Changes

Category: ,

သူမ ဒီကျွန်းလေးကို စရောက်ချိန် ၂၀၀၁နှစ်ခုမှာ ဆောက်လက်စ ဒိုဗာမှတ်တိုင် ဘူတာရုံ မပြီးသေး။ ထိုစဉ်ကတည်းက ရုပ်လုံးပေါ်နေပြီဖြစ်သော Esplanade အဆောက်အဦလည်း အပြီးမသတ်ရသေး။ ခရမ်းရောင်ရထားလိုင်း မပေါက်သေး။ ချန်ဂီလေဆိပ်ကို ရထားဖြင့် တိုက်ရိုက်မသွားနိုင်သေး။  ပထမဆုံး အဲကွန်းဘတ်စ်အင်တာချိန်း ဖြစ်သော တိုးပါးရိုးအင်တာချိန်းက under construction အဆင့်မှာ။ အမ်အာတီကတ်ပြားကို ယခုလို tap လုပ်ရုံနှင့် ဖြတ်သွားနိုင်သော စနစ်မဟုတ်ခဲ့သေး။ Spass ဆိုသော  Work Pass အမျိုးအစားလည်း မပေါ်သေး။ GST က ၃ ရာခိုင်နှုန်းသာ။ 

သူမ ရောက်ပြီး သိပ်မကြာမီပင် ဒိုဗာဘူတာရုံဖွင့်သည်။ ချန်ဂီလေဆိပ်အထိလည်း ရထားဖြင့်သွားနိုင်ပြီ။ ၂၀၀၂ ထဲမှာပင် Esplanade လည်း ဖွင့်လှစ်ခဲ့သည်။ အသက် ၅၀ နှစ်အရွယ်ရှိ Software Engineer အမျိုးသားတစ်ဦး၏ စွမ်းဆောင်မှုဖြင့် MRT ကတ်ပြားများကို စက်အတွင်း ထိုးထည့်ပြီး ပြန်ထွက်လာမှ ယူစရာမလိုဘဲ tap လုပ်ရုံဖြင့် ဖြတ်သွားနိုင်သော စနစ်ကို ကလင်မသီဘူတာရုံတွင် ပထမဆုံး စမ်းသပ်အောင်မြင်ခဲ့သည်။ ထိုနှစ်က ဖြေရသော Software Engineer ဘာသာရပ်တွင် စနစ်သစ်ကတ်ပြားကို သုံးစွဲခြင်းဖြင့် ရလာမည့် ကောင်းကျိုးဆိုးကျိုးတို့ကို အဓိကထားပြီး စာမေးပွဲတွင် ထည့်မေးသွားခဲ့သေးသည်။ GST လည်း ၅ ရာခိုင်နှုန်းသို့ တက်တော့မည်။

တစ်နှစ်တာပညာသင်ယူအပြီး ထိုကျွန်းပေါ်မှ ထွက်သွားပြီး နောက်လေးနှစ်အကြာပြန်ရောက်တော့  အပြောင်းအလဲတွေ အများကြီးတွေ့လိုက်ရသည်။  ခရမ်းရောင် ရထားလိုင်း စဖွင့်ပြီ။ အ၀ါရောင် စက်ဝိုင်းလိုင်းလည်း ဖောက်နေပြီ။ အစိမ်းလိုင်းကလည်း ယခင် Boonlay မှ Joo Koon အထိ တိုးချဲ့နေခဲ့ပြီ။  Downtown လိုင်း အသစ်လည်း မကြာမီ လာတော့မည်။ အဲကွန်းဘတ်စ်အင်တာချိန်းအသစ်တွေတောင်  ထပ်မံဆောက်လုပ်နေပြီ။ GST က ၂၀၀၇ မှာ ၇ ရာခိုင်နှုန်းသို့ တက်မည်ဆို၍ ထုံးစံအတိုင်း ပြည်သူများထံမှ အသံတွေ ကြားနေရပြီ။ Spass ဆိုသော Work Pass အမျိုးအစားက ရှိနှင့်ပြီးသား WP၊ EP Status များကို ကျော်လွန်ကာ အတော်လေး Popular ဖြစ်နေခဲ့ပြီ။  Marina Bay မှာ ကာစီနိုပရောဂျက်အတွက် ဆောက်လုပ်ရေးအင်ဂျင်နီယာနှင့် ဒာလုပ်သမားများ နေ့မအား ညမအား အလုပ်တွေ များနေခဲ့ကြပြီ။

