ကျွန်မနှင့်အိပ်မက်များ

13

Category: ,

ကျွန်မသည် အိပ်မက် မက်တတ်သော သူတစ်ယောက်ဖြစ်သည်။ ကျွန်မ အိပ်မက်မမက်သောညဟူ၍ မရှိသလောက်ပင် ညစဉ်တိုင်းလိုလို အိပ်မက် မက်လေ့ရှိသည်။ ညသန်းခေါင် ဒါမှမဟုတ် အရုဏ်တက်ချိန် မက်ခဲ့သော အိပ်မက်များကို အိပ်ရာမှ နိုးလာသည်နှင့် တပြိုင်နက် သတိရတတ်သော်လည်း တစ်နေ့တာဖြတ်သန်း ကုန်ဆုံးသွားသည့်အခါ လုံးလုံးမေ့လျော့သွားတော့သည်။

လူတွေက အိပ်မက်ကို အချိန်အခါနှင့်လိုက်၍ အမျိုးမျိုး အဖုံဖုံ အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ တစ်ချို့က အိပ်မက်သည် မသိစိတ်အတွင်းမှာ ရှိနေသော ဖြစ်ချင်၊ ဖြစ်လိုသည့် စိတ်ဆန္ဒများကို အိပ်မက်ထဲမှာ အကောင်အထည်ဖော်ကြသည်ဟုဆိုသည်။ တစ်ချို့က အိပ်မက်သည် ရှေ့ပြေးနိမိတ်ဟု ယူဆသည်။ သို့ရာတွင် အချိန်ပေါ်မူတည်၍ အိပ်မက်ထဲက အကြောင်းအရာနှင့် ဆန့်ကျင်ဘက်ကို ယူရမည်ဟု အိပ်မက်ကျမ်းတစ်ချို့က ဖော်ပြကြပြန်သည်။

ကျွန်မအတွက်တော့ အိပ်မက်များ၏ အဓိပ္ပာယ်ထက် မက်မိသော အကြောင်းအရာကို ပို၍ စိတ်ဝင်စားသည်။ ဥပမာ - ကျွန်မသူငယ်ချင်းတစ်ယောက် မက်သော အိပ်မက်သည် တစ်ကြိမ်မှာ အကြောင်းအရာတစ်ခုကို တစ်ခါသာမက်ခြင်းမျိုး မဟုတ်ဘဲ အခန်းဆက်အိပ်မက်အဖြစ် လအနည်းငယ်ခြားပြီး ပြန်မက်သော ထူးဆန်းသည့် အိပ်မက်မျိုးဖြစ်သည်။ သူက တစ်ကြိမ်မက်တိုင်း မဆုံးနိုင်သော လှေကားထစ်များကို တက်နေရသည်၊ အပေါ်မော်ကြည့်လျှင် လှေကားထစ်များကိုသာ တွေ့ရသော်လည်း လမ်းတစ်ထောက်မှာ ရပ်နားပြီး ဘုရားတစ်ဆူကို ၀င်ဖူးခွင့်ရသည်။ နောက်တစ်ကြိမ် အိပ်မက်မက်လျှင် ယခင်ဆုံးခဲ့သော နေရာမှ ပြန်ဆက်ပြီး လှေကားများကို တက်ပြန်သည်တဲ့။ အဲသလို အိပ်မက်အဆက်မျိုး တစ်နှစ်မှာ သုံးလေးကြိမ် မက်လေ့ရှိသည်ဟု ကျွန်မကို ပြောပြပါသည်။

ကျွန်မအတွက်တော့ အိပ်မက်များသည် စိတ်လှုပ်ရှားမှုမျိုးစုံကို ပေးသည်။ အိပ်မက်များကြောင့် ကျွန်မ ပျော်ရွှင်ခဲ့ဖူးသည်၊ အိပ်မက်များကြောင့် ကျွန်မ ကြောက်ရွံ့ထိတ်လန့်ခဲ့ရသည်၊ အိပ်မက်များကြောင့်ပင် ပူဆွေးငိုကြွေးရပြန်သည်။ သို့သော် အိပ်မက်များမှာ ကျွန်မ တွယ်ငြိမက်မောနေဆဲဖြစ်သည်။

