည်တော့ဘူး...ကဲ။ ကိုယ်တို့ကျောင်းသားတွေ ဆိုးပုံများ...နော်။

ခုလို နေရောင်တော်တော်နဲ့ မပျောက်တဲ့ နေ့တာရှည်တဲ့ နွေဦးရာသီညတွေဆို အဆောင်ခြံဝန်းကျယ်ကြီးထဲက မြက်ခင်းပြင်မှာ အုပ်စုလိုက်ဝိုင်းဖွဲ့ပြီး ဘာဘီကျူးတွေလုပ်စားကြ၊ စကားတွေဝိုင်းဖွဲ့ပြောကြ၊ ကိုယ်ပိုင်တီဗွီရှိသူတွေက အပြင်ထိထုတ်ပြီး စားရင်းသောက်ရင်း ကြည့်ကြနဲ့ ပျော်စရာကြီးပါ။ ရေးယင်းနဲ့ ကိုယ်တောင်လွမ်းသွားပြီ။ နားမှ။

အဆောင်က သူတို့အကြောင်းကား ဤတွင်ပြီး၏။ 

ရီနို၊ ညီမအင်ကြင်း ... ဒီလောက်ဆို ကျေနပ်မယ်လို့ ထင်ပါတယ်။း)


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

Comments ( 11 )

ဝေးးးးးးးးးးးးးးးး

ညီမလေးးးးး

ပြန်ရောက်ပြီနော်...
နေကောင်းလား
ခြေထောက်သက်သာလား...

စာကြွေးတွေလာဖတ်ဦးမယ်...
အခုတော့ဒီပိုစ့်လေးပဲ ဖတ်သွားတယ်..
ရေးတတ်တယ်.စိတ်ကူးကောင်းတယ်.
.အစ်မဆို အဲလိုမရေးတတ်ဘူး...ရေးဖို့စိတ်တောင်ကူးမကြည့်ခဲ့ဖူးတာ...

အင်းကျေနပ်ပါတယ်
ဒါပင်မဲ့ ရှိတာလေးတွေတော့ ချပြစေချင်ပါတယ်
မရောက်ဖူးတဲ့ လူတွေ အတွက်
ဗဟုသုတ ပေါ့
အဆင်ပြေရင် ထပ်ရေးပေးဖို့ မျှော်လင့်ပါတယ်

ကျောင်းသားဘဝတုန်းကတော့ ကိုယ့်ဘာသာ ပင်ပန်းလှပြီ ထင်ခဲ့တာ...ခုလို လူကြီးဖြစ်ပြီး ကိုယ်တိုင်ဘဝထဲရောက်တော့မှ ကျောင်းသားဘဝကို ပြန်တမ်းတမိတာ....:)

ဟင်းချက်တဲ့ ယောက်ျားတွေက အခြားယောက်ျားတွေနဲ့ အတူတူပဲလား...ဘာတွေခြားနားသေးသလဲ
အယင်ကတည်းက သိချင်နေတာ
ဒီပို့စ်ဖတ်ပြီး ပိုသိချင်သွားတယ်း)

အင်း စာ စာ

စာတော့ မလုပ်ချင်ဘူး။ စာမေးပွဲလဲ မဖြေချင်ဘူး။
ကျောင်းတော့ ဆက်တက်ရင်ကောင်းမလား နဲနဲ စဉ်းစားတယ်။

(ခုစင်္ကာပူမှာ ကျောင်းတက်ပြီး စာမေးပွဲနီးရင် စိတ်ဖိစီးမှု သိပ်များနေတဲ့ ကျောင်းသားတွေကို တွေ့မြင်ရတာ စိတ်ပင်ပန်းလှပါတယ်။ ကိုယ်တော့ ဘွဲ့လွန်တက်ဖြစ်မယ်ဆိုရင်တောင် ဒီမှာဆက်မတက်ဘူးလို့ ဆုံးဖြတ်ထားပါတယ်။)