Santosa မှ "Sound of the Sea" ကို ယခင်ကလို အခမဲ့ ကြည့်ရှုခွင့်မရတော့။ များမကြာမီက ဖွင့်လှစ်သော Orchard MRT မှာ Ion၊ Somerset မှာ  313  shopping mall  အသစ်များဖြင့် ဘူတာအထွက်ကို မျက်စိလည်ခဲ့စေသည်။ မြန်မာလူမျိုး၊ မြန်မာစကားသံတွေ နေရာတိုင်း၊ ရပ်ကွက်တိုင်းမှာ မြင်ရကြားရလောက်အောင် များပြားလာသလို ပတ်ပို့စ်ပြောင်းကိုင်သူ အရေအတွက်လည်း အထိုက်အလျောက် များလာခဲ့ပြီ။  ဟိုတုန်းက တိုက်တန်းနစ်လိုကားမျိုး ဆင်ဆာဖြတ်ပြီးမှ ပေးကြည့်သော၊ Sex and the City ဇာတ်လမ်းတွဲကို ရုပ်မြင်သံကြားမှာ မပြသခဲ့သော အနေအထားမှ ယှဉ်ကြည့်လိုက်လျှင် ယခုအခြေအနေမှာ  အရင်ကထက် အများကြီးပိုပြီး သိသာ ပွင့်လင်းသော အနေအထားတစ်ခု ဖြစ်နေခဲ့ပြီ။

ဝန်ကြီးချုပ် လီကွမ်ယုမှ ဂိုချောက်တောင်သို့၊ ဂိုချောက်တောင်မှ လီရှန်လွန်းသို့ ပြောင်းလဲသွားသော်လည်း တိုင်းပြည်လေးက အရှိန်အဟုန်ဖြင့် တိုးတက်နေဆဲ၊ အားကောင်းစွာ ဖွံ့ဖြိုးနေဆဲ၊ စီမံကိန်း အသစ်အသစ်တွေဖြင့် ပြောင်းလဲနေဆဲဖြစ်သည်။ ကောင်းသော တိုးတက်ပြောင်းလဲခြင်းတွေ မြင်တော့ အားကျမိသည်။

သူမ၏ မွေးရပ်မြေတွင်လည်း ပြောင်းလဲခြင်းတွေ မရှိမဟုတ်၊ ရှိနေပါသည်။ သို့ပေမယ့် ထိုပြောင်းလဲခြင်းတွေက အပေါင်းလက္ခဏာဆောင်သော ပြောင်းလဲခြင်းမဟုတ်ဘဲ အနုတ်လက္ခဏာဆောင်သော ပြောင်းလဲခြင်းတွေ ဖြစ်နေသည်က ၀မ်းနည်းစရာကောင်းလှသည်။ ကောင်းသော ပြောင်းလဲခြင်းတွေဖြစ်ဖို့ သူမတို့လိုလားသည့် ပြောင်းလဲခြင်းက ယခုတိုင်မပြောင်းလဲသည်မှာ ဘာကြောင့်မှန်း သူမ စဉ်းစားမရနိုင်အောင် ဖြစ်ရသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးပီပီ ကံ ကံ ၏ အကျိုးကို အကြွင်းမဲ့ ယုံကြည်သော်လည်း ထိုမပြောင်းလဲသေးသော ပြောင်းလဲခြင်းနှင့် ပတ်သက်လျှင်တော့ ယခုတိုင် ဇဝေဇ၀ါ ဖြစ်နေရဆဲ...။


ဇွန်မိုးစက်

Comments ( 17 )

ဟုတ်ပ အစ်မရယ်
ကိုယ့်တိုင်းပြည်အကြောင်းစဉ်းစားမိရင်တော့ ..
သက်ပြင်းပဲ ချချမိနေတယ် ..
ဟူးးးးး

ကံ (အလုပ်) တွေ အားပြိုင်နေတယ် လို့ ထင်မိတယ်။

Good writing.. :)

မမရေ...စဉ်းစားမရတာကို စဉ်းစားမနေနဲ့တော့ ဆံတွေသာဖြူသွားမယ်...အဖြေမှန်က ထွက်လာမှာ မဟုတ်ဘူး...ရင်မောလွန်းတယ်...