ကျွန်မ ကလေးဘ၀က မက်သော အိပ်မက်တစ်ခုကို ယခုအချိန်ထိ မှတ်မိနေသည်မှာ အနည်းငယ် အံ့သြစရာကောင်းပါသည်။ ကျွန်မသည် လူကြီးများနှင့်အတူ တောင်ပတ်လမ်းပေါ်က ကားတစ်စီးပေါ်မှာ စီးနင်းလိုက်ပါလျက်ရှိသည်။ ကားပေါ်ကကြည့်လျှင် မြင်ရသော တောင်အောက်က (သိပ်မနက်သော) ချောက်ထဲမှာ ရွှေအိုးတစ်လုံးကို ကျွန်မတွေ့သည်။ ညအချိန်ဖြစ်၍ ရွှေအိုးက အရောင်ထွက်လင်းလက်ပြီး တောက်ပနေသည်ကို ကျွန်မ တပ်မက်သည့်စိတ်ဖြင့် လှမ်းကြည့်မိသည်။ နောက်ပိုင်း ထိုရွှေအိုးကို တစ်ခြားတစ်စုံတစ်ယောက်က လာယူသွားသလား၊ ကျွန်မကိုယ်တိုင်ကားပေါ်ကဆင်းပြီး သွားယူလိုက်သလား ဆိုတာကိုတော့ တိတိကျကျ မမှတ်မိတော့ပါ။ နှစ်တွေအများကြီးကြာခဲ့သော်လည်း ထိုအိပ်မက်ကိုတော့ အမှတ်ရနေပါသည်။

ကျွန်မအိပ်မက်အတော်များများတွင် ကိုယ်နှင့် ခင်မင်ရင်းနှီးသော လူပုဂ္ဂိုလ်များကို မကြာခဏ ထည့်မက်လေ့ရှိသည်။ တစ်ချို့ကျတော့ အိပ်မက်မက်ချိန်မှာ မရင်းနှီးသေးဘဲ အိပ်မက်မက်ပြီးနောက်မှ အပြင်မှာ ပိုရင်နှီးသောသူဖြစ်လာတာမျိုး တစ်ယောက်မက ကျွန်မကြုံဖူးသည်။ မောင်သည်လည်း ကျွန်မ အိပ်မက်ထဲမှာ အရင်ခင်မင်ကျွမ်းဝင်ခဲ့သော လူတစ်ယောက်ဖြစ်သည်။ ယခုအချိန်ထိ ကျွန်မ မက်ခဲ့ဖူးသမျှ အကြိမ်အရေအတွက်အများဆုံးနှင့် သတိတရရှိအနေဆုံးမှာ မောင်နှင့် ပတ်သက်သော အိပ်မက်များဖြစ်သည်။

မောင်နှင့်ကျွန်မ ချစ်သူမဖြစ်ခင် ရက်သတ္တပတ်အနည်းငယ် အလိုမှာ မောင့်ကို ကျွန်မ အိပ်မက် မက်သည်။ ကျွန်မနှင့်မောင် စတင်တွေ့ဆုံခဲ့သော ဗြိတိသျှကောင်စီ စာကြည့်တိုက်က စာအုပ်စင်တွေကြား ကျွန်မ စာအုပ်ရှာဖွေနေစဉ် မောင်က နောက်မှရောက်လာပြီး ကျွန်မကို သိုင်းဖက်လိုက်သည်တဲ့။ အိပ်မက်ထဲမှာ ရန်ခုန်ခဲ့သလို အိပ်မက်ကနိုးထတော့လည်း အပြင်မှာ ကျွန်မ ရင်တွေတုန်နေခဲ့သည်။ ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင် အဲဒီ့နေ့က မောင်နှင့်ကျွန်မ ဗြိတိသျှကောင်စီမှာ စာအုပ်လာပြန်အပ်ရင်း အပေါ်ထပ်က ကင်တင်းမှာ ကော်ဖီသောက်ဖို့ ချိန်းဆိုထားခဲ့ကြတာဖြစ်သည်။ ကျွန်မက အင်္ကျီလက်ရှည်အဖြူနှင့် ခရမ်းရောင်အပွင့်များပါသော စကတ်ရှည် ၀တ်ဆင်ထားခဲ့ပြီး မောင်က အိပ်မက်ထဲကအတိုင်း အဖြူမှာ ကန့်လန့်အမည်းစင်းတွေပါသော တီရှပ်လက်တိုနှင့် ဂျင်းဘောင်းဘီအမည်းကို ၀တ်ဆင်လာခဲ့သည်။ ညက အိပ်မက်ကို သတိအရမှာ မောင့်ကို ပူနွေးစွာ ပြုံးပြမိသည်။ မောင်နှင့်ကျွန်မ တကယ်ပဲ ချစ်သူတွေ ဖြစ်လာခဲ့ကြပါသည်။