ဘယ်မှာ ဆက်တက်ရင် သက်တောင့်သက်သာ ရှိလဲ သိရင် ပြောပါ ဇွန်
:D

အမှန်အတိုင်းပြောရရင် ကျေနပ်ပြီလားဆိုတော့ မကျေနပ်သေးဘူးလို့ ပြောရင် လွန်မလား မမရေ... ဖတ်ရတာ ကောင်းလွန်းလို့ (ကိုယ်ကလည်း အရမ်းစိတ်ဝင်စားတဲ့ အကြောင်းဖြစ်နေလို့) နောက်ထပ်ရေးစရာတွေများ ရှိနေသေးရင်ဖြင့် အခွင့်အခါသင့်ရင် မျှဝေပေးပါဦးလို့ပဲ တောင်းဆိုချင်တော့တာ...

ချစ်ခင်လေးစားတဲ့
ညီမလေး
ဂျင်ဂျင်း

wow... u really can write so well... proud to be ur flatmate .. hee...

အဲ ပါးစပ်အဟောင်းသာလေးဖြစ်လိုက်၊ ပြုံးမိသွားလိုက်နဲ့... အဆုံးသတ်သွားတာ မြန်လိုက်တာလိုပဲ။ ရေးပါဦျးေိုး သိပ်ကောင်းတယ်

အလုပ်မလုပ်ပဲ ကျောင်းကြီးပဲ တက်ရင်တော့ ပင်ပန်းတာ သက်တာပါတယ်။

သူများနိုင်ငံမှာ ကျောင်းတက်တဲ့ local/internationals students အများစုက part time အလုပ်လုပ်တော့ ပင်ပန်းပါတယ်။

အိမ်ပြန်ရောက်ရင် ဆယ်နာရီ ဆယ်တနာရီ ထိုးပြီ။ တချို့ SG က hotel waiters လုပ်တဲ့သူဆိုရင် ညနှစ်နာရီ အိမ်ပြန်ရောက်တာ မရှားဘူး။ ကျောင်းက မနက်ရှစ်နာရီစရော။

သူများလူမျိုး အမူအကျင့်, Culture ကို စိတ်ဝင်စားပါတယ်။ ရှိသေးရင် ဆက်ရေးပေးပါ။

အဆောင်နေရတာ ခဏပဲ ပျော်တယ်။ လူများတော့ စရိုက်စုံတယ်။ စိတ်သဘောထားမတိုက်ဆိုင်မှာကြောက်တယ်။ ဟိုရောက်တော့ မြန်မာတွေနဲ့စုနေတာထက် တစ်ယောက်တည်းနေဖြစ်တယ်။

အခုတော့ အဆောင်မနေဘူး။ အိမ်နဲ့ မိသားစုနဲ့ နေတယ်။

မဇွန်ပိုစ့်အသစ်တင်တိုင်းရောက်ဖြစ်တယ်။

ဖတ်တယ်။ ကျနော်က ကျန်တဲ့သူတွေကို ဖတ်ပြဖြစ်တာဖြစ်ဖြစ်၊ ကျန်တဲ့သူတွေ ဆက်ဖတ်တာပဲ ဖြစ်ဖြစ် ကော့မန့်ပေးဖို့ နောက်နှေးသွားတာပါ။



အနောက်တိုင်းက ပညာရေးစနစ်အကြောင်း ဒီမှာပြောဖြစ်သေးတယ်။ စာသင်ပုံချင်းက ပြောင်းပြန်ကို ဖြစ်နေတာ ဒီမှာနဲ့။ ဒါပေမယ့် တစ်မျိုးစီပေါ့လေ။း)
မဇွန်စာရေးတာကို ကြိုက်တယ်။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

ဇွန်မိုးပွင့်ရေ... အခုမှ ဒီဘလော့က စာတွေသေချာဖတ်မိတယ်။ အခုနောက်ပိုင်း ဘလော့လည်ဖတ်တာ နည်းလာတယ်လေ။

ရေးထားတွေဖတ်လို့ကောင်းသလို စိတ်ဝင်စားဖို့လည်းကောင်း၊ ဗဟုသူတလည်းရတယ်။ နောက်မှ အချိန်ယူပြီး လာဖတ်ပါဦးမယ်။