ဂျင်ဂျင်း

ွှုွှအင်းးးးးးးးးးးးး
စာဖတ်ပြီးသက်ပြင်းချမိပါတယ် မရယ် မောလွန်းလို့ ပါ။
အောင့်ကနဲ့ ပဲ ရင်ထဲမှာ ....................................
မမရဲ့ ဘဝသာယာချမ်မြေ့ပါစနော်
မိုး

ဇဝေဇဝါ မဟုတ်ပါဘူး
သေ သေ ချာ ချာ သိ နေ ပါတယ်..
ဟုတ် တယ် ဟုတ်

ညီမဇွန်...အဲသလို သိနေပေမဲ့ ဇွန့်လို အတွေးကို လှလှပပ ချမပြတတ်ခဲ့ဘူး....သိတ်ကောင်းတဲ့ အပြောင်းအလဲ အရေးလေးပါ ညီမရေ....

(၁) လူအများစုက ကိုယ်ကျင့်သီလ မစောင့်စည်းကြရင် ... ကောင်းတဲ့ အပြောင်းအလဲတွေ မဖြစ်နိုင်ပါဘူး။ ဒါကိုပဲ ကံ ကံ၏ အကျိုးလို့ခေါ်ရမှာပါ။ အချို့က collective karma, collective responsibility လို့ ရေးလေ့ရှိကြတယ်။

(၂) ကောင်းတာလုပ်ရင် ကောင်းကျိုးရတယ်စသဖြင့် ဆိုပေမယ့် ကံ, ကံ၏ အကျိုးက linearly proportional ဖြစ်နေတာမျိုး တော့ မဟုတ်ပါဘူး။ မျက်မှောက်ဘ၀မှာပဲ အကျိုးခံစားတာရှိသလို, အချို့တော့ မျက်မှောက်မှာ အကျိုးမပေးပဲ တမလွန်အကျိုးပေးတတ်တာလည်း ရှိပါတယ်။

အင်း... အဲဒီအပြောင်းအလဲတွေ ကိုယ့်မျက်စေ့ရှေ့မှာ တခုပြီးတခု ဖြစ်သွားကြပေမယ့် ညီမလို စေ့စေ့စပ်စပ် တခါမှ မတွေးကြည့်ခဲ့မိဘူး...
စဉ်းစားစရာတွေ အများကြီးပေးတဲ့ ပိုစ့်လေးပါ...း))

နောင် ငါးနှစ်ကို ထပ်ပြီးစောင့်ကြည့်ပါဗျာ။။


ငါးနှစ်းအားမရရင် ဆယ်နှစ်ပေါ့..။း)


ဆိုက်ပရပ်စ်လဲ ကျနော်ရောက်တဲ့ချိန်ကနေစီပြီး ငါးနှစ်အတွင်းမှာ သေချာပြောင်းလဲ လာတာပါပဲ။ ဥရောပထဲဝင်သွားတဲ့အချိန်နဲ့ အပြောင်းအလဲ ဖြစ်နေချိန်ဆိုတော့ ငါးနှစ်အတွင်းကို သိသိသာသာပြောင်းလဲလာတယ်လေ...