မောင်နှင့်ကျွန်မ ချစ်သူသက်တမ်း ဆယ်နှစ်အတွင်း မောင်နှင့်ပတ်သက်သော အိပ်မက်များ မက်ခဲ့သော်လည်း တစ်ချို့က မေ့ချင်စရာကောင်းပြီး တစ်ချို့က အမြဲအမှတ်ရချင်စရာ ကောင်းပါသည်။ အိပ်မက်ထဲမှာ မောင် ကောင်မလေးနှင့်လက်တွဲပြီး ကျွန်မကို ကျောခိုင်းထွက်ခွာသွားတာမျိုး မြင်ရတော့ ကျွန်မ၀မ်းနည်း မျက်ရည်ကျခဲ့ရသည်။ နောက်တစ်ရက်တွေ့တော့ ကျွန်မ မောင့်ကို မေးမြန်းစစ်ဆေးပြီး စိတ်ကောက်တော့သည်။ မောင်က ခပ်တည်တည်နှင့် စတတ်သူဖြစ်ရာ ကျွန်မစိတ်ပူမှန်းသိလေ ပိုစလေနှင့် ကျွန်မလုံးလုံးစိတ်ဆိုးပြီး မခေါ်မပြောဘဲနေမှ ပြန်လိုက်ချော့ပါသည်။

ကျွန်မ အိပ်မက်ထဲတွင် မောင်သာမက မောင်နှင့်ပတ်သက်သောသူတစ်ချို့အပြင် မောင်စွဲလန်းသော ပစ္စည်းများကိုလည်း ထည့်မက်တတ်သည်။ မှတ်မှတ်ရရ ကျွန်မတို့နှစ်ယောက်လုံး အင်္ဂလန်မှာရှိနေစဉ် ရန်ကုန်မှာ ကျန်ခဲ့သော မောင့်အချစ်တော် ဗောက်စ်ဝက်ဂွန်ပါဆက် အနီရင့်ရောင်ကားလေးကို ကျွန်မ အိပ်မက်မက်သည်။ မောင် အဲဒီ့ကားနီလေးကို ဘယ်လောက်ထိ မြတ်နိုးစွဲလန်းကြောင်း ကျွန်မ အသိဆုံးဖြစ်သည်။ ကျွန်မကလည်း မြန်မာပြည်လမ်းကြောမှာ ဘယ်မောင်းစီးမှ ပိုဘေးကင်းသည်ဟု ယုံကြည်သောကြောင့် ကားမောင်းကြမ်းသော မောင့်ကို တစ်ခြားကားထက် အဲဒီကားလေးမောင်းနှင်မှ ပိုစိတ်ချသည်။ အဲဒီကားလေးရောင်းလိုက်တော့မည်ဟု မောင့်အိမ်က ဖုန်းဆက်သောနေ့က မောင် တော်တော်လေး စိတ်မကောင်းဖြစ်ခဲ့သည်။ အိပ်မက်မက်လေ့ သိပ်မရှိသောမောင်ပင် သူ့ကားနီလေးကိုတော့ အိပ်မက် မက်ခဲ့သည်။ ကျွန်မလည်း မောင်နှင့်အတူ ထိုကားနီလေးနှင့် ခရီးဝေးသွားကြသည်ဟု အိပ်မက်မက်သည်။ မောင့်ကို ပြန်ပြောပြတော့ သူ့ကားလေးကို သတိရသွားပြီး အလွမ်းပိုသွားခဲ့သည်။