နောင်ငါးနှစ်ကြာရင် ဘာတွေထပ်ပြောင်းလဲ မသိ..း)

အမှန်ပဲ ညီမရယ်..
ရွှေပြည်တော် မျှော်တိုင်းဝေး..ပါပဲ။

အင်း(သက်ပြင်း)
မဇွန်ရေ... အရေးကောင်းတယ်

စောင့်ကြည့်ရအုံးမယ်။ ပြောင်းလဲလာတော့မယ်။ လိုချင်တာတွေ ရတော့မယ်ဆိုတဲ့ စကား ဘိုးဘိုး ဖြစ်တဲ့အထိ ပြောနေရအုံးမလား မသိပေါင်။ ပသို့ ဆိုစေ ကံအကြောင်းတရား၊ အကျိုးတရားများအပေါ်ကား စိတ်ပျက်ဖွယ် မဖြစ်ချေလင့်။ တစ်နေ့ သ၌သော် ဖြစ်ဘိချေလတ္တံ့ ။

သက်ပြင်းမောတွေ ချခဲ့ရတဲ့ အကြိမ်တွေ များလှပေါ့ မိုးခါးရေ။

အားပြိုင်မှုတွေ ဘယ်တော့အဆုံးသတ်မလဲလို့ တွေးနေမိတယ်...ရီတာ။

Thanks, Ko Wunna. :)

တစ်ချိန်ကျ သူ့လမ်းသူသွားမှာပဲ ဆိုတာကို သိသိကြီးနဲ့ အပြန်ပြန် စဉ်းစားတွေးတောနေမိတာ ခက်တယ် ဂျင်ဂျင်းရယ်။

မိုးရေ...နေကောင်းအောင် ဂရုစိုက်ပါဦးနော်။

ကိုမိုးကုတ်သား... သိတော့သိတယ်။ ဒါပေမယ့်...

အစ်မချစ်ရဲ့ ကွန်မန့်အတွက် ကျေးဇူးပါ။

ကိုဧရာရေ ကျေးဇူးပါ။ ရုတ်တရက်ဆို လူတစ်စုပဲ ပြေးပြေးမြင်တော့ တစ်ပြည်လုံးအတိုင်းအတာနဲ့ အကျင့်သီလပျက်ယွင်းနေသူတွေကို ထည့်မတွက်မိဘူး။ လူတွေ အရင်ကလောက် မတည်ကြည် မဖြောင့်မတ်တော့တာ အမှန်ပဲ။
ဆယ်တန်းတုန်းက မြန်မာစာဆရာမပြောဖူးတာ သွားသတိရတယ်။ သူတို့က တစ်ဘ၀စံတွေတဲ့။ နောင်ဘ၀မှ ဆိုးကျိုးတွေပေါင်းပြီး ခံစားရမယ် ထင်ပါရဲ့။

အစ်မသက်ဝေကို စဉ်းစားစရာတွေ ပေးမိပြန်ပြီ။း)

ငါးနှစ်ပဲလား...ဖိုးစိန်။ မဇွန်တော့ သိပ်မမျှော်လင့်ရဲဘူး။ စောင့်တော့ကြည့်ရမှာပေါ့လေ။

အစ်မချိုသင်း... ညီမလည်း ဒီပို့စ်ရေးပြီးပြီးချင်း စိတ်ထဲမှာ အဲလိုလေး ရေရွတ်မိတယ်။

တခါတလေမှာမှ စိတ်ဓါတ်ကျနေပါတယ်ဆိုတဲ့ မမင်းကို သက်ပြင်းထပ်ချမိအောင် လုပ်လိုက်မိပြီကွယ်။

အရှင်မော်ကွန်းသစ် တပည့်တော်ပို့စ်ကို လာဖတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ဘုရား။ အရှင်ဘုရားပြောသလို ကံအကြောင်းတရား၊ အကျိုးတရားများအပေါ် စိတ်မပျက်သင့်ဘူးဆိုတာ ဆင်ခြင်မိပါတယ် ဘုရား။

ဟုတ်တယ်ဗျာ ကျွန်တော် လက်ရှိနေရောက်နေတဲ့ နိုင်ငံမှာလည်း မျက်စိရှေ့မှာတင် ပြောင်းလဲတိုးတက်နေတာ တွေ အများကြီး..။ အင်း... ကျွန်တော်တို့ ဆီမှာ တော့ .... စောင့်ကြည့်နေရင်လည်း အသက်တွေသာကြီးလာတယ် ...

:cool:

အနတ္တတရားအရ ပြောင်းလဲရမယ်ဆိုလို့ အခုတော့ ဘောင်းဘီကနေ ပုဆိုးကို ပြောင်းကုန်ပြီ...

းဝ)