မောင်ကွယ်လွန်ပြီးနောက်ပိုင်း ကျွန်မ အိပ်မက်ထဲသို့ မကြာခဏ မောင်ရောက်လာတတ်သည်။ အိပ်မက်ထဲမှာ မောင်ဆုံးသည့်နေ့က ကျွန်မ မသိလိုက်ရသော၊ ဖြစ်ပျက်ခဲ့သော အကြောင်းရာတစ်ချို့ကို ပြန်လာပြောပြသည်။ ကျွန်မအပေါ် စိတ်ဆင်းရဲအောင် လုပ်ခဲ့သော အပြစ်ရှိသူတစ်ယောက်အနေဖြင့်လည်း ကျွန်မကို လာတောင်းပန်ခဲ့သည်။ အလွန်တရာမှ နွေးထွေးနူးညံ့ခဲ့သော မောင့်လက်ဖ၀ါးများသည် အိပ်မက်ထဲမှာတော့ မယုံချင်စရာ ကောင်းလောက်အောင် ကြမ်းရှနေခဲ့သည်။ မောင့်ကို လွမ်းအားတကြီး ကျွန်မ လှမ်းဖက်လိုက်တော့ မောင့်ခန္ဓာကိုယ်က အပြင်မှာတုန်းကလို ကျွန်မထက် ပိုကြီးထွားမနေဘဲ သေးသေးကျုံ့ကျုံ့လေး ဖြစ်နေခဲ့သည်။

မောင်ဆုံးပြီး ဆယ့်တစ်လအကြာမှာ မက်သော အိပ်မက်ကလည်း အနည်းငယ် ဆန်းကြယ်ပါသည်။ ဟိန္ဒူဘုရားကျောင်းပျက်တစ်ခုက အုတ်ခုံပေါ်မှာ ကျွန်မလက်ကိုဆွဲပြီး သူ့အတွက် ဆုတောင်းပေးဖို့ လာပြောသည်။ ကျွန်မတစ်ယောက်ထဲသာ မောင့်ကို မြင်ရပြီး ကျန်သောသူများက မောင့်ကို မမြင်ရပါ။ သူညောင်သီးတွေပဲ စားနေရသဖြင့် မစားချင်တော့ကြောင့်လည်း ပြောသည်။ ပြီးတော့ မောင်ရှိနေသောနေရာက မြန်မာပြည်နှင့် မတူဘဲ အိန္ဒိယလိုနေရာမျိုး။ နေ့ခင်းကြောင်တောင် အိပ်မက်ဖြစ်သော်လည်း ကျွန်မယုံကြည်သည့်အတွက် နောက်ရက်မှာ ဆွမ်းချက်ပြီး တိုးပါးရိုးဘုန်းကြီးကျောင်းသို့ သူငယ်ချင်းတစ်ယောက်နဲ့အတူ သွားကပ်ပြီး မောင့်အတွက် အမျှဝေခဲ့သည်။

အဲဒီ့နောက်ပိုင်း ကျွန်မ အိပ်မက်ထဲသို့ မောင် သိသိသာသာ အလာကျဲသွားသည်။ မောင်ဆုံးပြီးတစ်နှစ်နဲ့သုံးလအကြာ မောင့်မွေးနေ့မှာ ကျွန်မ မေမေကို အိပ်မက်ပေးသည်ဟု သိရသည်။ ကျွန်မတို့ အိမ်ရှေ့တံခါးမှာ ရပ်ပြီး ၀င်လာဖို့ မေမေ့ကို ရိုရိုကျိုးကျိုး ခွင့်တောင်းသည်တဲ့။ မောင်ဝတ်နေကျ အင်္ကျီအပြာလက်ရှည်နှင့် ပုဆိုးအနီကွက်စိပ်ကလေး ၀တ်ထားသည်ဟု မေမေ့က ပြန်ပြောပြပါသည်။ မောင်မွေးနေ့မှာပေးသောအိပ်မက်အတွက် မေမေကိုယ်တိုင် ဆွမ်းချက်၊ ဘုန်းကြီးကျောင်းမှာ ကပ်လှူပြီးနောက်ပိုင်း (ယခုအချိန်ထိ) မေမေ မောင့်ကို အိပ်မက် မမက်တော့ဟု ဆိုပါသည်။

တစ်ခါတုန်းက ကျွန်မ မောင့်ကို အိပ်မက်မက်သော တစ်ရက်တည်းမှာပဲ ထူးဆန်းတိုက်ဆိုင်စွာ မောင့်သူငယ်ချင်းတစ်ယောက်ကလည်း မောင့်ကို အိပ်မက်မက်ခဲ့သည်မှာ အံ့သြစရာကောင်းနေပြန်သည်။ လွန်ခဲ့သော တစ်နှစ်လောက်က အိပ်မက်ထဲမှာတော့ မောင်နှင့်ကျွန်မ လက်ထပ်ကြသည်တဲ့။ ကျွန်မဘ၀မှာ ဘယ်တော့မှ ဖြစ်မလာနိုင်တော့မည့် အရာတစ်ခုအတွက် အိပ်မက်ထဲမှာပဲ ကျွန်မကျေနပ် နှစ်သိမ့်ခဲ့ရပါသည်။ နောက်တစ်ခါကျတော့ မောင့်အခန်းထဲက ကျွန်မ မက်မောသော စာအုပ်တွေကို သွားသယ်သည်။ အဲ့ဒီအိပ်မက်မှာ မောင်မပါခဲ့သော်လည်း ကျွန်မနှမြောမိသော  မောင့်အခန်းထဲက ဖတ်သူမဲ့ စာအုပ်တွေက မောင်စွဲလန်းခဲ့သည့်အရာတွေပဲ မဟုတ်ပါလား။

မောင့်ကို တစ်ခါ အိပ်မက်မက်ပြီးတိုင်း မောင်တစ်နေရာရာမှာ အသက်ရှင်လျက်ရှိနေသည်ဟု ကျွန်မ ခံစားရမြဲဖြစ်သည်။ ပြီးခဲ့သော လကပင် ကျွန်မ မောင့်ကို အိပ်မက် မက်လိုက်သေးသည်။ မောင့်အမေလည်း ပါသည်။ အိပ်မက်တွေ ညစဉ်ရက်ဆက် ကျွန်မ မက်နေသော်လည်း မောင်ပါဝင်သည့် အိပ်မက်အရေအတွက်မှာ ဟိုအရင်ကလောက် မစိပ်တော့ပါ။

မောင်ဆုံးပြီးပြီးချင်း နှစ်ရက်အကြာမှာ အင်္ဂလိပ်ဘာသာဖြင့် ကဗျာတိုလေးတစ်ပုဒ် ကျွန်မ ချရေးဖြစ်သည်။ အဲဒီ့ကဗျာရဲ့ နောက်ဆုံးစာသားကြောင့်ပဲ ကျွန်မ မောင့်ကို အိပ်မက်တွေ ဆက်မက်နေတာလား၊ ကျွန်မရဲ့ အစွဲအလန်းကြီးသော စိတ်ခံစားမှုကြောင့်လား ကျွန်မ အကြောင်းရင်း မရှာတတ်ပါ။ ရှာလည်း မရှာချင်တော့ပါ။

အိပ်မက်ထဲမှာ မောင့်ကို အမြဲမတွေ့ရသည့်တိုင် ရံဖန်ရံခါ တွေ့ဆုံဖို့ကိုတော့ ကျွန်မ မျှော်လင့်ချင်ပါသည်။ မောင်နှင့်ကျွန်မ အပြင်လောကမှာ ဘယ်သောအခါမှ ပြန်လည်ဆုံတွေ့နိုင်တော့မည် မဟုတ်သော်လည်း အိပ်မက်ထဲမှာတော့ဖြင့် ဆုံဆည်းခွင့် ရနိုင်ပါသေးသည်။ အဲဒီ့အတွက် အိပ်မက်တွေကို စွဲလန်းနှစ်သက်စွာဖြင့် ညစဉ်ရက်ဆက် ကျွန်မ မက်နေဦးမှာဖြစ်သည်။

'I still see you in my dreams, and you'll be always there with me.'



ဇွန်မိုးစက်